Saturday, February 23, 2013

စွက်ဖက်ခြင်းနှင့်ကင်းသည့်အရာ (မျိုးမြင့်ချိ)

0 comments


နိုင်ငံရေးပါတီတခုရဲ့အတွင်းရေးကို အခြားပါတီတခုခုက ဒါမှမဟုတ် အခြားပါတီဝင် တယောက်ယောက်က ဝင်ပြောတယ်စွက်ဖက်တယ်ဆိုတာ နိုင်ငံရေးကျင့်ဝတ်အရ မလုပ်ထိုက် မလုပ်ကောင်းတဲ့အရာဆိုတာ မှန်ပါတယ်။ ဝင်မပြောထိုက် မစွက်ဖက်ထိုက်ဘူးဆိုလိုက်ရုံနဲ့ ဝေဘန်တယ် ထောက်ပြတယ်၊ ချီးမွမ်းတယ် ကဲ့ရဲ့တယ်၊ ထောက်ခံတယ် ကန့်ကွက်တယ်၊ ပြစ်တင်တယ် ထောမနာပြုတယ်၊ လိုလားတယ် မလိုလားဘူး၊ ပူးပေါင်းတယ် ဆန့်ကျင်တယ် ဆိုတာမျိုးတွေကအစ လူထုမှာ အခြားပါတီတွေမှာ အခြားပါတီဝင်တွေမှာပါ လုပ်ခွင့်မရှိတော့ဘူး မလုပ်ရဘူးလို့ပြောတာမဟုတ်ပါ။ သူ့ပါတီအတွင်းရေးတွေမှာ ဝင်မပါဖို့ ဝင်မစွက်ဖို့၊ သူ့ပါတီမူဝါဒရေးဆွဲရာမှာ ဝင်မရှုပ်ဖို့ ဝင်မနှောက်ဖို့ ကဖျက်ယဖျက်မလုပ်ဖို့ စတဲ့သဘောပဲ။ တိုင်းပြည်/လူထုနဲ့ဆိုင်တဲ့ ပါတီတခုခုရဲ့အပြုအမူ လုပ်ရပ်၊ မူဝါဒရေးရာ၊ ရပ်တည်ချက် စတာတွေမှာကျတော့ အခြားပါတီ၊ အခြားပါတီဝင်တင်မှမဟုတ်ဘူး လူထုမှာပါပြောခွင့်ရှိတယ်၊ မပြောပဲနေခွင့်လည်းရှိတယ်။ ထောက်ခံခွင့် ကန့်ကွက်ခွင့်၊ ဆန့်ကျင်ခွင့် ပူးပေါင်းခွင့်၊ ချီးမွမ်းခွင့် ကဲ့ရဲ့ခွင့်၊ လိုလားခွင့် ဖယ်ကျဉ်ခွင့်၊ လိုလားခွင့် မလိုလားခွင့်အကုန်ရှိတယ်။ အာဏာရပါတီလည်း လူထုမကြိုက်တဲ့အခါ အာဏာလက်မဲ့ဖြစ်ပြီး အာဏာမဲ့ပါတီလည်း လူထုကြိုက်တဲ့အခါ အာဏာရလာမှာပါ။ လူထုကြိုက်တယ်/မကြိုက်ဘူး ဆိုတာက(လွတ်လပ်ပွင့်လင်းတဲ့ခေတ်မှာတော့) လူထုအကျိုး တိုင်းပြည်အကျိုးကို ဘယ့်လောက် ဆောင်သလဲဆိုတာနဲ့ပဲ တိုင်းပါတယ်။ ပါတီတွေကို လူထုက လူထုနည်းနဲ့ ထိန်းကျောင်းပေးရပါတယ်။ အဲ့သလို လူထုနည်းနဲ့ အထိန်းအကျောင်းမခံရတဲ့ပါတီ၊ မခံချင်တဲ့ ပါတီ၊ မနှစ်သက်တဲ့ပါတီ၊ ထိန်းကျောင်းမရအောင်လုပ်ထားတဲ့ပါတီဟာ လူထုကိုဗိုလ်ကျ စိုးမိုးတဲ့ပါတီ တနည်းပြောရရင် တစ်ပါတီစနစ်ကျင့်သုံးတဲ့ အာဏာရှင်စနစ်ပါတီ ဒါမှမဟုတ် ပါတီကြီးဝါဒကျင့်သုံးပြီး မောက်မာတဲ့ပါတီမျိုး ဖြစ်သွားမှာပဲ။ ပါတီတခု အာဏာရဖို့ဆိုတာ (လွတ်လပ်တဲ့အနေအထားတရပ်အောက်မှာ) လူထုဆီကမဲဆန္ဒနဲ့သွားရတာဆိုတဲ့ ပါတီနဲ့လူထုအဆက်အစပ်ရဲ့ အခြေခံအကျဆုံးအခြင်းအရာကို မမေ့ဖို့ပါ။ အဲ့ဒါကို ပါတီကမေ့ရင် လူထုကအဲ့ဒီပါတီကိုမေ့ပြီး၊ အဲ့ဒါကို လူထုကမေ့ရင် အဲ့ဒီပါတီရဲ့ မောက်မာရိုင်းပြမှုကို လူထုကခံရစမြဲပါ။ မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၂၃/၂၀၁၃

0 comments:

Post a Comment