Thursday, February 21, 2013

အမျိုးသားနေ့မရှိတဲ့ပြည်ကအမျိုးသမီး(မျိုးမြင့်ချို)

0 comments
ဒီ တနင်္ဂနွေမှာ ဗမာပြည်သားလူမျိုးစုတွေထဲကတစုရဲ့အမျိုးသားနေ့တက်ဖို့ ဖိတ်ထားပါတယ်။ သွားပါမယ်။ တခါတလေ ကျနော်က နီးမှ ကပ် အမှတ်ရတတ်ပေမယ့် ဇနီးကတော့ စိတ်ထဲစွဲကိုထားတယ်။ သူက လူမျိုးစုတွေရဲ့ဝတ်စုံတွေဆို ကြိုက်တယ်။ အစားတွေလည်း နှစ်ခြိုက်တယ်။ အကအခုန်တွေလည်း မက်မောတယ်။ အထူးသဖြင့် ကရင်ဝါးညှပ်အကကို အသည်းစွဲပဲ။ သူတင်မကဘူး တခြားအမေရိကန်တွေကိုလည်း သွား၊ ကြည့်၊ မြည်းစမ်း၊ ခံစားဖို့လက်တို့တယ်။ “လိုက်မယ်လေ”ဆို အကြိုအပို့ လုပ်ပြီးတော့ကိုခေါ်တာ။ သူ အဲ့ဒီပွဲမျိုးတွေသွားနေရရင် ပျော်နေတာ။ ပျော်လည်းပျော်စရာကိုး။ တယောက်နဲ့ချစ်ချစ်ခင်ခင်နဲ့။ အမုန်းတွေရှိတောင် အခိုက်အတန့်လေးတော့ ဖယ်ထားနိုင်ကြတာကိုး။ မနက်ကလည်း အလုပ်မသွားခင် အဲ့ဒီပွဲသွားဖို့သတိပေးရင်း မေးတယ်။ “ဗမာပြည်မှာ အခု အဓိကလူမျိုးစု Major Ethnics က အားလုံးရှစ်မျိုးမဟုတ်လား။ သူတို့ကိုယ်စီ အမျိုးသားနေတွေရှိကြတယ် မဟုတ်လား။ အခု မင်းတို့အစိုးရက လူမျိုး ၁၃၅ မျိုးဆိုပြီး ပြောနေတာကြာလှပြီ။ အားလုံးကိုယ်စီသာ အမျိုးသားနေ့တွေရှိကြရင် လူတွေတော့ တနှစ်ပတ်လုံးပျော်စရာတွေချည်းနေမယ်လို့ မင်းထင်လား”..တဲ့။ သူပြောမှ ဟုတ်သားပဲလို့ လက်ကနဲတွေးမိတယ်။ ပြန်မပြောမိပေမယ့်  လှိုက်ကနဲတော့ဖြစ်မိတယ်။

ပြန်မပြောမိတာမှာ အကြောင်းရှိပါတယ်။ တစ်တချက်က သူက အမေရိကန်ဖြစ်တဲ့အပြင် ကန်ဆားဗတစ်ဖြစ်တဲ့အမေရိကန်လည်း မဟုတ်ဘူး။ ဆိုတော့ အမျိုးဘာသာသာသနာ စတဲ့စကားလုံးမျိုးတွေနဲ့မယဉ်ပါးသလို၊ အညှာမလွယ်အစွဲလည်းမကြီးတတ်ဘူး။ ကြီးရအောင်လည်း ပဒေသရာဇ်စနစ်ကိုအထွဋ်တင်တဲ့ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဆိုတာ သူတို့သမိုင်းမှမရှိတော့ မသိဘူး။ ရှိသူတွေ အမွန်အမြတ်ထား တတ်တဲ့အမျိုးသားရေးပုံစံ Type of Nationalism နဲ့ သူသိတဲ့အမျိုးသားရေးဝါဒက အမြီးအမောက်မတည့်လှဘူး။ အမျိုးသားနေ့မရှိတဲ့ တိုင်းပြည်မှာ နေတဲ့သူ။ Independence Day ကို လွတ်လပ်ရေးနေ့လို့ ပြောရတာထက် Fourth of July or July Fourth လို့ ပိုပြောချင်တဲ့သူ။ ဗိုလ်ကျခံရတာထက် ဗိုလ်ကျရတဲ့အချိန်ပိုများတဲ့တိုင်းပြည်မှာနေတဲ့သူ။ သူ့ကျွန်ဘဝတို့ဘာတို့ပြောလည်း သိတ်ခံစားနားမလည်နိုင်ဘူး။ သူ့ကျွန်လို့ပြောရင် ကိုလိုနီပြည်နယ်များဆိုတာလောက်ပဲသိတယ်။ လူဝီဇီးယားနားကို ပြင်သစ်ဆီကပြန်ဝယ်တဲ့အကြောင်းနဲ့ အလက်စကာကို ရုရှားဆီကရလိုက်တာက သူတို့သမိုင်းမှာထင်ရှားတယ်။

ကျနော်တို့ အသည်းအသန်တိုက်နေရတဲ့ဒီမိုကရေစီက သူတို့အတွက်ကျ မွေးရာပါပစ္စည်းလို ရနှင့်ထားပြီးသား။ ကျနော်တို့က Human Rights နေရချိန်မှာ သူတို့က Civil Rights နေကြတာ။ ကျနော်တို့က အသဲကြားကမဲတပြားလုပ်နေချိန်မှာ သူတို့ကမဲရုံသွားရမှာ ပျင်းနေကြတာ။   
မှတ်ပုံတင်မှာ လူမျိုး/ဘာသာဆိုတာ မထည့်ရတဲ့၊ တယောက်ကတယောက်ကို ဘာ ဘာသာကိုးကွယ်သလဲမေးကျင့်မရှိတဲ့၊ လူမျိုးစုံ နေရာစုံ တိုင်းပြည်စုံကလာပြီး သွေးတွေနှောကြ၊ အစားအသောက်အနေအထိုင် ယဉ်ကျေးမှုတွေရောကြပေမယ့် အားလုံးက We are American. လို့ ပြောရတာကို ခံတွင်းလိုက်ကြသူတွေ။ ငါတို့အမေရိကန်လို့ဆိုရင်း သူတို့ဘိုးဘေးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိမ်းသိမ်း၊ ကျင့်ဆောင်၊ ပြုမြဲပြုကြတတ်သူတွေ။ သူဆိုလည်း လူ (၇)မျိုး သွေးနှောထားသူ။ ဒါ့ကြောင့်မို့ သူတို့က ကိုယ့်မှာသူ့မှာ မရှိတတ်/ရှိတတ်တာတွေကိုညှိပြီး နေတတ်ထိုင်တတ်အောင် နေနေကြတာထင်တယ်။ ဒါကိုပဲ Cultural Diversity or Diversity of Cultures လို့ မော်နေကြတာ။ အဲ့ဒါကပဲ လူအဖြစ်နေနည်းအနုပညာ “Art of living as human being” လို့ ဆိုသူတောင်ရှိသေး။

ကျနော်လည်း ရောက်စက တချို့နေရာတွေမှာ အတော်ဂွကျတယ်။ အံဝင်ဂွင်ကျမဖြစ်ဘူး။ ခုလည်း နေရာတိုင်းမဖြစ်ပါဘူး။ တူမှ မတူတာကိုး။ မတူလို့တော့ စိတ်မပျက်ဘူး။ မတူရကောင်းလားလည်း မငြိုငြင်မိဘူး။ တူအောင်လည်း အတင်းလုပ်မယူဘူး။ မတူတာကိုတူအောင်လုပ်ရင်း၊ မတူတာကိုအပြတ်ချေမှုန်းရင်းရလာတဲ့အစွန်းထွက်မှုနဲ့ အစွန်းရောက်အတွေးအခေါ်တွေကြောင့် လူ့သမိုင်းအကျည်းတန်ရတာကို အမြဲ နှလုံးသွင်းတယ်။ လူမျိုးကို သွေးနဲ့သတ်မှတ်သူတွေကြောင့်၊ လူမျိုးကို ယုံကြည်မှုတွဲပြီး ချစ်တတ်မုန်းတတ်သူတွေကြောင့်၊ လူမျိုးကို အသားအရောင်နဲ့တိုက်ကြည့်တတ်သူတွေကြောင့် ကမ္ဘာမြေသွေးစွန်းနေရတာကို မပြတ်ဆင်ခြင်တယ်။ ထားပါတော့လေ ပြောရရင်များမှာ။ နောက်မှ တခုချင်းစီ သတ်သတ်ရေးမလားတွေးမိပါတယ်။

ခုပြောချင်တာက ကျနော်တို့လူ့အဖွဲ့အစည်းသန္ဓေတည်၊ ကြီးပြင်း၊ လူလားမြောက်ခဲ့ရတဲ့နောက်ခံက သူတို့နဲ့တခြားစီ။ ကျနော်တို့တွေရဲ့ အမျိုးသားနေ့တွေတိုင်းမှာ သွေးနံ့၊ ကြေကွဲဖွယ်၊ နာကျင်စရာ၊ ငိုသံ၊ မျက်ရည်၊ ဆို့နင့်မှု၊ ရုန်းကန်မှု၊ အင်အား၊ ဇာတပုညဂုဏ်မာနစတဲ့ အနံ့တွေ၊ အသံတွေ၊ မြင်ကွင်းတွေ အကုန်ပါတယ်။ အမျိုးသားတိုင်းရဲ့အလံတွေဟာ တန်းတူညီမျှခွင့်ကို ဆာလောင်မွတ်သိပ်စွာနဲ့တလူလူလွင့်နေကြရတယ်။ သူတို့ကိုယ်စီဝတ်လာကြတဲ့ အဆင်အကွက်ဆန်းဆန်း၊ အသွေးအရောင်စုံစုံ ဝတ်စုံတိုင်းမှာ ဗီဇနနဲ့မာနပါ ထည့်ယက်ထားရတယ်။ လှရုံသက်သက်မျှ မဟုတ်ဘူး။ သူတို့သီတဲ့ တေးသွားတိုင်း၊ သူတို့ကတဲ့ အလှုပ်တိုင်း၊ သူတို့တီးတဲ့ ဗုံသံတိုင်း၊ ကုန်ကုန်ပြောရင် သူတို့စားတဲ့ အာဟာရတိုင်းဟာ လွတ်လပ်ခွင့် တန်းတူခွင့် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းခွင့်ဆိုတဲ့အာသီသနဲ့ အလျှံညီးညီးတောက်နေကြရတာ။

အသွေးစုံစုံ အဆင်ဆန်းဆန်း အကလှလှ တေးသွားချိုချို ရသကွဲကွဲတွေရဲ့နောက်က အာသီသ မီးတောက်မီးလျှံတွေအကြောင်းတော့ ဇနီးသည်ကို ဖြည်းဖြည်းချင်းပြောပြနေတာ ၃ နှစ်ကျော်လာပြီ။ အားလုံး နားဝင်ဖို့မလွယ်တောင် စကားလုံးတချို့တော့ နားယဉ်နေလောက်ပြီထင်ပါရဲ့။ မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၁ ရက် ၂ဝ၁၃
(စကားချပ်။ ဖတ်ပြီးမှ သူ့မိန်းမ သူပြန်အမွှမ်းတင်နေတာလို့ဆိုရင်ဖြင့် မဟုတ်ဘူးလို့ ငြင်းမှာမဟုတ်ပါခင်ဗျား)

0 comments:

Post a Comment