သက်ပြင်းချမိမလိုဖြစ်သွားတဲ့အခိုက် မချမိအောင် တ၀က်တပျက်မှာ ထိန်းလိုက်ပြီးမှ အို..ဘာလို့ ထိန်းချုပ်ရမှာလဲလို့ တဆက်တည်းလိုလိုတွေးမိရင်း သက်ပြင်းကို မျှင်းပြီးချမိတယ်။ သက်ပြင်းလေညစ်တွေကုန်စင်သွားတဲ့အထိ သေချာစောင့်ကြည့်ပြီးမှ ၀င်သက်ကို အလောတော်အနေထားမျိုးဖြစ်အောင် အထူးကြပ်မတ်ပြီး ပြန်ရှူသွင်းတယ်။
“ငါ ဘာဖြစ်နေတာလဲ..”
အလိုမပြည့်ခြင်း၊ တစ်စုံတရာကို စိုးရိမ်ပူပန်နေရခြင်း၊ တခုခု ဆုံးရှုံးတော့မှာကို သိနေရလို့ တုံလှုပ်ခြင်း အဲဒီတုံလှုပ်စိတ်ကို မဟုတ်ဘူးလို့ငြင်းကွယ်လိုတဲ့ဆန္ဒအရ ပြန်တွန်းလှန်နေရခြင်း။ အဲဒီခံစားချက်အမျိုးမျိုးအဖုံဖုံဟာ ရောင်စုံအငွေ့လုံးတလုံးလို ဆူပွက်၊
လုံးထွေး၊ ရစ်ဝန်းလို့နတယ်။
အဲဒီနောက်မှာတော့ အသက်ရှူသွင်း ရှူထုတ်ကိစ္စကို လေးလေးနဲ့မှန်မှန်ဖြစ်အောင် ချိန်ဆပြီး အလုပ်တခုလုပ်သလို အချိန်ကြာကြာလေး လုပ်မိတယ်။ တဒိတ်ဒိတ်တိုးနေတဲ့ နားထင်တစ်ဝိုက်ကသွေးခုန်နှုန်းတွေ လျော့ကျလာတဲ့အခါမှာတော့ စိတ်ဟာ အထိုက်အလျောက်
တည်ကြည်မှုရလာပါပြီ။ တတ်နိုင်သမျှ ဘာမှ မတွေးမိအောင် စိတ်ကိုထိန်းကျောင်းရင်း
အာရုံတွေကို တခုခုအပေါ်တင်ဖို့ကြိုးစားတဲ့အခါ စာရေးတာ အကောင်းဆုံးပဲဖြစ်မယ်လို့
အကြံကောင်းတခု လက်ကနဲရသလို ရလိုက်တယ်။ ဟုတ်တယ် စာရေးမယ်..
ဆုံးရှုံးမှုဆိုတာ လူ့ဘ၀မှာ မပါမဖြစ်တဲ့ ဟင်းလျာမီနူးတစ်ခုပဲ။ ဒါမှ မဟုတ် ဟင်းလျာတခုထဲမှာ
ပါကိုပါရတဲ့ ဟင်းခတ်ပစ္စည်းအမယ်တစ်ခုလို့ ဆိုနိုင်မယ်ထင်ပါရဲ့။ မဆုံးရှုံးဘူးတဲ့သူဆိုတာ
မသေအိမ်ကမုန်ညင်းဆီလိုပဲ၊ မရှိဘူးလိုံပြောပစ်လိုက်လို့ရသလောက်ပါပဲ။ ခြွင်းချက်ဆိုတာရှိတတ်မြဲမို့ စကားကုန်မပြောမိအောင် ခုလိုပဲ ထိန်းထိန်းသိမ်းသိမ်းပြောဖြစ်တယ်။
ပါကိုပါရတဲ့ ဟင်းခတ်ပစ္စည်းအမယ်တစ်ခုလို့ ဆိုနိုင်မယ်ထင်ပါရဲ့။ မဆုံးရှုံးဘူးတဲ့သူဆိုတာ
မသေအိမ်ကမုန်ညင်းဆီလိုပဲ၊ မရှိဘူးလိုံပြောပစ်လိုက်လို့ရသလောက်ပါပဲ။ ခြွင်းချက်ဆိုတာရှိတတ်မြဲမို့ စကားကုန်မပြောမိအောင် ခုလိုပဲ ထိန်းထိန်းသိမ်းသိမ်းပြောဖြစ်တယ်။
နောက်တခွန်းထပ်ခြုံ့ပြောရရင် သူများတွေအတွက်မဟုတ်တောင် ကိုယ့်အတွက်တော့ ဒီမီနူးဟာ ခဏခဏ ဘ၀ထမင်းစားပွဲဝိုင်းမှာကြုံရလေ့ရှိတဲ့ တင်ဆက်ခံရလေ့ရှိတဲ့ဟင်းလျာပါပဲ။
တကယ်တော့ ဒီဟင်းလျာနဲ့ကိုယ်နဲ့က တော်တော်တော့ယဉ်ပါးနေပါပြီ။ ဒါပေမယ့် တကယ့်
ကြက်ရေးငှက်ရေးဆိုရင်တော့ ကိုယ့်သက်လုံက အားကိုးရလောက်အောင် မရင့်မာသေးတာမို့
ခုလိုပဲ ကိုယ့်စိတ်ကို ဟိုလှည့်ဒီလှည့်နဲ့ ခုခံကာကွယ်ရတော့တာပါပဲ။
ခုကြုံတွေ့နေရတဲ့ ဆုံးရှုံးအံ့မူးမူး အခွင့်အရေးတစ်ခုကို တကယ်တမ်းဆန်းစစ်ကြည့်တဲ့အခါ
ကိုယ့်ဘ၀မှာ မာနကြောင့်သော်လည်းကောင်း၊ အခြားငဲ့ကွက်မှုတစ်ခုခုကြောင့်သော်လည်းကောင်း၊ သိသိကြီးနဲ့တမင်တကာ စွန့်လွှတ်ခဲ့တဲ့ဆုံးရှုံးမှုတချို့နဲ့စာရင် ပြောပလောက်တဲ့ကိစ္စတခုတော့ မဟုတ်ပါဘူး။ တကယ်တော့ ဆုံးရှုံးတယ်လို့ခံစားရတာဟာ အဲဒါကို ရမှဖြစ်မယ်၊ ဒါမှမဟုတ် အဲဒါရှိမှဖြစ်မယ်လို့ ဆုပ်ကိုင်ထားမှသာခံစားရမယ့် စိတ်ဝေဒနာတခုပါပဲ။
ကိုယ်ဟာ အဲ့ဒီလို ရမှ၊ ရှိမှဆိုတာကို ဆုပ်ကိုင်ထားရင် အားစိုက်ဆုပ်ကိုင်သလောက် တန်ပြန်အကျိုးဆက် ပူလောင်မှုကိုခံစားရပြီး အားဖျော့လျော့ဖြေနိုင်သလောက် အေးချမ်းမှုကို ခံစားခဲ့ရတာ လက်တွေ့ပါပဲ။ နောက် ဖြစ်ရပ်အဆိုးတခုကို ဒီ့ထက်ပိုဆိုးတဲ့ ဖြစ်ရပ်တစ်ခုနဲ့နှိုင်းယှဉ်ကြည့်တဲ့အခါ ပူလောင်တဲ့ခံစားမှုဒီဂရီကို ကောင်းကောင်းကြီးလျှော့ချနိုင်တာမျိုးလဲ ကြုံဖူးပါတယ်။
“ကျုပ်က နောင်တတွေနဲ့ပွတ်သီးပွတ်သပ်နေချင်သူပေါ့
အိမ်မွေးကြောင်ကလေးတွေကို ချော့မြူကြသလိုမျိုးလေ..”
(၁၉၉၀ ကဗျာများ မှ)
အဲဒီကဗျာစာသားလေး ရေးမိတဲ့အချိန်ကဆို ကိုယ်ဟာ အသက် ၃၀ ကျော်အရွယ်၊ ဘ၀ကို
ရွာလွန်ရွက်တိုက် ထင်ရာကျဲ ပရမ်းပတာပြုခဲ့ပြီး တည်ငြိမ်မှုရဖို့ပြန်လည်တည်ဆောက်နေရချိန်ပေါ့။ မိသားစုကိုဘာမှအသိမပေးပဲ အ၀တ်တထည်ကိုယ်တခုနဲ့ ဘ၀သစ်တခုပြန်စဖို့
မြို့ရွှေမန္တလေးကို ရောက်ရှိကွန်းခိုနေချိန်ပေါ့။ တကယ်တော့ ဒါဟာလဲ ပထမအကြိမ်တော့
မဟုတ်သေးဘူး ဒုတိယအကြိမ်မြောက် လက်ရှိဘ၀ကိုလက်မြှောက်အရှုံးပေးကာ ခြေဦးတည့်ရာ ထွက်သွားရတဲ့အခိုက်ကာလပါပဲ။ မာနကလေးက တလူလူ၊ လုပ်ရင်လုပ်သလိုဖြစ်တဲ့ ဗီဇ
ကလေးကပါလာ။ ကံအကျိုးပေးတဲ့အခိုက် လေဟုန်မိတဲ့လေတံခွန်လို တလွှားလွှားဖြစ်ပြီးကာမှ ပရမ်းပတာ အဆင်ခြင်ကင်းမဲ့စွာဘ၀ကို တေပစ်လေပစ်ချင်တဲ့စရိုက်ဝါသနာကြောင့်
အကျနာပြီး အဲဒီလို တကိုယ်တော်ရွက်လွှင့်ခြင်းအော်ပရာ တင်ဆက်ရတော့တာပါပဲ။ ဒီ့ထက်
အောင်မြင်တိုးတက်နိုင်တဲ့အနာဂတ်တွေ လုပ်ငန်းစီးပွားတွေတင်မက မိသားစုကိုပါဆုံးရှုံးပြီရယ်လို့ စိတ်ဒုန်းဒုန်းချလိုက်ရတဲ့ ကာလပါပဲ။ ကဗျာအပေါ်ရူးစိတ်အတွက်တော့ အခွင့်ကောင်းပေါ့လေ။ ဒါကြောင့်လဲ ၁၉၉၀ ကဗျာများအုပ်စု ရေးဖြစ်။ မန္တလေးမှာပဲ ဖယောင်းစာအုပ်အဖြစ် ထုတ်ဝေဖြစ်၊ နောင်မှာ မောင်ပြည့်မင်းနဲ့တွဲပြီး “လူနှစ်ယောက်နဲ့ကဗျာ” ဆိုပြီး ပုံနှိပ်စာအုပ်
ထုတ်ဝေဖြစ်ခဲ့တယ်။ အဆိုးတဲ့ကအကောင်း အမှိုက်ထဲက ရွှေပေါ့။
ဆိုတော့ ဆုံးရှုံးမှုတခုမှာ ဘေးထွက်ကောင်းကျိုးအဖြစ် အကျိုးကျေးဇူးတခုခုကိုလဲ ထုတ်ယူတတ်ရင်ထုတ်နှုတ်ယူနိုင်ပါကလားလို့ ဆင်ခြင်မိသွားတယ်။ ခုကိုပဲ လတ်တလောလက်ငင်းမှာ ဆုံးရှုံးအံ့မူးမူး အခြေအနေတခု၊ မသေချာမရေရာတဲ့အခြေအနေတခုကို ကြံ့ကြံ့ခံတဲ့အနေနဲ့ စာတပုဒ်ရေးမယ်ဆိုတဲ့ဆီ အာရုံလွှဲလိုက်တာ ခုတော့ စာတပုဒ် အဖတ်တင်ဖြစ်တော့မယ်။
ဒါဟာ ဘေးထွက်ကောင်းကျိုးပါပဲ။ ဒါဟာ အောင်မြင်မှုအသေးစားလေးတခုပါပဲ။ ကိုယ်စိတ်နှစ်ပါး အေးချမ်းသွားတယ်။ အရှုံးကိုကျေနပ်စွာလက်ခံယူဖို့ အသင့်ဖြစ်သွားတယ်။ ဆုံးရှုံးခြင်းဆိုတဲ့ ဟင်းလျာမီးနူးကို ကိုယ် ကောင်းကောင်းကြီး စားသုံးတတ်သွားတယ်။ ကိုယ့်ဘ၀ရဲ့
အိုမင်းရင့်ရော်ချိန်တွေအတွက် ဒီဟင်းလျာမီနူးကို ဌာန်ကရိုင်းကျကျစားသုံးတတ်ခြင်းဟာ အင်မတန်အဖိုးတန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုလဲ မလွဲမသွေဖြစ်ပါလိမ့်မယ်။
အိုမင်းရင့်ရော်ချိန်တွေအတွက် ဒီဟင်းလျာမီနူးကို ဌာန်ကရိုင်းကျကျစားသုံးတတ်ခြင်းဟာ အင်မတန်အဖိုးတန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုလဲ မလွဲမသွေဖြစ်ပါလိမ့်မယ်။
ကိုယ့်နောက်ကျောဖက် ၀ရံတာမှာ မနက် ၁၀ နာရီ နေဝန်းဟာ သူ့တောက်ပမှုကို အစွမ်းကုန်
အရှိန်အဟုန်မြှင့်တင်နေပြီ။ ဖွင့်ထားတဲ့ပန်ကာရယ် ကိုယ်ဉာဏ်စွမ်းရှိသလောက်ကာကွယ်ထားတဲ့
အစီအမံတွေကြောင့် အခန်းကလေးထဲမှာတော့ နေသာထိုင်သာရှိလောက်အောင် အေးမြနေလေရဲ့။
ဒါပေမယ့် ပြီးခဲ့တဲ့ နွေကာလ မတ်ခ်ျလ တုန်းက ဘယ်လိုပဲ ပန်ကာဖွင့်ဖွင့်၊ အစီအမံအကာအရန်တွေ
ဘယ်လိုပဲလုပ်လုပ် နေလို့ထိုင်လို့မရအောင် အိုက်စပ်ပူလောင်ပြီး ဘယ်သွားနေရမှန်းမသိအောင်
အရူးတပိုင်းဖြစ်ခဲ့ရတဲ့ရက်တချို့ကိုတွေးမိပြီး စိတ်ထဲက ကြိတ်ပြုံးလိုက်တယ်။ ရေးလက်စ ဟောဒီစာသားတွေကို အစကနေ ပြန်ဖတ်တယ်။ မရေးဖြစ်လို့ မတင်ဆက်ဖြစ်တာကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ စကားပြေအုပ်စု {တောင်တောင်အီအီအတွေးများမှတ်စု} ကို ပြန်အမှတ်ရသွားကာ တောင်တောင်အီအီတပုဒ်တော့ရပြီရယ်လို့…။
ခင်အောင်အေး
၂၄၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၀း၅၄ နာရီ
(ယူတာက ဒီနေရာကပါခင်ဗျား) http://www.kaungkin.com/index.php?option=com_content&view=article&id=828:article&catid=42:2009-04-17-01-31-38&Itemid=62
0 comments:
Post a Comment