Saturday, February 16, 2013

စစ်တပ်စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက် အပိုင်း-၂(ပြီး)

0 comments
"ဦးပိုင်"ဆိုသည်မှာ
စီးပွားရေးဦးပိုင်လီမိတက်ဆိုတော့ ပုဂ္ဂလိကလုပ်ငန်းများကို နှစ်ပေါင်း (၃၀)နီးပါး ကြီးထွားခြင်းမရှိအောင်ပိတ်ပင်ခြင်းခံနေရသည့် ဗမာ ပြည်တွင် လူအချို့အတွက် နားဆန်းနေသလိုရှိသည်။ ယင်းကုန်သွယ်ရေးဝန်ကြီဌာန၏ အမိန့်ကြော်ငြာစာထွက်လာစဉ်က ဤစကားလုံး ကို သတိမထားလိုက်သူ (သို့မဟုတ်) တကယ့်အဓိပ္ပာယ်ကိုနားမလည်သူများအဖို့ စစ်အုပ်စု၏အကြံအစည်ကို သုံးဘက်မြင် ရုပ်လုံးပေါ် အောင် ကြည့်မြင်နိုင်ကြဖို့မလွယ်ချေ။
ဦးပိုင်ဆိုသည်မှာ သာမန်စီးပွားရေးလုပ်ငန်းတခု (သို့မဟုတ်)စက်မှုလုပ်ငန်းတခုကိုလုပ်ကိုင်သည့် ငွေအရင်းအနှီးမဟုတ်ချေ။ ရှိသမျှ အရင်းအနှီးအားလုံးကို လုပ်ငန်းတခုခုတွင်မြှုပ်ပြီးလုပ်ခြင်းမဟုတ်ချေ။ လုပ်ငန်းကိုင်ငန်းအမြောက်အများတွင်း စိုးမိုးသည့်အနေအထား ရရန် (ဤသည်မှာလည်း ရှယ်ယာအားလုံး၏ ၄၀% ထက်ပိုပြီးလိုအပ်ခဲသည်။) အရင်းအနှီးကိုဖြန့်ခွဲပြီး ချုပ်ကိုင်လိုက်သည်။ တခါတရံ ချေးငွေပုံစံမျိုးမှစတင်ပြီး အဆင့်ဆင့်တိုးဝင်ခြင်းလည်း ရှိတတ်သည်။ ၎င်းတို့ပထမဆုံးအစုစပ်ဖော်ထုတ်လိုက်သည့် ဖရဇ်ဝါနာ၊ ဒေ၀ူးတို့ နှင့်ဖက်စပ်လုပ်ငန်းများဆိုလျင် အခြားပြင်ပမှရှယ်ယာပိုင်ရှင်များပါဝင်စရာမရှိသဖြင့် နိုင်ငံခြားအရင်းရှင်ကုမ္ပဏီကြီးများနှင့်၎င်းတို့သာ ထင်သလိုချယ်လှယ်နိုင်ကြဘွယ်ရာ ရှိသည်။
ဤသို့ အစုဝင်ပြီးချုပ်ကိုင်ထားသောလုပ်ငန်းများက တဖန်အခြားသောလုပ်ငန်းကိုင်ငန်းများကိုတည်ထောင်ခြင်း၊ အစုရှယ်ယာဝယ်ယူခြင်း စသည့်နည်းများဖြင့် ချုပ်ကိုင်ပါလိမ့်ဦးမည်။ (ဤသည်အတွက်လည်း ရှယ်ယာအားလုံးတန်ဘိုး၏ ၄၀% ထက် ပို၍မလိုချေ) "ဦးပိုင်"စနစ် ဆိုသည်မှာ ဤနည်းဖြင့် မိမိအရင်းထက်အဆပေါင်းများစွာ ပိုသော လုပ်ငန်း ကိုင်ငန်းများကိုချုပ်ကိုင်သည့် လက်ဝါးကြိးအုပ်အရင်းအနှီး ဖြစ်သည်။ ရဲဘော်လီနင်၏ “အရင်းရှင်စနစ်၏အမြင့်ဆုံးအဆင့်နယ်ချဲ့စနစ်” ကျမ်းထဲတွင် "ငွေတသန်းက တဆယ့်ခြောက်သန်းကို ချုပ် ကိုင်နိုင်စေသည်" ဟု ထောက်ပြခဲ့သောစနစ်မျိုး ဖြစ်သည်။ GEC ခေါ် အထွေထွေလျှပ်စစ်ကုမ္ပဏီကြီးသည် ၁၉၁၂ ခုနှစ်တွင် အခြား ကုမ္ပဏီပေါင်း (၁၇၅ခုမှ၂၀၀)အတွင်း၌ ရှယ်ယာများပါဝင် စိုးမိုးချုပ်ကိုင်ထားသည်။ ဦးပိုင်စနစ်ပေါ်ပေါက်ခြင်းနှင့် တွင်ကျယ်ခြင်းသည် အရင်းရှင်စနစ်၏လက်ဝါးကြီးအုပ်အဆင့်သို့ကူးပြောင်းခြင်းနှင့် ဆက်စပ်နေသည်။ ထိုအချိန်တွင်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အထူး သဖြင့်ဘဏ္ဍအရင်း၏ကဏ္ဍ ထွန်းကားလွှမ်းမိုးလာသောအချိန်တွင် ဖြစ်သည်။
အရင်းရှင်စနစ်အား ဘဏ္ဍအရင်းကချုပ်ကိုင် စိုးမိုးလာသည့်အချိန်တွင် ဦးပိုင်ကုမ္ပဏီများ သဏ္ဍန်မျိုးစုံဖြင့်ပေါ်လာကြသည်။ ဦးပိုင်ဟု အမည်မခံသည်လည်း ရှိတတ်သည်။ မည်သို့ပင်ဆိုစေ ဦးပိုင်စနစ်ဆိုသည်မှာ "တကယ်ကျတော့ ဘဏ္ဍာသက်ဦးဆံပိုင်စနစ်၏စွမ်းအားကို တိုးဖြည့်သည့်နည်းနာတရပ်သာ ဖြစ်သည်" ဟု ရဲဘော်လီနင်က အထက်ပါကျမ်းထဲတွင်ရှင်းပြခဲ့သည်။ ဗမာပြည်စစ်အုပ်စု၏ဦးပိုင်လီမိ တက်သည် ဖရစ်ဝါနာ၊ ဒေ၀ူးတို့နှ့်ဖက်စပ်လုပ်ခြင်းဖြင့်ပွဲဦးထွက်ခဲ့သည်။ သေးသေးမွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ်မသေချာသော ရေနံ တူးလုပ်ငန်းမျိုးတွင် မပါဝင်ကြချေ၊ ထို့ပြင်စစ်အုပ်စု၏သခင်ရင်းများဟုဆိုနိုင်လောက်သည့်ကုမ္ပဏီများ နှင့်လုပ်ကိုင်ခြင်းဖြစ်သည်ဆိုသော အချက်ကိုလည်း သတိပြုသင့်သည်။ အမှန်ပဲ အရင်းရှင်စနစ်ဆိုသည်မှာ မြတ်မည်ထင်လျှင်အာမဆိုလုပ်မည်သာဖြစ်သည် အနောက် နိုင်ငံမှ လက်ဝါးကြီးအုပ်အရင်းအနှီးများထဲတွင် စက်မှုလုပ်ငန်း၊ ကမ္ဘာကျော်အရက်လုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်း၊ ကြေးစားဘောလုံး အသင်းစသည်တို့ကို တပြိုင်နက်ထဲပိုင်ဆိုင်ထားခြင်းမျိုးများရှိသည်။ ထို့ကြောင့်  ဘီအီးဒီစီအရက်ထုတ်လုပ်ဖူးသော၊ ကွမ်းယာဆိုင်ကိုပင် ပြည်သူပိုင်သိမ်းဖူးသောစစ်အုပ်စုသည် ကဋေတစ်ထောင်ဟူသောအရင်းအနှီးကြီးဖြင့် တိုင်းပြည်ရှိအရေးပါသော၊ အမြတ်ရသောလုပ်ငန်း ကိုင်ငန်းများတွင် ရှယ်ယာဝင်ပါကာချုပ်ကိုင်ပါလိမ့်မည်။ ဤ အတိုင်းသာ ဆက်လက်တိုးချဲ့သွားပါက နောင်ဆယ်နှစ်ခန့်ကြာသောအခါ တခုသောမနက်ခင်း၌ ကြက်တွန်သံကြား၍ထကြည့်လိုက်ရာဝယ် ဗမာပြည်၏စီးပွားရေးအသက်သွေးကြောများအား စစ်အုပ်စုနှင့် ဤ ဦးပိုင်လီမိတက်တို့က ချုပ်ကိုင်ထားသည်ကိုမြင်ရလျှင် မျက်စိပွတ်ပြီးထကြည့်စရာမလိုဟု ပြောလိုပါသည်။ ဤတွင် ယင်းစီးပွားရေး ဦးပိုင်လီမိတက်အား မည်သူတွေကပိုင်ဆိုင်မည် ချုပ်ကိုင်မည်ဆိုသောပြဿနာကို ဆက်ပြောစရာလိုလာသည်။ ဤ လီမိတက်တွင် အစုရှယ်ယာဝင်တိုင်း မဲပေးခွင့်ရှိသည်ဆိုသော "လွတ်လပ်မှု"မျိုးကြောင့် သာမန်စစ်သားကလေးနှင့် စစ်ပြန်တပ်ကြပ်အိုကြီးတို့ကလည်း လီမိတက်၏ပေါ်လစီများ၊လုပ်ငန်းများကို ချယ်လှယ်ဆုံးဖြတ်ခွင့်ရကြမည်လော၊ သည်အခွင့်အရေးမျိုးကို အစုရှယ်ယာဝင်တိုင်း ခံစားရ လိမ့်မည်ဟု ၁၉ ရာစုနှစ်ကထဲကပင် မယုံကြည်ခဲ့ကြဟုဖြေရပါလိမ့်မည်။
ယခု စစ်တပ်ဦးပိုင်လီမိတက်တွင်အစုရှယ်ယာဝင်များက ဒါရိုက်တာရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင် မကျေငြာသေးချေ။ ယေဘုယျအားဖြင့်တော့ မဲပေးခွင့်မှာ အစုရှယ်ယာပိုင်ဆိုင်မှုနှင့်အညီ ဖြစ်တတ်သည်။ ဥပမာ၊ တစုပိုင်သူက တမဲ။ အစု ၁၀၀ ပိုင်သူက မဲ(၁၀၀) ပေးခွင့်ရှိသည်မျိုး ဖြစ်သည်။ ဒါဖြင့်အရွေးခံခွင့်ကရော မည်သို့ရှိပါသနည်း။ ယင်း အမိန့်ကြော်ငြာစာ၏အပိုဒ် (၆)တွင် "အစုရှယ် ယာ ကျပ်တသိန်းပိုင်ဆိုင်သူ မည်သူမဆို ဒါရိုက်တာအဖြစ် အရွေးခံနိုင်သည်" ဟု ဖော်ပြထားသည်။ စစ်တပ်အ၀န်းအ၀ိုင်းတွင် ကုမ္ပဏီတခု၌ ရှယ်ယာတသိန်းဖိုးပါဝင်နိုင်သူ (လူတဦးလျင် သုံးသိန်းဖိုးအထိရှယ်ယာဝယ်ယူနိုင်သည်ဟုဆိုသည်) ဆိုသည်မှာ မည်သို့သောလူစားများ ဖြစ်မည်နည်း။ အကယ်၍ တပ်ရင်း၊ တပ်မ စသည် အဖွဲ့အစည်းများက အမိန့်ကြော်ငြာစာ၏အပိုဒ် (၆)အရ ရှယ်ယာတန်ဘိုး တသိန်းအထက်ဝယ်ယူပြီး ဒါရိုက်တာဝင်ရောက်အရွေးခံပါပြီတဲ့၊ ယင်းအဖွဲ့အစည်းများကိုယ်စား တပ်ထောက်အရာ ခံဗိုလ်ကို ၀င်ရောက်အရွေးခံခိုင်းမည်လော။ ထို့ပြင် အပိုဒ်(၂) တွင် " ပထမအဖွဲ့ဝင်"များအဖြစ်ပါဝင်ရမည့်သူများစာရင်း၌ စစ်အရာရှိကြီး ပေါင်း (၁၄)ဦး ပါပြီးဖြစ်နေသည်ကိုလည်း သတိပြုသင့်သည်။
နောက်စဉ်းစားစရာအချက်တချက်မှာ ဤဦးပိုင်လီမိတက်၏အစုရှယ်ယာများကို တစုလျင် ကျပ် (၁၀၀၀)နှုန်း သတ်မှတ်ထားခြင်းဖြစ် သည်။ လက်ရှိကျပ်ငွေတန်ဘိုးအရဆိုလျှင် ဤသည်မှာ သာမန်စစ်သားများဝယ်ယူ ပါဝင်နိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်ဟု စဉ်းစား စရာ ရှိသည်။ သို့သော် ဤလုပ်ငန်းမျိုးနှင့် ဤလောကမျိုး ကိုယ်တွေ့ဖြတ်သန်းဖူးသူများကမူ ပြုံးမိကြပေလိမ့်မည်။ အထက်၌ကိုးကား ခဲ့သောကျမ်းထဲ၌ပင် ရဲဘော်လီနင်သည် ဤကိစ္စကိုသရော်ခဲ့ဖူးလေပြီ။ ထိုစဉ်က ဂျာမဏီနိုင်ငံတွင် ရှယ်ယာတခုလျှင် (မတ် ၁၀၀၀) ဟု အနည်းဆုံးသတ်မှတ်ထားသည်။ ဗြိတိန်တွင်မူ တပေါင်သာသတ်မှတ်ထားသည်ဖြစ်ရာ ရှယ်ယာကိုဝယ်ယူနိုင်သူ ပိုများသည်။ ထိုအခါ ရှယ်ယာပိုင်ဆိုင်မှုအပေါ်မူတည်ပြီးရွေးချယ်သော ဒါရိုက်တာဘုတ်အဖွဲ့စသည်တို့တွင် ရှယ်ယာများကိုလက်ဝါးကြီးအုပ် ပိုင်ဆိုင်သူများမှာ မဲကို အစိုင်အခဲဖြင့်ရရန်အာမခံချက်ရှိပြီး ဖြစ်နေသည်။
ကျန်အရွေးချယ်ခံနိုင်ခွင့်မရှိသူတို့၏မဲများမှာမူ သူတယောက်ကိုယ်တပေါက် ကြဲကွဲသွားတော့သည်။ ဘယ်လိုမှ စုစည်း၍မရနိုင်ချေ။ ထို့ကြောင့်လည်း ဂျာမဏီနိုင်ငံမှ အကြီးဆုံးစက်မှုလုပ်ငန်းရှင်ကြီးနှင့်ဘဏ္ဍာအရင်းရှင်ကြီးတဦးဖြစ်သူ စီးမန်း (SIEMANS)က "ဗြိတိသျှ နယ်ချဲ့စနစ်ရဲ့အုတ်မြစ်ဟာ တပေါင်တန်ရှယ်ယာစနစ်ပဲ" ဟု မနာလိုစွာဖြင့်ပြောခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ ဦးပိုင်လီမိတက်ကို ငြိမ်/ပိတို့စစ်အုပ်စုက တည်ထောင်လိုက်သည့်ရည်ရွယ်ချက်ထဲတွင် စစ်တပ်အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး၊ တပ်သားများ၏လခကိုဖြတ်ပြီး အရင်းပြုကာသွေးစုတ်ရေးစသည်တို့ အလိုလိုပါဝင်ပြီး ဖြစ်နေ သည်။ အောက်ခြေတပ်မှူးတပ်သားများ၏ဘ၀ကို အသေခံပဲစားဘ၀မှ မြှင့်တင်မည့်ရည်ရွယ်ချက်လုံးဝမပါဝင်ချေ။
အံ့သြစရာကောင်းသည်မှာ ဗမာပြည်မှစစ်အုပ်စုသည် သူ့တပ်သားများအား နိုင်ငံရေးလိုက်စားခြင်းကိုတော့တားမြစ်ပြီး သီးခြားငွေရှာ တာကိုတော့ အားပေးခွင့်ပြုသည်။ ဒါနှင့်များ လူထုက ကြေးစားတပ်ဟုခေါ်တော့လည်း နာကြသည်။ ဟုတ်ပါ့။
အခြားနိုင်ငံများတွင်
ယခုကဲ့သို့ စစ်ဗျူရိုကရက်များက စီးပွားရေးလုပ်ငန်းများဇောက်ချလုပ်လာကြခြင်းမှာ ဒုတိယကမ္ဘာစစ်ဒီဘက်ပိုင်း၊ မဖွံ့ဖြိုးသေးသောနိုင်ငံ များရှိ စစ်အုပ်စုများ၏ထူးခြားသောနိယာမဟု ဆိုနိုင်သည်။ ဤသည်ကို ယင်းနိုင်ငံများ၌ မကြာခဏစစ်အာဏာသိမ်းပွဲများ ဖြစ်ပွားခြင်းနှင့် လည်း တိုက်ရိုက်ဆက်စပ် တွေးတောနိုင်သည်။
တတိယကမ္ဘာဟုခေါ်သော ကိုလိုနီထမ်းပိုးအောက်မှမလွတ်တလွတ်နိုင်ငံများတွင် နယ်ချဲ့သမားများ၏ဖန်တီးချက်ကြောင့် အမျိုးသားစည်း လုံးညီညွတ်ရေးမှာ အစည်းပြေနေလေ့ရှိသည့်အပြင် အမျိုးသားစီးပွားရေးမှာလည်း ကြံ့ခိုင်တောင့်တင်းမှုမရှိ ဖြစ်နေတတ်သည်။ အာဏာ ရ ဓနရှင်လူတန်းစားအနေဖြင့် တိုင်းပြည်ကို တူတူတန်တန်ထူထောင်နိုင်ခြင်းမရှိသည်က များသည်။ ဤသို့သော အခြေအနေအောက် တွင် စစ်တပ်များ၏ခြေလှမ်းများသည် စစ်တန်းလျားများအပြင်ဘက်သို့ ရောက်ရှိလာသည်။ ၎င်းတို့သည် ၀န်ကြီးများရုံးတ၀ိုက်သို့လည်း ရောက်လာတတ်သည်။ မကပါ။ ထိုနယ်ပါယ်များကို မရအရတက်သိမ်းပြီး ကတုတ်ကျင်းတူး တပ်စွဲကြတော့သည်။
ဤအချင်းအရာမျိုးကိုအသားကျနေသော အရင်းရှင်နိုင်ငံကြီးများမှအပ အခြားသောကိုလိုနီတပိုင်း၊ပဒေသရာဇ်တပိုင်း နိုင်ငံတိုင်းလိုလို တွင် တွေ့ရသည်။ အထူးသဖြင့် စစ်အုပ်စုများအင်အားကြီးးသော မကြာခဏအာဏာသိမ်းကြသော လက်တင်အမေရိကတိုက်၊ အာဖရိက တိုက်နှင့်ဗမာပြည်အပါအ၀င် အရှေ့အာရှပိုင်းတွင်အတွေ့ရများသည်။
စစ်ဗျူရိုကရက်များအနေဖြင့် စစ်ဗျူရိုကရက်စီးပွားရေးထူထောင်ရာတွင် ယေဘူယျအားဖြင့် နည်းနှစ်နည်းရှိသည်။ တနည်းမှာ တဦးချင်း၏ စီးပွားရေးကို နည်းသဏ္ဍန်မျိုးစုံဖြင့်တိုးချဲ့ခြင်း ဖြစ်သည်။ ဥပမာ ဦးနေ၀င်း၊ နိုရီယေးဂါး၊ မိုဘူတူ၊ မားကို့စ်စသည်၊ နောက်တနည်းမှာ ဤ ဦးပိုင်လီမိတက်ကဲ့သို့သော အဖွဲ့အစည်းလိုက်ထူထောင်ခြင်းမျိုးဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ အောက်ပါဥပမာကို ကြည့်ပါ။
ဖိလစ်ပိုင်စစ်တပ်၏ရန်ပုံငွေအဖွဲ့သည် ၁၉၇၆ခုနှစ်တွင် (RSBS) ခေါ် ပင်စင်နှင့်ခွဲခွာမှုအကျိုးခံစားမှုစနစ်ဆိုသည့် အရင်းအနှီးတရပ်ကို တည်ထောင်ခဲ့သည်။ တည်ထောင်သည့် အဓိကရည်ရွယ်ချက်မှာ ထိုစဉ်က အမေရိကန်နိုင်ငံအပါအ၀င် ဖိလစ်ပိုင်တနိုင်ငံလုံးရှိ နိုင်ငံရေးပါ တီများနှင့်လူထုများက ဆန့်ကျင်နေသော သမတ မားကို့စ် ချမှတ်ကျင့်သုံးနေသည့်စစ်အုပ်ချုပ်ရေးကို စစ်တပ်အရာရှိများကိုယ်တိုင်က ထောက်ခံလာကြစေရန်ဖြစ်သည်။
သည့်အတွက် မားကို့စ်က အမိန့်ကြောငြာစာတရပ်ထုတ်ပြန်ကာ ဖိလစ်ပိုင်ပီဆိုသန်း (၂၀၀) အမေရိကန်ဒေါ်လာ (၉)သန်း နီးပါးကို ပင်စင်ရန်ပုံငွေဟုသတ်မှတ်ပြီး ရင်းနှီးမတည်ပေးခဲ့သည်။ ထို့ပြင် ဤအဖွဲ့အည်း၏အရင်းအနှီးအတွက် စစ်သားပေါင်း (၁၅၀,၀၀၀) တို့၏ လစာထဲမှ (၅%)ကိုလည်း လစဉ်ပုံမန်ဖြတ်ယူခဲ့သည်။ ၎င်း၏ပိုင်ဆိုင်မှုတန်ဘိုးမှာ ၁၉၈၃ခုနှစ်ဆီတွင် ပီဆို (၉၅၄.၄)သန်း ရှိခဲ့ရာမှ ၁၉၈၈ ခုနှစ်သို့ ရောက်သောအခါ ပီဆို (၂၇၀၆)သန်း ဖြစ်လာသည်။ (၅)နှစ်အတွင်း (၁၈၃.၈%) တိုးပွားလာခြင်းဖြစ်သည်။
ဤအဖွဲ့အစည်းသည် ငြိမ်/ပိ၏လီမိတက်ကဲ့သို့ပင် ငွေအရင်းအနှီးကိုကိုင်ပြီး ဦးပိုင်လုပ်ငန်းများလုပ်ခဲ့သည်။ မူလက အခြားကုမ္ပဏီကြီး များ၊ လုပ်ငန်းကိုင်ငန်းကြီးများကို ငွေချေးပေးခြင်းများလုပ်ခဲ့ရာမှ နောက်ပိုင်းတွင် ရှယ်ယာဝယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ အကြီးအ ကျယ်လုပ်လာခဲ့သည်။ သံမဏိလုပ်ငန်းမှအစ ပက်ပ်စီကိုလာ၊ ဘိလပ်ရည်ပုလင်းစက်ရုံ၊ ဘဏ်လုပ်ငန်းစသည်တို့တွင် အရင်းအနှီးဝင်ပါ ခဲ့ကြသည်။ ဤကဲ့သို့ အခြားလုပ်ငန်းကိုင်ငန်းများတွင်ပါဝင်သည့်ရှယ်ယာတန်ဘိုးချည်းကိုက ပီဆိုကုဋေ (၂၄၀)ဘိုးမျှရှိသည်။ အခွန်လွတ် ငြိမ်းခွင့်ရသောဘွဲ့ရစစ်ဗိုလ်များချည်းလိုလိုဦးစီးသော ဤအရင်းအနှီးသည် မူလက မပြောပလောက်သည့် အဆောက်အအုံတခုဘ၀မှ နေ၍ (၁၃) နှစ်ဆိုသောကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ အကြီးဆုံးသောငွေကြေးအဆောက်အအုံများစာရင်းတွင် ပါဝင်လာတော့သည်။
တကယ်က ဗမာပြည်တွင် စစ်အုပ်စုက အာဏာရထားသည်ဖြစ်သဖြင့် စစ်တပ်ဗျူရိုကရက်အရင်းအနှီးနှင့် နိုင်ငံတော်အရင်းအနှီးတို့မှာ ဒွေးရောယှက်တင်ဖြစ်နေပြီး ဤသို့သော ငွေကြေးအဆောက်အဦမျိုး မတည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ အဆန်းလို ဖြစ်နေ သည်။ အထက်တွင်ဆိုခဲ့သောနိုင်ငံများတွင်မူ ဤသို့သော စစ်တပ်ပိုင်အရင်းအနှီးကြီးများမှာ ဗြောင်ပင်တည်ရှိနေကြသည်။ ရှက်စရာဟူ၍ ပင် မယူဆကြချေ။ ဒါတင်မက ထိုင်းနိုင်ငံလို စစ်အုပ်စုများဗြောင်ကွဲနေသောနိုင်ငံမျိုးတွင် သူတို့၏စီးပွားရေးအဆောက်အဦမှာလည်း ဗြောင်ပြိုင်ဆိုင်နေကြလေသည်။
ဗမာပြည်တွင် "စစ်တပ်တခုလုံး"၏အကျိုးစီးပွားများထည့်သွင်းထားသော စီးပွားရေးလီမိတက်တရပ်ပေါ်ပေါက်လာသဖြင့် စစ်တပ်တွင်းကွဲ ပြဲမှုများကိုထိန်းချုပ်နိုင်မည်လော…။ လက်ဝါးကြီးအုပ်အရင်းရှင်းစနစ်သည် အရင်းအနှီးငယ်သူများ၊ စီးပွားပျက်သူများကို သူ့အောက်ဆွဲ သွင်းကာစုစည်းလိုက်သည်မှာ မှန်သည်။  သို့သော် အရင်းရှင်စနစ်၏အခြေခံမှာ လက်ဝါးကြီးအုပ်စနစ်ဖြစ်သလို အရင်းရှင်စနစ်၏ပျက်စီး ခြင်းကိုလည်း လက်ဝါးကြီးအုပ်စနစ်ကပင်ဆောင်ကျဉ်းသည်ဆိုသောအချက်ကို မမေ့အပ်ပေ။ ဤ စစ်တပ်ဦးပိုင်လီမိတက်သည် လက် တွေ့တွင် နဂိုကမှ အဆင့်အတန်းအင်မတန်ကွာခြားနေသော စစ်တပ်ထိပ်ပိုင်းနှင့်အောက်ခြေတို့အား ပိုမိုကွာခြားစေမည်သာဖြစ်ရာ ရေရှည်တွင် အောက်ခြေက ထိပ်ပိုင်းကိုမကျေနပ်မှုများ ပေါ်ပေါက်စရာအကြောင်းတကြောင်းလည်း ဖြစ်လာမည်မှာသေချာသည်။ ထို့အပြင် ထိပ်ပိုင်းတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးသော "တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဖေ ငါးထောင် မရသော်ကြောင့်" ဆိုသည်မျိုး ၎င်းတို့ချင်းအဝေမတည့်သည့်ပြဿနာများလည်း ပေါ်လာပါလိမ့်ဦးမည်။ ဤသို့သော စီးပွားရေးအဆောက် အအုံများ စစ်တပ်အတွက် ကြီးကြီးမားမားနှင့်အခြေတကျရှိသည့်အကြားမှပင် အကြိမ်ကြိမ်အာဏာသိမ်းမှုများ၊ အပြန်အလှန်အာဏာ သိမ်းမှုများဖြစ်နေသော တတိယကမ္ဘာနိုင်ငံများ၏သာဓကများမှာ အပုံအပင်မဟုတ်ပါလား။
နိဂုံး
ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ၊ သဘောတူချင်တူ၊ သဘောမတူချင်နေ၊ ယခုတော့ စောမောင်၊ ခင်ညွန့်တို့၏ "ချိန်ခါရှိခိုက်၊လုံ့လစိုက်" မှုကြောင့် သူတို့ကြေးစားတပ်အတွက် ကဋေတထောင်တန် ဦးပိုင်လုပ်ငန်းကိုင်ငန်းကြီးတခု ပိုင်ပိုင်ရရှိလိုက်ကြပါပြီ။ ရွေးကောက်ပွဲမှ တက်လာမည့်နောက်အစိုးရအနေဖြင့် ပြည်သူတို့သွေးများဖြင့်ပေကျံနေသော ဤ လီမိတက်ကြီးကို အောင့်ကာနမ်းရပေဦးတော့မည်။ ဤစစ်ဗျူရိုကရက်ထိပ်သီးများနှင့် ဤစစ်တပ်တို့ တွဲလျက်သားတည်ရှိနေသမျှ ၎င်းတို့ အာဏာရှိတုန်းပြဋ္ဌာန်းခဲ့သည့် ယခုကဲ့သို့သော အမိန့်ကြောငြာစာများကို မည်သည့်အရပ်သားအစိုးရက တရားမ၀င်ဟုကျေငြာပယ်ဖျက်ဝံ့မည်နည်း။ ထို့ပြင် နိုင်ငံခြားနှင့်စာချုပ်ထားသော သဘောတူညီမှုများကလည်းပါရှိနေသေးတော့ အဖက်ဖက်လည်း ထောက်ထားရဦးမည်။
နောက်တက်လာမည့်အစိုးရများ မဆလနှင့်ငြိမ်/ပိတို့ထင်တိုင်းလုပ်ခဲ့သဖြင့် ဖရိုဖရဲ၊ ပျက်စီးချင်တိုင်းပျက်စီးနေသော နိုင်ငံ၏စီးပွားရေးကို ကြိုးစားပမ်းစားစုစည်းရာတွင် အရင်းအနှီးရှာဖွေစုဆောင်းရေး၊ ငွေစက္ကူဖောင်းပွမှုထိန်းချုပ်ရေးတို့ကို မဖြစ်မနေလုပ်ရပေမည်။
သို့သော် ဤစစ်တပ်၏ဦးပိုင်လီမိတက်ကြီးသည် တိုင်းပြည်၏ရှားပါးသည့် ငွေရင်းငွေနှီးကိုလည်းယူသုံး၊ ငွေစက္ကူဖောင်းပွမှုကိုလည်း ပိုမိုဆိုးဝါးစေပေဦးတော့မည်။
သေချာသည်မှာတော့ ဤစစ်တပ်ပိုင် ဦးပိုင်လီမိတက်ကြီးသာ အတောင်အတက်စုံလာပြီဆိုပါက စစ်တပ်နှင့်စစ်အုပ်စုသည် ဗမာပြည်တွင် အကြီးဆုံးသောလက်ဝါးကြီးအရင်းရှင်အုပ်စုကြီးဖြစ်လာကြောင်း "တရားဝင်"ကမ္ဗည်းထိုးပြီး ဖြစ်လာပေလိမ့်မည်။
(၁၉၉၀ခုနှစ်၊ မေလ၊ (၉) ရက်နေ့ထုတ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏အာဘော်၊ ပြည်သူ့အာဏာ ဂျာနယ်၊ အမှတ် ၆)

0 comments:

Post a Comment