Tuesday, February 12, 2013

ကမ္ဘာ့ကစားကွင်း ရှင်းလင်းရေးလုပ်ငန်း (ပိုင်)

0 comments
မော်တော်ကားအပျက်တွေ/မီးရထားတွဲအပြုတ်တွေ
လေယာဉ်ပျံအပိုင်းအစတွေ/ သေနတ်အကျိုးအပဲ့တွေ
ခြေပြတ်/လက်ပြတ်/ဦးခေါင်းပြတ်လူရုပ်တွေ သွားကောက်ကြမလား
ဘယ်သူမဆိုသွားကောက်လို့ရတယ်/  
နိုင်သလောက်သယ်
ရသလောက်ယူ/ ပြန်ပြင်ပြီးကစားကြတာပေါ့
နည်းနည်းထပ်စောင့်လိုက်ရင် ဒီထက်ပိုရဦးမယ်
ဘာကြောင့် ဒီလောက်အကျိုးအပဲ့အပျက်အစီးတွေများနေရသလဲမမေးနဲ့
အမြဲဆော့နေကြတာကိုး/ ကစားနေကြတာကိုး/ အဲဒီမှာ ကစားစရာတွေကပေါမှပေါ
မော်တော်ကားတစ်စင်းအသစ်ရပြီဆိုရင် ဖျက်ပစ်ဖို့ပဲစဉ်းစားနေတယ်
လေယာဉ်ပျံတစ်စင်းအသစ်ရပြီဆိုရင် ချေမွပစ်ဖို့နည်းလမ်းပဲရှာနေတယ်
သေနတ်တစ်လက်အသစ်ရပြီဆိုရင် ပျက်သွားတဲ့အထိပစ်ဖို့ပဲလုပ်နေတယ်
လူတစ်ယောက်အသစ်ရပြီဆိုရင် ဘယ်နေရာကိုစဖဲ့ပစ်ရမလဲလို့ပဲကြံစည်နေတယ်
ဒီလိုနဲ့ အကောင်းဆိုတာဘာမှမရှိ/ အကျိုးအပဲ့အပျက်အစီးတွေပဲများနေတဲ့
ကစားကွင်းထဲသွားပြီး ရှင်းလင်းရေးလုပ်ကြရင်မကောင်းဘူးလား
ကစားမက်သူတွေ/ အဆော့သန်သူတွေဟာ ကစားဖို့ပဲ/ ဆော့ဖို့ပဲ
ကစားပြီး/ ဆော့ပြီး ကျေနပ်အားရရင် ဒီအတိုင်းထားပြီးထွက်သွားကြတာပဲ
တစ်ဖက်ကလည်း ထူးထူးဆန်းဆန်းမော်တော်ကားအသစ်တွေ
မီးရထားတွဲအသစ်တွေ/ လေယာဉ်ပျံအသစ်တွေ/ သေနတ်အသစ်တွေ
လူအသစ်တွေ တီထွင်ထုတ်လုပ်အားကောင်းနေဆဲ
ဘုရားသခင်ကလည်း အလိုလိုက်ပြီး ကစားစရာအသစ်တွေကိုဝယ်ပေးလို့
ဦးနှောက်တွေကလည်း ဘယ်တော့မှကြီးပြင်းလာမယ့်ပုံမရှိ
ဝယ်ပေးလိုက်/ ဖျက်ပစ်လိုက်သံသရာကြီးထဲမှာပဲ
ကုန်ကျစရိတ်တွေမြင့်သထက်မြင့်တက်လာ
ဒါ ကစား/ဆော့နေတယ် ပြောရအောင်ကလည်း ကလေးတွေမဟုတ်
ဒါတကယ်ဖြစ်ပျက်နေတယ်ဆိုရအောင်ကလည်း လူကြီးတွေမဟုတ်
အသစ်မဝယ်နိုင်မှတော့ အပျက်ကိုစောင့်ပြီးကောက်ရုံ

ပိုင်
သရုပ်ဖေါ်ပန်းချီ အေးကို 
ယူတာက ဒီနေရာကဖြစ်ပါတယ် http://www.kaungkin.com/index.php?option=com_content&view=article&id=1039:poem&catid=34:2009-04-17-00-31-18&Itemid=77

0 comments:

Post a Comment