ဝင်ဆာကို
သာမန်ကာရှံကာကြည့်ရင်း ယူအက်စ်ဘက်ကို ပြန်မြင်မိသေး၏။ ကနေဒါသည် ကမ္ဘာ့နိုင်ငံများအရွယ်လိုက်စီလျှင်
ဒုတိယစွဲတာမှန်သော်လည်း လူဦးရေကျတော့ ၃၅ သန်းပင်မပြည့်တတ်။ တတိယဖြစ်သည့် ယူအက်စ်က
လူဦးရေကျ ၃၁၄ သန်းကျော်။ သြစတြေးလျလည်း ထိုနည်းလည်းကောင်း။ ဒါပေမယ့် သြဇီက လူနေလို့ဖြစ်သည့်မြေ
ကနေဒါထက်တော့ပို၏။ ကနေဒါက ဝင်ရိုးစွန်းနားကတိုင်းပြည်။ ဘယ်ရာသီမှာမှ မပျော်သည့်ရေခဲပြင်ကြီးတွေနှင့်၊
ထင်းရှူးကလွဲ၍ဘာမှမပေါက်သည့်တောကြီးတွေနှင့်၊ စားပင်စိုက်မရသည့်ကွင်းကြီးတွေနှင့်ဆိုတော့
လူတွေကမြို့တွေမှာပဲလာစု၏။ မြို့ကြီးတွေက တသွေးတမွေးနှင့်တောက်ပြောင်ပြီးလူထူသလောက်
လမ်းတလျှောက်ကျ မြို့ဆက်ပြတ်လှ၏။ မေ့သလောက်ရှိမှ တမြို့။ တချို့ မြို့သိမ်မြို့မွှားများက
မြို့ဆိုလို့သာ မြို့လိုက်ရ၏။ တကယ့် မည်ကာမတ္တ။ လူအနေနှင့်မြို့အဝန်းကြည့်ရသည်မှာ လူကြီးစွပ်ကျယ်ကောက်ဝတ်လာသည့်ကလေးနှယ်
ချောင်ချိချိလျော့တွဲတွဲ။ ယူအက်စ်ကျတော့ တပြည်လုံး ဘယ်သွားသွား မြို့ဆက်မပြတ်တတ်။
ပြတ်လှ ခန။ ပြတ်သွားဦးတောင် ဟိုးအဝေးမှာ လူနေအမှတ်အသားတွေ မြင်နေရတတ်၏။ မြို့သိမ်မြို့မွှားတွေဆိုလည်း
မြို့နှင့်လူက စပို့ရှပ်ကျပ်ကျပ်လေးဝတ်ထားသည့် ကာယဗလမောင်ကြီးလိုမဆန့်မပြဲ။ သို့သော်
အသားစိုင်တို့လျော့ရဲရဲ။ လက်ပန်းတို့ ပျဉ်းတွဲတွဲ။ သူနှင့်လုံးတူဒေါက်တူ ယူအက်စ်ဘက်ကမြို့တွေနှင့်စာလျှင်
ဝင်ဆာသည် သန့်ပြန့်၏၊ လတ်ဆတ်၏။ စည်ပင်၏။ သို့သော် နယ်ခြားမြို့ထုံးစံကို သူလည်းလွန်ဆန်နိုင်ပုံမရ။
တရားမဝင်ဆိုသည့်ပုဒ်မနှင့် နယ်စပ်ဖြတ်ဒုစရိုက်မှုတို့အထိုက်အလျှောက်။ အတွင်းပိုင်းမြို့တချိုထက်
အမှုသေးတချို့ပွေသော်လည်း ကြီးကြီးကျယ်ကျယ်ပြဿနာတော့ မရှိလှ။
ဝင်ဆာရောက်လျှင်
ကိုသိန်းစိုးတို့အိမ်မှာတည်းဖို့စီစဉ်ပြီးသားမို့ အိမ်လိပ်စာရှာရုံသာရှိ၏။ ဒီရောက်ပြီးမှ
ခင်သည့်မိတ်ဆွေထဲတွင် ကိုသိန်းစိုးလည်းပါ၏။ ဖို့ဝိန်းတွင် Sue Wotring ဆိုသည့် အမျိုးသမီးကြီး တဦးရှိ၏။
သူ ရွယ်စဉ်က ဘန်ကောက်သွားပြီး အင်္ဂလိပ်စာတတ်ချင်သည့် ဗမာပြည်သားများအား သင်ခဲ့ဖူး၏။
ထိုတပည့်များထဲတွင် ဒီမိုကရေစီရေးအတွက်လုပ်ရင်းကိုင်ရင်း ထိုင်းနယ်စပ်ရောက်၊ ထိုကမှ
ဘန်ကောက်ရောက်လာသူ ဗမာကျောင်းသားများလည်းပါ၏။ ထိုင်းမှာ ဗမာတွေနှင့်နေခဲ့ဖူးကတကြောင်း
စိတ်အခံကတွယ်တာသည်က တကြောင်းကြောင့် ခုလည်း ဗမာတွေနှင့်အနေနီး၏။ ဗမာပြည်လည်း အလည်သွားဖူး၏။
မေမြို့ကို ပြင်ဦးလွင်ဟုမခေါ်သဖြင့် ရဲအရာရှိနှင့်ကတောက်ကဆဖြစ်ခဲ့ရကြောင်း ရယ်ရယ်မောမော
ပြန်ပြန်ပြောတတ်၏။ မိမိရောက်စက အမေရိကန်ပြောအင်္ဂလိပ်စကားသင်ပေးသဖြင့် ဆရာတပည့်။ နောက်တော့ IVY Technology College မှာ World Politics အတန်း အတူတူတက်ဖြစ်တော့ ကျောင်းနေဘက်။
သူ့အိမ်သွားသွားလည်ရင်း ကိုသိန်းစိုးနှင့်သိခွင့်ကြုံလာ၏။ ကိုသိန်းစိုးကား မွန်ရည်သူ။
ဖခင်ကောင်း ခင်ပွန်းကောင်းတယောက်လို တည်ငြိမ်အေးချမ်းသူ။ ဘန်ကောက်တုန်းက သူလည်း
Sue ၏ တပည့်တွေထဲကတယောက်။ ခုတော့ Sue ကို မိခင်သဖွယ်ပြုစုစောင့်ရှောက်ပေး၏။ တနှစ်ကို
၃-၄ ကြိမ်လာပြီး လာတိုင်း မြင်သမျှအောက်ခြေသိမ်း အကုန်လုပ်ပေးသွား၏။ Sue ကလည်း ကိုသိန်းစိုးဆီ
မကြာမကြာသွားသွားလည်တတ်၏။ မိမိ ကနေဒါလာခွင့်ကြုံလျှင် သူ့အိမ်တည်းဖို့ဖိတ်သဖြင့်
ခု ကြုံပြီ။ သို့ဖြင့် တညအိပ်မည်။ အခြေအနေပေးလျှင် အပြင်ထွက်လည်မည်။ သူနေတာက ခုပြောနေသည့် ဝင်ဆာဆိုသည့်မြို့ကလေးမှာ။ ဒီမြို့မှာ ဗမာပြည်သားက မိသား ၁ဝ စုလောက်သာရှိသည်ဆို၏။
ဖို့ဝိန်းနှင့် အခြားလမ်းမှမောင်းလျှင် ၄ နာရီ သာကြာသဖြင့် တချို့ဗမာပြည်သားတွေလည်း
ဝင်ဆာနှင့်ဖို့ဝိန်း အိမ်ဦးနှင့်ကြမ်းပြင်။ ဝင်ဆာမှာ ထင်တာတွေမဖြစ်ခဲ့။ အပြင်မထွက်ခဲ့ရ။
နှင်းနှင့်အအေးကြောင့် အိမ်တွင်းပုန်း။ ပုန်းရသည့်အတူဆိုကာ ဝင်ဆာကိုအွန်လိုင်းမှာ တက်ဖတ်တော့လည်း
များများစားမရှိလှ။ ပျင်းလာ၏။ ကိုသိန်းစိုးဇနီးလက်ရာ ငါးမွှေဟင်းကလည်း အစွမ်းပြလာ၏။
သို့ဖြင့် ဝင်ဆာညသည် ဘာမှန်းမှမသိရပဲ ကုန်ဆုံးသွားခဲ့၏။ နှမျောစရာပင်။
မနက်လင်းတော့
အိမ်အပြင်မှာ နှင်းတွေအဖွေးသား။ ကော်ဖီသောက်ရင်း အလ္လပသလ္လပ။ သွားရဦးမည့်ခရီးလမ်းပန်းနှင့်ရာသီကြည့်တော့
ပိုတောင်အေးဦးမှာ…တဲ့။ နှင်းတွေလည်း ပိုထူဦးမှာ..တဲ့။ နောက်ရက်မှာ နှင်းမုန်တိုင်းအသေးစားတောင်
ကျဦးမှာ..တဲ့။ ထိုရာသီနှင့်ဥတု ကိုရော၊ ဒီအချိန်မှာမှ ရွေးအားရသည့် ကိုသာအေးထွန်းကိုရော၊
သွားရပြီးရောဆိုကာ ထထွက်တတ်သည့်ကိုယ့်အကျင့်ပါ ငြူစူမိ၏။ ငြူစူရင်းမှ “နှင်းတွေဒီလောက်ကျနေမှတော့ ပဲစေ့လေးတွေအညှောင့်ပေါက်နိုင်ပါဦးမလား”ဆိုသည့်အဖွဲအနွဲ့နှင့်အတူ
ဘားတော့ဘရက်ကိုပြက်ကနဲသတိရမိသေး၏။ နှင်းခဲပျော်ချိန်ဆိုသည်ကိုလည်း တွေးမိပြန်၏။ “ပျော်”
ဆိုသည့်စကားလုံးကို အင်္ဂလိပ်လိုဘယ်လိုခေါ်မှန်း အမှုတွဲဖြစ်သူကိုမျိုးသန့် (ခ)ခွန်းခ
(ကျနော်တို့ခေါ်တော့ ဂျပ်ကြီး) ပြောမှသိရခြင်းဖြစ်၏။ အင်္ဂလိပ်စာအတွက် သူ့ကျေးဇူးကျနော့်တွင်
ရှိ၏။ မမေ့။ သေသာသွားရော သူနှင့်ကျနော် အပြင်မှာတခါမှမဆုံလိုက်ရ။ ကျနော်အပြင်ရောက်ချိန်မှာ
သူကအထဲမှာကျန်ခဲ့ပြီး ကျနော်အထဲပြန်ရောက်သွားတော့ သူက အပြင်ပြန်ထွက်လာချိန်။ နောက်ဆုံးအကြိမ်
ကျနော်အပြင်ပြန်ရောက်တော့ သူက စာပေလောကမှာ တနေရာစာခြေချနေနှင့်ပြီ။ မူးမူးမော်မော် ရီရီဝေဝေတွေနှင့်အနေများလွန်းသည်ဆို၏။ ဆွေမျိုးအသိုင်းများနှင့်လည်း အံဝင်ဂွင်ကျမဖြစ်။ ပင်ကိုယ်သဘာဝနှင့်
ထောင်ထဲကရလာသည့် စိတ်ပိုင်းဆိုင်ရာကျွပ်ဆတ်မာကျောမှုများပေါင်းတော့ တယောက်တည်းလိုနေရင်း
ဖတ်ရင်းရေးရင်း ရီဝေရင်း။ နောက်ဆုံး သွေးကြောပိတ်ရောဂါဖြင့် ခြေတဘက်ဒူးအောက်က ဖြတ်လိုက်ရသည်။
ဂျိုင်းထောက်အားပြုရတော့၏။ အရက်အပေါ်လည်း ပိုအားပြုလာ၏။ စိတ်လည်း ပိုထောင်းလာသလို ကိုယ်လည်း
ပိုကြေမှာသေချာ၏။ နည်းနည်းလည်း ရန်လိုတတ်လာသည်ဆို၏။ ဤနှယ် ထပ်တူဘဝကိုဖြတ်သန်းရသူမို့
ကျနော် အပြစ်မဆိုရက်။ သို့သော် လူချင်းတော့ အလွန်တွေ့ချင်နေမိ၏။ နောက်ဆုံး သူ ဆုံးပါးသွား၏။
မတွေ့လိုက်ခဲ့ကြရ။ သူ့လက်ရာ ဘာသာပြန်တွေနှင့်ပင်ကိုယ်ရေးအချို့ကား မှတ်မှတ်ထင်ထင်တင်ကျန်ခဲ့၏။
(ကျွန်တော် မှားခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုပဲ တောင်းပန်ပါတယ်။ မကြာခင်ဆို ဘဝတခုလုံး နေညိုတော့မှာ။ ကျွန်တော့်အပေါ်ကောင်းခဲ့သူတွေကို ဂါရဝပြုချင်သေးတယ်။
ကျေးဇူးပြန်ဆပ်ချင်သေးတယ်။ ဒါကြောင့် ကျွန်တော့်ခြေထောက်လေးကိုများတွေ့မိခဲ့ကြရင်
ပြန်ပေးကြပါဗျာ။ မသန်စွမ်းတော့တဲ့လူတယောက်မို့လို့ ထားရစ် ခံခဲ့ရတဲ့၊ ဘေးဖယ်ခံခဲ့ရတဲ့
နွမ်းညှိုးနေတဲ့လူသားတဦးရဲ့ဘဝကို လူကြီးမင်းတို့ ကိုယ်ချင်းစာမိမလား မသိဘူး။ ထခက်၊
သွားခက်၊ ထိုင်ခက်။ ဒါပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတခုဆုံးရှုံးလိုက်ရတာ ဖြေသိမ့်နိုင်ပါတယ်။
သူ့ကို ဆုံးရှုံးလိုက်ရတာကိုတော့ နှမျောမဆုံးနိုင်ဘူး။ ခုခါများမှာတော့ ချစ်ခင်နှစ်သက်သူတွေနဲ့ရော၊ မနှစ်သက်သူတွေနဲ့ပါ အတူတူမနေနိုင်တော့ဘူး။ ကျေနပ်ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့
လမ်းပဲလေ။ ဆိုးဆိုး၊ ကောင်းကောင်း ကိုယ်ကိုယ်တိုင်ပဲ ပြန်ရိတ်သိမ်းရမှာပဲပေါ့။ ခုဆိုရင်
အပေါစားထွက်ပေါက်တွေနဲ့နှီးနှောနေခဲ့တာ ကြာလှပြီ။ တော်ပြီ။ နောက်တခါ ဘယ်သူ့ကိုမှ မချစ်တော့ဘူး။
နောင်ဘဝများ လူပြန်ဖြစ်ဦးမယ်ဆိုရင်တောင် ဒီအသိုင်းအ၀ိုင်းထဲ လုံးဝ မကူးဆက်ချင်တော့ဘူး။
ကျွန်တော်မရှိတော့တဲ့အချိန်မှာ တိမ်တွေငုံ့ကိုင်းနေမလား။ သူကလေးရဲ့ဘဝင် အုံ့မှိုင်းနေမလား။
(ဒါတွေက မပြတ်သားမှုတွေပါ) ကိုယ့်အကြောင်းကိုယ် အတင်းပြောရင်း ဘဝင်မကျမှုတွေနဲ့စစ်ခင်းနေရတဲ့နာရီတွေတောင်
ညောင်းလှခဲ့ပေါ့။ ကဲပါလေ..... ကျွန်တော့် ခြေထောက်လေးတွေ့ရင် ပြန်ပေးကြပါ) အဲ့ဒါသူစာတွေထဲက
(ခြေထောက်လေးများတွေ့ရင်)ဆိုတဲ့ အက်ဆေးလေးထဲက စာသားတချို့ပါပဲ။
သူဆုံးချိန်တွင်
ကျနော်က ထောင်မှလွတ်ပြီးစ သမိုင်းမသန်မစွမ်းဆေးရုံတွင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့၏အကူအညီဖြင့်
ခြေတုသွားလုပ်ရင်းဆေးရုံတက်နေရချိန်။ ကိုမိုးဝင်းတို့မဒုံ(မခင်ညိုလွင်)တို့အိမ်နှင့်နီးသဖြင့် နေ့တိုင်းလိုလိုရောက်၏။ သာယာဝတီထောင်တွင်အတူနေခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီမှ
ကိုနော်ရှမ်းလည်း သူတို့နှင့်အတူနေ၏။ ကိုမိုးနှင့် မဒုံ ၂ ယောက်စလုံးကလည်း မိမိနှင့်အမှုတွဲတွေချည်း။
တနေ့ ကိုနော်ရှမ်းက ကိုဂျပ်ကြီး အခြေအနေမကောင်းတော့ဘူး။ ဆေးရုံမှာ..တဲ့။ အဲ့ဒါသွားမလို့
ခင်ဗျားလိုက်မလားဟု မေး၏။ ကျနော် အပြင်ထွက်ဖို့ ဆေးရုံတာဝန်ခံကိုပြောတော့ သူခွင့်ပြုလို့မရ
စစ်ထောက်လှမ်းရေးကိုပြောရမည်.. သူတို့ခွင့်ပြုချက်ရမှသွားလို့ရမည်ဆိုကာ အကြောင်းကြား၏။
ထုံးစံအတိုင်း ကိုယ်တော်ချောက ပေါက်ချလာပြီး နေမကောင်းအကြောင်းပြပြီး ထောင်ထွက်တွေလူစုဖို့ပါဗျာ၊
အံခွနေပါပြီဆိုကာ ရိတိတိပြောပြီး ခွင့်မပြု။ သို့ဖြင့်မသွားခဲ့ရ။ နောက်တော့ သူဆုံးသွား၏။
သူဆုံးသည့်နေ့ကလည်း သွားခွင့်မရခဲ့။
ခု
ကနေဒါ ဝင်ဆာကနေ တောင်ငူထောင်မှာ ကိုမျိုးသန့်တို့နှင့်အတူနေခဲ့သည့်ကာလတွေဆီ စိတ်ပြန်လည်၏။
ခု အယ်ဒီတာနှင့်သတင်းသမားဖြစ်နေသည့် ကိုသက်ဇော်(ဇော်သက်ထွေး)၊ ခု စာရေးဆရာ ကဗျာဆရာ
အယ်ဒီတာ ပန်းချီဆရာ ထွန်းဝင်းငြိမ်း(ကိုထွန်းထွန်းဝင်း)တို့ပါအဝင် ကျနော်တို့ကအဆောင်မှာ
နေကြရ၏။ ကျနော်ထောင်ကလွတ်တော့ ကိုထွန်းဝင်းငြိမ်းက အမှတ်တရပန်းချီကားတချပ်ဆွဲပြီး
လက်ဆောင်ပေး၏။ ကားက နီစွေးပူလောင်တိမ်ရောင်တွေနှင့်ကောင်းကင်ကြီး၊ မြေပြင်ကျတော့လည်း
ပက်ကြားအက်ကြီးတွေအပြိုင်းပြိုင်း၊ မျက်စေ့နှင့်အနီးဆုံးပက်ကြားအက်တခုထဲက အစို့အညှောင့်ပေါက်ကလေးတခု
တွန်းထိုးထွက်လာနေသည့် ကား။ ကျနော်လည်း အလွန်နှစ်ခြိုက်၏။ ကားဆွဲပြီးတော့မှ အမည်ပေးဖို့တွေးကြ၏။
ထွန်းဝင်းငြိမ်းက ခင်ဗျားဘာသာကြိုက်တဲ့အမည်ရွေးပေးပါ ဟုဆို၏။ ကျနော်က မရွေးတတ်။ ဂျပ်ကြီး
ရွေးခိုင်းရကောင်းမလားဟုပြောပြီး ၂ ယောက်သား ကိုမျိုးသန့်ကို အမည်ရွေးခိုင်း၏။ ပန်းချီကားကိုကြည့်ရင်း
ဆေးလိပ်ကို အသားကုန်တချက်ရှိုက်ထည့်လိုက်ကာ BEYOND THE HARDSHIP THAW လို့ပေးမယ်ဗျာ
ဟုဆိုကာ ကျနော့်အား ဘယ့်နှယ်လဲမမေးပဲ ဗမာလိုပြန်ရင်တော့ စကားလုံးလှဖို့ ကျစ်လစ်ဖို့မလွယ်ဘူးဗျ။ အင်္ဂလိပ်လိုပဲခေါ်ဗျာ..တဲ့။ သို့ဖြင့် ဤကားသည် Beyond The Hardship
Thaw ဖြစ်ခဲ့၏။
အပြင်ရောက်ပြီး
တလမပြည့်မီ ကျနော်ပြန်အဖမ်းခံရပြီး အထဲပြန်ရောက်သွား၏။ အပြင်မှာ မိသားစုတွေလည်း အိမ်ပြောင်းဘာပြောင်းနှင့်
နောက်ဆုံးအကြိမ်ကျနော်ပြန်လွတ်တော့ ထို ပန်းချီကားလေးလည်း အစရှာမရတော့။ ခုတော့ ကိုမျိုးသန့်လည်း
မရှိတော့။ ခုတော့ ဝင်ဆာမှာ နှင်းတွေ ဖွေးဖွေးလှုပ်နေ၏။ နှင်းတွေခဲနေ၏။ ဤနှင်းခဲတို့လည်း
အရည်မပျော်သေး။ မိမိပုဂ္ဂလိကဘဝနှင့်တိုင်းပြည်၏အခက်အခဲများ HARDSHIP များကလည်း ခုချိန်
မ “ပျော်”နိုင်သေး။ ဆက်ပါဦးမယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၆ ရက် ၂ဝ၁၃
0 comments:
Post a Comment