Thursday, February 7, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၄ဝ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၄ဝ (မျိုးမြင့်ချို) ဖေဖော်ဝါရီ ၇ ရက် ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။
သောတရှင်များခင်ဗျား...နဝတနဲ့ကေအိုင်အိုတို့ရဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အချက်အလက်တွေကို ဆက်လက်တင်ပြပေးပါ့မယ်။ စာချုပ်ရဲ့ အပိုဒ်ကြီး(၃) မှာ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များသည် ၁၉၉၃ ခုနှစ်စက်တင်ဘာ ၂၇ ရက်နေ့ တွင်ပြုလုပ်သောပဉ္စမအကြိမ်ဆွေးနွေးပွဲ(၁၉၉၃)ခု အောက်တိုဘာ ၂၁ ရက်နေ့မှ စ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ပေါ်ထွန်းရေးအတွက် ဥပဒေဘောင်အတွင်းကပါဝင်ဆောင်ရွက်နိုင်ရန် နှစ်ဦးနှစ်ဘက်အပစ်အခတ်ရပ်ဆိုင်းရေးတို့ကို နှုတ်အားဖြင့်သဘောတူညီခဲ့သည်ကို ဤနားလည်သဘောတူညီချက်ဖြင့် ထပ်မံ၍အတည်ပြုသည်လို့ ဖော်ပြထားပါတယ်။

သဘောကတော့ ဒီစာချုပ်ပါအချက်အလက်တွေဟာ အရင်တွေ့ခဲ့တဲ့အကြိမ်တွေက နှုတ်နဲ့သဘောတူခဲ့တာတွေသာဖြစ်တယ်လို့ အတိအလင်းဖော်ပြလိုက်တာပါပဲ။ စာချုပ်အလိုအရ ကေအိုင်အိုဟာ စစ်အစိုးရဦးဆောင်ရေးဆွဲမယ့် ဖွဲ့စည်းပုံဥပဒေပေါ်ပေါက်ရေးမှာဝင်ပါမယ်လို့ သဘောတူခဲ့တာတွေ့ရပါတယ်။ ပါတဲ့နေရာမှာလည်း ဥပဒေဘောင်အတွင်းကလို့ အတိအလင်းဖွင့်ဆိုထားတာတွေ့ရပါတယ်။

သောတရှင်များခင်ဗျား...ဥပဒေဘောင်အတွင်းကလို့ စာချုပ်မှာဆိုထားလေတော့ ဥပဒေနဲ့ဥပဒေစိုးမိုးရေးကိစ္စဆိုတာကို နည်းနည်းဆွေးနွေးပါရစေ။ နိုင်ငံရေးအရကြည့်မယ်ဆိုရင် အနိုင်ရသူ ဒါမှမဟုတ် အာဏာရှိသူကသာ တိုင်းပြည်ကို ဘယ်ပုံစီမံခန့်ခွဲအုပ်ချုပ်မယ်ဆိုတာ ပြဋ္ဌာန်းရတာဖြစ်ပါတယ်။ သဘောကတော့ နိုင်သူဥပဒေပြုပြီး ရှူံးသူမှာဥပဒေပြုခွင့်မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ တခါ ပြုပြီးသားဥပဒေကို ဘယ်ပုံတည်အောင်လုပ်မလဲဆိုတော့မှသာ တရားဥပဒေစိုးမိုးရေးက လာရတာဖြစ်ပါတယ်။ ဥပဒေမရှိပဲ ဥပဒေစိုးမိုးရေးလုပ်မရဆိုတဲ့သဘောပါပဲ။ အာဏာလက်ရှိအစိုးရတွေဟာ အာဏာလက်မဲ့ပြိုင်ဘက်တွေကို သူတို့နဲ့ပူးပေါင်းလာရေးအတွက် ခုလိုနည်းနဲ့သိမ်းသွင်းယူကြတာတွေ ရှိပါတယ်။ ဒီလို သဏ္ဍန်နဲ့ပူးပေါင်းခဲ့ကြတဲ့ နိုင်ငံတကာ့ဖြစ်စဉ်တွေမှာလည်း ပါဝင်တဲ့ဘက်တွေက ရိုးသားမှုအခြေခံနဲ့ တိုင်းပြည်မျက်နှာကြည့်ခဲ့ကြလို့ ရည်မှန်းချက်ပေါက်ပြီး အောင်မြင်သွားခဲ့တဲ့သာဓကတွေရှိသလို သစ္စာဖေါက်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေနဲ့အဆုံးသတ်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတာတွေလည်း မနည်းလှပါဘူး။ ခုဆွေးနွေးပွဲကြတော့ ဥပဒေမရှိလို့ ဥပဒေအတူပြုကြမယ်လို့ဆိုပြီးခါမှ(ဥပဒေဘောင်အတွင်းက) ဆိုတဲ့ စကားလုံးပါလာတော့ ရီစရာဖြစ်ရပေမယ့် သိတ်တော့လည်းမဆန်းလှဘူးလို့ဆိုရမှာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား...အာဏာသိမ်းစစ်အစိုးရတိုင်းဟာ အမိန့်နဲ့အုပ်ချုပ်တာဖြစ်ပါတယ်။ သူတို့နှုတ်ထွက်စကားဟာ တချက်လွှတ်အမိန့် ဖြစ်ပါတယ်။ ဒါကိုပဲ (ဥပဒေကဲ့သို့အာဏာတည်သောအမိန့်)လို့ ဖွင့်ဆိုတတ်ပါတယ်။ ခုစာချုပ်ကိုအဲ့ ဒီအထိုင်ပေါ်ကနေကြည့်ရင် စစ်အစိုးရရဲ့ နှုတ်ထွက်မိန့်နဲ့အညီ ပါဝင်ဆောင်ရွက်ခွင့်ပေးမယ်။ ဒါကို နှစ်ဘက်လုံးကသဘောတူတယ်လို့ ဖြစ်ပါတယ်။ ဒါလောက်လေးတောင် မသိရကောင်းလားလို့ တဘက်အဖွဲ့အစည်းတွေကိုငြူစူကြမယ့်အစား အဲ့ဒီတုန်းက သူတို့အခြေအနေနဲ့သူတို့တွက်ချက်မှုတွေကို ဆန်းစစ်ကြည့်တာက ပိုသင့်မယ်လို့ထင်ပါတယ်။ နောက်တချက်က ဥပဒေစိုးမိုးရေးဆိုတဲ့စကားရပ်ဖြစ်ပါတယ်။ ပြဋ္ဌာန်းပြီးသားဥပဒေတခုကို မတည်တည်အောင်လုပ်တာကိုပဲ ဥပဒေစိုးမိုးရေးလို့ပြောကြတာဖြစ်ပါတယ်။ တည်အောင်လုပ်ကြတဲ့နေရာမှာတော့ နည်းတွေကွဲပြားနိုင်မှာပါ။ အဓမ္မနည်းလှည့်ဖျားတဲ့နည်းတွေနဲ့လုပ်ခဲ့ကြတာမျိုးရှိသလို ညင်သာတဲ့နည်းရိုးသားတဲ့နည်းတွေလည်းရှိပါတယ်။

ဥပဒေစိုးမိုးရေးလုပ်မယ်ဆိုရင် အရင်ဆုံးက စိုးမိုးဖို့ဥပဒေတရပ်ရပ်ရှိနေဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီဥပဒေဟာတရားသလား မတရားသလားဆိုတာကတော့ ဘက်ပေါင်းစုံကနေ တတ်နိုင်သမျှပြည့်စုံအောင်လေ့လာဆန်းစစ်ပြီးမှပြောရမှာမို့လို့ ဒီနေရာမှာ မဆွေးနွေးလိုသေးပါဘူး။ ယေဘုယျဆိုရရင် ခု ဥပဒေတရပ်တည်ရှိနေပြီဆိုကြပါစို့။ အဲ့ဥပဒေစိုးမိုးအောင်လုပ်ပြီကြမယ်လို့ ဆိုကြပါစို့။ ဒါဆိုရင် ဘယ်ကစလုပ်ကြမှာလဲဆိုတဲ့အမေးက ထွက်လာပါလိမ့်မယ်။ Rule of Law လို့ဆိုတဲ့ ဒီစကားရပ်ရဲ့အနက်ကိုဖွင့်ဆိုကြရာမှာ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင်မှ ကွဲပြားမှုတွေရှိပါတယ်။  ခြုံပြီးကြည့်ရင် ဥပဒေစိုးမိုးရေးဆိုသည်မှာ လူတိုင်းဥပဒေကိုနာခံရမည်။ ဥပဒေအထက်တွင်မည်သူမှမရှိစေရ ဆိုတာပဲဖြစ်ပါတယ်။ ဘယ်ပုံစံနဲ့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်စေကာမူ အဲ့ဒီဥပဒေကိုပြုသူတို့ကိုယ်တိုင်လည်း လိုက်နာရမယ်လို့ဆိုတာပါပဲ။ လူတိုင်းလို့ဆိုရာမှာလည်း အဲ့ဒီ ဥပဒေကသတ်မှတ်ထားတဲ့ အချုပ်အခြာအာဏာပိုင်စိုးတဲ့ နယ်နမိတ်အတွင်းနေထိုင်သူအားလုံးကိုဆိုလိုတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဥပဒေပြုသူဟာအစိုးရဖြစ်တယ်ဆိုတာကိုတော့ သတိချပ်ကြစေလိုပါတယ်။ ဥပဒေတော့ရှိပါရဲ့၊ စိုးလည်းစိုးမိုးနေပါရဲ့ ဒါပေမယ့် အဲ့ဒီဥပဒေကို အစိုးရကိုယ်တိုင်ကမနာခံရင် ဒါမှမဟုတ် အစိုးရယန္တယားရဲ့အစိတ်အပိုင်းတွေကမနာခံရင် ဥပဒေစိုးမိုးရေးရှိတယ်လို့မဆိုနိုင်ပါဘူး။ အစိုးရယန္တယား လို့ဆိုတဲ့နေရာမှာလည်း အဆင့်ဆင့်အုပ်ချုပ်ရေးစနစ်ကြီးတခုလုံးသာမကပဲ စစ်တပ်ကလည်းအဓိကနေရာကနေပါဝင်ပါတယ်။ ခုပြောခဲ့တဲ့ ဥပဒေစိုးမိုးရေးရဲ့အခြေခံအကျဆုံးစံတွေနဲ့ ချိန်ထိုးကြည့်ရင်ကိုပဲ မြန်မာပြည်မှာ ဥပဒေစိုးမိုးရေးရှိသလား မရှိဘူးလားဆိုတာ ကွက်ကွက်ကွင်းကွင်းတွေ့ရမယ်ထင်ပါတယ်။

သောတရှင်များခင်ဗျား…ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဆိုတဲ့စကားရပ်ဟာ အလွန်ကိုတိကျရှင်းလင်းလှပါတယ်။ လူအားလုံးဟာ ဥပဒေအောက်မှာ တန်းတူရည်တူအခွင့်တူအညီအမျှရှိကြရတယ်လို့ ဆိုတာပါပဲ။ စကားရပ်ရဲ့အနှစ်သာရသဘောကလူတိုင်းနှစ်ခြိုက်စွဲမက်စေသလို ပြောသလိုကျင့်သုံးတယ်ဆိုရင် လောကပါလတရားနဲ့ပြည့်စုံတဲ့ လူ့ဘောင်တခုဖြစ်မှာသေချာပါတယ်။ ဒါပေမယ့် လက်တွေ့နဲ့နှိုင်းကြည့်တော့ မြန်မာပြည်ရဲ့လက်ရှိအခြေအနေဟာ ဒီအတိုင်းဟုတ်မဟုတ် လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ဥပဒေနဲ့ဥပဒေစိုးမိုးရေးဆိုတာတွေဟာ လူတိုင်းရဲ့သည်းခြေကြိုက်စကားဖြစ်မှန်းကို နောကြေနေတဲ့အစိုးရတွေဟာ လိုအပ်တဲ့အခါတိုင်း ဒီစကားလုံးထုတ်ထုတ်သုံးပြီး ရွှမ်းရွှမ်းဝေအောင်ပြောတတ်ကြတာကိုသတိပြုဖို့အလွန်အရေးကြီးပါတယ်။ ၁၉၈၈ ခု အာဏာသိမ်းခဲ့စဉ်ထုတ်ပြန်ခဲ့တဲ့အမိန့်တွေကနေ ခုချိန်ထိနေရာတိုင်းမှာ တရားဥပဒေစိုးမိုးရေးဆိုတာ တောက်လျှောက်ပါနေတာကိုလည်း သတိချပ်ကြစေလိုပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment