Wednesday, May 13, 2015

၂ဝ၁၅ ဧပြီနဲ့မေ အလယ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၃) မျိုးမြင့်ချို

0 comments
၂ဝ၁၅ ဧပြီနဲ့မေ အလယ်ထဲရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၃)

(အမတ်တို့အကြောင်း)
အခွန်ထမ်းပြည့်တန်ဆာနဲ့ လိုင်စင်ရဇိမ်ခေါင်းဥပဒေအဆိုတင်တဲ့အမတ်မမျိုး၊ လွှတ်တော်ထဲမှာပူလို့ အထဲရောက်ရင် ခေါင်းပေါင်းချွတ်ခွင့်အဆိုတင်တဲ့အမတ်မင်းမျိုး ပညာရေးဥပဒေအဆိုတင်ရာမှာ ကျောင်းသားသမဂ္ဂစကားလုံးဖယ်ထုတ်တဲ့အမတ်လှေးမျိုး စတဲ့စတဲ့ အမတ်မျိုး အမတ်မျိုး အမတ်မျိုးတွေအတွက် လူထု နဖူးကချွေးခြေမကျအောင် ရုန်းထားတဲ့အခွန်ငွေထဲက တလဆယ်သိန်းသုံးရတယ်ဆိုတာ တကယ်တော့ စစ်အုပ်စုနဲ့ဒီမိုကရက်အမည်ခံ အသွေးတူအမွှေးတူတွေ လူညွန့်ခူးစားတာပဲ။

(ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထူထောင်)
မပြောတော့ဘူးလို့နေမလို့။ ဒါပေမယ့် မနေနိုင်တာနဲ့ပြောတော့မယ်။ ခုလေးတင် မိတ်ဆွေတယောက်ကိုလည်း ပြောပြလိုက်မိပြီဆိုတော့။
ဒီလိုဗျ။ ကျနော်စေတနာ့ဝန်ထမ်းလုပ်ရခြင်းရဲ့အကျိုးအဖြစ် ဌာနတခုက ကျနော့်ကို ချက်လက်မှတ်တစောင်ပေးတယ်။ မများပါဘူး။ လွန်ခဲ့တဲ့(၃)နှစ်လောက်က သူတို့ဌာနအတွက် စာရွက်စာတမ်းတချို့ ဗမာလို အခမဲ့ဘာသာပြန်ပေးခဲ့တာ။ အဲ့ဒါ ပြီးခဲ့တဲ့လက ကိစ္စရှိလို့ အဲ့ဒီဌာနကိုသွားရင်း စကားစပ်မိရာကနေ အဲ့ဒါတွေ ငါပြန်ပေးတာလို့ပြောမိတယ်။
တာဝန်ခံက ဘာသာပြန်ခ ဘယ်လိုယူသလဲမေးတော့ အလကားပြန်ပေးတာ။ တပြားမှမယူဘူးလို့ပြန်ဖြေတော့ မဟုတ်သေးပါဘူး ငါမေးကြည့်ပါဦးမယ်ပြောပြီး သိတ်မကြာဘူး အိမ်ကို ချက်လက်မှတ်ရောက်လာတယ်။ ကျနော်ကဖြင့် မေ့တောင်နေပြီ။ ခုလို မျှော်လင့်မထားပဲ ပိုက်ဆံရတော့လည်း ဝမ်းသာပါတယ်။
ဒါနဲ့ အဲ့ဒီပိုက်ဆံထဲကတဝက်ကို မိဘမဲ့စွန့်ပစ်ခံကလေးတွေထဲကမှ အေအိုင်ဒီအက်စ်လို ကင်န်ဆာလိုရောဂါကြီးတွေစွဲနေရှာတဲ့ ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးအေဂျင်စီ ရန်ပုံငွေထဲထည့်ပေးခဲ့တယ်။
သူနဲ့ ကပ်လျက်မှာ အရက်ဖြတ်သူများ ပြန်လည်ထူထောင်ရေးအဖွဲ့လည်းရှိတယ်။ သူတို့လည်း ရန်ပုံငွေအလှူခံနေတာ။ ကျနော် ကလေးတွေအတွက် ထည့်တာမြင်တော့ သူတို့ဆီလည်း ထည့်စေချင်ပုံပဲ။ ကူညီမယ်ဆို လှူမယ်ဆိုဝမ်းသာစရာပါဆိုပြီး အလှူခံစကား ပစ်တယ်။ ဘာမှမပြောပဲ ထွက်သွားလည်းရတာပဲဟာ။ ဒါပေမယ့် လူက မနေနိုင်ဘူး ပြောမိမေးမိတယ်။
“နေပါဦး ခင်ဗျားတို့အရက်သောက်ကြတုန်းကတော့ ဘယ်က အလှူခံပြီး သောက်ကြတာလဲဗျ”ဆိုတော့ “ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာပေါ့”တဲ့။ “ဒါဆို ခုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြန်ထူထောင်ဗျာ”လို့ပြောပြီးထွက်လာတယ်။
အပြင်ရောက်မှ ငါ့နှယ်နော် ဘာမှမမေးမပြော မလှူပဲထွက်လာလည်းရရဲ့သားနဲ့ ခုတော့ ငွေလည်းမလှူ သူတို့လည်းသွားပြီး ကန့်လန့်တိုက် ဘုတောရတယ်လို့ဆိုပြီး ကိုယ့်နဖူး ကိုယ်ရိုက်မိတာပဲ။ (မမီမီဆောင် ဒီစာလေးဖတ်စေ့ချင်တာ)

(နားအချိုဆုံးစကား)
အချောင်သမားတွေ အကြားချင်ဆုံးစကားက
အချောင်သမားအလိုမရှိ
အခွင့်အရေးသမားတွေ အကြားချင်ဆုံးစကားက
အခွင့်အရေးသမားအလိုမရှိ
ခု ဒေါ်စု ပြောနေပြီ
အချောင်သမားအလိုမရှိ
အခွင့်အရေးသမားအလိုမရှိ ဆိုပြီး
သူ သိတယ်
ဘယ်အချိန်မှာ
ဘာ နားဝင်ပီယံရှိမယ်မှန်း
ဘာ စကားကြားချင်မယ်မှန်း
ပျားသကာလိုချိုလှစေ

(ငတာနဲ့ ဘိုးလှိုင်ဖြစ်ဖို့)
ကျနော်ထင်တာ (ကို)မင်းကိုနိုင်လည်း ပဏ္ဍိတ်ထွန်းကိုမွေးတုန်းက လူမွေးတာနေမယ်။ အတောင်ပေါက်တော့မှ ကျီးမမြည်ကြက်မမြောက်ဖြစ်သွားတာ။
ငတာလိုတပည့်တွေ မမွေးမိဖို့ ဘယ်မျှအရေးကြီးကြောင်း သိရလို့ဝမ်းမြောက်မိတယ်။ အလားတူပဲ ဦးဘိုးလှိုင်ဖြစ်ဖို့လိုရုံမက ဆုပါချတတ်ဖို့လိုမှန်း သိလိုက်ရတယ်။

မနေ့က တနေကုန်နီးနီးရွာခဲ့တဲ့မိုးကြောင့် ခြံထဲမှာ ဗွက်ပေါက်တဲ့နေရာပေါက်
ရေဝပ်တဲ့နေရာဝပ် စိုစိစိဖြစ်တဲ့နေရာဖြစ်နဲ့ ကြည့်မကောင်းဘူး။ လမ်းလျှောက်ရအဆင်မပြေဘူး။ ထောက်လိုက်တိုင်း မြေထဲကျွံကျသွားတဲ့
ဂျိုင်းထောက်တွေကိုပြန်နှုတ်နေရတာနဲ့တင် အချိန်ကုန်အားကုန် လူလည်းဟန်ချက်ပျက်ပျက်ပြီး လဲတော့မလိုလိုခနခနဖြစ်နေတာနဲ့ အိမ်ထဲပြန်ဝင်ခဲ့တယ်။
မဝင်ခင် ပျိုးခင်းလေးတွေဘက် လှည့်ပတ်ကြည့်တော့ ကြက်သွန်ဖြူအမိတ်တွေက ၁၈ လက်မကျော်ကုန်ကြပြီ။ မြေထဲကဥလေးတွေ လက်ထိုးစမ်းကြည့်တော့ အတော့်ကိုကြီးနေကြပြီ။ ဒီနှစ်တော့ မနည်းမနောရမယ်မှတ်တယ်။ ဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ သာမန်ကြက်သွန်ဖြူတွေမဟုတ်ပဲ ဓာတ်မြေသြဇာမကျွေး ပိုးသတ်ဆေးမသုံးပဲ သီးသန့်ပျိုးခြံတွေထဲမှာ မျိုးဥအဖြစ်စိုက်ရောင်းတာမျိုးပါ။ အလေးချိန်နဲ့ရောင်းတာမျိုးမဟုတ်ပဲ တဥဘယ်လောက်ဆိုပြီး ဥအလိုက်ဝယ်ရပါတယ်။ ကိုယ်ပြန်ရောင်းတော့လည်း အဲ့ဒီအတိုင်းပါပဲ။ ကြက်သွန်အနံ့ပြင်းတာမွှန်တာ အရသာစပ်ရှားရှားနေတာနဲ့ ဥအမွှာတွေကြီးတဲ့နေရာမှာတော့ စံတင်လောက်တဲ့ကောင်တွေပါပဲ။
ဗမာလိုဆို ဗိန္ဓောကြက်သွန်ဖြူခေါ်မလား ဆေးကြက်သွန်ဆိုမလားပဲ။ ပျားရည်နဲ့စိမ်စားရမယ်ထင်တာပဲ။ နိုင်ငံ ၁၂ နိုင်ငံကလာတဲ့ တဥမှာ ၁၂ တက်လောက်ပါတဲ့ မျိုးကြက်သွန်ဖြူ ဥတစ်လုံးကို တဒေါ်လာနဲ့ဝယ်ပြီး မနှစ် ရွက်ကြွေရာသီမှာမြေထဲမြှုတ်ပြီး စမ်းစိုက်ကြည့်ခဲ့တာ။ အံ့စရာကောင်းတာက ဒီလောက်အေးတဲ့ ရေခဲမှတ်အောက် ၂ဝ လောက်အထိ ဆင်းဆင်းသွားတတ်တဲ့ဆောင်းတွင်းကြီးမှာတောင် နှင်းနဲ့ရေခဲဒဏ်ကြံ့ကြံ့ခံပြီး နွေဦးပေါက်မှာ မန်းလိုက်မှုတ်လိုက်သလို တဟုန်ထိုးကြီးလာခဲ့တာများ ယုံချင်စရာတောင်မရှိ။ တဥကို ၁၂ ပင်စီဆိုတော့ ရလာမယ့်ဥပေါင်းလည်း သိတ်တော့မသေးလှဘူး။ ဘာမှမဖြစ်ပဲ ဒီအတိုင်းလည်း ပုံမှန်လေးကြီးသွား လယ်သမားဈေးလေးတွေဖွင့်ချိန်ကြသွားရောင်းလို့(ကိုယ်လို) စိတ်ဝင်တစား စိုက်မယ့်ဝယ်သူသာတွေ့ပါစေ ငွေလေးနည်းနည်းပေါ်ပြီး အပင်ပမ်းခံရကျိုးနပ်မယ်တွေးပါတယ်။
အနီလည်း မျိုးကွဲ ၃ မျိုး၊ မျိုးဥသေး တစ်ပေါင်ထုတ် ၃ ထုပ်ဝယ်စိုက်တာ ခု မနည်းကြီးနေပြီ။ သူတို့ကြ နှင်းဒဏ်အအေးဒဏ်မခံနိုင်တာမျိုး အအေးမပြယ့်တပြယ် နွေဦးပေါက်မှာချခဲ့တာ ခု ၄၅ ရက်သားကျော်ကျော်တွေ။ မနှစ်က ဆင့် ၉ဝ ဖိုး စမ်းပြီးဝယ်စိုက်တာတောင် မနည်း စားရတယ်။ ရောင်းလောက်အောင်တော့ မရခဲ့ဘူး။ ဒီနှစ်တော့ နည်းနည်းပါးပါးရောင်းရမယ် ထင်တယ်။ ဓာတုဆေးမကူ ဓာတုမြေဇာမကျွေးကြက်သွန်နီလည်း အချိန်နဲ့ရာင်းတာမဟုတ်ပဲ ဥအလိုက် အကြီးအသေးပေါ်တည်ပြီးရောင်းကြတာကိုး။
စထရော်ဘယ်ရီတွေတော့ ပေါင်းလည်းမသင်အား မြေလည်းမဆွအားတာမို့ ပေါင်းနဲ့ပေါင်းပြီး နင်လားငါလားကြီးထွားနေကြတာပဲ။ အပွင့်တွေလည်း ဖွေးဖွေးလှုပ်နေတာမြင်သလို အသီးကင်းလေးတွေ စိမ်းနုနု ဝါဖန့်ဖန့်နဲ့တွေ့ခဲ့တယ်။ ဘယ်ရီပင်တွေတော့ ဆောင်းတွင်း အစာရေစာရှားရှာတဲ့ယုန်အဖော်တသင်း ကိုက်ဖြတ်ပွဲတော်တည်ကြလို့ ပင်ပွားကိုင်းငုတ်တုတ်လေးတွေနဲ့ တုတ်တုတ်တောင်မလှုပ်။ ဒီနှစ်တော့ ဘာဘယ်ရီးမှ စားရဖို့အကြောင်းမမြင်မိသေး။ နောက်နှစ်ဆို ပင်ခြေတွေကနေဝိုင်းပြီး ယုန်ကာသံကွန်ခြာလေးတွေ ပတ်ပေးမှဖြစ်မယ်။ ပန်းသီးတပင်လည်း ပင်ရင်းမှာ ယုန်ကာအစွပ်မစွပ်မိလို့ အခေါက်ခွာစားသွားတာ ခုတော့ အပင်လည်း မျော့မျော့ပဲကျန်တယ်။ သေမယ်ထင်တာပဲ။ ကျန်တဲ့ ပန်းသီးပင်တွေ၊ မက်မုန်ပင်တွေ၊ သစ်သော့ပင်တွေတော့ အပွင့်လေးတွေပွင့်ကြ ရွက်သစ်နုလေးတွေထွက်ကြ ပုရစ်ဖူးကြနဲ့မို့ မြင်ရတာအားရစရာ။ ဒီနှစ် အပင်တိုင်း ငှက်စာဆော်မယ်ထင်တယ်။ သီးကင်းလေးတွေလိုက်မယ်ထင်တယ် နှင်းခါးသာ ထပ်မရိုက်ပါစေနဲ့။
ပဲတောင့်ရှည်တွေမြေချထားတာ ပေါက်စပြုပြီ။ ရုံးပတီစေ့တွေလည်း မြေထဲကနေ အစို့အညှောက် ငေါက်တောက်တောက်ထွက်ပြူလာကြပြီ။ ခရမ်းချဉ်ပင်တွေကတော့ ပင်စည်နဲ့ အခက်အရွက်လေးတွေမှာ မိုးစက်စင်လို့လာကပ်တဲ့မြေသားကြောင့် ကိုင်းတိုင်းတိုင်းနဲ့ သခင့်ရှေ့ ဦးစိုက်စိုက်ချထားရတဲ့ကျေးကျွန်တွေလို မရွှင်မပြ ခင်မမျက်နှာ မသာယာ။ နေသာရင် မြေကွာပြီး ပြန်ထူထောင်လာမှာပါ။ အရွက်ဖျားတွန့်ကွေးကိုက်လန် တပေါင်ချထားတာ ပေါင်ပြည့်နီးပါးပေါက်ကြပြီ။ မနှစ်က ၁ဝ ပင်လောက်စိုက်တာတောင် မနည်းစားရတယ်။ ဒီနှစ်လည်း စားရမှာသေချာတယ်။
အာလူးအကြောင်းပြောဖို့ မေ့တော့မလို့။ မနှစ်က မျိုးအာလူး ၂ ဒေါ်လာတန်တထုပ် ဝယ်စိုက်တယ်။ တနှစ်လုံးစားတာ မကုန်ဘူး။ ဒီနှစ်လည်းစိုက်ဖို့ မျိုးမဝယ်ခင် မြေအောက်ခန်းထဲဆင်းကြည့်တော့ စားမကုန်တဲ့လက်ကျန်အာလူးတွေက အစို့တွေထွက်နေတယ်။ ဇနီးက ဖြစ်ရင်ဖြစ်မှာပြောမရဘူး၊ မျိုးမဝယ်နဲ့ဦး ဒါတွေစိုက်ကြည့်ချင်တယ်ပြောပြီး မြေချလိုက်တာ။ ဖြစ်တယ် အကုန်ပေါက်တယ်။ ပေါက်တာမှ အကုန်လိုလိုကို အပင်ပေါက် အရွက်တွေထွက်လာတာ။ စိမ်းနေတာပဲ လှလိုက်တာမှ။ ကြက်ဖကြီး သူ့မိန်းမ ၂ ကောင်နဲ့ စည်းရိုးခုန်ကျော်ပြီး တိုင်းခမ်းလှည်လည်တဲ့အခါ မြေပေါ်ယက်ယက်တင်သွားလို့ နေခြောက်လှမ်းခံရပြီးသေကြတဲ့ တချို့တလေကလွဲလို့ အကုန်ရှင်တယ်။
နောက်တပတ်မှာ ပြောင်းချိုမျိုးစေ့တွေမြေချတော့မယ်။ ပေါက်ပေါက်ဖေါက်စားတဲ့ပြောင်းလည်း နည်းနည်းချမယ်လို့ ဇနီးကမနေ့ကပြောတယ်။ ကျနော်က ပြောင်းတို့ နေကြာတို့ သူ့ပန်းဥပန်းမျိုးတွေအကြောင်းတို့တော့ မသိလို့ ဘာမှ ဝင်မပြောနိုင်ဘူး။ သူပြောရင် အင်း..အဲနဲ့ ပြီးလိုက်တာချည်းပဲများပါတယ်။ အိမ်ရှေ့က စပျစ်ပင်တွေလည်း အခြေအနေကောင်းတယ်။ ဒီနှစ်တော့ စပျစ်လည်း ထိုက်သလောက်ရမှာသေချာတယ်။ မနက်ကတောင် အလုပ်မသွားခင် ဇနီးက စပျစ်ပင်တွေကြည့်ပြီး ဝိုင်ဖေါက်သောက်မယ်လို့ပြောနေသေးတယ်။
ကမ္ဘာ့အစပ်ဆုံးငရုပ်ဆိုလို့ အပင်ပေါက်လေးတပင် ၅ ဒေါ်လာနဲ့ဝယ်လာပြီး ပန်းအိုးအကြီးကြီးထဲ မြေဆွေးနဲ့ကြက်ချေးရောသမပြီး ထည့်စိုက်ထားတာလည်းရှိသေး။ အစပ်ဆုံးငရုပ်ဆိုလို မောင်သာရနဲ့ မစန္ဒာတို့ရေးတဲ့ ဝတ္ထုလတ် ၂ ပုဒ်ကို တအုပ်လုပ်ပြီးထုတ်တဲ့ (ငရုပ်မှန်လျှင် စပ်ရမည်နဲ့ မစပ်သောငရုပ်)တောင် သတိရမိသေး။ ကြက်တွေလည်း အခြေအနေကောင်း၊ ဥလည်းပုံမှန်ဥ၊ ဇနီးရုံးကလူတွေဝယ်တာနဲ့တင် ကြက်ဥက အပြင်ထွက်ရောင်းစရာမလို။ ဥသမျှအကုန် ကုန်တာချည်းပဲ။ ကြက်က ခုဆို အကောင် အသေး အကြီး အလတ် အကုန်ပေါင်းရင် တရာလောက်ဖြစ်နေပြီ။ တောကြက်တွေ ခြံလွှတ်မွေးတာဆိုတော့ ဥလည်း အော်ဂဲနစ်ပေါ့။ ကျနော်ကတော့ အော်ဂဲနစ်တာ မနစ်တာတွေ သိတ်အာရုံမရှိလှပေမယ့် အမေရိကန်တချို့ကတော့ အော်ဂဲနစ်ဆိုပြီး တနစ်တည်းနစ်နေကြတာကိုး။
ကဲဗျာ ပြောရရင်တော့ အများသား။ ဖတ်သူလည်း မျက်စေ့ညောင်းမယ်။ ကျနော်လည်း လက်နည်းနည်းနာလာတယ်။ မရှိမဲ့ရှိမဲ့လက်ချောင်းလေးတွေ ပြန်သက်သာလာတာက မနေ့ကမှ။ မရေးရမနေနိုင်တော့ ချရေးမိတာပါပဲ။ နောက်များမှ ဆက်ရေးဦးမယ်။ နွေ သေသေချာချာပီရင်တော့ လာလည်ကြဗျို့။ ၇ လပိုင်း (ဇူလိုင်)လောက်ဆို မြက်တွေစိမ်းပြီး မြေလည်းသွေ့ပြီ။ အပင်တွေလည်း ဖြိုင်ဖြိုင်လှိုင်လှိုင် သီးပြီ။ ရာသီလည်း နွေးပြီ။ လည်နေကြလူတွေကတော့ ပါတီသေးသေးလေးပေးပြီး အဖျော်ယမကာလေးတွေကိုယ်စီနဲ့ပျော်ကြတာပဲ။ မလည်ဖူးသေးသူတွေအားလုံးကိုလည်း ဖိတ်ပါတယ်။ အနည်းဆုံး ကြက်ဥလတ်လတ်ဆတ်ဆတ်ပြုတ်စားကြော်စား၊ သခွားသီးတွေ အပင်ကနေဆတ်ကနဲခူး တဂျွပ်ဂျွပ်ကိုက်၊ အကင်ဖိုလေးနဲ့ အမဲသား ဆိတ်သား ကြက်သားလေးလည်းကင်ပေါ့လေ။


(ဒဂုန်တာရာမွေးနေ့)
ဆရာဒဂုန်တာရာ့မွေးနေ့ အမှတ်တရတခုခုပြောဖြစ်ကြတော့ ကျနော်က.....
“သူ့မှာ ရန်သူရောမိတ်ဆွေပါရှိတယ်။ သူ့ရန်သူသတ်မှတ်ချက်က “ပြည်သူကို ဆင်းရဲဒုက္ခရောက်အောင်လုပ်သူ”ဖြစ်တယ်။
အဲ့ဒီရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ဆိုတာ သူ့နိုင်ငံရေးအတွေးအခေါ်နဲ့ရပ်ခံချက်ပဲ။ “မိတ်ဆွေဖြစ်အောင်လုပ်”နဲ့ “မိတ်ဆွေလုပ်”ဆိုတာမှာ “ဖြစ်အောင်”တလုံးခြားတယ်။ အဲ့ဒီ “တလုံးကပဲ ဒဂုန်တာရာဖြစ်တာပဲ။
သူ့မှာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရေး သဘောထားရှိတယ်။ ကြိုးစားခဲ့ဖူးတယ် မကြိုးစားခဲ့ဖူးဘူးကတော့ သီးသန့်ပြောမှဖြစ်မယ်။ ဒါပေမယ့် သေချာပေါက်ပြောနိုင်တာက သူဟာ သေသည်အထိ “ရန်သူ”ကို မိတ်ဆွေလုပ်မသွားဘူး။ ရန်သူဆီ လက်နက်ချမသွားဘူး၊ ကုန်ကုန်ပြောရရင် ရန်သူနဲ့ ပရောပရီ ပလူးပလဲတောင် မနေခဲ့ဘူး။
သူဟာ “မူ”သမားဖြစ်သလို မူအပေါ် အလွန်တည်ကြည်ခိုင်မာစွဲမြဲတဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးကျောရိုးမမဲ့တဲ့ ငြိမ်းချမ်းရေးစာဆို တော်လှန်တဲ့အနုပညာသမားဖြစ်တယ်”လို့ ပြောပါတယ်။


0 comments:

Post a Comment