“အိုးက မပူ
စလောင်းကပူရန်ကောရယ်” လို့
ပြောကြမယ်ဆိုလျှင် လည်း ပြောကြပေတော့ဗျာ။ ပြောစရာရှိလာတာကိုဖြင့် ပြောကိုပြောရပေလိမ့် ဦးမယ်။ ရင်ဖွင့်တယ်လို့သဘောထားကြပါ။ တစ်ဦးချင်းသဘောအနေနဲ့ပြောရ လျှင်
ဒီချုပ်ကို တစ်လျှောက်လုံးဝန်းရံခဲ့တာပါ။ တစ်လျှောက်လုံးဆိုတာ “ရွှေဂုံတိုင်ကြေညာချက်”အထိပေါ့။ “အရှိကိုအရှိအတိုင်းမြင်တယ်”လို့
စပြောတဲ့အချိန်ကစပြီး ကျနော့်ရင်ထဲမှာ ဒီချုပ်နဲ့ပတ်သက်ပြီး
ဆူးတောင်မာကြီးတစ်ချောင်း ပေါက်လာခဲ့တာပါ။ အရှိကိုအရှိအတိုင်းမြင်လိုက်တာဟာ “ရွှေဂုံတိုင်ကြေညာချက်”ကို
ပစ်ပယ်ကျောခိုင်းလိုက်တာဖြစ်ပါတယ်။“ရွှေဂုံတိုင်ကြေညာချက်”ရဲ့အနှစ်သာရ၊ ဝိဉာဉ်က“၉ဝ ရွေးကောက်ပွဲရလဒ်ကိုင်စွဲပြီး“၂ဝဝ၈ အခြေခံဥပဒေ” ကို အသိအမှတ်
မပြုတာနဲ့ “နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး”တောင်းဆိုတာပါ။
ဒီနေရာမှာ “ဝန်းရံမှု”ဆိုတာနဲ့ပတ်သက်ပြီး
ပြောပါရစေ။“ဝန်းရံမှု” ဆိုတာကို
ကျနော်နားလည်တဲ့သဘောက “ဒီချုပ်လုပ်သမျှ
အားလုံးမှန်၊ အားလုံးကောင်းပါသည်ခင်ဗျား”ဆိုပြီး မျက်စေ့မှိတ်ထောက်ခံတဲ့ဝန်းရံမှုမျိုး
လုံးဝမဟုတ်ပါဘူး။”
မိတ်ကောင်းဆွေကောင်း၊
ရဲဘော်ရဲဘက်ကောင်းပီသပြီး၊ ဝေဖန်ဆန်းစစ်မှုနဲ့ယှဉ်တဲ့ မျက်စေ့ဖွင့်ဝန်းရံမှုမျိုးဖြစ်ပါတယ်။
ဝေဖန်ဆန်းစစ်တယ်ဆိုရာမှာလည်း နင်ပဲငဆရိုင်းစိုင်းစွာပုတ်ခတ်မှုမျိုးမပါဘဲ၊
အချက်နဲ့ အလက်နဲ့၊ အကျိုးနဲ့အကြောင်းနဲ့နှိုင်းယှဉ်ပြီး ဝေဖန်ထောက်ပြမှုမျိုးကို
အလေးထားခဲ့တာပါ။
လူဆိုတော့လည်း လူပီသစွာ
အစွဲလေးတော့ရှိပေလိမ့်မပေါ့ဗျာ။ ပမာပြောရလျှင်ဖြင့် “၂ဝဝ၈အခြေခံဥပဒေဆန္ဒခံယူပွဲ”ကာလမှာ ဦးဉာဏ်ဝင်း ဒေါ်စုခြံထဲကနေ
“ဘူးသီးကြီး”ယူလာခဲ့တာကို
အကောင်းမြင်ပြီးအဓိပ္ပါယ်ဖွင့်ဆိုတဲ့ဆန္ဒစွဲမျိုးပေါ့။
နောက်တော့
အားလုံးသောဝန်းရံသူတွေရဲ့ခံစားမှုဟာ ဘယ်လိုဖြစ်ခဲ့ပြီး ဘယ်လိုအဆုံးသတ်ခဲ့ရတယ်ဆိုတာကို
ထင်လွယ်မြင်လွယ်ရှိအောင် ပုံပမာနှိုင်းပြီးတင်ပြရလျှင်တော့
ဘန်ကောက်လုံချည်ငှားလိုက်မိတဲ့လူရဲ့အဖြစ်မျိုးနဲ့ ဆင်ဆင်တူနေပါတယ်။
ဘန်ကောက်လုံချည်ငှားလိုက် မိပြီဆိုကတည်းက နောက်ကနေ သင်ဖြူးဖျာကလေးလိပ်ပြီး
ဖဝါးခြေထပ်လိုက်ရတော့တာပေါ့။ ဘန်ကောက်လုံချည်ဝတ်သွားတဲ့လူ ထိုင်မယ့်နေရာမှာ
သင်ဖြူးဖျာကလေး လိုက်ခင်းပေးနေခဲ့ရတာပါ။ အဲဒီလို ဖဝါးခြေထပ်လိုက်နေရင်း
ဘန်ကောက်လုံချည်ဝတ်တဲ့သူက တစ်ကွေ့မှာ မြောင်းထဲဆင်းသွားလေတော့ ကျနော်တို့မှာ
ဖျာလိပ်ကလေးပိုက်ပြီး ငေးကြည့်နေခဲ့ရတဲ့ဘဝမျိုးနဲ့ ကျန်ရစ်ခဲ့ရပါတယ်။
ဆောင်းပါးရှင်တစ်ဦးကတော့ ဒီချုပ်ပါတီဟာ “တစ်သက်မှာ နှစ်ဘဝ”လို့ရေးတာဖတ်ရပါတယ်။
(၂ ခါ မှတ်ပုံတင်ရတာကိုရည်ညွန်းပြီး ပြောတာပါ) ကျနော်တို့
ဝန်းရံသူများအဖြစ်ကတော့ တစ်ခါကတစ်ဘဝပေါ့ ခင်ဗျာ။ တချို့သောဝန်းရံသူများဆိုလျှင်
အသက်ကိုစတေးခဲ့ကြရပြီး၊ တချို့ကတော့ မိသားစုနဲ့ဘဝတွေကို ပေးဆပ်ခဲ့ကြရတာပါ။ အခုတော့
အဲဒီလိုဝန်းရံခဲ့သူတွေကို “ဘဝသစ်ဒီချုပ်”က စစ်စိမ်းရောင်
ရင့်ရင့်ကြီးစိမ်းကားနေပါတယ်။
ဒီလောက်ဆိုရင် တစ်ချိန်တစ်ခါက
ဒီချုပ်ကိုဝန်းရံခဲ့သူတွေရဲ့ခံစားချက်ဘယ်လိုရှိသလဲဆိုတာ
ထင်လွယ်မြင်လွယ်ရှိလောက်ပါပြီ။ ဒါဆိုလျှင် ဆောင်းပါးအစမှာဖေါ်ပြခဲ့တဲ့
“စလောင်းပူ”ရတဲ့ အကြောင်းမူလကို ရှင်းလင်းတင်ပြပါရစေ။“သို့သော် အချိန်က စော နေသေးတယ်” ဒီစကားက “၂ဝဝ၈ အခြေခံဥပဒေ”ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမေးတဲ့မေးခွန်းအပေါ်
ပြည်သူ့လွှတ်တော်
တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၏ အဖြေစကားဖြစ်ပါတယ်။
“ဘယ်အချက်တွေ
ဦးစားပေးပြင်သင့်တယ်လို့သုံးသပ်ထားပါသလဲ” လို့ထပ်မေးတဲ့အခါမှာတော့ “အခုပြောရင် စောနေပါသေးတယ်၊
ပြောလို့မကောင်းသေးပါဘူး၊ ပြင်စရာတွေအများကြီးရှိပါတယ်” လို့နှပ်ကြောင်းပေးပြီး
ပြောသွားပါတယ်။ ”၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”
နဲ့“၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတရည်မှန်းထားသူ”
အတွက်တော့ ဒီအဖြေဒီစကားတွေက တော်တော် ဂွကျသွားစေပါတယ်။ “၂ဝဝ၈အခြေခံဥပဒေ”ပြင်ဆင်ရေးသမားအားလုံးကို “စောသေးတယ်၊ ပြင်ချိန်မတန်သေးဘူး၊ စောင့်ကြဦး” လို့ အတိအလင်းသတိပေးလိုက်တဲ့သဘော၊
ဟန့်တားလိုက်တဲ့သဘော၊ တားမြစ်လိုက်တဲ့သဘောဖြစ်ပါတယ်။ ဗျူးသူများကလည်း
“ဘာကြောင့် အချိန်စောနေတယ်လို့ပြောနိုင်ပါသလဲ”
လို့ ထပ်ဆင့်မေးခွန်းမထုတ်ခဲ့ကြဘူး။ ဖေါ်ပြခဲ့တဲ့ဂျာနယ်တွေကလည်း “၂ဝဝ၈ခုနှစ်အခြေခံဥပဒေဟာ လိုအပ်ချက်တွေကဏ္ဍအသီးသီးမှာရှိပါတယ်၊
ပြင်ဆင်စရာတွေလည်း အများကြီးရှိနေပါတယ်”ဆိုတဲ့အချက်ကိုသာ အလေးထားခဲ့ကြတယ်။ “အချိန်ကစောနေသေးတယ်”ဆိုတဲ့စကားကို
“စပေါ့လိုက်”ထိုးပြဖို့ပျက်ကွက်ခဲ့ကြတယ်။ လိုအပ်ချက်တွေကဏ္ဍအသီးသီးမှာရှိတယ်၊
ပြင်ဆင် စရာတွေအများကြီးရှိတယ်ဆိုတာ လူတိုင်းသိမြင်နေတဲ့အချက်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့
နိုင်ငံရေးပါတီတွေဘက်က “အချိန်က စောနေသေးတယ်”ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး
ပြောသံဆိုသံမကြားရတာပါ။ အထူးသဖြင့်ပေါ့ဗျာ။ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ငန်း
စဉ်ကြီးတစ်ရပ်အနေနဲ့ အတိအလင်းဖော်ထုတ်ကြေညာပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ဒီချုပ်ပါတီက
ဒီပြောဆိုချက်အပေါ် ဝေဖန်ဆန်းစစ်တာ၊ ပြန်လှန်မေးမြန်းတာ၊ သဘောထားအမြင် ထုတ်ဖေါ်ပြောဆိုတာမျိုးတွေလုပ်သင့်တာပေါ့။ ဒီချုပ်အမတ်မင်းတွေအနေနဲ့လည်း ကျင်းပဆဲလွှတ်တော်ထဲမှာ မေးမြန်းသင့်တာပေါ့ဗျာ။
အခြားသောပါတီတွေ လွှတ်တော်အမတ်တွေလည်း
မေးသင့်လှတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထံကလည်း ဘာသံမျှမကြားရသေး ပါဘူး။
“၂ဝဝ၈
အခြေခံဥပဒေ”ကို
ဘယ်လိုနည်းလမ်းနဲ့ပြင်ဆင်ကြမှာလဲ။
“၂ဝဝ၈
အခြေခံဥပဒေ”ထဲမှ ပုဒ်မအချို့ကိုသာ ကွက်ပြီးပြင်ဆင်မှာလား။ [ဥပမာ - ပုဒ်မ ၅၉ (စ) ကို
ကွက်ပြီးပြင်ဆင်တာမျိုး] ရှေ့နေကြီး ဦးကိုနီရေးသားဟောပြောနေသလို “အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး”လား။
ရှေ့နေကြီးဦးကိုနီ ရေးသားနေတာ၊ ဟောပြောနေတာတွေက “အခြေခံ
ဥပဒေသစ်ပြန်ရေးပြီးအစားထိုးရေး” ဖြစ်ပါတယ်။
ရှေ့နေကြီးဦးကိုနီရေးသားဟောပြောနေတာတွေကို(SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများမဟာမိတ်
(UNA)တို့အနေနဲ့ သဘောကျလက်ခံလိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့“၂ဝဝ၈အခြေခံဥပဒေသည်
တိုင်းရင်းသားလူမျိုးအရေးကိစ္စနှင့်
ပဋိပက္ခများကိုဖြေရှင်း၍လုံးဝမရနိုင်ကြောင်းယုံကြည်သည်” ဟု
ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာထား၍ ဖြစ်ပါတယ်။
ဒါပေမယ့်“ဒီလှိုင်းစာစောင်”မှာရှေ့နေကြီးဦးကိုနီရေးသားနေတာ၊ ဟောပြောနေတာတွေဟာ
“ဆောင်းပါးရှင်ရဲ့အာဘော်”သက်သက်လား၊ “ဒီလှိုင်းစာစောင်အာဘော်”လား။
“ဒီချုပ်ပါတီအာဘော်”လားဆိုတာ တိတိကျကျပြောဖို့ခက်ပါတယ်။ အခုချိန်အထိ ဒီချုပ်ပါတီ
က “၂ဝဝ၈ အခြေခံဥပဒေ”ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တိကျရှင်းလင်းတဲ့လုပ်ငန်းစဉ်တစ်ရပ်
ရေးသားထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးတဲ့ အချက်ဖြစ်ပါတယ်။
လွှတ်တော်တွင်း“ပညာရှိနည်း”လား။
လွှတ်တော်ပြင်ပ“လမ်းမပေါ်က လူထုနည်း”လား။
“၂ဝဝ၈
အခြေခံဥပဒေ”ထဲက
အချက်အလက်တစ်ချို့ကိုသာ ရွေးနှုတ်ပြင်ဆင်မှာလား။
“၂ဝဝ၈
အခြေခံဥပဒေ”ဖျက်သိမ်းပြီး
အခြေခံဥပဒေသစ်တစ်ခု ရေးတဲ့နည်းလား။
ဒီချုပ်ပါတီက ဘယ်နည်းနဲ့ပြင်ဆင်မှာလဲ။ ဒီလိုအချက်တွေကိုပြောပြောနေရလို့“အိုးက
မပူပဲ စလောင်းက ပူနေရတယ်”လို့ ပြောနေရတာပါ။
ကျနော့်သဘောကတော့ ရှေ့နေကြီးဦးကိုနီရဲ့ရေးသားဟောပြောချက်ကို
သဘောကျပါတယ်။ ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ “၂ဝဝ၈ အခြေခံဥပဒေ” ကို
လုံးဝဖျက်သိမ်းပစ်ချင်လို့ပါပဲ။
(၂ဝ၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၂ ရက်)
ညွှန်း
- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၃
- (၆၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ကြညာချက်၊
ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA)
0 comments:
Post a Comment