Sunday, February 10, 2013

အံ့သြလွန်းလို့ သေတော့မယ်(ကောင်းဆက်နိုင်)

0 comments
မနေ့ကအခြေခံဥပဒေ
အခြေခံဥပဒေဆိုတာဟာ ပြောင်းလဲနေတဲ့ခေတ်နဲ့အညီဆီလျော်အောင် အမြဲ ပြင်ဆင်နေကြရတာပါ။ ဒါတောင် အခြေခံဥပဒေအများစုဟာ ပြည်သူတွေ ကျေကျေနပ်နပ်လွတ်လပ်စွာပါဝင်ရေးဆွဲခဲ့တဲ့အခြေခံဥပဒေများ ဖြစ်ကြပါတယ်။ ဒါလည်းပဲ ပြင်ဆင်နေကြရပါတယ်။ မနေ့က အခြေခံဥပဒေဟာ ဒီနေ့မှာဆီလျော်သေးလား အမြဲသုံးသပ်ကြရပါတယ်။
        ကျုပ်တို့ရဲ့ အခြေခံဥပဒေဟာ ပြည်သူတွေကိုအသိပေးပြီးမှ တုံ့ပြန်ထွက်ပေါ်လာတဲ့အခြေခံဥပဒေ တစ်နည်းအားဖြင့် ပြည်သူကိုထင်ဟပ်တဲ့အခြေခံဥပဒေ၊ ပြည်သူကိုယ်တိုင် အလွှာအသီးသီးက လွတ်လပ်စွာတင်ပြခွင့်ဆွေးနွေးခွင့်၊  ဝေဖန်ခွင့်၊ ကန့်ကွက်ခွင့်တွေနဲ့ တရားမျှတစွာထွက်ပေါ်လာတဲ့ တစ်နိုင်ငံလုံးကျေနပ်တဲ့ အခြေခံဥပဒေလား၊ ဒါမှမဟုတ် အာဏာရှင်လက်ထက် အာဏာနဲ့လွှမ်းမိုးချုပ်ချယ်ပြီး ကိုယ်လိုချင်တဲ့ပုံစံသွင်းပြီး လုပ်သွားခဲ့တာလား စဉ်းစားဝေဖန်ပြီး ဒီမိုကရေစီပါလို့ခေါင်းစဉ်တပ်ထားတဲ့ ခုလိုအချိန်မျိုးမှာ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ရဲရဲဝံ့ဝံ့၊ သမာသမတ်ကျကျပြင်ဆင်ကြဖို့ အစိုးရအဖွဲ့နဲ့လွှတ်တော်အရပ်ရပ်ကသတ်္တိမွေးကြရပါမယ်။ ဒါမှသာ သမိုင်းမှာ ပြည်သူ့ဘက်တော်သားနိုင်ငံချစ်သူများအဖြစ် နာမည်ကောင်းနဲ့ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ဒီအတိုင်းမှိန်းမနေဘဲ သူများမပြင်ဆင်ခင် ကိုယ်ပြင်လိုက်ဖို့ရာ နောက်ဆုံးအခွင့်အရေးပါပဲ။ ပြည်သူ့မျက်နှာထောက်မလား၊ ပုဂ်္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ မျက်နှာထောက်မလား ပြည်သူတွေစောင့်ကြည့်နေပါတယ်။
        ငါတို့လိုချင်တဲ့ပုံစံရပြီဆိုပြီး ပုံသေကြီးချပြီး မသိကျိုးကျွန်အမှန်တရားကို မျက်ကွယ်မပြုသင့်ပါဘူး။ ပြည်သူဆိုတာ နီးရာဓား ကြောက်ရတာပါပဲ။ ကြောက်လို့ကတစ်ကြောင်း လမ်းခင်းပေးမယ် စတဲ့ မြှူလုံးတွေနဲ့ ပြည်သူ့ဘဏ္ဍာထဲကပဲ ငါးကြင်းဆီနဲ့ငါးကြင်းကြော်သွားတာကတစ်ကြောင်း မစစ်မှန်တဲ့ဆန္ဒမဲတွေအကြောင်း သမိုင်းမှာ အမာရွတ်အနေနဲ့ ထင်ကျန်ရစ်ပါတယ်။ စစ်မှန်တဲ့ဆန္ဒမဲဆိုတာက ဘယ်ပယောဂမှမပါဘဲ ပြည်သူ့ရင်ထဲကလာရပါမယ်။

ဗိုလ်တစ်ရာ ငယ်သားတစ်ယောက်
အခြေခံဥပဒေ ပုဒ်မ ၃၄၂ မှာ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုခန့်အပ်တာဝန်ပေးရမည်”လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ကရပ်စဲဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ရှာလို့မတွေ့ဘူး ဖြစ်နေပါတယ်။ ခန့်ခွင့်သာရှိပြီး ဘယ်သူကမှထုတ်ပယ်ခွင့်မရှိဘူး ဖြစ်နေပါတယ်။
        အခြေခံဥပဒေ ပုဒ်မ ၃၄၇ မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်” လို့ဆိုပါတယ်။ ဒါပေမယ့် ပုဒ်မ ၃၄၃ အရ စစ်ဘက်တရားစီရင်ရာတွင် (ဆိုပြီး တန်းတူညီမျှမဟုတ်တဲ့သဘောမျိုး၊ စာရေးသူ) (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။ (ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ဆိုပြန်ပါတယ်။ အကယ်၍ “မည်သူမဆို ဥပဒေအရာတွင်တန်းတူညီမျှ”ဆိုတဲ့စကားရပ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ် အပြီးအပြတ်မဖြစ်သင့်ဘဲ အရပ်သားကော တပ်မတော်သားများပါ အားလုံးအလေးအမြတ်ပြုရမယ့် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်”ရဲ့အဆုံးအဖြတ်ကသာလျှင် အပြီးအပြတ်ဖြစ်စေရမည်လို့ ဖြစ်သင့်ပါတယ်။
        အခုတော့ အရပ်သားစကားနဲ့ဆိုရရင် အရပ်ဘက်က စစ်ဘက်ကိုဝင်စွက်ခွင့်မရှိဘဲ တပ်မတော်သားတွေက နိုင်ငံသားတစ်မျိုး၊အရပ်သားတွေက နိုင်ငံသားတစ်မျိုး ပေါင်း  နိုင်ငံသားနှစ်မျိုးဖြစ်နေတဲ့
အဓိပ္ပာယ်ထွက်နေပါတယ်။  ဒါပေမယ့် စစ်ဘက်ကတော့ အရပ်ဘက်ကို အခြေခံဥပဒေပုဒ်မ ၄၁၈ (က) နဲ့ (ခ) အရ အရေးပေါ်အခြေအနေကြေညာတာနဲ့ နိုင်ငံတော်ရဲ့ဥပဒေပြုရေး၊  အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး အာဏာအရပ်ရပ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲကို  ရောက်သွားပြီပဲ။

တစ်မိုးတည်းအောက်မှာ  ညီညီမျှမျှ
ပုဒ်မ ၃၃၈ မှာ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ရှိရမည်” ဆိုတာလည်း Power Balance အာဏာချိန်ခွင်ညီမျှမှု မရှိဘူး။ အရပ်ဘက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဥပမာ၊ ပြည်သူ့ရဲ အားလုံးဟာ အရပ်ဘက်အုပ်ချုပ်မှုအောက်မှာရှိသင့်တယ်ဆိုတာလည်း နိုင်ငံတကာဥပဒေလေ့လာသူတွေ သိပြီးဖြစ်ပါတယ်။ ဒီလို အာဏာတစ်ဖက်စောင်းနင်းမှုတွေ အခြေခံဥပဒေမှာရှိနေခဲ့ရင် ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲမျိုးတွေ ငှက်ပျောသီး အခွံနွှာစားရတာထက်တောင် အလွယ်တကူလုပ်လို့ရပါတယ်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပကတိရိုးသားဖြောင့်မတ်မှုရှိတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် တခြား မရိုးဖြောင့်သူ၊ အာဏာမက်တဲ့စစ်ဝါဒီတစ်ဦးတစ်ယောက် ဒီရာထူးမှာရောက်လာခဲ့ရင် နိုင်ငံရဲ့ကံကြမ္မာဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ ကြိုတင်စဉ်းစားထားသင့်ပါတယ်။
    တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှာ အာဏာနဲ့လုပ်ပိုင်ခွင့်တွေ တစ်ဖက်စောင်းနင်းစုပုံထားခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက်အန္တရာယ်ရှိနေပါတယ်။ သိပ်စွန့်စားရာရောက်လို့ ရေတိုမကြည့်ကြဘဲ ရေရှည်အမြော်အမြင်ရှိကြဖို့ တိုက်တွန်းချင်ပါတယ်။  အမှန်ဆိုရင် ပြည်သူ့ရဲတပ်ဖွဲ့အပါအ၀င် Civil Armed Forces အရပ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အကြီးအကဲဟာ အရပ်သားပဲဖြစ်သင့်ပြီး တပ်မတော်ရဲ့ ၈၀ ရာခိုင်နှုန်းလောက် အင်အားတိုးချဲ့ဖွဲ့စည်းသင့်တယ်။ တခြားတိုင်းပြည်နဲ့စစ်မက်ဖြစ်တာမျိုးကလွဲလို့ နိုင်ငံရဲ့အရေးပေါ်အခြေအနေတွေကို ပြည်သူ့ရဲတွေထိန်းချုပ်နိုင်မယ့်အင်အားမျိုးနဲ့ ဘဏ္ဍာငွေသုံးစွဲမှုတွေ ရေးဆွဲသင့်ပါတယ်။
ကျေးကျွန်ပြုမှု
အခြေခံဥပဒေပုဒ်မ ၃၅၈ မှာ “နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့်လူကုန်ကူးမှုများကို တားမြစ်သည်” လို့ ပြဋ္ဌာန်းထားပေမယ့် သွယ်ဝိုက်ပြီး ကျွန်ကဲ့သို့ခိုင်းစေမှုတွေဟာ တချို့နေရာမှာမြင်တွေ့နေရဆဲပါ။ တချို့အဖွဲ့အစည်းတွေ တချို့ဌာနဆိုင်ရာတွေမှာ အစိုးရလခစားတဲ့ဝန်ထမ်းတွေကို လူကြီးတွေက ကိုယ်ရေးကိုယ်တာနဲ့မိသားစုအရေးကိစ္စတွေမှာ ကျွန်ပြုခိုင်းစေမှုတွေ ခုချိန်ထိ ပေါ်ပေါ်ထင်ထင်လုပ်နေကြတာဟာ အခြေခံဥပဒေကို ပြောင် ချိုးဖောက်တာပါပဲ။
        ပုဒ်မ ၃၅၄ (ခ) အရ “လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်” အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ပေးထားပေမယ့် တစ်ဖက်လှည့်ပြီး  ဒီအခွင့်အရေးကို ပိတ်ပင်ဟန့်တားလို့ရအောင်ပြဋ္ဌာန်းတဲ့ ဥပဒေကို ပြင်ဆင်သင့်ပါတယ်။ ဥပမာ ငြိမ်းချမ်းစွာဆန္ဒပြမယ့်သူများဟာ သက်ဆိုင်ရာရဲစခန်းမှာ နေရာအသိပေးရုံနဲ့ ဆူပူမှုမဖြစ်အောင်တာဝန်ယူကြောင်းလောက်ပဲ ပြဋ္ဌာန်းသင့်ပါတယ်။ ရဲစခန်းရဲ့ခွင့်ပြုချက်ယူစရာမလိုဘဲ အကြောင်းကြားစာရရှိကြောင်းလောက်ပဲ ဖြစ်သင့်ပါတယ်။  ဒါမှ ဒီမိုကရေစီနိုင်ငံအစစ် ဖြစ်လာနိုင်ပါတယ်။

သမင်မွေးရင်း ကျားစားရင်း
အခြေခံဥပဒေဆိုင်ရာခုံရုံး ဘယ်တော့ ပြန်ဖွဲ့စည်းဖြစ်မှာလဲ၊ ပြည်သူတွေလည်း လည်ပင်းတစ်တောင်လောက် ရှည်ရင်း မျှော်တော်ဇောနဲ့မောနေကြပါပြီ။ ဒီသက်တမ်း ငါးနှစ်အတွင်းမှာ ဖွဲ့ဖြစ်ပါ့မလား။ ဖွဲ့ပြီးလို့ ရေလိုက်ငါးလိုက်မပြောဆိုတတ်ရင် အဖြုတ်ခံရရင် သမင်မွေးရင်း ကျားစားရင်း ဖြစ်ဦးမှာလား။ ဒီအဖွဲ့တစ်ခုတောင် ညီညီညွတ်ညွတ်မဖွဲ့နိုင်ဘူးလား။ ဥပဒေရဲ့အထက်မှာ ဘယ်သူတွေလဲတွေးနေကြပါပြီ။

အကြောက်တရား အသစ်
ဘာမှမပြောခင် အခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ်အားလုံး အစိုးရအဖွဲ့ဝင်အားလုံးဟာ လူတော်လူကောင်းတွေပါလို့ စကားပလ္လင်ခံလိုက်ပါရစေ။ အကြောင်းရှိလို့ပါ။
        ဒါပေမယ့်...ဆိုတာကို ပြောချင်ပါတယ်။
        ဒါပေမယ့်..နောက်ရွေးကောက်ပွဲမှာ ဦးနှောက်စံချိန်မမီသူတွေ အရွေးခံခဲ့ရရင်၊ ဒါမှမဟုတ် ငွေနဲ့သော်လည်းကောင်း၊ ညစ်နည်းမျိုးစုံနဲ့သော်လည်းကောင်း အရည်အချင်းမရှိတဲ့သူတွေအရွေးခံခဲ့ရရင် နောက်ပြီး အုပ်စုဖွဲ့ဂိုဏ်းဖွဲ့ပြီး လုပ်ချင်ရာလုပ်ကြရင် ပြည်သူသဘောတူနိုင်မယ့်ကိစ္စတွေ ဥပက္ခာပြုပြီး “ဤ”တွေ အားလုံးကို “ကျွဲ” လုပ်ပစ်ကြရင်ဆိုတဲ့ အလွန်ကြောက်စရာကောင်းတဲ့ပူပန်မှုမျိုး ပြည်သူမှာရှိနေပါပြီ။
        ခုဆိုရင် ပြည်သူတွေဘက်မှာလည်း စိုးရိမ်ပူပန်မှုတွေနဲ့အတူ နောင်တတွေရနေကြပါပြီ။ ကိုယ့်ရဲ့မဲတစ်ပြားကို တန်ဖိုးထားတတ်လာပြီး ရွေးကောက်ပွဲမှာမဲပေးတဲ့ကိစ္စကို ပေါ့ပေါ့ဆဆသဘောထားမှာ မဟုတ်တော့ပါဘူး။

Mr. Bullet နဲ့ တစ်နပ်စား ကိုယ်တော် 
ပြည်သူတွေ အငမ်းမရ ငြိမ်းချမ်းရေးလိုချင်နေတဲ့အချိန်မှာ နှစ်ဖက်တပ်တွေကြောင့်မဟုတ်ရင် တိုင်းရင်းသားအချင်းချင်း  ချစ်ကြည်နေကြတဲ့အချိန်မှာ စစ်သွေးကြွစကားလုံးတွေသုံးပြီး ယမ်းငွေ့တွေမွှန်အောင်၊ ပြည်ထောင်စုပြိုကွဲအောင် လုပ်သူမျိုးကိုလည်း ပြည်သူတွေ မဲပေးရမှာကြောက်သွားပါပြီ။
        အကြွေးကြေအောင် ဆင်းရဲနွမ်းပါးမှုမဖြစ်အောင် ထမင်းတစ်နပ်ပဲစားပါဆိုတဲ့အကြံမျိုးပဲ ပေးတတ်တဲ့ သူမျိုးက နိုင်ငံရဲ့အရေးပါတဲ့နေရာမျိုးမှာဦးဆောင်နေတာလည်း အလွန်စိတ်ဓာတ်ကျဆင်းနေကြပါပြီ။ တစ်နပ်ပဲစားပါဆိုတော့ တစ်နပ်စားဉာဏ်ဆိုတာ ဒါများလားလို့ ကလေးတွေက မေးကြပါတယ်။ ပြည်သူကိုသနားရင် ဒီအကြံ ဒီလောက်နဲ့တင် ရပ်ဆိုင်းဖို့တောင်းပန်ချင်ပါတယ်။  နောက်တစ်ခါ အကြံပေးရင် နောက်တစ်နပ်ပါ မစားဖို့၊ ဆင်းရဲနွမ်းပါးမှုပပျောက်ဖို့ လူ့လောကကြီးကနေအပြီးအပိုင်ထွက်သွားပါလားလို့ အကြံပေးမှာ သေချာပါတယ်။
        တကယ်တော့ ပြည်သူတွေ မဆင်းရဲရအောင် လယ်သမားတွေလျှော့စားဖို့ မလိုပါဘူး၊ လယ်သမားတွေက အစားမကြီးကြရှာပါဘူး။ တကယ်ဆိုရင် ဌာနဆိုင်ရာအကြီးအကဲတွေ၊ ၀န်ကြီးတွေလျှော့စားမှသာ တိုင်းပြည်ချမ်းသာလာမှာ ဖြစ်ပါကြောင်း...။                     
Kaung125@gmail
(အတွဲ ၃၊ အမှတ် ၁၃၂၊ ပြည်သူ့ခေတ် ဂျာနယ်)
(ရွှေပြည်ကြီးရဲ့ နီးရာဓါးအခြေအနေအောက်ကနေ ရသလောက်ပြောတယ်ဆိုတာကို ကြိုသိမြင်ထားရင်ဖတ်ပျော်မယ့်ဆောင်းပါးပါ)

0 comments:

Post a Comment