Tuesday, February 12, 2013

ပြည်တွင်းငြိမ်းချမ်းရေးတကယ်ရချင်လျှင် ပြဿနာ(၂)ခုကိုရှင်းရမယ်။

0 comments
ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်လျှင် ပြဿနာ (၂)ခုကိုရှင်းရမယ်။
ဗကပရဲ့အမြင်
ရှင်းရမယ့်ပြဿနာ (၂)ခု။
ဒှမိုကရေစီပြဿနာနဲ့ ပြည်ထောင်စုစနစ်ပြဿနာကို ပါဝင်ပတ်သက်သူတွေအားလုံးသဘောတူသည်အထိ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်ပါတယ်။
ပြဿနာ(၂)ခုက အခြေခံခြင်းမတူဘူး။
ဒီမိုကရေစီပြဿနာက အာဏာရနဲ့အုပ်စိုးခံတွေရဲ့ပဋိပက္ခကိုအခြေခံတယ်။ လွယ်လွယ်ပြောရင် အစိုးရနဲ့အတိုက်အခံတို့ရဲ့ပဋိပက္ခဖြစ်တယ်။ ဒါ့ကြောင့် သူတို့က ဒီမိုကရေစီကိုအခြေခံပြီးပြောကြမယ်။ တိုက်စရာရှိ တိုက်ကြမယ်။ စေ့စပ်စရာရှိ စေ့စပ်ကြမယ်။
ပြည်ထောင်စုပြဿနာကျတော့ တမျိုးဖြစ်တယ်။ လူများစုအမျိုးသားဗမာများသာမက လူနည်းစုအမျိုးသားအများအပြား ပါဝင်ပတ်သက်နေတဲ့လူမျိုးရေးပြဿနာဖြစ်တယ်။ ဒီမိုကရေစီရေးနဲ့ချည်းဖြေရှင်းလို့မရနိုင်ဘူး။ တန်းတူရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို အဓိကထားရမယ်။ လူမျိုးရေးအခြေခံပြီး တိုက်ကြ စေ့စပ်နေကြတာဖြစ်တယ်။

သမိုင်းဖြစ်ပေါ်ပုံခြင်ဒမတူတာကိုသတိပြု။
ဒီမိုကရေစီပြဿနာက လွတ်လပ်ရေးရပြီးမှပေါ်တဲ့ပြဿနာဖြစ်တယ်။ သက်တမ်း(၆၅)နှစ်ပဲရှိသေးတယ်။ ဒါ့ကြောင့် မရှုပ်ထွေးဘူး။ စာနဲ့ပေနဲ့ အထောက်အထားတွေကလည်းခိုင်မာတယ်။
လူမျိုးရေးပြဿနာကျတော့ သမိုင်းရှည်တယ်။ ပဒေသရာဇ်ခေတ်ကစပြီး ပြောရမယ်။ သူ့အမြကင် ကိုယ့်အမြင်မတူနိုင်ဘူး။ ခိုင်မာတဲ့အထောက်အထားကလည်း မရှိသလောက်ပဲ။ ရှိတာကလည်း ဆန္ဒစွဲနဲ့ တဘက်စောင်းနင်းဖြစ်တတ်တယ်။ တုတ်ထမ်းဓါးထမ်းငြင်းခဲ့ရာကနေ သေနတ်နဲ့စကားပြောနေရတာဖြစ်တယ်။
တန်းတူရေးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ။ ဗမာကတပြည်၊ ကရင်ကတပြည်တန်းတူရေးလား(KNDO ရဲ့ ဗမာတကျပ် ကရင်တကျပ်) SSIA-KIA တို့ရဲ့ ခွဲထွက်ပြီးသီးခြားတိုင်းပြည်ထူထောင်ချငင်တာလည်း တန်းတူရေးပဲဖြစ်တယ်။
ဗမာ “တပြည်ထောင်စုစနစ်”သမားတွေက အဲ့ဒီတောင်းဆိုချက်ကိုလက်ညှိုးထိုးပြပြီး နိုင်ငံတော်ဏာကိုသိမ်းပိုက်ကြတာဖြစ်တယ်။ သူတို့က တန်းတူရေးကိုငြင်းပယ်တယ်။ ဗိုလ်နေဝင်းအာဏာသိမ်းတုန်းက အဲ့ဒီ “ခွဲထွက်ရေး”အကြောင်းပြပြီးအာစာသိမ်းတာပဲ။ အခုစစ်အုပ်စုကြွေးကြော်နေတဲ့ “ဒို့တာဝန်အရေး (၃)ပါး”ထဲက ပြည်ထောင်စုမပြိုကွဲရေး၊ “တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး”ဆိုတာ တပြည်ထောင်စနစ်အတွေးအခေါ်ကဆင်းသက်လာတာဖြစ်တယ်။

“တန်းတူရေး”ကို ဘယ်လို “အဓိပ္ပါယ်ဖွင့်မလဲ”ဆိုတာကို အဓိကညှိနှိုင်းရပါမယ်။ ဖြေရှင်းရပါမယ်။ အလွန်လက်ဝင်မယ့်ကိစ္စပါ။ အစည်းအဝေးတခုတည်း တထိုင်တည်းဖြေရှင်းလို့ မဖြစ်နိုင်ပါဘူး။ “ဒုတိယပင်လုံ”ဆိုပြီး အားလုံးစုကာ တထိုင်တည်းရှင်းကြရင် ပြဿနာသစ်တွေပဲတိုးလာမှာပါ။ တုတ်ထမ်း ဓါးထမ်း သေနတ်ထမ်းပြီးငြင်းကြရမယ့်အဖြစ် ကျဆင်းသွားမှာပဲ။ အဲဒီလိုဖြစ်ရင် တိုင်းပြည်ဂျောက်(ချောက်)ထဲမကျအောင် စစ်တပ်က ဝင် “ကယ်”တယ် လုပ်ဦးမှာပါ။
တနပ်စားဖြေရှင်းရင် ရလာဒ်မကောင်းဘူး။
နဝတ/နအဖက “ဗကပခွဲထွက်တွေ”နဲ့ တနပ်စားဖြေရှင်းခဲ့တယ်။ ဗကပနဲ့ အပြတ်လမ်းခွဲရင်ပြီးရောဆိုပြီးလုပ်ခဲ့တယ်။ အပစ်အခတ်ရပ်စဲထားမယ်။ ပိုနေမြဲကျားနေမြဲနေကြ၊ ကိုယ့်နယ်ကိုယ့်တပ်နဲ့နေ၊ စီးပွားရေးကြိုကိသလိုလုပ်ဆိုပြီးလုပ်တော့ ခေါင်းဆောင်တွေ ကုဋေကြွယ်သူဋ္ဌေးဖြစ်ကြတယ်။
တနပ်စားပေါ်လစီရဲံဒုက္ခ။
စစ်ရပ်စဲရေးအရင်လုပ် နောက်မှနိုင်ငံရေးပြဿနာဆွေးနွေးဆိုတဲ့တနပ်စားပေါ်လစီက အခု ဒုက္ခပေါ်နေတာပါ။ နယ်ခြားစောင့်တပ် BGF စီမံကိန်းကို နအဖကလုပ်လာတာ ၂ဝဝ၈ အခြေခံဥပဒေရဲ့ပုဒ်မ(၃၃၈)နဲ့ (၃၉၉)ကို အကောင်အထည်ဖော်တာပဲ။ ဒါပေမယ့် အားလုံးလောက်က လက်မခံကြဘူး။ အတိုက်အခိုက်ပြန်ဖြစ်မယ့်အခြေဆိုက်လို့ ဗိုလ်သန်းရွှေနောက်ဆုတ်တာပါ။
အဲ့ဒီလိုနဲ့ နိုင်ငံရေးကိစ္စဆွေးနွေးဖို့တာဝန်က (ဗိုလ်)ဦးသိန်းစိန်ခေါင်းပေါ် ရောက်လာတယ်။ ကာ/လုံ (နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီ) ရဲ့တာဝန်ဖြစ်လာတယ်။
ဒါ့ကြောင့်ပဲ သမ္မတအဖွဲ့သားတွေက “သံလွင်ခက်”ကိုကိုင်ပြီး လူမျိုးစုလက်နက်ကိုင်တွေကို ချဉ်းကပ်တယ်။ ကရင်သင်တိုင်းဝတ်သင့်ရင် ဝတ်တယ်။ ကာ/ချုပ်ကိုယ်တိုင် ကေအန်ယူခေါင်းဆောင်ကို ဖက်လှဲတကင်းလုပ်တယ်။ ကရင်အဖွဲ့တွေကလည်း ပဲ့ထွက်ပြီးရင်း ပဲ့ထွက်နေတယ်။ နိုင်ငံရေးပြဿနာဖြေရှင်းတာထက် စီးပွားရေးအကွက်အကွင်းဝေမျှတာပဲလုပ်တယ်။
တချိန်တည်းမှာ KIA ကို ဘက်စုံထိုးစစ်ဆင်တယ်။ သမ္မတရဲ့အမိန့်ကိုအာခံပြီး ကာ/ချုပ်ကလုပ်တာမဟုတ်ပါဘူး။ တာဝန်ခွဲပြီး လူမျိုးစုလက်နက်ကိုင်တွေကိုနှိမ်နင်းနေတာပါ။
ဒီလုပ်နည်းကလည်း အသစ်အဆန်းမဟုတ်ဘူး။ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့လုပ်ခဲ့တဲ့နည်းပဲ။ “ဦးတည်ရန်သူကို စုစည်းပြီးထိုးနှက်- တခြား သာမန်ရန်သူကိုဆွဲထား”ဆိုတဲ့ လုပ်နည်းပါ။
သံလွင်ခက်ကိုင်ထားသူတွေက ကာ/လုံ “၁၁ ဦးကောင်စီ”မှာ မပါတာကိုသတိပြုပါ။ တခါတရံမှာ ကာ/လုံကောင်စီဝင်တချို့က ကာ/ချုပ်ရဲ့ခွင့်ပြုချက်နဲ့ပါလာလေ့ရှိပေမယ့် သူတို့နဲ့ဆိုင်တာကိုပဲပြောလေ့ရှိပါတယ်။ သံလွင်ခက်ကိုင်သမ္မတအဖွဲ့ကဝန်ကြီးကပဲ စကားတွေအများကြီးပြောလေ့ရှိတယ်။ “တပည့်တော်တို့က တရုတ်ကိုလည်းကြောက်ရပါတယ်ဘုရာ့”ဆိုတာမျိုးလည်းပြောတတ်တယ်။ “ဦးပိုင်”ကို ပိုကြောက်ရတဆယ်လို့တော့ မပြောပါဘူး။
“မြစ်ဆုံကိစ္စ”မှာ ဦးပိုင်ရဲ့အကျိုးစီးပွား မပါပါဘူး။ ဒါပေမယ့် လက်ပန်းတောင်းကိစ္စကျတောယ့ အဓိကအခန်းကပါတယ်။ ဒါ့ကြောင့် အကြမ်းပတမ်းဖြေရှင်းတယ်။

Ø  စစ်အေးခေတ်ကနဲ့စစ်အေးလွန်ခေတ်။
တရုတ်ရဲ့ဗမာပြည်ပေါ်လစီ မတူဘူး။ တရုတ်က စစ်အေးလွန်ခေတ်မှာ သူ့နယ်စပ်မှာ ငြိမ်းချမ်းတည်ငြိမ်စေချင်တာ ဖြတ်ဖြတ်လူးပါ။
KIA နဲ့တိုက်နေတာကို ပြီးပြတ်စေချင်တယ်။ တဖက်ကလည်း ဗြောင်ဝင်ပြီးစွက်ဖက်လို့မဖြစ်ဘူး။ ကုလသမဂ္ဂတွင်း/ချုပ်တို့၊ အမေရိကန် နိုင်ငံခြားရေးဌာနတို့ဝင်ပြောတာကို ကျေနပ်နေတာဘဲ။ ဓာတ်ငွေ့ပိုက်လိုင်းက လည်ပတ်တော့မှာ။ ငြိမ်းချမ်းတည်ငြိမ်တဲ့ပတ်ဝန်းကျင် သူ့နယ်စပ်မှာဖစ်စေချင်တယ်။
တရုတ် - ဗမာနယ်စပ်ကလူမျိုးစုတွေက “လူမျိုးကတမျိုး၊ တိုင်းပြည်က(၂)ပြည်” ဖြစ်နေတာပဲ။ ဟိုဘက်ကမီးပွား ဒီဘက်ပြန့်လာမှာကို စိုးရိမ်မပေါ့။

ဗကပရဲ့ တခါက ရဲဘော်မိတ်ဆွေတွေ လှုပ်ရှားလာတယ်။
သူတို့က လူ “အ” တွေ မဟုတ်ဘူး။ KIA ကို နမူနာပြလုပ်နေတာကို ရိပ်မိတယ်။ အပစ်အခတ်ရပ်စဲထားပြီး နိုင်ငံရေးစကားမပြောဘဲနေတဲ့ ပေါ်လစီ။ ၂၀၀၈ အခြေခံဥပဒေအောက်ဆွဲသွင်းနေတဲ့ ပေါ်လစီ။ လွှတ်တော်ထဲကျမှနိုင်ငံရေးစကားပြောကြဆိုတဲ့လုပ်နည်းက ဘာသဘော လည်းဆိုတာကိုသိကြတယ်။ ဒါကြောင့် လှုပ်ရှားလာတာဘဲ။

စစ်မှန်တဲ့ တန်းတူသွေးစည်းတဲ့ ပြည်ထောင်စုဖြစ်ဖို့။
တပြည်ထောင်အနှစ်သာရကို ပြည်ထောင်စုဆိုင်းဘုတ်ချိတ်ပြီး လှည့်စားထားတာကို ဖွင့်ချရလိမ့်မယ်။ ၁၉၄၇ လိုတောင် မလိမ့်တပတ် လုပ်မထားတဲ့ အခြေခံဥပဒေ (၂)ခု (၁၉၇၄ နဲ့  ၂၀၀၈) ကို အားလုံးက ထိုးထွင်းပြီးမြင်အောင် အတိုက်အခံတွေကရှင်းပြရမယ့်တာဝန် ရှိတယ်။ နှာစေးနေလို့မဖြစ်ဘူး။ ရခိုင်၊ မွန်၊ ရှမ်း ပဒေသရာဇ် မင်းပြိုင်ခေတ်သမိုင်း နှစ် (၂ဝဝ) နှစ် (၁ဝဝ)သမိုင်းကို သူတို့ဘယ်တော့မှ မေ့ကြမှာ မဟုတ်ဘူးဆိုတာလည်း သတိပြုရမယ်။

မိမိတို့ ပြောသင့်တာက -
Ø  ဆန္ဒအလျောက်စုစည်းတဲ့ပြည်ထောင်စုဖြစ်ရေး၊
Ø  စစ်မှန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေး၊
Ø  တရားမျှတတဲ့ အာဏာခွဲဝေမှုရှိရေး
Ø  ပွင့်လင်းမြင်သာတဲ့ သဘာဝသယံဇာတတူးဖော်ရေး၊ ဒေသန္တရလူမျိုးစုအမျိုးသားပြည်သူများကို သူတို့ဒေသတွင်းရှိ မြေပေါ်မြေအောက်သယံဇာတအကျိုးစီးပွားကို မျှဝေခံစားစေရေး၊ လုံခြုံရေးအတွက်လက်နက်ကိုင်တပ်ဖွဲ့ သင့်တင့်တဲ့အင်အားနဲ့ ထားရှိရေးတို့လိုကိစ္စတွေမှာ(၂) ဖက် သဘောတူသည်အထိ စေ့စပ်ညှိနှိုင်းရလိမ့်မယ်။
လူမျိုးရေးပြဿနာဟာ သိပ်အကဲဆတ်တယ်။
ဗမာလူမျိုးအခြေခံတဲ့နိုင်ငံရေးပါတီတွေက ပိုပြီးသတိရှိရမယ်။ ပြည်တွင်းစစ်စတုန်းက ဒီမိုကရေစီရေးဘဲ။ ဗမာချင်း ရန်ပွဲဘဲ။ နောက်တော့ လူမျိုးရေးပါလာတာကို သတိပြုရလိမ့်မယ်။ လက်နက်ကိုင်တိုက်နေတဲ့ လူနည်းစု၊ လူမျိုးစုတွေက အစိုးရကိုဗမာဖြူ၊ အတိုက်အခံကိုဗမာညို၊ ကွန်မြူနစ်ကိုဗမာနီ အားလုံးအတူတူဘဲလို့ယူဆနေကြတာ ကြာလှပြီ။ လူမျိုးရေးပြဿနာကိုအသုံးချတတ်တဲ့နယ်ချဲ့ကိုလည်း သတိထားရမယ်။
“၁၉၄၇ အခြေခံဥပဒေ”ရဲ့ ပုဒ်မတခုအရ (၁ဝ) နှစ်စေ့ရင် ရှမ်းပြည်ကခွဲထွက်ခွင့်ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ခေါင်းဆောင်မှုနဲ့ရေးဆွဲထားတဲ့
“အခြေခံဥပဒေ” ဘဲ။
“၁ဝ” နှစ်စေ့ခါနီးတော့ ရှမ်းပြည်ခွဲထွက်မလား။ အခြေခံဥပဒေပြင်မလားဆိုတာကို စပြီးစဉ်းစားကြတယ်။ စဉ်းစားသူတွေက ကျွန်တော်တို့ ရဲဘော်တွေဘဲ၊ မိတ်ဆွေတွေဘဲ။ မိမိတို့လည်း ပါဝင်စဉ်းစားခဲ့တယ်။ ပထမတော့ တိုးတိုးတိတ်တိတ်၊ နောက်တော့ပွင့်ပွင့်လင်းလင်း ပြောကြရေးကြတော့တယ်။ စော်ဘွားတွေက နောက်မှ ပါလာတာဘဲ။ ဦးနုက စေ့စပ်ပေးချင်တယ်။ ဒါပေမယ့် စေ့စပ်ခွင့်မရဘူး။ တပြည်ထောင်စနစ်ဝါဒီတွေရဲ့အားပေးမှုနဲ့“၁၉၆၂“ဗိုလ်နေဝင်း အာဏာသိမ်းပွဲဖြစ်တာဘဲ။
စစ်အုပ်စုရေးဆွဲတဲ့ ၁၉၇၄ နဲ့ ၂၀၀၈ အခြေခံဥပဒေတွေက “ပြည်ထောင်စု”နာမည်ဘဲချန်ထားပြီး တပြည်ထောင်စနစ်ကို အတိအလင်း ပြဌာန်းတာဖစ်တယ်။
စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ဖို့ကို ဗမာလူမျိုးအခြေခံတဲ့ပါတီတွေက အတိအလင်းပြောကြဖို့လိုတယ်။ နှာစေးနေလို့မဖြစ်ဘူး။ နှာစေးနေရင် ဗမာတွေကဖူဖြူ ညိုညို အားလုံးအတူတူဘဲလို့ သတ်မှတ်ကြတော့မှာဘဲ။
(“ဗမာနီ” ကတော့ ဒီနေ့ နိုင်ငံရေးဇာတ်ခုံမှာ ပေါ်ပေါ်လွင်လွင်မနေ၊
မြေလျှိုးနေလို့ ဖြုတ်ထားတယ်)
ဗမာချင်းပြန်လည်ရင်ကြားစေ့ရုံနဲ့ ပြည်ထောင်စုပြဿနာပါ ရှင်းမသွားနိုင်ပါဘူး။
အားလုံး စဉ်းစားစေချင်ပါတယ်။
“ဗကပ (ဗဟို) မှ ဖြန့်တဲ့စာ”
ဗကပ (ဗဟို)၂၂ - ၁ - ၂၀၁၃

0 comments:

Post a Comment