Saturday, February 16, 2013

စစ်တပ်စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်(အပိုင်း-၁)

0 comments
ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ငြိမ်/ပိအစိုးရကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက် (The Union of Myanmar Economic Holdings Limited) (ပြည်/စီး/လီ)ဆိုသည်ကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၇/၉၀ ဖြင့်ကြေငြာသွားသည်။ အမှတ်တမဲ့ဆိုလျင်တော့ ခုတလော စစ်အစိုးရကြေငြာနေသည့်ကုမ္ပဏီတည်ထောင်ခြင်းစသည့်သတင်းမျိုးများထဲကတခုဟုသာ ထင်စရာရှိသည်၊ သို့သော်ဂရုပြုနားထောင်လိုက်သူများအဖို့မူရေဒီယိုသတင်းကြားလိုက်သည်နှင့်ပင် အောက်ပါထူးခြားချက် နှစ်ချက်ကို သတိပြုမိလိုက်သည်။
- ကြီးမားလှသော အရင်းအနှီးပမဏ
- ပိုင်ဆိုင်မှု
ဧရာမအရင်းအနှီး
ကျပ်ကုဋေတထောင်။      ။ ဗမာပြည်သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်းတခုအဖို့ အကြီးမားဆုံးအရင်းအနှီးအဖြစ် စံချိန်သစ်တင်လိုက်သည်။ ငွေစက္ကူဖောင်းပွမှုတန်ဘိုးကိုထိန်းညှိလိုက်လျင်ပင် ဤအရင်းအနှီးပမာဏမှာ ဗမာပြည်သမိုင်းတွင် အကြီးမားဆုံး ဖြစ်မြဲဖြစ်နေသေးသည်။ ပမာဏကိုအခြားသောလုပ်ငန်းများနှင့်နှိုင်းယှဉ်လိုက်လျင် အောက်ပါဇယားတွင် ပြထားသည့်အတိုင်းတွေ့နိုင်သည်။
လုပ်ငန်းကိုင်ငန်းအမည်။     အရင်းအနှီးပမာဏ(ကျပ် ကုဋေပေါင်း)။            ပြည်/စီး/လီ၏ အရင်းအနှီးနှင့်နှိုင်းယှဉ်ချက်။ အချိုးအစား
၁-ဖက်စပ်အမှတ်(၅)                      ၅.ဝ                                                       ၁း၂ဝဝ
၂-မြန်မာဟောင်ကောင်                   ၁.၅                                                       ၁း၆၆၆.၇
ဖက်စပ်ကုမ္ပဏီလီမိတက်
မြန်မာစင်္ကာပူ
၃-ဖက်စက်ကုမ္ပဏီလီမိတက်            ၂.၅                                                       ၁း၎ဝဝ
မြန်မာအင်န်စီသစ်သားထည်
လုပ်ငန်းကုမ္ပဏီလီမိတက်                ၁း၁                                                       ၁း၁
ကျန်နှိုင်းယှဉ်စရာများအနေဖြင့်ပြရလျင် အရင်းအနှီးပမာဏသည် အစိုးရ၏ဘတ်ဂျက်တွင်ပါရှိသော တတိုင်းပြည်လုံး၏ တနှစ်စာရင်းနှီးမြှုပ်နှံမှုထက်ပင်များနေသေးသည်။ ၁၉၈၈-၈၉ခုနှစ်အတွင်း တပြည်လုံးအတွက်ရင်းနှီးမြှုပ်နှံရန်လျာထားချက်မှာ ဤဦးပိုင်လီမိတက်၏အရင်းအနှီးထက် (၁၇၉.၂)ကုဋေလျော့နည်းသည်။ ကုဋေတထောင်ဆိုသည်မှာ ၁၉၈၈-၈၉ ခုနှစ် ပြည်ပို့ကုန်မှရသောစုစုပေါင်း၏ခြောက်ဆရှိပြီး များလှပါသည်။ သို့သော် စစ်အစိုးရ၏စစ်အသုံးစရိတ် (သူတို့ပြောသော ကိန်ဂဏန်းအတိုင်း) ရဲ့ငါးဆမျှရှိသည်။
ယနေ့ကဲ့သို့ တိုင်းပြည်ဆင်းရဲမွဲတေနေချိန်တွင် ဤမျှများပြားလှသောအရင်းအနှီးကြီးကို ဘယ်ကရရှိမည်နည်း။
အဆိုပါကုန်သွယ်ရေးဝန်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ် (၇/၉၀)အရဆိုလျင် အပိုဒ် ၄၊၅၊၆ တို့တွင်ဆိုထားသည့်အတိုင်း အရင်းအနှီး၏ (၄၀%)ကို အစိုးရကထည့်ဝင်ပြီး ကျန် (၆၀%)ကို စစ်တပ်အသိုင်းအ၀ိုင်းများက ထည့်ဝင်ကြမည်ဟုဆိုသည်။ အစိုးရဆိုရာတွင် ကာကွယ်ရေးဝန်ကြီးဌာနပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးဟု နာမည်ခံထားလိုက်သည်။ ဤစာပိုဒ်ကို ကြည့်ခြင်းအားဖြင့် ဤလီမိတက်တွင်ပါရှိသော အစိုးရဆိုသည်၏အဓိပ္ပာယ်နှင့်အခန်းကဏ္ဍကို စဉ်းစားစရာရှိလာသည်။ သေချာနေသည်မှာ ဤမျှများပြားသောအရင်းအနှီးကို သူတို့စစ်တပ်အ၀န်းအ၀ိုင်းမှချည်း ထုတ်လာနိုင်စရာမရှိပေ။ (ဦးနေ၀င်းလိုလူကလည်း သူ့အခြေအနေကိုပေါ်လွင်စေမည့် ပြည်တွင်းကလုပ်ငန်းကိုင်ငန်းတွင် ရှယ်ယာတွေကိုထင်ထင်ရှားရှား အများအပြားဝယ်ယူလိမ့်မည်မဟုတ်ချေ။) ထို့ကြောင့် အစိုးရကပါဝင်သည်ဟုဆိုပြီး နိုင်ငံတော်ငွေကို နားလှည့်ပါးလှည့်ယူသုံးခြင်းသာဖြစ်သည်။ ပိုရှင်းအောင်ပြောရလျင် စစ်တပ်အ၀န်းအ၀ိုင်းကပိုင်ဆိုင်ခံစားကြမည့် (ရှေ့တွင်ထပ်မံရှင်းလင်းပါဦးမည်) ရင်းနှီးမြှုပ်နှံမှုကြီးအတွက် ပြည်သူလူထု၏ငွေကျပ်ကဋေ (၄၀၀) ကို အတိုးမရှိဆွဲသုံးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဤကုဋေ(၄၀၀)အတွက် ပြည်သူဘက်မှ (အစိုးရဘက်မှ)ကိုယ်စားပြုရမည့်သူမှာ ယင်း အမိန့်ကြော်ငြာစာ၏ အပိုဒ်၂(က)တွင်ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှဦးဆောင်ညွှန်ကြားရေးမှူး စသော စစ်ဗိုလ်ကြီးများပင်ဖြစ်နေသည်။ ဒါတင်မကသေးပါ ကျန်ရာနိုင်နှုန်း (၆၀)ကိုလည်း တဦးချင်းဝယ်ယူသောရှယ်ယာများကလွဲ၍ အဖွဲ့အစည်းနာမည်ခံသော (ဤသို့သောရှယ်ယာမျိုးမှသာအများစု ဖြစ်လာနိုင်သည်) ရှယ်ယာများအတွက်အရင်းအနှီးကို ဘဏ်များမှချေးယူပေလိမ့်ဦးမည်။ သူတို့၏အဖွဲ့အစည်းတခု (ဥပမာ တိုင်းစစ်ဌာနချုပ်တခု -သို့မဟုတ်- ထောက်လှမ်းရေးတပ်ရင်း တခုခု)က ငွေးချေးမည်ဆိုသောအခါ ဘယ်ဘဏ်က မချေးဘဲနေ၀ံ့မည်နည်း။ ယခုအထိဆိုလျင် ဘဏ်များ၏အာဏာကိုလည်း စစ်အစိုးရကပင်ကိုင်ထားသည်မဟုတ်ပါလော။ ထို့ပြင် မကြာမီကာလအတွင်း ဤဦးပိုင်လီမိတက်မှ ရှယ်ယာများဝင်ထားသော (သို့မဟုတ်)ကိုယ်တိုင်ထူထောင်ထားသောဘဏ်များလည်း ပေါ်ထွက်လာစရာရှိပေသေးသည်။ အောက်ခြေတပ်မှူးတပ်သားများ
အဖို့မူ အစုရှယ်ယာဝင်ဖို့ဆိုပြီး မိမိတို့၏မလောက်မငှ လခလေးထဲမှ ရာနှုန်းဖြင့်ဖြတ်တောက်ခြင်းခံကြရရှာပေဦးတော့မည်။
ယခုကဲ့သို့သာဘဏ်မှချေးယူသည့်နည်းကိုသုံးမည်ဆိုလျင် ဤမျှများပြားသောငွေ (ဗမာပြည် အတိုင်းအတာအရ ဆိုခြင်းဖြစ်သည်) ကို ဘဏ်များကမည်သို့ဖန်တီးလေမည်နည်း။ အစိုးရမှထည့်ဝင်ငွေဆိုသော ကျပ်ကုဋေ(၄၀၀)မှာ ဗဟိုဘဏ်မှပင်ထုတ်လာစရာရှိသည်။ သို့ဆိုလျင် အခြားသောရှယ်ယာများဝယ်ရန်ငွေကို အခြားဘဏ်များထံမှချေးယူနိုင်ရန် ထိုဘဏ်များသို့ ဗဟိုဘဏ်မှထုတ်ချေးပေးမည်လော။ သို့မဟုတ် စီစဉ်ထိန်းညှိပေးမည်လော။ မည့်သည့်ဘဏ်မှ မည့်သည့်ပုံစံနှင့်ပင်ထုတ်ထုတ် အဆုံးတွင် ၀ါဇီဂိုဒေါင်သို့သာ တန်းစီရောက်မည့်သဘောရှိနေသည်။
ငွေစက္ကူဖေါင်းပွမှု             ။ ၁၉၈၈နှစ်စာရင်းဇယားများအရ ပြည်တွင်း၌လှည့်လည်သုံးစွဲနေသောငွေကြေးပမာဏသည် ကျပ်ကုဋေ (၁၂၀၀)မျှသာရှိသည်။ ဤသည်ပင် ငွေစက္ကူဖေါင်းပွမှုဒဏ်ကို ပြည်သူတွေအလူးအလဲခံစားရစေသည်။ ယခုကဲ့သို့သာ နောက်ထပ်ကျပ်ကုဋေ (၁၀၀၀) သို့မဟုတ် လက်ရှိလည်ပတ်နေသည်၏ (၈၃%)ကျော်ကို ထပ်ထုတ်ဝေ လိုက်သည်ဆိုလျင်---------။ ယနေ့အခါ ဗမာပြည် ပြည်သူလူထုအား အဆိုးဝါးဆုံးနှိပ်စက်နေသောရောဂါ တခုဖြစ်သည့်ငွေစက္ကူဖေါင်းပွမှုပြဿနာအား ပိုမိုဆိုးဝါးလားနိုင်သည့် ဦးပိုင်လီမိတက်ပါတကား။
အတိတ်အားတစေ့တစောင်း
တကယ်တော့ ဗမာပြည်တွင် ဤကဲ့သို့စစ်တပ်(သို့) စစ်တပ်အ၀န်းအ၀ိုင်းကနေ စီးပွားရေးလုပ်ငန်းကိုင်ငန်းကြီးများ တည်ထောင်ခဲ့ခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ချေ။ ဒင်းတို့ပဌမဆုံးအကြိမ် အာဏာသိမ်းခဲ့သည့်ကာလ တဝိုက်ကို ပြန်ကြည့်လိုက်စေချင်သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်လောက်က ဗမာပြည်စီးပွားရေးဖွံ့ဖြိုးမှုကော် ပိုရေးရှင်း (Burma Economic Development Corporation) ခေါ် အများအခေါ်အရ ဘီးအီးဒီစီဆိုသည့်စီးပွားရေး လုပ်ငန်းကိုင်ငန်းကြီးတရပ် ပေါ်ပေါက်ခဲ့ဖူးသည်။ သွင်းကုန်ပို့ကုန်လုပ်ငန်းနှင့်အင်းဝဘဏ်၊ အင်းဝစာအုပ်တိုက်မှအစ ဘီးအီးဒီစီအရက်ဆိုင်အထိ ခြေလှမ်းကျဲခဲ့သောအရင်းအနှီးတရပ်ပင် ဖြစ်သည်။ ဗမာ့စီးပွားရေးနယ်ပယ်တွင် အတော်ကြီး တွင်ကျယ်တော့မည့်အဖွဲ့အစည်းတရပ်ဟူ၍ အများကသိမြင်စောင့်ကြည့်နေခဲ့ကြသည်။ ဤအရင်းအနှီးသည် အာဏာနှင့်ပေါင်းစပ်ထားသောဗျူရိုကရေစီတရပ်ဖြစ်သဖြင့် အခွင့်ထူးအခွင့်ကောင်းများလည်း အများအပြားခံစားခွင့်ရခဲ့သည်။ အလွယ်ဆုံးဥပမာအနေဖြင့်ပြရလျင် စစ်တပ်အရာရှိများ၏လစာမှန်သမျှ အင်းဝဘဏ်မှတဆင့်ထုတ်ယူနိုင်ရန် စီစဉ်နိုင်ခဲ့သည်။ နောက်ပြီး ရန်ကုန်နှင့်ပြည်အကြားရှိ စပါးစက်အချို့နှင့်စပါးများကိုလက်ဝါးကြီးအုပ်ဝယ်ပြီး ပြည်ပတင်ပို့ခွင့် ရခဲ့သည်။ သွင်းကုန်လိုင်စင်များလည်း အမြောက်အများရခဲ့သည်။ သေနတ်ကိုင်သောလက်က ချိန်ခွင်ကိုကိုင်ပါသည်ဆိုသော အခါ၌ သေနတ်မှာခါးတွင်ချိတ်လျက်သား ပါနေသေးပါကလား။
ထိုစဉ်က ဘီးအီးဒီစီ ပေါ်ပေါက်လာမှုသည် သာမန်ဖြစ်ပေါ်တိုးပွားမှုဟုယူဆလျှင် အမှားကြီးမှားပေလိမ့်မည်။ အင်မတန် အခိုင်အမာကျသော နောက်ခံနိုင်ငံရေးအကြောင်းအရင်းများ ရှိနေပေသည်။ ထိုအချိန်က ဗမာပြည်နိုင်ငံရေးလောကမှာ မတည်မငြိမ်ကသောင်ကနင်းရှိလှသည်။ တပြည်လုံးတွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အားကောင်းဆဲရှိနေသလို ဖဆပလအဖွဲ့မှာမူ နှစ်ခြမ်းကွဲထွက်သွားခဲ့လေပြီ။ ဤတွင် စစ်တပ်အတွင်းမှစစ်ဗိုလ်များအနေဖြင့် ကိုယ့်အစွမ်းကိုယ် စမ်းသပ်ကြည့်လိုစိတ်များ တဖွားဖွားပေါ်နေသည်။ နိုင်ငံရေးဇတ်ခုံပေါ်တက် ဗလပြရန်ပင်တာစူလျက် ရှိသည်။ ပြောရလျှင်(၅၈)အာဏာသိမ်းပွဲမှာ (၆၂)အာဏာသိမ်းပွဲအတွက် ၀တ်စုံပြည့်ဇာတ်တိုက်ခြင်းဟုဆိုနိုင်သည်။
တိုင်းပြည်အတွင်း၌သော်လည်းကောင်း၊ နိုင်ငံတကာ့အတွင်း၌သော်လည်းကောင်း မိမိနိုင်ငံရေးအင်အားစုတရပ်အဖြစ် ဗြောင်ထွက်ရပ်ပြမည်ဆိုလျှင် စစ်ရေးအင်အားသာမက ဓနအင်အားပါကျောထောက်နောက်ခံ ရှိဖို့လိုသည်ဟုယူဆခဲ့ကြဟန်ရှိသည်။ သို့တည်းမဟုတ် နိုင်ငံရဲ့အာဏာကိုတည်ဆောက်ထိန်းသိမ်းရာမှာ ငါတို့လည်းပါတယ်။ ဒါကြောင့်မို့ ငါတို့လဲပဲအကျိုးအမြတ်တွေခံစားသင့် စံစားသင့်တယ်။ ဟု ယူဆကြဟန်ရှိသည်။ သို့ဖြင့် ဒီအက်စ်အိုင် (D.S.I) ခေါ် တပ်မှဦးစီးခဲ့သောကုန်ပစ္စည်းအရောင်းဆိုင်များမှအတွေ့အကြုံရထားသောစစ်ဗိုလ်များသည် ဘီအီးဒီ စီ ကို တည်ထောင် ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်ကအရင်းအနှီးဟူရာတွင် စစ်သားများလစာထဲမှ လစဉ်ဖြတ်ယူသည်လည်းပါခဲ့သည်။ သို့သော် ပြည်ပထွက်ပြီးဆက်သွယ်ခြင်း ထိုမှတဆင့် လာဘ်လာဘသာမက အခြားသောပွဲစား ခံစားခွင့် (ဝေခံစံ စားခွင့်) စသည့်အခွင့်ထူးများကိုခံစားရသူများမှာမူ လက်တဆုပ်စာထိပ်ပိုင်းမှအရာရှိကြီးများသာ ဖြစ်ခဲ့သည်။
ဘီအီးဒီစီကိုဦးစီးသောစစ်ဗိုလ်များက နိုင်ငံတကာ့နိုင်ငံရေး၊ စီးပွားရေး၊ နယ်ပယ်တွင်ဝင်ဆန့်လာအောင် လုပ်ကြသည်။ နိုင်ငံခြားမှ နိုင်ငံရေး၊ စီးပွားရေး၊ အင်အားစုများနှင့်ဆက်သွယ်မှု၊ ရင်းနှီးမှု (အထူးသဖြင့်  ဂျပန်နိုင်ငံရေးလောက၊ စီးပွားရေးလောက)နှင့် ရင်းနှီးမှုရှိလာအောင်လုပ်ကြသည်။ ယခုတလောမဲဆွယ်ပွဲများတွင် ဂျပန်ပြည်နိုင်ငံရေး၊ စီးပွားရေးလောကမှအာဏာပိုင်များ၏စာနာမှုရရှိခြင်းကို ၎င်းတို့အားသားချက်တရပ်အဖြစ် ဘီအီးဒီစီဟောင်းများက ဟောပြောစည်းရုံးနေကြသည်ကိုတွေ့ရသည်။

သို့သော်----။ စစ်အုပ်စုဟူ၍ နိုင်ငံရေးစစ်မြေပြင်သို့ထွက်လာရာတွင် ၎င်းတို့အတွင်းရှိ မွေးရာပါရောဂါကိုမကုစားနိုင်ဘဲ ထွက်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းရောဂါမှာ အခြားမဟုတ်၊ စစ်အုပ်စုအတွင်း၌ စစ်အုပ်စုများထပ်မံကွဲနေခြင်းပင်ဖြစ်သည်။ ဘီးအီးဒီစီ ပေါ်ခဲ့ခြင်းသည်ပင်လျင် ထိုစဉ်က စစ်အုပ်စုအတွင်း၌ ဗိုလ်ချုပ်နေ၀င်းတဦးတည်း ပြည်တွင်းပြည်ပ ၀င်ငွေများနှင့်ကြွယ်ဝနေခြင်းကိုမကျေနပ်သဖြင့် နောက်အုပ်စုတခုမှထိပ်ပိုင်းကစီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဘီအီးဒီစီကို ဦးနေ၀င်းကအင်မတန်မျက်စိစပါးမွေးစူးခဲ့သည်ဟု အဆိုရှိခဲ့သည်။ ထို့ကြောင့်------ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး သည့်နောက် ဗိုလ်ချုပ်ကြီးနေ၀င်းက နိုင်ငံတော်အာဏာကိုလက်ဝါးကြီးအုပ်သိမ်းပိုက်ပြီး အခြားနိုင်ငံရေးအင်အားစုများ ကိုနှိပ်ကွပ်ခြင်းနှင့်အတူ စစ်တပ်အတွင်း၌လည်း အခြားသောစစ်အုပ်စုဝင်များကိုလည်း အပြတ်နှိမ်နင်းတော့သည်။ တဂူထဲတွင် ခွေးခြသေ့င်္နှစ်ကောင် မအောင်းဘူးဟု မကြုံဝါးရုံတမယ်သာ----။ သို့သော် သူသည် "ကျနော်ကတော့ ဒီကောင်တွေရဲ့ပါးစပ်တွေထဲကဟာတွေ အကုန်ကော်ထုတ်ပစ်မှာပဲ" ဟု ခေါင်းဆောင်ချင်းဆွေးနွေးပွဲတခုတွင် ထုတ်ပြောခဲ့သည်။ သို့ဖြင့် အထက်တွင်ပြောခဲ့သော ဘီအီးဒီစီ၊ အင်းဝဘဏ်စသည့်လုပ်ငန်းအားလုံး "ပြည်သူပိုင်"စာရင်းတွင် ပါသွားတော့သည်။
နိုင်ငံရေးအကြောင်းရင်းဖြင့်ပေါ်ပေါက်ခဲ့သောအဆောက်အုံများ နိုင်ငံရေးအကြောင်းရင်းကြောင့်ပင်
ပျောက်ပျက်သွားရခြင်းပါတကား။
ဘာကြောင့်တည်ထောင်သနည်း
ငြိမ်/ပိ အစိုးရက ထုတ်ဖော်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ ဤအဖွဲ့အစည်းကိုတည်ထောင် လိုက်ခြင်းကြောင့် အောက်ပါအကျိုးဆက်များဖြစ်ထွန်းလာပေလိမ့်မည်။ သူတို့ရည်မှန်းချက်ဟုလည်းဆိုနိုင်သည်။
စီးပွားရေး……….။ တော်လှန်ရေးနာမည်ပဲ ခံခံ၊ မဆလ နာမည်ပဲခံခံ၊ နောင်မှာ တစည ဒါမှမဟုတ် အခြားနာမည် တခုခုပဲခံခံ နိုင်ငံတော်အာဏာကို စစ်တပ်ဖြင့်သိမ်းယူထားချိန်တွင် စစ်ဗျူရိုကရက်များ၏စီးပွားရေးအတွက် အစစအရာရာအာမခံချက်ရှိနေသည်။ ပြည်တွင်းပြည်ပ ကြိုက်သလိုရင်းနှီးမြှုပ်နှံကြသည်။ ကြိုက်ရာအရင်းရှင်၊ ကြိုက်ရာနိုင်ငံနှင့်ဆက်သွယ်နိုင်သည်။ ဖုံးချင်သလောက်ဖုံး၊ ထုတ်ပြောချင်သလောက်ထုတ်ပြောနိုင်သည်။ စေတလုံးပိုင်နေ ကြသည်။ ထို့ပြင် နိုင်ငံရေး၊ပင်စင်ဥပဒေဆိုသည်မျိုးအပါအ၀င် သူတို့ထင်သလိုဥပဒေများထုတ်ပြန်ပြီး ကြိုက်သလို ခံစားနိုင်ကြသေးသည်။ သို့သော် ယခု အရပ်သားအစိုးရလက်သို့အာဏာကိုလွှဲရမည်လိုလို ဖြစ်လာသောအခါတွင်မူ ယခင်အခွင့်အရေးမျိုးများအတွက် အာမခံချက်များနည်းလာနိုင်သည်။ ထို့ကြောင့် စစ်တပ်အ၀န်းအ၀ိုင်းတခုလုံးအတွက် စီးပွားရေးအရ လဒတသောင်းနားနိုင်သော သစ်ပင်ကြီးတပင်ရှိဖို့ လိုလာသည်။ အနည်းဆုံး ခြေမမြဲတောင် လက်တော့မြဲ ရစေမည်။ ဤသို့သောဟာကွက်ကိုဖြည့်ဆည်းရန်မှာ ကိုယ့်လက်ထဲ အာဏာရှိတုန်းစီစဉ်ဖန်တီးရလျှင် အလွယ်ဆုံး အကောင်းဆုံးမဟုတ်လော။ ထို့ပြင်ဤဦးပိုင်လီမိတက်ကိုလက်ညှိုးထိုးပြီး စစ်ဗိုလ်များအနေဖြင့် ၎င်းတို့နည်းမျိုးစုံဖြင့် ရရှိထားသော ငွေမည်းများကို တရားဝင်အောင်ပွဲထုတ်နိုင်ပေတော့မည်။ ယခင်လို ထီလက်မှတ်ဝယ်ရန် လိုချင်မှလိုတော့မည်ဖြစ်သည်။
နိုင်ငံရေး…..။ လူတိုင်းသိမြင်နေသည့်အချက်တချက်မှာ ယခုနောက်ပိုင်း သူတို့တပ်တွင်း၌ ပိုမိုများပြားသထက်များပြားလာသော မဆလ၊ တစညနှင့်ငြိမ်/ပိဆန့်ကျင်ရေး နိုင်ငံရေးနိုးကြားမှုကိုထိုင်းမှိုင်းသွားစေရေးဆိုသော ရည်ရွယ်ချက်ဖြစ်သည်။ ထိုင်း၊ ဖိလစ်ပိုင်စသည့် နိုင်ငံများမှစစ်အုပ်စုများလုပ်လေ့ရှိသလို အောက်ခြေကိုစားကြွင်းစားကျန်လေးများနှင့်ချွေးသိပ်ရန် စီစဉ်ခြင်းပင်။
နောက်ပြီးမူလက ကြေစားဆန်ဆန်လစာဆိုသည့်အနှောင်အတဲတခုထဲနှင့်ဖွဲ့စည်းထားသည့်စစ်တပ်အားစည်းလုံးစေရန်
နောက်ထပ်သံယောဇဉ်အနှောင်အတဲတခု ထပ်ဖြည့်လိုက်ခြင်းဟုလည်း ဆိုနိုင်သည်။ တပါတည်းတွင် တပ်ထဲမှာပဲဆက်ရှိရှိ၊ တပ်အပြင်မှာပဲရှိရှိ အားလုံးတလှေထဲစီး၊ တခရီးထဲသွားချည်းပဲ။ ထို့ကြောင့်စစ်အုပ်စုထိပ်သီးပိုင်း၏ တသွေးတသံတမိန့်ကို နာခံရန်အမြဲအသင့်ရှိရေးဆိုသောစိတ်ဓါတ်ကို (ကိုယ်ကျိုး)ခံစားခွင့်ပြပြီး ရိုက်သွင်းပေးနေခြင်းလည်းဖြစ်သည်။
ထို့ပြင် ပြည်သူထူထုဘက်ပေါင်းစုံဆန့်ကျင်မှု၊ မကျေနပ်မှုတွေ ပြင်းထန်သထက်ပြင်းထန်လာပြီး စစ်အုပ်စုအဖို့ အထီးကျန်ဖြစ်သထက်ဖြစ်လာချိန်တွင် မိမိအင်အားကိုနည်းမျိုးစုံဖြင့်အားဖြည့်ပြီး သေဘော်ညှိသည့်လုပ်ရပ်တခုလည်း
ဖြစ်သည်ဟုဆိုနိုင်သည်။ အရေးကြီးသည့် နောက်အကြောင်းတကြောင်းမှာ နောင်မှာပေါ်ပေါက်လာနိုင်သည့် အရပ်သားအစိုးရအပေါ်တွင် စစ်အုပ်စုနှင့်စစ်တပ်က ဘက်စုံ၌မားမားကြီးမိုးနေနိုင်အောင်ပြင်ဆင်နေသည့် အစီအစဉ်များထဲမှတခုဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ နော်ကအစိုးအဖို့ စစ်အုပ်စုနှင့်စစ်ဗျူရိုကရေစီယန္တယားမှာ စစ်ရေးအရ (ထို့ကြောင့် နိုင်ငံရေးအရပါ) မလွှဲမရှောင်သာအသိအမှတ်ပြုရသောအင်အားတရပ်သာ မကတော့ဘဲ စီးပွားရေးအရပါအသိအမှတ်ပြု နေရာပေးရသည့်အဖြစ်မျိုးဆိုက်လာပေရော့မည်။ ကုဋေတထောင်ဆိုသည်မှာ (နောင် ပွားများလာမှာကို ထည့်မတွက်လျင်ပင်) ဗမာပြည်၏သာသာထိုးထိုးတွက်ထားသည့် အမျိုးသားထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဘိုးနီးပါး မဟုတ်လား။
လူမှုရေး……..။ အလွယ်ဆုံးပြောရလျှင် သူတို့အသိုင်းအ၀ိုင်းထဲကလူတွေ၊ သားသမီးတွေအတွက် ၀င်ငွေကောင်း၊ အခွင့်အရေးကောင်း သောအလုပ်အကိုင်များ အာမခံချက်ရှိလာပါလိမ်မည်။ နိုင်ငံခြားထွက်ခြင်း၊ နိုင်ငံခြားငွေပိုင်ဆိုင်ခြင်း။ (ဤသည်တို့မှာ ဗမာပြည် အနေအထားအရတော့ လာဘ်ကြီတပါး ပါတကား) စသည့်အခွင့်အရေးများလည်း ရကြပေမည်။ သင်္ဘောသားခေတ်မှ စစ်တပ်ဦးပိုင်လီမိတက်အမှုထမ်းခေတ်သို့ပင် ရောက်လေဦးမည်လား မသိ။ နောက်ပြီး စစ်ဗျူရိုကရက်များသည် စစ်အစိုးရလက်ထက်မဟုတ်တာတောင်မှ စီးပွားရေးဗျူရိုကရက်ကြီးများအဖြစ်နှင့်လည်း စီးပွားရေးနယ်ပယ်တွင် ချယ်လှယ်တွင်ကျယ်ကြပါလိမ့်ဦးမည်။ ချုပ်ရလျှင် ဗမာပြည်၏ဤသမိုင်းတကွေ့အား စစ်အုပ်စုအနေဖြင့် မချောင်သောကွေ့ချိုးတခုအဖြစ် အသိအမှတ်ပြု ပြင်ဆင်စိုင်းပြင်းနေရလေပြီ။

0 comments:

Post a Comment