Friday, May 29, 2015

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တခုကို ပြန်လည်ပြောပြခြင်း (ဘိုးသိမ်း)

0 comments
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တခုကို ပြန်လည်ပြောပြခြင်း (ဘိုးသိမ်း)
၂ဝ၁၅ ခု မေလ ၂၂ ရက်(သောကြာ)နေ့ထုတ် Daily Eleven သတင်းစာမှာ လွှတ်တော်သို့ လာရောက်လေ့လာသည့် သန်လျင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့သတင်း ဖတ်ရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “အခုအချိန်မှာ ဒီသမဂ္ဂကိစ္စဆိုရင် အများကြီးပြောကြတယ်။ အန်တီတို့ကတော့ အမြဲပဲပြောပါတယ်။ ကျောင်းသူကျောင်းသားများဟာ တန်းတူညီတူအခွင့်အရေးရှိရမယ်။ အဲဒါဆို သမဂ္ဂဝင်မှ မဟုတ်ဘူး။ သမဂ္ဂဝင်ကို အခွင့်အရေးတမျိုး၊ သမဂ္ဂဝင်မဟုတ်တဲ့သူကို အခွင့်အရေးတမျိုး၊ အဲဒီလိုလုပ်လို့မရဘူး။ အဲဒါဆိုရင် ဒီမိုကရေစီစံနှုန်းစံထားနဲ့လည်း မကိုက်ညီဘူး။ တကယ်ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင်မှ မကိုက်ညီဘူး။ အဲ့ဒါကိုလည်း မမေ့ကြနဲ့” လို့ ပြောကြား သွားပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်းဆန်းစုကြည်အနေနဲ့ သူ့အမြင်ကို သူသိသလောက် သူပြောသွားတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ဘာမှမဝေဖန်လိုပါဘူး။ အဲ့ဒီသတင်းကို ကျွန်တော်ဖတ်ရှုလိုက်ရတဲ့အချိန်မှာ ချက်ချင်းလိုပဲ၊ ကျွန်တော့ခေါင်းထဲမှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ သမိုင်းဖြစ်ရပ်မှန်လေးတခုကို ပြန်လည်မြင်ယောင်လာပါတယ်။ အဲဒီ သမိုင်းဖြစ်ရပ်မှန်လေးဟာ နှစ်ပေါင်း ၆၃ ခုနှစ်က ဖြစ်ပျက်ခဲ့တာဆိုတော့ မီလိုက်သူတချို့လောက်တော့ပဲ ရှိပါတော့မယ်။
ဒါကြောင့် အဲဒီသမိုင်းဖြစ်ရပ်မှန်းလေးကိုတော့ အများပြည်သူများ၊ ကျောင်းသားများ၊ လူငယ်များ သိအောင်တင်ပြချင်ပါတယ်။

၁၉၃၁ ခုနှစ် ဇန်နဝါရီလ (၉)ရက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းတဲ့အချိန်က စတင်ပြီး ၁၉၅၃-၅၄ စာသင်နှစ်အထိ ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မဟုတ်ကြပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ချင်တဲ့ တက္ကသိုလ်ကျောင်းသားများဟာ သမဂ္ဂဝင်ခွင့်လျှောက်လွှာပုံစံများကိုဖြည့်သွင်းပြီး ကျောင်းသားသမဂ္ဂ ဝင်ကြေးတကျပ် ပေးသွင်းခါ သမဂ္ဂဝင်အဖြစ် ခံယူကြရပါတယ်။ တချို့ ကျောင်းသားအနည်းစုကတော့ သမဂ္ဂမဝင်ကြပါ။

၁၉၅၃-၅၄ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်ရွေးကောက်ပွဲမှာ မဲခိုးတဲ့ပြဿနာဖြစ်ပွားခဲ့ပါတယ်။ စတင်ဖြစ်ပွားတာကတော့ ဒီလိုပါ။
အဲဒီအချိန်က အစိုးရအာဏာရရှိနေတဲ့ဆိုရှယ်လစ်ပါတီနဲ့နီးစပ်တဲ့ ကိုကိုကြီးက ၁၉၅၂ - ၅၃ ပညာသင်နှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပါတယ်။ ကိုကိုကြီးဟာ ဆိုရှယ်လစ်ပါတီနဲ့နီးစပ်တဲ့ ဒီအက်(စ)အိုအဖွဲ့ (D.S.O) ရဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒီအက်(စ)အိုအဖွဲ့ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအတွင်းမှာ စည်းရုံးရေးကျဆင်းတဲ့အချိန် ဖြစ်ပါတယ်။ ဘာကြောင့် စည်းရုံးရေးကျဆင်းတယ်ဆိုတာကိုတော့ ရှည်မှာစိုးလို့ မရေးတော့ပါဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ ၁၉၅၂-၅၃ ပညာသင်နှစ် တကသဥက္ကဋ္ဌက ၁၉၅၃-၅၄ ပညာသင်နှစ်အတွက် တကသအမှုဆောင်ရွေးကောက်ပွဲကို “ရွေးကောက်ပွဲအရာရှိ” အဖြစ် တာဝန်ယူပြီးကျင်းပပေးရပါတယ်။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်မဟုတ်သေးတဲ့အတွက် တကသရွေးကောက်ပွဲမှာ တက္ကသိုလ်ကျောင်းသားတိုင်း မဲဆန္ဒပေးခွင့် မရှိပါဘူး။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကတ်ပြား ကိုင်ထားသူသာ မဲဆန္ဒပေးခွင့်ရပါတယ်။
၁၉၅၃-၅၄ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပထမအသုတ်အမှုဆောင်ရွေးကောက်ပွဲကို ၁၉၅၃ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့မှာ ကျင်းပပြုလုပ်ပါတယ်။

အစိုးရအာဏာရဆိုရှယ်လစ်တွေနဲ့နီးစပ်တဲ့ဒီအက်(စ)အိုအဖွဲ့အနေနဲ့ ကျောင်းသားထုအတွင်း စည်းရုံးရေးကျဆင်းနေချိန်ဖြစ်သဖြင့် ရွေးကောက်ပွဲအရာရှိ ဒီအက်(စ)အိုအဖွဲ့ခေါင်းဆောင် ကိုကိုကြီးအနေနဲ့ တကသအမှုဆောင်ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုအဖွဲ့ ရှုံးနိမ့်သွားမှာကို အလွန်စိုးရိမ်နေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအရာရှိကိုကိုကြီးဟာ တကသအမှုဆောင်ရွေးကောက်ပွဲမှာ မသမာမှုတွေကို ပြုလုပ်ပါတယ်။

ပြုလုပ်ပုံကဒီလိုပါ။
အဲဒီအချိန်တုန်းက လွတ်လပ်ရေးရပြီးမှ အသစ်ဖွင့်လှစ်တဲ့အစိုးရဌာနများ ဥပမာလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ လယ်ယာနှင့်ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (ARDC) ၊ စက်မှုတိုးတက်ရေးကော်ပိုရေးရှင်း ( IDC)မှာ ဆိုရှယ်လစ်ပါတီဝင်များကို ဝန်ထမ်းအဖြစ် ခန့်ထားပါတယ်။ အဲဒီအစိုးရဌာနများက တက္ကသိုလ်ကျောင်းသားအရွယ် ဆိုရှယ်လစ်ပါတီဝင်ဝန်ထမ်းများကို တကသရွေးကောက်ပွဲအရာရှိ ကိုကိုကြီးက တက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်ကတ်ပြားများ ထုတ်ပေးပြီး၊ တက္ကသိုလ်ကျောင်းသားအယောင်ဆောင်ကာ ဒီအက်(စ)အို အဖွဲ့ကို မဲထည့်ခိုင်းပါတယ်။

အမှန်တကယ် မဲထည့်ရန်လာတဲ့ တက္ကသိုလ်ကျောင်းသားများ မဲထည့်ရန် မဲရုံ (အဲဒီအချိန်က တကသ အဆောက်အအုံအပေါ်ထပ်ရှိ အစည်းအဝေးခန်းမကြီးကို မဲရုံအဖြစ်ပြုလုပ်ထားပါတယ်)သို့ရောက်ရှိသောအခါ မဲစာရင်းရှိ အဲဒီကျောင်းသားများ၏အမည်မှာ မဲထည့်ပြီး ဖြစ်နေကြောင်းတွေ့ရသဖြင့် အဲဒီကျောင်းသားတချို့နဲ့ ပြဿနာတက်နေကြပါတယ်။

အဲဒီအချိန်မှာ ကိုတင်ထွန်းအမည်ဖြင့် လူတစ်ယောက် မဲပြားလာထုတ်ပါတယ်။ ကံဆိုးချင်တော့ မဲအမှန်တကယ်ထည့်ခွင့်ရှိတဲ့ တက္ကသိုလ် ကျောင်းသားကိုတင်ထွန်းအစစ်အမှန်မှာ တကသရွေးကောက်ပွဲမှာ သန့်ရှင်းအဖွဲ့ကအရွေးခံတဲ့ကိုအုန်းခိုင်နဲ့ အခန်းတခန်းထဲနေတဲ့ အခန်းဖော်ကျောင်းသား ဖြစ်နေပါတယ်။ ကိုတင်ထွန်းအမည်နဲ့ မဲပြားထုတ်ယူချိန်မှာ ကိုအုန်းခိုင်က “ခင်ဗျား ကိုတင်ထွန်းမဟုတ်ဘူး”ဆိုပြီး ဝင်ဖမ်းကာ၊ ထိုသူအား ရွေးကောက်ပွဲ အရာရှိ ကိုကိုကြီးထံခေါ်ဆောင်သွားပါတယ်။

နဂိုက သူတို့အမည်နဲ့ လူစားထိုးမဲထည့်ခံထားရလို့ မကျေမနပ်ဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေက “မဲသူခိုးမိပြီဟေ့”လို့ အော်ဟစ်ဆူပူ ကြပါတယ်။ နောက်တော့ ကျောင်းသားထုအတွင်းက “မတရားသော ရွေးကောက်ပွဲအလိုမရှိ”ဆိုတဲ့အသံတွေ ပေါ်ထွက်လာပါတယ်။
အဲဒီအချိန်မှာ ရွေးကောက်ပွဲအရာရှိကိုကိုကြီးက ကမာရွတ်ရဲစခန်းကို ဖုန်းဆက်လိုက်ပုံရပါတယ်။ ရဲကားတွေ တကသအဆောက်အအုံရှေ့ ရောက်ရှိလာပြီး၊ ရဲသားတစ်ချို့ တကသအဆောက်အအုံအပေါ်ထပ်ကို ပြေးတက်လာပါတယ်။

ရဲတွေတက်လာတဲ့အချိန်မှာ ကျောင်းသားတချို့က “မဲပုံးကို ရဲလက်တော့ မအပ်ဘူး”ဟုအော်ဟစ်ကာ တကသ အဆောက်အအုံအပေါ်ထပ်မှ ကတ္တရာလမ်းမပေါ် ပစ်ချလိုက်ပါတယ်။ မဲပုံး ကတ္တရာလမ်းမပေါ်ကျသည့်အချိန်မှာ မဲပုံးကွဲအက်သွားပြီး မဲပြားများ မဲပုံးဘေးကတ္တရာလမ်းပေါ် သို့ လွင့်စင်သွားပါတယ်။ ကတ္တရာလမ်းပေါ်မှာရှိနေတဲ့တက္ကသိုလ်ကျောင်းသား တချို့က “မတရားတဲ့ ရွေးကောက်ပွဲ”ဟု အော်ဟစ်ရင်း လွင့်စင်လာတဲ့မဲပြားတွေကို ဆုတ်ဖြဲကြပါတယ်။

အဲဒီလိုနဲ့ တကသအမှုဆောင် ရွေးကောက်ပွဲ ပျက်သွားပါတယ်။

နောက်တစ်နေ့ နေ့စဉ်သတင်းစာတွေမှာ ကွဲအက်နေတဲ့မဲပုံးကြီးနဲ့ ဘေးကိုလွင့်စင်နေတဲ့မဲပြားတွေကို အနီးကပ် (Close up)ရိုက်ထားတဲ့ ဓာတ်ပုံကို သတင်းစာမျက်နှာဖုံးမှာ အသားပေးဖော်ပြထားကြပါတယ်။ အဲဒီလိုနဲ့ တကသအမှုဆောင်ရွေးကောက်ပွဲမှာ ဒီအက်(စ)အိုတွေ မဲခိုးတဲ့သတင်းဟာ တတိုင်းပြည်လုံး ဟိုးလေတကျော်ဖြစ်သွားပါတယ်။

၁၉၅၃-၅၄ ပညာသင်နှစ်မှာ တက္ကသိုလ်အာဏာပိုင်တွေက တကသအမှုဆောင်ရွေးကောက်ပွဲအသစ် ပြန်လုပ်ခွင့်မပေးတော့ပါဘူး။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသမိုင်းမှာ ၁၉၅၃-၅၄ ပညာသင်နှစ်မှာ တကသအမှုဆောင်အဖွဲ့မရှိခဲ့ပါဘူး။

၁၉၅၄-၅၅ စာသင်နှစ်မှာတော့ ကျောင်းသားခေါင်းဆောင်များနဲ့ တက္ကသိုလ်အာဏာပိုင်များဆွေးနွေးတိုင်ပင်ကြပြီး ၁၉၅၃-၅၄ တကသ အမှုဆောင်ရွေးကောက်ပွဲလိုအဖြစ်မျိုး ထပ်မံမပေါ်ပေါက်အောင် အစီအစဉ်တွေရေးဆွဲကြပါတယ်။ တကသဖွဲ့စည်းပုံစည်းမျဉ်းဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း တကသရွေးကောက်ပွဲအရာရှိအဖြစ် တကသဥက္ကဋ္ဌဟောင်းကပဲ ဆောင်ရွက်ရပါတယ်။ မဲပြားထုတ်ပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းများကိုကြီးကြပ်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကောင်စီက ပါမောက္ခကြီးများပါဝင်သော တကသရွေး ကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပါတယ်။

မဲပြားတိုင်းမှာ ရွေးကောက်ပွဲအရာရှိလက်မှတ်နဲ့ တကသရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ပါမောက္ခကြီးရဲ့လက်မှတ်၊ လက်မှတ် ၂ ခုလုံး ပါရှိရပါတယ်။ မဲပြားထုတ်ပေးတဲ့အချိန်မှာလဲ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ကတ်ပြားနဲ့ ထုတ်ယူခွင့်မပြုတော့ဘဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားကဒ် (Identity Card) ပြပြီး မဲပြားထုတ်ယူရပါတယ်။ မဲပြားထုတ်ပေးပြီးတာနဲ့ ကျောင်းသားကဒ်ပြားပေါ်မှာ မဲပေးပြီး (Voted)ဆိုတဲ့တံဆိပ်တုံးကို ရိုက်ပေးလိုက်ပါတယ်။ နောက် မဲပြားကို မဲပုံးထဲကို တခါထဲထည့်ခဲ့ရပါတယ်။ မဲရုံကိုတော့ တကသ အဆောက်အအုံမှာမပြုလုပ်တော့ဘဲ ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမကြီး (ဂျက်ဆင်ခန်းမကြီး)မှာ ပြုလုပ်ပါတယ်။ အဲဒီနည်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ဟာ မဲတစ်ပြားသာထုတ်ယူခွင့်ရရှိပြီး မဲပြားကိုလည်း မဲရုံခန်းမအပြင်ဘက်ကိုယူဆောင်သွားလို့ မရပါဘူး။

ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်းကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်ခွင့် လျှောက်လွှာတင်စဉ်အချိန်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကြေး တကျပ်ကို တက္ကသိုလ်ငွေစာရင်းဌာနက တက္ကသိုလ်ကျောင်းဝင်ကြေးနဲ့အတူ ကောက်ခံပေးပါတယ်။

နိုင်ငံသားတွေအနေနဲ့ အသက် ၁၈ နှစ်ပြည့်တာနဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရရှိသွားသလို အဲဒီလိုနည်းနဲ့ တက္ကသိုလ်ကျောင်းသား တိုင်းဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်သွားကြပြီး၊ ကျောင်းသားတိုင်း တက္ကသိုလ်ကျောင်းသားဖြစ်တာနဲ့ တကသရွေးကောက်ပွဲမှာ မဲပေးနိုင်ခွင့်နဲ့ ဝင်ရောက်အရွေးခံနိုင်တဲ့အခွင့်အရေးတွေ ရရှိသွားပါတယ်။

အဲဒီလို စီစဉ်လိုက်တဲ့အတွက် ကျောင်းသားသမဂ္ဂဝင် ကျောင်းသားတစ်စုက မဲထည့်ပြီးရွေးချယ်လိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့မဟုတ်တော့ဘဲ တက္ကသိုလ်ကျောင်းသားအားလုံးက လျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်ပေးတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ ဖြစ်သွားပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသားထု တစ်ရပ်လုံးရဲ့ကိုယ်စားလှယ်ဖြစ်သွားပါတယ်။ ကိုယ်စားပြုမှုနယ် ကျယ်ပြန့်သွားပါတယ်။

နှစ်ပေါင်း ၆ဝ ကျော်က ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများနဲ့ တက္ကသိုလ်အာဏာပိုင်များညှိနှိုင်းဆွေးနွေးပြီး အမြော်အမြင်ကြီးကြီးနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့အစီအစဉ်ဟာ ကျောင်းသားများအတွက်ရော၊ တက္ကသိုလ်အာဏာပိုင်တွေအတွက်ပါ နှစ်ဦးနှစ်ဘက်အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။

ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားထုတစ်ရပ်လုံး ကိုယ်စားလှယ်အဖြစ် အစိုးရ၊ တက္ကသိုလ်အာဏာပိုင်များအပါအဝင် အဖွဲ့အစည်းအားလုံးက အသိအမှတ်ပြုကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကို ၁၉၅၄-၅၅ စာသင်နှစ်ကစတင်ပြီး ၁၉၆၁-၆၂ စာသင်နှစ်အထိ (၈) နှစ်တိုင်တိုင် အထက်ပါဖော်ပြနည်းဖြင့် တက္ကသိုလ်ပါမောက္ခကြီးများကိုယ်တိုင် ကြီးကြပ်ကျင်းပပေးခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကာလတုန်းက ကျင်းပပြုလုပ်ခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲများကို မြန်မာနိုင်ငံမှာ အသန့်ရှင်းဆုံးရွေးကောက်ပွဲများအဖြစ် သတင်းစာများက ဖော်ပြရေးသားခဲ့ကြပါတယ်။

ကျွန်တော်ဒီသမိုင်းအဖြစ်အပျက်လေးကို ပြန်လည်တင်ပြတာက “၁၉၅၄-၅၅ ပညာသင်နှစ် စတင်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသား တိုင်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခဲ့ကြပြီး၊ မဲပေးခွင့် ရွေးချယ်ခံခွင့် စသည့်အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့်ရရှိခဲ့ကြပါတယ်”ဆိုတဲ့အချက်ကို အများပြည်သူများ ကျောင်းသားကျောင်းသူများ၊ လူငယ်များ ရှင်းရှင်းလင်းလင်း သဘောပေါက်စေရန် ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။

အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားအားလုံးဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်တဲ့အတွက် ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂဝင်မဟုတ်တဲ့ကျောင်းသား တစ်ယောက်မှ မရှိပါဘူး။ ဒါကြောင့် သမဂ္ဂဝင်ကို အခွင့်အရေးတစ်မျိုး၊ သမဂ္ဂဝင်မဟုတ်သူကို အခွင့်အရေး တစ်မျိုး၊ အခွင့်အရေးပေးတဲ့ပြဿနာကလည်း ရန်ကုန်တက္ကသိုလ်မှာ မပေါ်ပေါက်ခဲ့ပါဘူး။

ယခုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ”ထုတ်ပြန်ပြီး၊ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ရတယ်ဆိုရင်လည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂရွေးကောက်ပွဲကို ၁၉၅၄ ခုနှစ်မှာ စတင်ကျင်းပခဲ့သလို ရွေးကောက်ပွဲအရာရှိနဲ့ တက္ကသိုလ်ပါမောက္ခများပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲကြီးကြပ်ရေးကော်မတီတို့ ပူးတွဲကြီးကြပ်ပေးကြမယ်လို့ ယုံကြည်ယူဆထားပါတယ်။

အဲဒီလို အစီအစဉ်အတိုင်းသာပြုလုပ်မယ်ဆိုရင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားထုတစ်ရပ်လုံးရဲ့ ကိုယ်စားလှယ်ဖြစ်သွားတဲ့အတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့က ရာထားရွေးချယ်ပေးတဲ့ တက္ကသိုလ်ကောင်စီဝင် လူကြီးဟာလည်း ကျောင်းသားထုတစ်ရပ်လုံးရဲ့ကိုယ်စားလှယ်ပဲ ဖြစ်သွားပါတယ်။
ဒါကြောင့် “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” “ကျောင်းသားသမဂ္ဂကိုယ်စားလှယ်”လို့ ထည့်လိုက်တဲ့အတွက် ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီစရာမရှိပါဘူး။ ဒီမိုကရေစီစံနှုန်းဆိုတာကလဲ အနောက်တိုင်း အရှေ့တိုင်း ပေတံမတူတာလေးတွေရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မကိုက်ညီစရာမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက်ပြောကြားချက်ထဲမှာ “ကျောင်းသားကိုယ်စာလှယ်ရွေးတယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့လူကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ သမဂ္ဂဝင်ကလည်း အရွေးခံပိုင်ခွင့်ရှိရမယ်။ အများကြိုက်တဲ့သူက ရမှာပဲပေါ့”လို့ ပါရှိတာကို ဖတ်လိုက်ရပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်တာကိုတော့ ကျွန်တော့်အနေနဲ့ အနည်းငယ်ပြန်လည်ဆွေးနွေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုချက်ကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိပ္ပါယ်ကောက်ယူမှုတခုခုများ လွဲချော်သေလားလို့ စဉ်းစားရမိပါတယ်။ ဒါမှမဟုတ်ရင် သေသေချာချာလေ့လာမှုမရှိဘဲ ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ဒီနေ့ ကျောင်းသားတွေတောင်းဆိုနေတဲ့ “ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီ သို့မဟုတ် တစ်ခြားပညာရေးနဲ့ ပတ်သက်တဲ့ကော်မတီတွေမှာပါဝင်ရေး” ဆိုတာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်တွေကိုယ်တိုင် ကိုယ်စားလှယ်အဖြစ်ပါဝင်ဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂကရွေးချယ်တဲ့ (Nominate လုပ်တဲ့) ကျောင်းသားမဟုတ်တဲ့ ဘွဲ့ရတဦးပါဝင်ရေးကို တောင်းဆိုနေတာဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်မရဘဲ၊ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်အဆိုတင်သွင်းသလို “ကျောင်းသားများကရွေးချယ်သော ကိုယ်စားလှယ်”အဖြစ် ပါဝင်ခွင့်ရမယ်ဆိုလည်း အဲဒီကျောင်းသားကိုယ်စားလှယ်ကို တက္ကသိုလ်အာဏာပိုင်များက ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး ကျောင်းသားများကိုရွေးချယ်ခိုင်းရမှာ ဖြစ်ပါတယ်။

အဲဒီရွေးချယ်ပွဲမှာလည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်ရွေးချယ်ခံဖို့တောင်းဆိုနေတာ မဟုတ်ပါဘူး။ အဲဒီနေရာမှာ အထက်က ဖော်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်က “ကျောင်းသားကိုယ်စားလှယ်ရွေးတယ်ဆိုရင် သမဂ္ဂမဟုတ်တဲ့လူကလည်း အရွေးချယ်ပိုင်ခွင့်ရှိရမယ်၊ သမဂ္ဂဝင်ကလည်း ရွေးချယ်ပိုင်ခွင့်ရှိရမယ်”လို့ ပြောသွားပါတယ်။

အမှန်တကယ် ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂဝင်မဟုတ်တဲ့ကျောင်းသားလည်း အရွေးခံခွင့်မရှိဘူး၊ သမဂ္ဂကျောင်းသားလည်း အရွေးခံခွင့်မရှိဘူး။

ဒါကြောင့် ကျွန်တော် အဲဒီအချက်ကိုထောက်ပြတာ ဖြစ်ပါတယ်။

အများပြည်သူများနဲ့ ကျောင်းသားကျောင်းသူများ သဘောပေါက်အောင် အဲဒီကိစ္စကိုရှင်းပြပါမယ်။
ရန်ကုန်တက္ကသိုလ်ကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ပါဝင်ခွင့်ရခဲ့တာက ၁၉၃၉ ဇွန်လ (၁၅)ရက်နေ့မှာ အတည်ဖြစ်ခဲ့တဲ့ ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ခုနှစ် အက်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်အရ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်ဥပဒေကို ၁၉၃၉ ခုနှစ် အက်ဥပဒေ (၂ဝ)အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအက်ဥပဒေအရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးဟာ မောင်အောင်ဆန်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ မောင်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသား မဟုတ်တော့ပါဘူး၊ နိုင်ငံရေးလောကထဲကို ရောက်ရှိနေပါပြီ။

၁၉၅၇ ခုနှစ် မန္တလေးတက္ကသိုလ်အက်ဥပဒေအရ ၁၉၅၈ ခုနှစ်ထဲမှာ မန္တလေးယူနီဗာစတီကောလိပ်ကို “မန္တလေးတက္ကသိုလ်”အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ “မန္တလေးတက္ကသိုလ်ကောင်စီ”ဆိုတာလည်း ပေါ်လာပါတယ်။
၁၉၅၇ ခု မန္တလေးတက္ကသိုလ်အက်ဥပဒေ၊ ပုဒ်မ၁၁ ပုဒ်မခွဲ(၁) အပိုဒ်ခွဲ(ဋ္ဋ)အရ၊ မန္တလေးတက္ကသိုလ်ကောင်စီမှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂကအဆိုပြုတဲ့ကိုယ်စားလှယ်တဦး ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
မန္တလေးတက္ကသိုလ်အက်ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(၁) အပိုဒ်ခွဲ(ဋ)မှာ “မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏အမှုဆောင်အဖွဲ့က အမည်စာရင်းတင်သွင်းသော တက္ကသိုလ်အရာထမ်းအမှုထမ်းလည်းမဟုတ် တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သော တက္ကသိုလ်ဘွဲ့ရ တစ်ဦး”လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တက္ကသိုလ်အက်ဥပဒေမှာတော့ မန္တလေးတက္ကသိုလ်အက်ဥပဒေမှာဖော်ပြထားတဲ့အတိုင်း အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာမို့ ဒီဆောင်းပါးမှာ မဖော်ပြတော့ပါဘူး။ ကိုယ်စားလှယ် (၁)ဦးနေ ရာမှာ (၂)ဦးလို့ရေးသားထားတာပဲ ကွာခြားပါတယ်။

ယခုဆွေးနွေးနေတဲ့ “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ”မှာ ထည့်သွင်းပေးရန် ကျောင်းသားတွေတောင်းဆိုနေတာကလည်း တက္ကသိုလ်ကောင်စီမှာ ကျောင်းသားတွေကိုယ်တိုင်ပါဝင်ဖို့တောင်းဆိုနေတာ မဟုတ်ပါဘူး။ မန္တလေးတက္ကသိုလ်အက်ဥပဒေနဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေများမှာဖော်ပြထားသလို “တက္ကသိုလ်ဝန်ထမ်းမဟုတ်သော ကျောင်းသားမဟုတ်သော ဘွဲ့ရကိုယ်စားလှယ်” ပါဝင်ရေးကိုသာ တောင်းဆိုနေတာပါ။ အဲဒီတောင်းဆိုချက်ဟာလည်း အသစ်အဆန်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ကပဲ ရရှိခဲ့တဲ့အခွင့်အရေးကိုသာတောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ကျောင်းသားကိုယ်စားလှယ်ရွေးတဲ့အခါမှာ သမဂ္ဂဝင်မဟုတ်တဲ့ကျောင်းသားလည်း အရွေးချယ်ပိုင်ခွင့်မရှိဘူး။ သမဂ္ဂကျောင်းသားလည်းအရွေးခံခွင့်မရှိဘူးလို့ အထက်မှာရေးခဲ့တာပါ။

နောက်တစ်ချက်ရှင်းပြစရာ တစ်ခုကျန်ပါသေးတယ်။
၁၉၅၈ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဟာ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် လွှတ်တော်ထဲမှာ အာဏာလွှဲပြောင်း လက်ခံယူပါတယ်။ အာဏာလွှဲပြောင်းရယူပြီး(၄)လအကြာ ၁၉၅၉ ခုနှစ် မတ်လ (၂)ရက်နေ့မှာပြလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် “ရန်ကုန်တက္ကသိုလ်အက်ဥပဒေ”ကို ပြင်ဆင်ပါတယ်။

“ရန်ကုန်တက္ကသိုလ်အက်ဥပဒေ”ကို ပြင်ဆင်တာက ယခုကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာသော် ပြင်ဆင်သလိုပါပဲ။ ‘‘ကျောင်းသားသမဂ္ဂကိုယ်စားလှယ်’’ဆိုတဲ့စကားလုံးကို “ကျောင်းသားများကိုယ်စားလှယ်”လို့ပြင်ဆင်ပါတယ်။

၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်အရ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီး(၂)ဦးကို ရန်ကုန်တက္ကသိုလ်ကောင်စီကထုတ်ပယ်ပစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့တက္ကသိုလ်အက်ဥပဒေအရ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး (၂) ဦးကို ကျောင်းသားကျောင်းသူများကိုယ်တိုင်မဲဆန္ဒပေးပြီးတိုက်ရိုက် ရွေးချယ်ရမယ်ဆိုပါတယ်။

ဤကဲ့သို့ တက္ကသိုလ်အက်ဥပဒေပြင်ဆင်လိုက်ခြင်းဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကျောင်းသားကျောင်းသူများ၏ ကိုယ်စားလှယ်အဖြစ်အသိအမှတ်မပြုသည့်သဘောဖြစ်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့လုပ်ပိုင်ခွင့်ကိုပိတ်ပင်လိုက်ခြင်း ဖြစ်ပါတယ်။ တနည်းပြန်ပြောရရင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို မပိတ်ပင်သော်လည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို လူရာမသွင်းဘဲထားလိုက်တဲ့သဘော ဖြစ်ပါတယ်။

ယခုလည်း ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရပြီး ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ရွေးချယ်ခွင့်မရရင် ဒီသဘောပဲ ဖြစ်သွားပါမယ်။
“၁၉၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်”အရ ကျောင်းသားကိုယ်စားလှယ် ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ(၁၇) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ သန့်ရှင်းဖဆပလအဖွဲ့(နိုင်ငံရေးပါတီ)အနေနဲ့ ဝန်ကြီးဟောင်းဦးဝင်းနဲ့ ဝန်ကြီးဟောင်းဦးရာရှစ်တို့ကို ကျောင်းသား ကိုယ်စားလှယ်တက္ကသိုလ်ကောင်စီဝင်လူကြီးရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံစေပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် စစ်ကြိုခေတ်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးတီဝမ်းနဲ့ ၁၉၄၉-၅ဝ ခုနှစ်တကသ ဥက္ကဋ္ဌဟောင်းဦးမောင်မောင်ကျော်တို့ကို တကသကိုယ်စားလှယ်များအဖြစ်သတ်မှတ်ပြီး တက္ကသိုလ်ကောင်စီဝင်လူကြီးရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံစေပါတယ်။
ဦးတီပီဝမ်းနဲ့ဦးမောင်မောင်ကျော်တို့ဟာ ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် လူကြီးများဖြစ်ပြီး တက္ကသိုလ်အက်ဥပဒေပြင်ဆင်ချက်အရ တက္ကသိုလ်ကောင်စီဝင်လူကြီးအဖြစ်မှထုတ်ပယ်ခံရသူတွေ ဖြစ်ပါတယ်။
အဆိုပါ ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကိုယ်စားပြုပြီးအရွေးခံတဲ့ ဦးတီပီဝမ်းနဲ့ဦးမောင်မောင်ကျော်(၂) ဦးကို တက္ကသိုလ်ကျောင်းသားထုက မဲအပြတ်အသတ်ထည့်ပြီး ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်အသိအမှတ်ပြုပေးခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းအစိုးရက တကသကို ကျောင်းသားထုကိုယ်စားလှယ်အဖွဲ့အစည်းတစ်ခုအဖြစ်အသိအမှတ်မပြုရန် ကြိုးစားခဲ့သော်လည်း တကသဟာ ဒီမိုကရေစီနည်းလမ်းအရ တက္ကသိုလ်ကျောင်းသားထုကို အမှန်တကယ်ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အဲဒီကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲရလာဒ်ကဖော်ပြလိုက်တာဖြစ်ပါတယ်။

ကျွန်တော် ၁၉၅၉ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ “ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီး(၂)ဦး ရွေးကောက်ပွဲအကြောင်းကို ပြန်လည်ပြောပြတာက “တက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို တက္ကသိုလ်ကျောင်းသားထုက ဒီမိုကရေစီနည်းအရ လျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်တင်မြှောက်ထားတယ်ဆိုရင်၊ “ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးရွေးကောက်ပွဲ”ဆိုတာ မလိုအပ်ကြောင်းသိရှိနိုင်ရန် ပြောပြခြင်း ဖြစ်ပါတယ်။

အမှန်တကယ်က “ကျောင်းသားသမဂ္ဂကိုယ်စားလှယ်”ဆိုတာထဲက “ကျောင်းသားသမဂ္ဂ”ကို ဖြုတ်ပစ်တာထက်၊ ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ၊ ကျောင်းသားထုရဲ့ကိုယ်စားလှယ်အစစ်အမှန်ဖြစ်အောင် ရွေးကောက်တင်မြှောက်ပေးရေးက ပိုအရေးကြီးကြောင်း တင်ပြအပ်ပါသည်။
ဘိုးသိမ်း
(တွေ့တာယူတာက https://www.facebook.com/yamoun.nar/posts/1000607976638453


Thursday, May 28, 2015

သင်္ကြန်အမြောက်သံမဟုတ်မှသာ အာဏာရအုပ်စုက လေးလေးနက်နက်စဉ်းစားမှာပါ (တူမောင်ညို)

0 comments

ကျနော် အလေးထားဖတ်လေ့ ရှိတဲ့သူတွေထဲမှာ ဆရာဝင်းထွဋ်ဇော် လည်း ပါဝင် ပါတယ်။ ဆရာဝင်းထွဋ်ဇော်ရေးတာတွေနဲ့ပတ်သက်ပြီး သဘာဝကျစွာပဲ ဆရာဝင်းထွဋ်ဇော်အမြင်တွေအပေါ်ကျနော့်အနေနဲ့ သဘောတူနိုင်တာလည်း ရှိသလို၊ သဘောမတူနိုင်တာတွေလည်း ရှိပါတယ်။
(ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၄ စာမျက်နှာ ၂၁ မှာ)  ဖော်ပြထားတဲ့ ဆရာဝင်းထွဋ်ဇော်ရဲ့ “မြန်မာ့ ဒီမိုကရေစီတိုက်ပွဲနှင့် အဆုံးအဖြတ်ပေးမည့် အချိုးအကွေ့” ဆောင်းပါးအပေါ် ကျနော်အခုလို ပြန်လည်ဆွေးနွေးလိုပါတယ်။

“သို့ပေမယ့် ‘ရွေးကောက်ပွဲသပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် စဉ်းစားရလိမ့်မယ်’ဆိုတဲ့ ပြောဆိုမှုဟာ သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး။ ဒေါ်စုဟာ နိုင်ငံရေးခြောက်လုံးလှန့်လုံးတွေ လုပ်လေ့ရှိသူ မဟုတ်ပါဘူး။

ထိုအချက်ကို အာဏာရအုပ်စုအနေနဲ့လည်း ကောင်းစွာသိရှိထားပါလိမ့်မယ်။ သို့ပေမယ့် အုပ်စိုးသူတွေဟာ အင်အယ်လ်ဒီမပါတဲ့ ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အစိုးရဖွဲ့မယ်ဆိုတဲ့ ခပ်တိမ်တိမ်အတွေးမျိုး တွေးရင်တော့မှားသွားပါလိမ့်မယ်” တဲ့။

အထက်ပါအချက် ၂ ချက်ဟာ  ဆရာဝင်းထွဋ်ဇော်ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အချက်တစ်ခုချင်းအပေါ် လက်တွေ့ထဲက သာဓကအချို့ကို ဖော်ပြပြီးဆွေးနွေးပါရစေ။

ပထမဆုံးမြင်တွေ့နိုင်တာက အထက်ပါအချက် ၂ ချက်စလုံးကိုဖော်ပြရာမှာ ဆရာဝင်းထွဋ်ဇော်  ယတိပြတ်မပြောဝံ့တာကို သတိပြုမိကြမှာပါ။ (သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး/ခပ်တိမ်တိမ်တိမ်အတွေးမျိုး တွေးရင်တော့) ဆိုတဲ့စကားလုံးတွေက မသေချာတဲ့သဘော၊ ဖြစ်လည်းဖြစ်နိုင်သလို/မဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်တဲ့ မရေရာတဲ့သဘောတွေကို ကိုယ်စားပြုနေတယ် မဟုတ်ပါလား။  မယုံမရဲ သောကလို့ ဆိုရမလားဗျာ။

(NLD) နဲ့ပတ်သက်တဲ့ ပထမအချက်ကိုကြည့်ကြပါစို့

ချွန်ထွက်လာပြီး “ခခွေး”လိုအတွင်းထဲ ပြန်ဝိုက်ခွေသွားတတ်တာမျိုးတွေ ဒီချုပ်ပါတီရဲ့ “တစ်သက်နှစ်ဘဝ”သက်တမ်းကာလထဲမှာ ပြစရာသာဓကတွေ များလှပါတယ်။ ထင်ရှားလှတဲ့သာဓက ၂ ခုကို ပဲ ရှေ့မျက်နှာနောက်ထားဖော်ပြခွင့်ပြုပါ။

သာဓက (၁)
၂ဝ၁ဝ မတ် ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သော “  NLD ကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း၊ အများသဘောတူ၊ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချခဲ့ပါသည်၊ သဘောထားကွဲလွဲခြင်းမရှိပါ” ဟုကြေညာခဲ့သော NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် ကို ကြည့်ပါ။ (ထိုအစည်းအဝေးသို့ နေအိမ်အကျယ်ချုပ်ကျခံနေရသောဒေါ်စု၏ သဘာထား ၆ ချက်ကို ဦးဉာဏ်ဝင်းမှ တဆင့်ပေးပို့ခဲ့ပါသည်။)
အခု အစိုးရသစ်တခုရှိနေတယ်ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတဲ့သဘောထားမှတ်ချက်အပေါ်ကနေ “NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်ခဲ့ကြတယ်”မဟုတ်ပါလား။ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ကိုယ်တိုင်ဆုတ်ဖြဲပစ်ခဲ့ကြတယ် မဟုတ်ပါလား။ ဒါ့အပြင် “ကျမရဲ့လစ်ဟင်းချက်”ဆိုတဲ့စကားနဲ့ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာပါမည်” ဆိုတဲ့ကျမ်းသစ္စာကိုဆိုကာ လွှတ်တော်ထဲဝင်သွားခဲ့ကြတယ် မဟုတ်ပါလား။

သာဓက (၂)

၂ဝ၁၄ခုနှစ်၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၉ ရက်အတွင်းမှာ လှုပ်ရှားခဲ့ကြတဲ့ ဒီချုပ်ကကြီးမှူးတဲ့ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ ဒေါ်စုရဲ့စိန်ခေါ်သံတွေမိုးလုံးဟိန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စိန်ခေါ်သံတွေကို ဖြစ်မြောက်စေဖို့ အဓိက ကျတဲ့ လှုပ်ရှားမှုလိုက်ပါမလာနိုင်ခဲ့တာကို ဆရာဝင်းထွဋ်ဇော်လည်း သတိပြုမိမှာပါ။ လက်မှတ်ပေါင်း ငါးသန်းနီးပါး ၄၉၄၁၉၉၈ ရရှိခဲ့ပေမယ့်၊ လွှတ်တော်က အရေးမထားခဲ့ပါဘူး။ လွှတ်တော်နာယကကြီးက ခပ်ပြောင်ပြောင်ပဲပြောခဲ့တာပါ။ ဒီလှုပ်ရှားမှုဟာ လွှတ်တော်ပြင်ပမှာ လူထုကို စည်းရုံးလှုံ့ဆောင်ပြီး ရယူခဲ့တဲ့ရလဒ်ပါ တနည်းအားဖြင့် လူထုဆန္ဒပါ။ ငါးသန်းနီးပါးသော လူထုဆန္ဒကို ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒဆိုတဲ့ လွှတ်တော်ကြီး ဂရုမထားခဲ့ပါ၊ လက်တွေ့သိမြင်ခဲ့ကြရတာတော့  လွှတ်တော်ပြင်ပလှုပ်ရှားမှုကို လွှတ်တော်က အသိအမှတ်မပြုခဲ့ပါဘူး။

ဒီလိုသာဓကတွေ ရှိခဲ့ဖူးလေတော့ “သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး။ ဒေါ်စုဟာ နိုင်ငံရေးခြောက်လုံးလှန့်လုံးတွေ လုပ်လေ့ရှိသူ မဟုတ်ပါဘူး။” ဆိုပြီး ကိုယ့်ဟာကိုယ် ရဲဆေးတင်နေရတဲ့သဘောဖြစ်ပါတယ်။

အာဏာရအုပ်စု (လက်ရှိအစိုးရ) နဲ့ပတ်သက်တဲ့ ဒုတိယအချက်ကိုကြည့်ကြပါဦးစို့

၂ဝ၁ဝရွေးကောက်ပွဲကို(NLD) မပါဘဲ/သပိတ်မှောက်တဲ့ကြားက ပြုလုပ်ခဲ့ပြီး၊ “အရပ်သားအစိုးရ”ဖွဲ့ခဲ့တာကို ဆရာဝင်းထွဋ်ဇော်သိပြီးသားပါ။

သင်္ကြန်အမြောက်သံ မဟုတ်မှသာ အာဏာရအုပ်စုက လေးလေးနက်နက်စဉ်းစားမှာပါ။
ဒီလိုမှ မဟုတ်ဘဲ သင်္ကြန်အမြောက်သံပဲဆိုရင်တော့ အာဏာရအုပ်စုကလည်း ပေါ့ပေါ့တိမ်တိမ်ပဲ သဘောထားပြုမူနေပါလိမ့်မယ်။ အဓိကအချက်ကတော့ သင်္ကြန်အမြောက်သံ မဟုတ်ဘဲ၊ အဆံပါဖို့။ ခခွေးကဲ့သို့ ကွေးပြီးခွေမသွားဖို့လိုတာပါ။ ဒါကြောင့် ဆရာဝင်းထွဋ်ဇော်ရဲ့ စိုးရိမ်ချက်ကိုကြည့်တဲ့အခါ ဒေါ်စုပြောဆိုချက်ကို (မရဲတရဲ)အလေးတင်းပြီး လက်ရှိအစိုးရကို ဖျောင့်ဖျနေတာလို့ကျနော်မြင်ပါတယ်။

ဒါ့အပြင်ဆရာဝင်းထွဋ်ဇော်က သူ့ဆောင်းပါးနိဂုံးပိုင်းမှာ ဒီမိုကရေစီအင်အားစုတွေကို အောက်ပါလုပ်ငန်း ၃အတွက် ညီညွတ် စွာကြိုးပမ်းကြဖို့ တိုက်တွန်းနိုးဆော်ထားတာတွေ့ရပါတယ်။

-       ဖွဲ့စည်းပုံပြင်ဆင်ရေး
-       လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေး
-       လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးရေး

အထက်ပါလုပ်ငန်း ၃ ရပ်ဟာ အာဏာအုပ်စု (လက်ရှိအစိုးရ)လုပ်ပေးမှရမှာပါ။ သူတို့မှာလုပ်ပေးလိုတဲ့ဆန္ဒမရှိပါဘူး။ သင်္ကြန် အမြောက် မဟုတ်ဘဲ။ နိုင်ငံရေးခြောက်လုံးလှန့်လုံးမဟုတ်ဘဲ။ ပြည်သူလူထုရဲ့တကယ့်အင်အားကို တကယ်ပြသနိုင်မှလည်း သူတို့ဆန္ဒ မြန်မြန်ရှိလာ မှာပါ။ အကြိမ်ကြိမ်တောင်းဆိုနေတဲ့ “၆ပွင့်ဆိုင်” ကိုပဲကြည့်ပါ။

ဒီတော့ တကယ့်အင်အားပြသနိုင်ဖို့လိုသလို လူထုရဲ့ တကယ့်အင်အားနဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို အတည်ဖြစ်အောင်လည်း လုပ်ဖို့လိုပါလိမ့်မယ်။ ၄၃၆ ပြင်ဆင်ရေး “လက်မှတ် ၅ သန်း” အပေါ်၊ ပညာရေးဥပဒေပြင်ဆင်ရေးကျောင်းသားတွေရဲ့ “၄ ပွင့်ဆွေးနွေးပွဲဆိုင် ရလဒ်”အပေါ် သူတို့ ဘယ်လိုပြုမူသဘောထားခဲ့သလဲဆိုတာကို မမေ့ဖို့နဲ့လေးနက်ဖို့လိုပါတယ်။

မော်လမြိုင်မှာပြောတဲ့ ဒေါ်စု စကားတွေထဲမှာတော့ “ ၅၉ (စ) ပြင်ပြောင်းမလား၊ မပြောင်းဘူးလား၊ စောင့်ကြည်ရမယ်၊ သတ္တိရှိရင် ပြောင်းမယ်၊ သတ္တိမရှိရင်မပြောင်းဘူး၊ ပြောင်းရင်ဘယ်လိုလုပ်မလဲ၊ မပြောင်းရင်ဘယ်လိုလုပ်မလဲ၊ ကျမတို့ နိုင်ငံရေးပါတီတစ်ရပ် အနေနဲ့ ဒီကိစ္စတွေကတော့ စဉ်းစားထားပြီးသားလို့ပါ”လို့ ဆိုပါတယ်။ “သူ့အခြေအနေအချိန်အခါကျလို့ရှိရင် ကျမတို့ရှင်းပြမှာဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။

ဒါကြောင့် လူထုအင်အားနဲ့ ပြတ်ပြတ်သားသားဖိအားပေးဖို့လိုပါတယ်။   အပေါ်ယံ မစို့မပို့သွားလုပ်ရင်တော့ အာဏာရအုပ်စု ပရိယာယ်ဝေဝုစ် မျိုးစုံအောက်မှာ အတွေ့အကြုံနဲ့သင်ခန်းစာသစ်တွေသာ ထပ်မံရရှိနိုင်စရာရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
(၂ဝ၁၅ မေလ ၂၂ ရက်)

Tuesday, May 19, 2015

၂ဝ၁၅ မေ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
(အခွန်အခ)
အခွန်ကောက်တယ်ဆိုလို့ ပြောချင်လာတာ။
ကျနော့်မိတ်ဆွေများနေတဲ့ရပ်ကွက်နဲ့ မလှမ်းမကမ်းမှာ မြန်မာပြည်ဖွားအစ္စလာမ်ဘာသာဝင်များက ရန်ပုံငွေကောက်ပြီး ပလီဆောက်တယ်။ ပြီးတော့မယ်။ ချွေးနှဲစာတွေနဲ့ချလိုက်တဲ့အုတ်မြစ်က ခုဆို ခေါင်အထွဋ်ထိတောင်တက်ပြီ။ မြေလည်းကျယ် ရပ်ကွက်ကလည်း သူ့အိုးနဲ့သူ့ဆန်။ ပြီးတော့ ရာဇဝတ်မှုလည်း မရှိသလောက်နည်းတဲ့နေရာ။ ဆိုတော့ နဂိုက အဲ့ရပ်ကွက်မှာအိမ်ဝယ်နေကြတဲ့ ကရင်အမျိုးသားမိသားစုတွေအပြင် ဗမာမွတ်ဆလင်မ်တွေပါ ထပ်တိုးလာသပေါ့။ ပွဲစည်သပေါ့။ ထုံးစံအတိုင်း အိမ်နောက်ဖေး ဈေးဆိုင်တွေတည်ကြ။ အခါကြီးရက်ကြီးတွေမှာ တောက်တောက်ပြောင်ပြောင် လိုးလိုးလက်လက်တွေဝတ်ဆင်ပြီး အပြင်ထွက်ကြ။ တယောက်နဲ့တယောက်မြင်ရင် “ဟေး ဘယ်သူဘယ်ဝါရေ” ဘာညာအစချီပြီး နှုတ်ဆက်ကြပြုကြပေါ့။ ဗမာပြည်အငယ်စားလေးလိုပဲ။
တနေ့ မိတ်ဆွေမိသားစုပါတီလေးရှိလို့ အဲ့ဘက်ရောက်တယ်(ရောက်တာကတော့ နေ့တိုင်းလိုလိုပါ) ကျနော်နဲ့အနေနီးတဲ့လူတချို့လည်း ပါတီပွဲအတွက်ရောက်နေကြတယ်။ ပါတီဆိုတော့လည်း သူကြိုက်တာသူသောက် သူ့လွတ်လပ်မှုနဲ့သူနေ၊ လူတွေလည်း ခတ်ထွေထွေပေါ့။
ခတ်ထွေထွေရှိတုန်း ဗမာပြည်သားကလေးတယောက်က ရပ်ကွက်အတွင်းလမ်း
လမ်းအလည်ကောင်ကနေ စက်ဘီးစီးသွားတယ်။ အေးဆေးပဲ။ လရောင်နဲ့ ငပလီသောင်ယံမှာကွယ် ခရုလေးများတခုစီကောက်သလို ဒီဇိုင်းနဲ့။ သူ့နောက်က ကား ၂စီးကလည်း လမ်းဆုံးတဲ့အထိ စိတ်ရှည်လက်ရှည် နောက်က ဖြည်းဖြည်းချင်း လိုက်မောင်းတယ်။ ဘယ်သူ့ ဘယ်သူမှ ဘာအငြိုအငြင်မှ မပေးကြဘူး။ နောက် စက်ဘီးဆရာလေးက သူ့အိမ်ရောက်တော့ ကွေ့ဝင်သွားတယ်။ ကားတွေလည်း ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်မှန်မှန်မောင်းပြီး ဆက်သွားကြတယ်။ အဲ့ဒါ ကျနော်တို့ ထိုင်နေရင်းမြင်ရတဲ့မြင်ကွင်းပဲ။ ဘာမှ မထူးဆန်းဘူး။ အမေရိကန်ရဲ့ နိစ္စဓူဝဘဝတွေပဲ။
ဆန်းတာက ထိုင်နေသူတွေထဲမယ် “အသားဖြူမှလူထင်တတ်သူ”အရေပြားဖြူတဦးလည်း ပါတယ်။ မျက်နှာဖြူပေါ့။ (မဘသတွေ ဒူးတုပ်ရို့ကျိုးတဲ့ကုလားဖြူပေါ့) နမီးဘီးယားကလူတွေ ပြောသလိုဆို အရေပြားမပါပဲမွေးလာသူဆိုပါတော့။ ထားပါတော့။
သူက အဲ့ကလေးကြည့်ပြီး “သူတို့ဘာသူတို့ ဘာအနေနဲ့ပဲရောက်လာရောက်လာ ကောင်းကောင်းမွန်မွန်နေရင် ပြီးတာပါပဲ။ ပြောစရာရှိပြောတာကလွဲလို့ ဘာမှတော့ လူလူချင်း ချိုးချိုးဖဲ့ဖဲ့နှိမ်နှိမ်ချချ မလုပ်ကောင်းဘူး”လို့ အများကြားအောင် မင်္ဂလာယူသလိုပြောတယ်။
ဒီတင် ဝိုင်းထဲကတယောက်က (သူ့မျက်နှာဖြူတာမှ ဖွေးဆွတ်နေအောင်ပဲ။ သူ့ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဟိုနိုင်ငံတွေမှာအနှိမ်ခံရလို့ အမေရိကန်ဖြစ်လာမယ့်ပြည်ကို ထွက်ပြေးလာသူ။ ရွှေ့ပြောင်းခိုလှုံလာသူပဲ)
“သူ့ဟာသူ ကောင်းကောင်းနေနေ မနေနေ မင်းအလုပ်မဟုတ်ဘူး။ မင်းပြောစရာ ဘာအကြောင်းမှလည်း မရှိဘူး။ သူ့ဘာသာသူ ဘယ်လိုနေနေ မင်းအပူတပြားမှ မပါဘူး။
သူ ဥပဒေချိုးဖေါက်ရင် ရာဇဝတ်မှုကျူးလွန်ရင် ရဲကဖမ်းပြီး တရားရုံးကအပြစ်ပေးမှာပဲ။ သူလည်း မင်းလိုပဲ ဒီကိုလာခိုလှုံပြီး ဒီမှာ အခွန်ဆောင်ရင်း သူ့ဘဝအတွက်ရော၊ အမေရိကန်ပြည်ထောင်စုအတွက်ပါ အလုပ် လုပ်နေတာပဲမဟုတ်လား။ သူ့သွားပြီး ကောင်းကောင်းမွန်မွန်နေရင်ပြီးတာပဲလို့ပြောခွင့် မင်းမှာ မရှိဘူး။ ပြောလည်း မပြောအပ်ဘူး။ အခွန်ထမ်း အခွန်ထမ်းအချင်းချင်း သူတို့ကို လေးစားတာမစားတာထက် မင်းကိုယ်မင်း အရင် လေးစားပါဦး”လို့ ထ ဘုတောလိုက်တော့ ကျနော်လည်း ရှိတဲ့လက်တဖက်နဲ့ ဂျိုင်းထောက်ကိုရိုက်မိတာပါပဲ။

(မိုင်းဆတ်ပြောင်းရမတဲ့)
၈၈ ငြိမ်းပွင့်ခေါင်းကိုင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ (ကို)ကိုကိုကြီးတို့ ဖို့တ်ဝိန်းလာတုန်းက ပြောကြတာတွေထဲမယ် မိုင်းဆက်ပြောင်းရမယ်ဆိုတာလည်း ပါတယ်။ ဒီမလာခင်ကလည်း အထဲမှာ သူတို့ပြောပြောနေတာကြားတယ်။ ဒီလာတော့ လူကြီးပွဲမလုပ်ခင် ကလေးတွေနဲ့ ထိုင်ဝိုင်းမှာလည်း အဲ့ဒီ မိုင်းဆက်ကပါပုံရတယ်။
သူတို့ပြန်တော့ ဗမာပြည်သားမိဘနှစ်ပါးကနေ ဒီမှာမွေးတဲ့ကလေးတယောက်က ကျနော့်ကို ပြောပြတယ်။ သူက အဲ့တုန်း ၁၂ တန်းကျောင်းသား ထင်တယ်။
“ကျနော်က ပထမ ဘာပြောမှန်းမသိဘူး ဦးရ။ အုပ်ချုပ်ရေးပိုင်းကလူတွေ အစိုးရအဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီရေးလုပ်နေသူတွေအကုန် မိုင်းဆတ်ပြောင်းရမယ်ဆိုတော့ မိုင်းဆတ်ဆိုတာ နေရာတနေရာရာ မှတ်နေတာ၊ အဲ့ဒီမှာ လူတွေအားလုံးအကုန်စုံပြီး ဆွေးနွေးကြတိုင်ပင်ကြ တိုင်းပြည်ကောင်းအောင်လုပ်ကြမယ်လို့ ပထမတော့ထင်နေတာ၊ နောက်မှ သူပြောတာ သေချာနားထောင်ကြည့်မှ Mind Set မှန်းသဘောပေါက်သွားတာ ဦးရ”တဲ့။
ကျနော်လည်း သူပြောမှ အင်း..ငါလည်း မိုင်းဆတ်ပြောင်းရတော့မယ်ထင်တယ်လို့ တွေးမိတော့တာပါပဲ။


(အမောင်ကောင်းလို့)
ညက စာအုပ်ထဲမြောသွားလို့ ဒီနေ့ အိပ်ယာထနောက်ကျသွားတယ်။ ဖတ်တဲ့စာအုပ်ထဲကမိန်းမက သူ့ယောက်ျားကို မောင်..တဲ့။ တအုပ်လုံးပါတဲ့ မောင်တွေ လိုက်ရေကြည့်ရင် ဘယ်လောက်များမလဲမပြောတတ်ပေမယ့် သောက်မြင်ကပ်လောက်အောင်ကို မောင်တွေဖောင်းပွလွန်းတယ်လို့တော့ ထင်မိတာပဲ။
ခုတလော ဖေ့စ်ဘွတ်ခ်ကမ္ဘာကြီး တမောင်တည်း မောင်နေပါရောလား။
မဆီမဆိုင် မနက်အိပ်ယာကနိုးနိုးခြင်း အဲ့ဒီ မောင်ကိစ္စကခေါင်းထဲရောက်လာတယ်။
ကြက်ဖကြီး ၂ ကောင်က တံခါးလာမဖွင့်ရကောင်လားဆိုပြီး စိတ်ဆိုးမန်ဆိုးနဲ့ အချီအချတွန်ကြောရှည်လှပြီ။
ဒါနဲ့ လူးလဲထပြီး ကြက်အိမ်တံခါးသွားဖွင့်တယ်။ အစာပုံးတွေဖွင့်နေတုန်း ခေါင်းထဲ အဲ့ဒီ မောင်ကရောက်လာပြန်တယ်။ မောင်အကြောင်းတွေးနေတုန်းတန်းလန်း ထုတ်တန်းပေါ် တက်တက်အိပ်တဲ့ကြက်မလေးက ခေါင်းပေါ်တည့်တည့် အီးပါချတယ်။ ဆံပင်တိုတိုနဲ့ဆိုတော့ သူ့အီးပျော့ပျော့တွေ ဦးရေပြားအထိ စိမ့်ဝင်ကုန်တယ်။ နွေးလည်းနွေးနွေးကြီး နံကလည်းနံသေး။
လက်နဲ့ မပွတ်မိအောင် မနည်းသတိထားရင်း အစာဖြည့်တာ ရေလဲတာတွေလုပ်ပြီး အိမ်ထဲပြန်ဝင်တော့ ဇနီးက ဘာဖြစ်လာတာလဲဆိုတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။ ကြက်မ ခေါင်းပေါ်အီးပါချလို့ဟေ့ဆိုတော့ “အဲ့ဒါမှ ရှစ်တ်အစစ်”လို့ပြောပြီး တဟားဟားလုပ်နေတယ်။ ကျနော့်မတော့ ရေချိုးခန်းအတင်းပြေးပြီး ခေါင်းပေါ် ရေပန်းဖွင့်ချရင်း မဆီမဆိုင် “မောင့်”ကို ကျွဲမြီးသာတိုနေတော့တာပဲ။

(ကိုယ့်ထမင်းကိုယ်စား အမျိုးသားရေးပါ)
သူတပါးလုပ်စာစားပြီး အမျိုး ဘာသာ သာသနာ အသံကောင်းဟစ်နေတဲ့ အစွန်းရောက်အကြမ်းဖက်ဝါဒီသင်္ကန်းခြုံတွေကို ခုနေ “ကိုယ့်ထမင်းကိုယ်ရှာစားပြီး လုပ်ကြစမ်းကွာ အဲ့ဒီအလုပ်” လို့ခိုင်းရင် ဘယ်နှယောက်ကျန်မယ်မပြောတတ်။ အခြားသူတွေလုပ်တဲ့အလုပ်နဲ့ ကျင့်သုံးတဲ့နည်းနာကို မိမိအနေနဲ့မကြိုက်ရင် လိုက်မလုပ်ပဲနေတာ လိုက်မကျင့်သုံးပဲနေတာထက်ကောင်းတဲ့ ဆန့်ကျင်မှုရှိဦးမလား။
ခုက ပြောင်းပြန် မကြိုက်ဘူးပြောပြီး အဲ့ဒီဆန်ဆန်လုပ်တာလိုက်လုပ်နေတာကိုက ဉာဏ်တိမ်မှန်းအတွေးအခေါ်မရှိမှန်းသိသာသလို ကိုယ်ထမင်းစားရဖို့အရေး ကိုယ်ကြီးပွားဖို့အရေး ကိုယ်နဲ့အယူတူသူတွေနဲ့ ကိုယ့်လူတွေကိုပါချနင်းဖို့ ဝန်မလေးသူတွေ။ လူ့အဖွဲ့အစည်းအတွက် အလွန်အန္တရာယ်ကြီးတဲ့မိစ္ဆာကောင်တွေမှန်းလည်း ပေါ်လွင်ထင်ရှားလာတယ်။


(ဗျူရိုကရက်)
"ဦးလေး ဗျူရိုကရက် ဗျူရိုကရက်နဲ့ပြောပြောနေလို့ ဗျူရိုကရက်ကို ဗမာလိုဘယ်လိုပြန်မလဲ။ ကျနော်လည်း ဗျူရိုကရက်ဆိုတာဘာမှန်းသိပေမယ့် ဗမာလိုပြောဖို့ကြတော့ခက်နေလို့"ဆိုပြီး အမှုတွဲတယောက်ရဲ့သားက အွန်လိုင်းမှာ ကြုံတုန်းမေးတယ်။
"အရာရှိဆိုး"ဆိုပြီးပြန်တာတော့ ကျနော်လည်းသဘောကျသဗျ၊၊ ဘယ်သူစထွင်တာလဲတော့ မသိဘူး"လို့ပြန်ဖြေမိတယ်။
"ဒါဆို စစ်ဗျူရိုကရက်ဆိုတော့ စစ်အရာရှိဆိုးလို့ပြောရမှာပေါ့နော်"တဲ့။
"အင်းဟုတ်တယ် ဒါပေမယ့် ဒီနေရာမှာ စစ် ဆိုတာက ပခုံးပေါ်အပွင့်အခက်တွေတင်ထားပြီး ယူနီဖေါင်းဝတ်ထားမှဆိုတဲ့သဘောတော့လည်း မဟုတ်ဘူး။ ဒီနေရာမှာ စစ်ဆိုတာကို လူအကောင်လိုက်ကြီးကို အကောင်အထည်ဒြပ်ရှိသဘော ပုဂ္ဂိုလ်ဆိုတာထက် ဒြပ်မဲ့သဘောဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကိုပြောတာပဲ။ စစ်အာဏာရှင်စနစ်က မွေးထုတ်လိုက်တဲ့အရာရှိဆိုးတွေဟာ စစ်ဗိုလ်တွေတင်မဟုတ်ဘူး၊ ပညာတတ်အရပ်သားတွေပေမယ့် စစ်အာဏာရှင်စရိုက်ဗီဇရှိတယ်ဆိုရင် စစ်ဗျူရိုကရက်စာရင်း သွင်းရတာပဲ"လို့ ရှည်ရှည်လျားလျားပြန်ရှင်းမိတယ်။
"ဒါဆို အဲ့ဒီစစ်ဗျူရိုကရက်အဆင့်ကို ဘယ်နေရာကစ သတ်မှတ်မလဲ လူအနေနဲ့ရော အုပ်ချုပ်ရေးသဘောအရရောရောပေါ့ ဦးလေးရာ"တဲ့။
"အုပ်ချုပ်ရေးယန္တယားကြီးတခုလုံးရဲ့ ရာထူးအကြီးဆုံးယူထားတဲ့လူကနေ အောက်ခြေပိုင်း ရာထူးငယ်အရာရှိတွေအထိပါမှာပဲ"လို့ပြောနေတုန်း သူက ဖြတ်ပြီး "ဒါဆို ဦးသိန်းစိန်ကအစ ထွေအုပ်ဆိုတဲ့လူတွေအထိပေါ့ ဟုတ်လား"တဲ့။
"ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် လူတယောက်ခြင်းအနေနဲ့ ဘယ်သူကတော့ ဗျူရိုကရက်ဉာဉ်ရှိတယ် ဘယ်သူကတော့မရှိဘူး စသည်ဖြင့် လိုက်ခွဲခြမ်းသတ်မှတ်နေရင် ပြီးမှာမဟုတ်တော့ဘူးထင်တယ်။ နောက်ပြီး ခင်ဗျားတို့ကျနော်တို့ ဦးတည်ဆန့်ကျင် တိုက်ခိုက်နေကြတာကလည်း လူတယောက်ခြင်းစီမှမဟုတ်တာ၊ စစ်ဗျူရိုကရေစီယန္တယားကြီးတခုလုံးကို မဟုတ်လား။ တယောက်ခြင်းတွေ လိုက်ထောက်ပြနေတာမျိုးလောက်မှာတင် မရပ်လိုက်မှဖြစ်မှာ။
ထောက်ပြပြောပြနေတာတွေက မကောင်းဘူးမဟုတ်ဘူး၊ ကောင်းပါတယ်၊ အဲ့ဒါမျိုးတွေကို မီဒီယာတွေကလုပ်တာ ပိုကောင်းတယ်၊ လူထုဘက်သားမီဒီယာတွေကတော့ မလုပ်နဲ့ဆိုလည်း ရတဲ့နည်းနဲ့ ဖွင့်ချတာဖော်ထုတ်တာ တိုင်းသိပြည်သိဖြစ်အောင်လုပ်တာတွေ လုပ်မှာပဲ၊ အစိုးရကဘက်လည်း ဒါမျိုးကို လွှတ်ထားပေးလို့ရသလောက် လွှတ်ထားပေးမှာပဲ။ ဒါမှ ဒီမိုကရေစီပဲရနေသယောင်ယောင် လွတ်လပ်ခွင့်ပဲရှိနေသယောင်ယောင် လူတွေစိတ်ထဲမြင်နေမှာပေါ့လေ၊ သိတ် အပုပ်နံ့ထွက်လွန်း သိတ်ဟိုးလေးတကျော်ဖြစ်လွန်း ယန္တယားကြီးတခုလုံးပါ လက်ညှိုးထိုးစရာဖြစ်လွန်းမကဖြစ်လွန်းလာရင်တော့ လူမြင်ကောင်းအောင်အရေးယူပြတာမျိုး၊ အချင်းချင်းမို့ ရွှေဖေါ့ရိုးနဲ့ရိုက်တာမျိုးတော့ရှိမှာပါ၊ ကျနော်တို့ခင်ဗျားတို့အလုပ်ကြတော့ ပုဂ္ဂလတဦးချင်းသဘော ပြောတန်ပြောရပေမယ့် အဓိကကတော့ တစုံလုံးသဘော စနစ်သဘောကိုပဲ ဇောင်းပေးတွေးတာတိုက်တာ လုပ်စေ့ချင်ပါတယ်"လို့ တနံတလျားတွေပြောဖြစ်ကြတယ်။
တခြား ဟိုအကြောင်းဒီအကြောင်းတွေလည်းပါသပေါ့ဗျာ။
ဒါ ဒီမနက်စောစော တူအရွယ်သားအရွယ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမား လူငယ်လေးတဦးနဲ့ ရောက်တတ်ရာရာပြောဖြစ်တာပါ။