Thursday, February 28, 2013

ခေတ်မောင်းအတွဲ (၂)၊ အမှတ် (၂) အယ်ဒီတာ့အာဘော်

0 comments
မြေယာအသိမ်းခံရတဲ့အဖြစ်တွေကြားရတိုင်း wild west ဆိုတဲ့စကားလုံးကို သတိရတယ်။ နိုင်ငံခြားအစိုးရတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေ အာဖရိကရဲ့စိုက်ပျိုးမြေတွေကို မဟားဒယားရယူနေတဲ့အဖြစ်ကို ကုလစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့အကြီးအကဲက ဒီစကားလုံးသုံးပြီး ပုံဖော်ဖူးတယ်။ အမေရိကန်လူဖြူအခြေချတို့ အမေရိကတိုက် အနောက်ဘက်တောင်တန်းနယ်ခြားဒေသတွေအထိတိုးပြီး ဒေသခံတွေဆီကမြေကို နည်းအမျိုးမျိုးနဲ့ရယူခဲ့တဲ့အဖြစ်နဲ့ ကာလအပိုင်းအခြားကိုရည်ညွှန်းတဲ့ စကားလုံးပဲ။

ဖွံ့ဖြိုးမှုတွေ လုံခြုံရေးတွေ သဘောတူစာချူပ်စာတမ်းတွေဆိုတဲ့အကြောင်းပြချက်တို့နဲ့ အားကြီးသူက အားနည်းသူကို၊ ချမ်းသာသူက ဆင်းရဲသူကိုအနိုင်ကျင့်ခြင်းဟာ ဥပဒေနဲ့အညီတရားဝင်ဖြစ်စေခဲ့တဲ့ အပါးဝမှုရဲ့ အကောင်းဆုံးသာဓက။ ခေတ်သစ်မြေသိမ်းသူတွေလည်း ဒီအပါးဝမှုကို တိုက်ရိုက်အမွေခံကြတာပဲ၊ စာချူပ်စာတမ်းတွေနဲ့ပဲ၊ ဥပဒေနဲ့အညီပဲ၊ တရားဝင်ဖြစ်စေတာပဲ။ ဌာနေတွေ မူလဘူတပိုင်ရှင်တွေရဲ့အခန်းကဏ္ဍဟာ မြေလက်လွှဲပွဲကြီးတွေမှာ အရေးမပါ၊ ဇာတ်ရံမျှသာ၊ ဓနရှင်တို့နဲ့အကျင့်ပျက်ခြစားသောအာဏာပိုင်တို့ရဲ့စားပွဲအောက်ကသဘောတူမှုဟာ စားပွဲအထက်မှာ ဥပဒေနဲ့အညီ တရားဝင်ဖြစ်စေတာပဲ။

အဓိကတိုက်ဖျက်ရမှာ ဥပဒေနဲ့အညီတရားဝင်စေခြင်းဟာ မမျှတမှုကို လျစ်လျူရှုမျက်ကွယ်ပြုဖို့ရန် လုံလောက်တဲ့အကြောင်းပြချက်မျိုးအဖြစ်ဖန်တီးထားတဲ့ အာရုံအမှားကိုပဲလို့ ခေတ်မောင်းကယူဆတယ်။

ဒီအာရုံအမှားဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ။ လက်ပံတောင်းတောင်အရေးမှာ ဒေါ်စုသုံးစွဲခဲ့တဲ့ နိုင်ငံတော်သိက္ခာဆိုတဲ့ စကားလုံးရှိတယ်။ နိုင်ငံကိုကိုယ်စားပြုပြီး အစိုးရတစ်ရပ်ရပ်က တိုင်းတပါးနဲ့အာမခံချူပ်ဆိုထားတဲ့ သဘောတူမှုတွေအပေါ် အလွယ်ပလပ်လို့မရစကောင်း၊ လေးစားလိုက်နာနိုင်မှုဟာ နိုင်ငံတော်သိက္ခာအဖြစ် သူရည်ညွှန်းတာဖြစ်တယ်။

နိုင်ငံတော်ဆိုတဲ့ဝေါဟာရအပေါ် နိုင်ငံသားတိုင်း သဘောတူပဋိညာဉ်ခံရာ ဘုံအဖွဲ့အစည်းကြီးအဖြစ် ခေတ်မောင်းကအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့ပြီးဖြစ်တယ်။ နိုင်ငံတော်ဆိုတဲ့အသံကြားတိုင်း တိုင်းပြည်ရဲ့အစိုးရ အကြီးအကဲကိုဖြစ်စေ၊ ဘယ်ယူနီဖောင်းဝတ်၊ ဘယ်အုပ်ချူပ်ရေးအာဏာပိုင်ကိုမှ ပြေးမြင်ဖို့ရာမဟုတ်ဘူး။ နိုင်ငံတော်ဆိုတဲ့စိတ္တဇသဘောကို အာဏာပိုင် အာဏာကိုင်လူတစ်စုနဲ့ အဲဒီ့လူတစ်စုရဲ့အကျိုးစီးပွားတို့နဲ့ ထင်ရှားပုံဖော်စေရမှာ မဟုတ်ဘူး။ နိုင်ငံသားတိုင်းနဲ့ နိုင်ငံသားတိုင်းရဲ့အကျိုးစီးပွားတို့နဲ့သာ ထင်ရှားပုံဖော်ရမှာဖြစ်တယ်။

ဒီတော့ နိုင်ငံ့သိက္ခာဆိုတာပါဝင်ပတ်သက်နေတဲ့ နိုင်ငံသားတိုင်းရဲ့လူ့ဂုဏ်သိက္ခာပဲ။ လူ့ဂုဏ်သိက္ခာဆိုတာ လူ့ဘ၀အခြေချနေထိုင်ရာအရပ်မှာ အသက်မွေးဝမ်းကျောင်းခွင့် ပညာရှာခွင့် တိုးတက်ကြီးပွားအောင် ကြံဆစီမံနိုင်ခွင့် လုံခြုံအာမခံချက်ရှိနေမှုအတိုင်းအတာလို့ နားလည်ထားသင့်တယ်။ ဒီလို လူ့အသိုင်းအ၀န်းအလိုက် တစ်ဦးပေါ်တစ်ဦးအာမခံထားတဲ့ လုံခြုံအာမခံချက်ရှိနေမှသာလည်း လူတစ်ဦးချင်းစီဟာ ကိုယ့်လူ့အဖြစ်ရဲ့ကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်မယ် မဟုတ်လား။ တရားဝင်ဖြစ်နေတဲ့ စာချူပ်စာတမ်းတို့ကို စားရမဲ့ သောက်ရမဲ့ မြေမဲ့ယာမဲ့ လူ့ဂုဏ်သိက္ခာ ကင်းမဲ့နေရတဲ့ဘ၀မျိုးတွေနဲ့ လေးစားလိုက်နာရမှာလား။

ဒီတော့ စိတ္တဇနိုင်ငံတော်ဂုဏ်သိက္ခာရှိမှုဆိုတာ နိုင်ငံသားတို့ရဲ့ဘ၀လုံခြုံအခွင့်ရနေမှုကအပ အခြားအရာ မဟုတ်ဘူး။ လူတစ်စုရဲ့ အပေးအယူစာချူပ်စာတမ်းတို့အရ ဖောက်ပြန်မှုကို တရားဝင်ဖြစ်စေသယောင် အာရုံအမှားကို မမျှတမှုအပေါ် လျစ်လျူမရှု မျက်ကွယ်မပြုတတ်ခြင်းအားဖြင့်သာတိုက်ဖျက်ကြပါစို့လို့ ခေတ်မောင်းက တိုက်တွန်းလိုက်တယ်။
ကို လင်းအေးထင်ဆီကနေတွေ့ပြီးယူပါတယ်။

0 comments:

Post a Comment