Wednesday, February 27, 2013

မေပယ်လ်ရွက်နီနှင့်စိန့်တိုင်းသားတွေအနေများတဲ့မြို့(၃) မျိုးမြင့်ချို

0 comments
မေပယ်လ်ရွက်နီနှင့် စိန့်တိုင်းသားတွေအနေများတဲ့မြို့၃) မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၇/၂ဝ၁၃အိမ်အပြင် လမ်းမပေါ်မှာ နှင်းတွေ ဖွားကနဲဖွားကနဲကျနေဆဲ။ လမ်းလည်ကောင်မှတပါး ကျန်နေရာများ တဖြည်းဖြည်းထူထူလာပြီး ဖွေးဖွေးပွပွ မွမွရွရွနှင့်မို့ ကိုင်စမ်းထိကြည့်ချင်စရာပင်။ တူမချောက နှင်းတောထဲကစားချင်ကြောင်း ပူဆာနေသံလည်းကြား၏။ ကျနော့်အတွက် ဒီက နှင်းနှင့်ဆောင်းသည် ငယ်ပေါင်းမဟုတ်။ ရောက်တာ ၅ နှစ် ပြည့်တော့မည် နှင်းနှင့် ခုထိမယဉ်ပါး၊ အသားလည်း မကျ။ ဒီက ကလေးတွေ နှင်းတောထဲလူးလှိမ့်ကစားတာမြင်တိုင်း ငယ်ငယ်က ရွှံ့ထဲဗွက်ထဲမိုးရေထဲ ပေတလူးတွေ ကြောင်ချီးရုပ်တွေနှင့်ပျော်ခဲ့ကြတာ ပြန်အမှတ်ရ၏။ ဒီမှာ ကလေးတွေက နှင်းမွမွတွေကော်ယူ၊ လက်ထဲလုံးဆုပ်ပြီး တယောက်ကိုတယောက် ပစ်ပစ်ပေါက်ကြတာမြင်တိုင်း ငယ်ငယ်က ချောင်းထဲမှာရေကူးရင်း ရွှံ့တွေကြုံးကာ ရွှံ့လုံးတွေနှင့်ပေါက်ခဲ့ကြတာ ပြန်သတိရ၏။ ဒီမှာ ကလေးတွေ နှင်းမွမွတွေနှင့် Snowman ခေါ် နှင်းလူရုပ်ကြီး လုပ်တာမြင်တော့ မိုးတိတ်ပြီးစ စမ်းချောင်းလေးဘေးက သဲစိုစိုသန့်သန့်တွေနဲ့ ဘိုအိမ်ဆောက်တမ်း ကစားခဲ့ကြတာကို ပြန်မြင်ယောင်၏။ ဝန်းကျင်၊ ရာသီနှင့်သဘာဝတရားတရားသည် လူမှန်သမျှအား သဘာဝကျစွာပင် အနေအထိုင်တတ်စေခဲ့သည်ထင့်။

ကိုသိန်းစိုးအိမ်ကထွက်မယ်လုပ်တော့မှ နှင်းက ပိုတောင်သည်းပြနေသလား ထင်ရ၏။ သည်းလည်းသည်း သွားစရာရှိသေးသည်မို့ နှင်းတောထဲမှာပဲ ခရီးဆက်ကြ၏။ ကနေဒါသည် အထက်တွင်ပြောခဲ့သည့်အတိုင်း တိုင်းပြည်ကြီးသလောက် လူနေနည်းသည့်အပြင် မြို့များမှတပါး လူအနေလည်း ကျဲတောက်တောက်။ ခေါင်တောင်တောင် ခြောက်တောက်တောက်။ လမ်းတလျှောက် ဘေးဘယ်ညာကြည့်စရာလည်း သိတ်မရှိ။ သို့နှင့် ကနေဒါ၏လန်ဒန်ကိုကွင်းကာ တိုရွန်းတိုးသို့ဦးတည်၏။ ဆီဖြည့်ရန် ခနရပ်သည့်နေရာက ရွာကလေးတရွာ၏ လမ်းဆုံလမ်းခွ။ လမ်းဆံမို့လူစည်သည်ဟုထင်လျှင် အလွဲကြီးလွဲရော့မည်။ ဓါတ်ဆီဆိုင်က ဆီပန့် Pump ကိုကြည့်တော့ ၈၈ မဖြစ်မီကာလများဆီက ဗမာပြည်က ဓါတ်ဆီဆိုင်တွေကိုအမှတ်ရ၏။ ကားအိုကားဟောင်းတွေဝယ်ပြီး ဆီထုတ်ရောင်းစားသည့်တခေတ် ဗမာပြည်တွင် ဆန်းဖူး၏။ အစိုးရဈေးနှင့် အပြင်ပေါက်ဈေး ၁၅ ဆမျှကွာသည်မို့ ၆ ထောင်တန်လောက် ကားအိုတစီးဝယ်၊ ဆီထုတ်ပြီးရောင်းစား၊ မကြာခင်ကားဖိုးလည်းကြေ နေ့စဉ်ဝင်ငွေလည်းဖြစ်သမို့ ဓါတ်ဆီဆိုင်များတွင် ကားတန်းရှည်၏။ တချို့ကားအိုများဆို စီးဖို့ဝေးစွခြောက်ပါး၊ ဆီထုတ်ဖို့ ဆီဆိုင်အသွားအပြန် လူနှင့်တွန်းယူရ၏။ ဘာပဲဖြစ်ဖြစ် ကားသည် ကားဖြစ်၏။ ထိုသူတို့လည်း ကားပိုင်ရှင်ဖြစ်၏။ ကိုယ်ပိုင်ကား စီးနိုင်သူဖြစ်၏။ အားပင် ကျချင် စရာ။

ခု ကနေဒါ ရွာငယ်ဇနပုဒ်က ဆီဆိုင်လေးက ဆီထည့်ပန့်သည် ဟိုဘက်ခေတ်ဗမာပြည်ဆီဆိုင်တွေက ဆီပန့်မျိုး။ ကွန်ပြူတာရိုက်ဇ် Computerize လုပ်ထားတာ ဘာမှမရှိ။ ဆီအရင်ထည့်ပြီးမှ ဆီဖိုးကျသင့်ငွေကို ဆိုင်လေးထဲဝင်ပြီး ငွေချေ ကဒ်ခြစ် လုပ်ရ၏။ ဆီထည့်နေစဉ် ဆီအနံ့လေးကလည်း တလှိုင်လှိုင်နှင့်။ ဆီနံ့ရတော့ ဓါတ်ဆီကိုဆန်စေ့လေးတွေရောကာ ပုလင်းလေးထဲထည့်၊ တော်တော်နှင့်အငွေ့မပြန်အာင် အဖုံးလုံအောင်ပိတ်ကာ ကိုယ်နှင့်မကွာဆောင်ပြီး၊ စိတ်ရှိသည့်အခါတိုင်း လူမြင်ကွင်းရော မမြင်ကွယ်ရာပါမရှောင် ထုတ်ထုတ်ရှူတတ်သည့် ဓါတ်ဆီနံ့စွဲ ရပ်ကွက်နေငယ်သူငယ်ချင်းကို ပြန်အောက်မေ့မိလိုက်သေး၏။ ငယ်ငယ်ရွယ်ရွယ်နှင့် အာရုံကြောရောဂါနှင့်ကွယ်လွန်ရှာပြီ။

ထို့နောက် စိတ်က ဘီအိုစီကုမ္ပဏီ၊ ရေနံမြေသပိတ်၊ ၁၃ဝဝပြည့်အရေးတော်ပုံ၊ သခင်ဘိုးလှကြီး၊ ကိုဗဟိန်း၊ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမည်၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနှင့် အဖိနှိပ်ခံပြည်သူတို့၏ပေါင်းစည်းမှု၊ လွတ်လပ်ရေးအကြိုကာလ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ သခင်အောင်ဆန်း၊ မြေနုလမ်းခြံအမှတ်(၁၁)၊ ဖက်ဆစ်တော်လှန်ရေး၊ ဖဆပလအဖွဲ့ချုပ်၊ သခင်သန်းထွန်း၊ သခင်စိုး၊ သိန်းဖေ၊ ကျော်ငြိမ်း၊ ဦးနု၊ လက်ဝဲညီညွတ်ရေး၊ ဇူလိုင်(၁၉)၊ ဇန်နဝါရီ (၄)ရက်၊ ယူနီယံဂျက်အလံ၊ ပြည်တွင်းစစ် စတာတွေကို ဆီဆီဆိုင်ဆိုင်လိုက်တွေးမိပြန်သေး၏။ တကွက်ခြင်း တကွက်ခြင်း အကွက်အကွက် ဖော်ကြည့်နေရင်းမှ ထိုအကွက်တို့၏ အဆက်အစပ်ကိုလည်း ရေးရေးဆဝါးမိပြန်၏။ ဘုံရန်သူမပျောက်ခင်နှင့် မဖျောက်ခင်ကရှိခဲ့သည့် အမျိုးသားသွေးစည်းညီညွတ်ရေးသည် ဘုံရန်သူခြေရာဖျောက်သည်နှင့် ဝါးအစည်းပြေသလို ပြေခဲ့ပြီကော။ ပြည်တွင်းစစ်တစ္ဆေ ခြောက်ခဲ့ပြီကော။ စစ်နှင့်အတူ စစ်အာဏာရှင် စနစ်ဆိုးသည် အမောက်တထောင်ထောင်နှင့် လူလားမြောက်ခဲ့ပြီကော။ နှစ်၆ဝ ကျော် ကျောချမှန်းသိသိနှင့်ပင် ဓါးပြတို့သိမ်မွေ့အောင် ဖေးမနေချင်သေးသူတို့လည်း အလျှိုအလျှို လက်ဝင်လျှိုကြပါပကော။ ဤအတွေးဖြင့် စိတ်တို့လေးလံလာ၏။ အတွေးစ မဖြတ်ချင်ဖြတ်ချင်နှင့် ဆီဆိုင်လေးထဲဝင်ခဲ့၏။

အပြင်ဘက်မှာ အေးတိအေးစက် နှင်းတစိုစို ရေတစွက်စွက်၊ အနံ့အသက်လည်း သိတ်မကောင်းလှ။ အတွင်းဘက်ကျတော့ နွေးတာနှင့်ခြောက်သွေ့တာကလွဲပြီး ထူးမခြားနားဟုထင်၏။ ဆိုင်တဆိုင်လုံးမှာ ကောင်တာထိုင်မိန်းကလေး တယောက်ထဲ။ ငယ်ငယ်ချောချော ရယ်ရယ်မာမောနှင့်မို့ ကြည့်ကောင်း၏။ ဆီဘိုးချေဖို့ ယူအက်စ်ဘက်သုံးသည့်ကဒ် ခြစ်မယ်ဆိုတော့မှ ခြစ်မရ။ သူ့ ဆိုင်သုံးစက်က အမေရိကန်ကဒ် လက်မခံ။ ဒါနှင့် ပိုက်ဆံထုတ်ပေးတော့ ငွေနှစ်ခုခြားနားချက်အတိုင်း တွက်ယူ၏။ လူညိုတွေမှန်းသိလို့ ထင်၏ ယူအက်စ်ကမှန်းသိသိနှင့် “ဘယ်တိုင်းပြည်ကတုန်း”ဟု မေး၏။ “ဗမာပြည်က”လို့ ပြန်ပြောတာနားထောင်ရင်း မျက်လုံးလေးကလယ်ကလယ်နှင့်။ မိမိတိုင်းပြည် ဘယ်နားရှိမှန်း မိမိဘာလူမျိုးမှန်း သိပုံမရ။ သို့သော် ကိစ္စမရှိ။ ဆက်လည်း မမေး၊ ပြုံးပြုံးရွှင်ရွှင်ဖြင့် “အေးတယ်နော်” ဟုဆိုကာ နေ၏။ အပေါ့သွားချင်ကြောင်းပြောတော့ ဆိုင်အပြင်မှာ ဂျွန် John ရှိတယ်ဆိုတာ လက်ဖြင့်လမ်းညွှန်၏။

အမေရိကန်နှင့် အင်္ဂလိပ်စကားပြော တိုင်းပြည်အချို့တွင် John ဆိုသည်ကို အများသုံးအိမ်သာ Restroom အနေနှင့်သုံးကြောင်းသိထားသဖြင့် မပြုံးမိတော့။ အမေရိကန်တွေက တခါတခါတော့ အတော် ဂွကျသည်ထင်၏။ လူအမည်ကို ပေါက်တတ်ကရတို့ဖြင့်တွဲကာ ရယ်စရာတမင်လုပ်သလားပင် ထင်ချင်စရာ။ ဥပမာ Richard ဆိုသည့် လူနံမည်ဆိုပါတော့။ ရစ်ချာ့ဒ်ကို သူတို့က အတိုကောက်အနေဖြင့် Dick ဟု ခေါ်၏။ ယောင်္ကျားကျင်ချောင်းကိုလည်း ဘန်းစကားအနေဖြင့် Dick ဟုပဲပြော၏။ ဆိုတော့ Dick ဟုဆိုလျှင် အဓိပ္ပါယ်နှစ်မျိုးနှစ်ခွထွက်သည် မဟုတ်လား။ Richard အစစ်ကို Dick လို့ သွားများခေါ်မိလို့ကတော့ ငါးပါးမှောက်မယ်ဟု ထင်ချင်စရာ။ သို့သော် မမှောက်။ ခေါ်ရိုးခေါ်စဉ်။ အခေါ်ခံရလို့ စိတ်မဆိုး။ ခေါ်သူဘက်ကလည်း ရစ်ချာ့ဒ်ကို စော်ကားခြင်းမဟုတ်သလို နံနှိမ်ခြင်းလည်းမဟုတ်။ ကျနော်တို့ပြည်နယ်က ဆီနိတ်တာ (အထက်လွှတ်တော်အမတ်)ဟောင်း၏အမည်မှာ Richard Lugar. သူ့ကို လူတိုင်းလိုလိုက Dick Lugar ဟုပဲခေါ်၏။ ကိုယ်ကသာ ကိုယ့်စိတ်နှင့်ကိုယ် ဗမာလိုတွေးပြီး ခေါ်ရမှာအားနာလို့ မခေါ်။ ကျနော် ရစ်ချာ့ဒ်လူဂါနှင့် လူချင်း နှစ်ကြိမ်ဆုံဖူး စကားပြောဖူး၏။ သို့သော် သူ့ကို Dick ဟုတော့ မခေါ်ဖြစ်ခဲ့။ မစ္စာရစ်ချာ့ဒ် ဟုသာ။

ထိုနည်းတူပင် John သည်လည်း ဘန်းစကားထဲရောက်တော့ အိမ်သာဖြစ်ရရှာ၏။ ဂျွန်အစစ်ရှေ့တွင် အိမ်သာကို John ဟု ခေါ်ဖို့ ဘယ်သူမှ ဝန်မလေး၊ အားလည်းမနာ။ ဂျွန်ဆိုသည့် ရှေ့နံမည်သည် ခရစ်ယာန်ဘာသာဝင်တို့လူမှည့်များပြီး ဓမ္မသစ်ကျမ်းတွင် ရှင်ယောဟန်ဟုပင်တွင်သည့် ခရစ်ဝင်ကျမ်းလေးစောင်အနက် တကျမ်းကိုပြုစုရေးသားသည့် သူတော်စင်ကျမ်းပြုဆရာနှင့် ပထမဆုံးသာဝကကြီးများထဲက တပါးမဟုတ်လော။ ခုတော့ ထိုဂျွန်သည် အိမ်သာဖြစ်ရချေပြီဟုတွေးကာ ဘယ်သူမှ စိတ်မကောင်းမဖြစ်။ ထိုနှယ် ရီရအခက် ငိုရအခက် ပြုံးရအခက် မဲ့ရအခက် အင်္ဂလိပ်စကားပေါင်းများစွာလည်း ရှိသေး၏။ သေချာကျန ကျမ်းနှယ်တစောင်တဖွဲ့ ပြုစုသူလည်းရှိ၏။ ကျနော့် အမြင်တွင် ထိုသို့တစောင်တဖွဲ့မှတ်တမ်းပြုခြင်းကို ကောင်းသည်၊ လိုအပ်သည်ထင်၏။ ဘာသာစကားနှင့်စပ်၍လုပ်ရမည့်အလုပ်ထဲက တခုအဖြစ်လည်းမြင်၏။ ထောင်ထဲက စကား၊ လမ်းဘေးစကား၊ တောထဲက စကား၊ အရပ်ထဲက စကား၊ စစ်တန်းလျားက စကား၊ ပချုပ်ဆိုင်က စကား၊ သေတင်းကုပ်က စကား၊ ဘုန်းကြီးကျောင်းက စကား၊ တရားရိပ်သာက စကား၊ ဘုရှားရှိခိုးကျောင်းက စကား၊ လွှတ်တော်ထဲက စကား၊ တရားရုံးက စကား၊ ရှေ့နေ စကား၊ မဲဆွယ်ပွဲက စကား ဘယ်စကားဖြစ်ဖြစ် စကားမှန်သမျှ လူဖြစ်မှပြော၍ရ၏။ လူသည် စကားပြောသတ္တဝါဖြစ်၏။ စကားမရှိပဲ လူချင်းဆက်သွယ်ရေးနှင့် ဆက်ဆံရေးထူထောင်ဖို့မဖြစ်နိုင်။ ကုန်ကုန်ပြောရလျှင် စကားမပြောနိုင်သည့် ဆွံ့အနားမကြားသူတို့မှာပင် Sign Language ဆိုကာ လက်ဟန်အမူအယာပြစကား တီထွင်ရသေး၏။

လူတို့ ကျင်လည်ရာနယ်ပယ်အလိုက်၊ အလွှာအလိုက်၊ အတန်းအစားအလိုက် သီးခြားစကားတို့ရှိပြီး၊ ထိုစကားသုံးကာ ထိုနယ်ပယ်ကို ထိုးဖေါက်မှ ထိရောက်မှာလည်းသေချာ၏။ ဘာသာသာစကားတိုင်းသည် ရှင်သန်နေမှ တိုးပွားကြီးထွား စည်ပင်သည် မဟုတ်လော။ စကားတို့ရှင်သန်ဖို့ ဝေါဟာရသစ်တို့ ထပ်ဖြည့်ရ၏။ ဝေါဟာရဟောင်းတို့ ပေါရာဏဖြစ်ကာ ညောင်းသွားသည်လည်းရှိ၏။
ပြင်တန်ပြင် ဖုတ်တန်ဖြုတ် ပြုတ်တန်ပြုတ်တွေလည်းရှိ၏။ ဂျွန်နှင့်ဒစ်က် John and Dick အကြောင်းတွေးရင်း ကျနော်တို့ခေတ် နံမည်ကြီးစတီရီယိုအဆိုတော် ကိုမင်းမင်းလတ်ကိုလည်း ဖျတ်ကနဲသတိရလိုက်သေး၏။ သူပြုစုသည့် လမ်းပေါ်ကစကားများစာအုပ်လေးကို ခုနေပြန်ဖတ်ချင်မိ၏။ စာအုပ်အမည် အမှတ်မှားနိုင်သော်လည်း စာအုပ်လေးကိုမူ သတိရနေ၏။ သူလည်း မြန်မာစကား ဖြစ်ပေါ်တိုးတက်စည်ပင်ရှင်သန်ရေးကို နိုင်သမျှထည့်ဝင်သူဟုဆိုဖူးသဖြင့် မိမိအားနှာခေါင်းရှူံ့ဖူးသူတချို့ကိုလည်း အောက်မေ့ရပြန်၏။

ဆက်ပါဦးမယ်။

မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၇/၂ဝ၁၃

0 comments:

Post a Comment