Tuesday, February 19, 2013

တပ်မတော်သားနှစ်ဆယ့်ငါးကို ဒေါ်စုနားလည်သွားပြီလား

0 comments
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ထွက်လာခဲ့သည့် အစိုးရသစ်တွင် ရွေးကောက်ပွဲဝင်ရောက်ခြင်းမပြုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏
အန်အယ်လ်ဒီပါတီသည်ပင် ရွေးကောက်ပွဲဝင်၍လွှတ်တော်အခင်းအကျင်းအတွင်း ၀င်ရောက်လာခဲ့သည်။ ထိုစဉ်မှစ၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအဆိုများဖြင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့အား လွှတ်တော်အတွင်းမှလုပ်ဆောင်၍ရကြောင်းကို တရားဝင်အဆိုများဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ သက်သေပြခဲ့ပြီးဖြစ်သည်။
တပ်မတော်အနေဖြင့်မူ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းပါဝင်နေခြင်းသည် စစ်တပ်၏အာဏာအတွက် မဟုတ်။ အမျိုးသားရေးကိုကာကွယ်စောင့်ရှောက်သည့်တပ်မတော်အနေဖြင့် အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အစိုးရအဖွဲ့နှင့်
ဥပဒေများအပေါ်တွင်သစ္စာစောင့်သိကာ နိုင်ငံ့တာဝန်တစ်ရပ်ကိုထမ်းဆောင်ခြင်းဟုပဲ မှတ်ယူထားပါသည်။

အခြေခံဥပဒေစတင်ရေးဆွဲချိန်မှ အတည်ပြုပြီးသည်အထိ တပ်မတော်သားကိုယ်စားလှယ်များအပေါ်တွင် ပြင်းပြင်းထန်ထန်ဝဖန်မှုများရှိခဲ့သည်။ သို့သော် အကျဉ်းသားများကိစ္စအပါအ၀င် အခြားပြည်သူ့အကျိုးပြုအဆိုများတွင် ပါဝင်ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းတို့ကြောင့် တပ်မတော်သားများအပေါ် ထိုးနှက်တိုက်ခိုက်မှုများ တစ်ဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ ယခုတွင်မူ တပ်မတော်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့အကြား နားလည်မှုတစ်ရပ်တည်ဆောက်နေပြီဟု ယူဆရသည့်အနေအထားများ ဖြစ်ပေါ်လာခဲ့သည်။

ထင်ရှားသောဥပမာအဖြစ် လက်ပံတောင်းအရေးကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်မှ စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ထိုအချိန်တွင် အခြား ၈၈ ကျောင်းသားများ၊ ဗကသများ၊ အတိုက်အခံများမှ ဆိုးကျိုးကိုသာဖြစ်ပေါ်စေသည့် လှုံ့ဆော်မှုများပင်းပြင်းထန်ထန် ပြုလုပ်နေချိန်ဖြစ်သည်။ ဦးတည်ချက်မှာ လက်ပံတောင်းဟု ခေါင်းစဉ်တပ်သော်လည်း အစိုးရ၊ တရုတ်နိုင်ငံနှင့် တပ်မတော်မှရှယ်ယာအများဆုံးပါသည့်ဦးပိုင်စီးပွားရေးအားတိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှ စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူလိုက်သည့်အတွက် ဆူပူအုံကြွမှုများဖြစ်လာနိုင်မည့်အရေးများ မှေးမှိန်ခဲ့သည်။ အတိုက်အခံတို့၏လုပ်ဆောင်ချက်များ ထိရောက်မှုမရှိဖြစ်ခဲ့ရသည်။ ရလာဒ်ကား တည်ငြိမ်အေးချမ်းသည့်အခြေအနေတစ်ရပ်ကို အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။

ဒုတိယအချက်သည်ကား ကချင်အရေးကိစ္စဖြစ်သည်။ ကချင်အရေးနှင့်ပတ်သက်သည်ကား လွယ်ကူသောပြဿနာတစ်ခုမဟုတ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိအစိုးရ၊ တပ်မတော်တို့အကြား မုန်းတီးမှုပိုမိုတိုးပွားစေနိုင်သည်သာမက ပြည်ထောင်စုပြိုကွဲနိုင်သည့်
အခြေအနေများကြောင့် နှစ်ဖက်လုံးနှင့်အတိုက်အခံလုပ်ကာ ကြားနေပေးခဲ့သည်။ သူမအနေဖြင့် အာဏာရချင်သည်မှာအမှန်ဖြစ်သော်လည်း ပြည်ထောင်စုပြိုကွဲမည်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုပြိုကွဲမည်ကိုတော့ လက်မခံသည်မှာ ချီးကျူးစရာပင်ဖြစ်သည်။

နောက်ဆုံး သူမ၏ နိုင်ငံခြားခရီးစဉ်တွင် တပ်မတော်သည် သူမ၏ဖခင်တည်ဆောက်ခဲ့သည့် တပ်မတော်ဖြစ်သည့်အတွက် တပ်မတော်အပေါ်သံယောဇဉ်ရှိကြောင်း၊ သူမကို တပ်မတော်သားများမှ ထောက်ခံလိမ့်မည်ဟုယုံကြည်ကြောင်းတို့ကို ပြောဆိုခဲ့သည်။  တပ်မတော်သားကိုယ်စားလှယ်များ၏ထောက်ခံမှုအတွက် သူမ၏ ပြောဆိုမှုကြောင့် အတိုက်အခံလုပ်နေသည့် ၈၈ အပါအ၀င် အခြားအဖွဲ့အစည်းများအတွက် အံ့သြသင့်ဖွယ်ဖြစ်ခဲ့ရသည်။ တန်ဖိုးရှိဖွယ်ရလာဒ်အနေဖြင့် သူမနှင့်တပ်မတော်သားကိုယ်စားလှယ်တို့အကြား ယုံကြည်လေးစားမှု အပြန်အလှန်ရရှိလာပြီဖြစ်သည်။

ယခု နောက်ဆုံးသတင်းများအရ ကာကွယ်ရေးဦးစီးချုပ်နှင့်သူမတို့ တွေ့ဆုံရန်စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။ ယခုအနေအထားများမှ ၂၀၁၅ တွင် ပါတီကြီး ၂ ခု ပေါင်းစည်းနိုင်သည်အထိပြောင်းလဲနိုင်ကြောင်းသုံးသပ်မှုများလည်း ရှိနေသည်။ သေချာသည်ကား မြန်မာနိုင်ငံ၏ လွှတ်တော်အမတ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် 
တပ်မတော်သားများကို နားလည်သွားပြီ ဟုသာ…
Tuesday, February 19, 2013  Myanmar Express Group
http://www.myanmarexpress.net/2013/02/blog-post_899.html  
From : http://www.oppositeyes.info/2013/02/blog-post_5150.html

0 comments:

Post a Comment