Sunday, February 17, 2013

“ဘားမား”“၂ဝဝ၈ အခြေခံဥပဒေ”နှင့် တစ်ခါက“တာဝန်အရဖီဆန်ကြ” (တူမောင်ညို)

0 comments
“ဘားမား” “ ၂ဝဝ၈ အခြေခံဥပဒေ” နှင့် တစ်ခါက “တာဝန်အရဖီဆန်ကြ”(တူမောင်ညို)၂ဝ၁၃ ခုနှစ်၊ ဖေဖေဝါရီလ ၁ဝ ရက်
ဘားမား(Burma)ကိစ္စသည် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် အကဲဆတ်သောပြဿနာဖစ်ပုံရသည်။ ဆိုရှယ်မီဒီယာ (Facebook) တွင်ပြောနေကြသောစကားလုံးနှင့်ပြောရရလျှင် “ဘားမား”ဟူသော အသုံးအနှုန်းသည် (ဗိုလ် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် “စန်းစန်းတင့်” (sensitive)ဖစ်သည်။
            ကချင်ပြည်နယ်၊ လိုင်ဇာ-လဂျားယန်တိုက်ပွဲများနှင့်ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကကြညာချက်ထုတ်ပြန်ရာတွင်“ဘားမား”ဟူသောစကားလုံးအပါအဝင်(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် “စန်းစန်းတင့်” ဖြစ်ရသောဝေါဟာရများပါရှိလာသည်။ သို့အတွက် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ကန့်ကွက်ခဲ့သည်။
            ကြေညာချက်ထုတ်ပြီး တစ်ပါးနိုင်ငံ၏ပြည်တွင်းရေးဝင်စွက်သည်မှာ ဝါရှန်တန်အဖို့ ထမင်းစားရေသောက်ကိစ္စကလေးတွေမျှသာ ဖြစ်သည်။ လေယာဉ်တင်သင်္ဘော၊ စစ်တပ်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ မောင်းသူမဲ့လေယာဉ်ပျံများဖြင့် အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေကို ထိပါးကျူးကျော်နသည့်ဖြစ်ရပ်များမှာ အတိတ်နှင့်ပစ္စုပ္ပန်၌လက်ညှိုးထိုးမလွဲရှိနေသည်။
 ကမ္ဘာ့၏ မည်သည့်ချောင်ကြိုချောင်ကြားတွင်မဆို အမေရိကန်အကျိုးစီးပွားရှိနေပြီး၊ ပါဝါအပျော့၊ ပါဝါအမာများဖြင့်စွက်ဖက်နေသည်ချည်းဖစ်သည်။ “ကုလသမဂ္ဂပဋိဉာဉ်စာတမ်း”ဆိုသည်မှာ အမေရိကန်အတွက်  အလေးထားစရာမဟုတ်ချေ။
            (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေဖြင့်လည်း “ဝါရှင်တန်သမ္မတအိမ်တော်”က ကြေညာချက်ထုတ်ပြောလျှင် ကျိတ်မှိတ်ခံမည့်ပုံရှိသော်လည်း ယခုလို “ရန်ကုန်အခြေစိုက်သံရုံး”က ကြေညာချက်ထုတ်ပြန်သည့်ကိစ္စမှာတော့ အနားကပ်ပြီး နားရွက်တံတွေးဆွတ်တာခံလိုက်ရသဖြင့် အတော်လေးမချိမခံသာဖစ်သွားပုံရပါသည်။ သို့အတွက်“ပြင်းထန်စွာကန့်ကွက်ကြောင်း”ကြေညာချက်ထုတ်ခဲ့သည်။
           
            နောက်ထပ်တစ်ခါ “ဘားမား” စကားလုံးကိုသုံးစွဲပြောဆိုသူက ပြည်တွင်းမှာလာအခြေစိုက်သည့် ပြည်ပနိုင်ငံသံရုံးမဟုတ်၊ြ
ပြည်တွင်းကပုဂ္ဂိုလ်က နိုင်ငံခြားခရီးစဉ်တစ်ခု (ဟူနိုလူလူ- တောင်ကိုးရီးယား) တွင်ပြောခြင်းဖြစ်သည်။ နိုင်ငံခြားတွင် နိုင်ငံခြားဘာသာစကားဖြင့် သုံးစွဲဆက်ဆံပြောဆိုရသဖြင့် 
“ဘားမား”ဟု သုံးသည်လား မပြောတတ်ချေ။
            ထိုသို့ “ဘားမား”ဟုသုံးစွဲပြောဆိုသူမှာ အခြားသူမဟုတ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်။
            “ဘားမား”ဟု သုံးစွဲရခြင်းနှင့်ပတ်သက်၍ (နဝတ-နအဖ) စစ်အစိုးရက လူထုသဘောထား မခံယူဘဲ။ ၄င်းတို့သဘောနှင့် စိတ်ကြိုက်ပြောင်းလဲခဲ့သဖြင့်လက်မခံနိုင်ကြောင်း၊ ထို့အပြင် မိမိအနေဖြင့် “ဘားမား”လို့သုံးရသည်ကိုသဘောတွေ့သဖြင့် “ဘားမား”ဟုသာသုံးကြောင်း၊ သုံးစွဲပိုင်ခွင့်လည်းရှိကြောင်း သဘောမျိုးပြောတာ ဖတ်ဖူးနားထောင်ဖူးပါသည်။
            (Burma)“ဘားမား”ကို  (Myanmar) “မြန်မာ”ဟုပြောင်းစဉ်က (နဝတ-နအဖ) စစ်အစိုးရက ၄င်းတို့စိတ်ကြိုက်ပြောင်းခဲ့ခြင်း ဖြစ်သည်။ ပြည်သူလူထုကို ထည့်ပင်မစဉ်းစားခဲ့ချေ။ ယင်းသို့ လူထုသဘောထားကိုတာင်းခံခြင်းမရှိဘဲ။ တိုင်းပြည်၏နာမည်ကို ၄င်းတို့စိတ်ကြိုက်ပြောင်းလဲခြင်းသည်၊ မတရားသောကိစ္စ၊ မဖြစ်ထိုက်၊ မဖြစ်သင့်သောကိစ္စ၊ လက်ခံနိုင်ဖွယ်မရှိသောကိစ္စဖြစ်သည်။ သို့အတွက် ယင်းသို့သောသဘောထား၊ အပြုအမူနှင့်လုပ်ရပ်ကို ဖီဆန်ကြရမည်၊ ဆန့်ကျင်ကြရမည်၊ တိုက်ဖျက်ကြရမည်သာဖြစ်သည်။
            ဤနေရာတွင် အောက်ပါမေးခွန်းပေါ်လာပါသည်။
            (Burma)“ဘားမား”ကို  (Myanmar)“မြန်မာ”ဟုပြောင်းသည်ကို လက်မခံနိုင်ဟုဆိုသူက  “၂ဝဝ၈ အခြေခံဥပဒေ”ကို အဘယ့်ကြောင့် လက်ခံနိုင်သနည်း။
            “၂ဝဝ၈ အခြေခံဥပဒေ”ကို (နဝတ-နအဖ)စစ်အစိုးရသည် စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုခဲ့သည့်မတရားသောဥပဒေ တစ်ရပ်ဖြစ်သည်။ တစ်ခါက ဒီချုပ်ပါတီသည် “၂ဝဝ၈ အခြေခံဥပဒေ”ကို“တရားမဝင်/လက်မခံ” ဟုကြေညာချက်ထုတ်ခဲ့ဖူးသည်။
 “၂ဝဝ၈ အခြေခံဥပဒေ”ကိုလက်ခံပြီး၊ (Burma)“ဘားမား” ကို  (Myanmar) “မြန်မာ” ဟုပြောင်းသည်ကို လက်မခံနိုင်ဟုဆိုနေခြင်းမှာ ရှေ့နောက်မညီဖြစ်နေပါသည်။ ကလေးဆန်သလိုဖြစ်နေပါသည်။(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် ထောက်ကွက်တစ်ခု ဖြစ်နေပါသည်။
            “ဘားမား” ဟူသောဝေါဟာရကို လက်မခံနိုင်ဘဲ၊ Parent Law ၊ Supreme Law ဖြစ်သည့် “အခြေခံဥပဒေ”ကျတော့ “လေးစားလိုက်နာ/ထိန်းသိမ်းကာကွယ်ပါမည်” ဟုလက်ခံနေသည်မှာ တကယ့်အံ့ဖွယ်သုတ ဖြစ်နေပါသည်။ 
            ယခင်က ယင်းသို့ “ဘားမား”သုံးစွဲခဲ့သည့်အပေါ်  ရွေးကောက်ပွဲကော်မရှင်က စာပို့အကြောင်းကြား သတိပေးခဲ့ဖူးသည်။ ယခုလည်း“ ဝမ်နင်”ထပ်ပေးလိမ့်ဦးမည်ထင်သည်။
 ယခုလောလောဆယ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ၂ နှစ်ပြည့်အခမ်းအနားတွင်  “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိအောင်လုပ်တဲ့အခါမှာ တရားဥပဒေစိုးမိုးဖို့ဆိုတာ လွှတ်တော်ကနေအတည်ပြုပြဋ္ဌာန်းလိုက်တဲ့၊ လွှတ်တော်မရှိခင်တုန်းကပြဋ္ဌာန်းထားတဲ့တည်ဆဲဥပဒေများကို လူတိုင်းလိုက်နာရမယ်။ လူတိုင်းလိုက်နာဖို့လိုတယ်” လို့ ပညာပေးသွားခဲ့သည်။
မည်သူနှင့်မည်သည့်အကြောင်းအရာကိုရည်ညွန်းသလဲဆိုတာ လူတိုင်းသိသည်။
“တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ” ကို “တည်ဆဲဥပဒေများကို လူတိုင်းလိုက်နာရမည်”ဟူသော ကြိုးဖြင့်ချည်နှောင်လိုက်ခြင်းပင် မဟုတ်ပါလော။ တရားဥပဒေစိုးမိုးရေးစကား ပြောလွန်းသူကို တရားဥပဒေစိုးမိုးရေးစကားဖြင့် ပုဒ်မချပေးလိုက်ခြင်းဖြစ်သည်။
“အမိန့်၊ ဥပဒေ”ဆိုသည်မှာ ပြည်သူလူထုကို အကာအကွယ်ပေးဖို့သာလျှင်ဖြစ်ရမည်။ ပြည်သူ လူထုကို ခြိမ်းခြောက်အနိုင်ကျင့်ရန်မဟုတ်။
 “တည်ဆဲအမိန်၊ဥပဒေ”တစ်ရပ်ရပ်သည် ပြည်သူလူထု၏ နေ့စဉ်နေထိုင်မှုဘဝနှင့်ယုံကြည်မှုကို ဟန့်တားနှောင့်ယှက်နေလျှင်၊ ခြိမ်းခြောက်ဖိနှိပ်နေလျှင် ထို “တည်ဆဲအမိန့်၊ ဥပဒေသည် မတရားသောအမိန့်ဥပဒေသာဖြစ်သည်ဟု သတ်မှတ်ရမည်။ သို့ပါ၍ “တည်ဆဲအမိန့်၊ ဥပဒေ”မှန်သမျှကို တရားသောအမိန့်ဥပဒေလော၊ မတရားသည့်အမိန့်ဥပဒေလော ပထမဦးစွာဆန်းစစ်ကြရမည်။ မတရားသောတည်ဆဲအမိန့်ဥပဒေဖြစ်နေလျှင် တာဝန်အရဖီဆန်ရမည်၊ ချိုးဖောက်ရမည်၊ ဆန့်ကျင်ရမည်၊ တိုက်ဖျက်ရမည်သာဖြစ်သည်။
တစ်ခါက ကျနော်တို့၏ ဒီမိုကရေစီခေါင်းဆောင်သည် “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ”ရန် လမ်းညွန်မှာကြားခဲ့ဖူးသည်။ တစ်ခါကဖြစ်ပါသည်။
“၂ဝဝ၈ အခြေခံဥပဒေ”သည် မတရားသောဥပဒေတစ်ခု ဖြစ်ပါသည်။
ထို့အပြင်အခြားသော “တည်ဆဲအမိန့်၊ ဥပဒေများ”တွင် မတရားသောအမိန့်များ၊ အာဏာများ၊ ဥပဒေများ၊ များစွာပါရှိနေပါသည်။
 သို့ပါ၍ မည်သူတို့သည်၊ မည်သို့ပင်ဖြစ်နေစေကာမူ ကျနော်တို့ပြည်သူများအနေဖြင့် “မတရားတဲ့အမိန့်၊ အာဏာ၊ ဥပဒေဟူသမျှ” (တည်ဆဲ/တည်လတံ့)ကို တာဝန်အရဖီဆန်ကြရဦးမည်။ ချိုးဖောက်ကြရမည်ဦးမည်။ ဆန့်ကျင်ကြရဦးမည်။ တိုက်ဖျက်ကြရဦးမည်သာဖြစ်ပါသည်။

ညွန်း

- နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် ၊ မြန်မာ့အလင်းသတင်းစာ၊ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ “လွှတ်တော်သက်တမ်း၂ ပြည့်အခမ်းအနား” တွင် ပြောကြားချက် ၊  ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၂ ၊ စာမျက်နှာ ၂၆

0 comments:

Post a Comment