Wednesday, May 13, 2015

၂ဝ၁၅ ဧပြီနဲ့မေ အလယ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၂)

0 comments
၂ဝ၁၅ ဧပြီနဲ့မေ အလယ်ထဲရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၂)
(မျက်ရည်ချူတဲ့စစ်သား)
မိုက်မိုက်ရိုင်းရိုင်းပြောချင်လို့။
ငါလည်း စစ်သားဖြစ်ခဲ့တယ်။
ငါလည်း စစ်မြေပြင်တွေ သွားခဲ့တယ်။
ငါလည်း ခြေပြတ်လက်ပြတ်နဲ့ ဘဝမပျက်ရုံတမယ် အမိန့်နာခံခဲ့ရဖူးတယ်။
ငါလည်း မိတကွဲဖတကွဲ အငတ်ငတ်အပြတ်ပြတ်တွေလည်း ကြုံဖူးတယ်။
ဒုက္ခိတဖြစ်ချိန်မှာ ငါ ၂၅ နှစ်သား။
မျှော်လင့်ချက် တက်လမ်း အနာဂတ်စတာတွေအပြင်
ဘဝကိုတွယ်တာစိတ်နဲ့ “ချစ်သူ”ဆိုတဲ့အိပ်မက်ထဲ ရင်ခုန်ကြည်နူးစရာအကောင်းဆုံး
အပျိုမြစ်ဆုံး အသန်စွမ်းဆုံး အတောက်ပဆုံးအသက်အရွယ်အပိုင်းအခြားပဲ။
ဒုက္ခိတအဖြစ်ရောက်ရတာမှာ ငါ့ အကောင်းဆုံးတွေအကုန်
တစစီတစစီကြေမွ လွင့်စဉ်ပျောက်ကွယ် ပျက်သုဉ်းခဲ့တာပဲ။
လိုသူမဲ့ ပိုင်သူမဲ့ဘဝနဲ့
မနည်းပြန် ဆယ်မယူခဲ့ရတဲ့စိတ်ဒဏ်ရာနဲ့ရုပ်ခန္ဓာနဲ့
ဘဝကို နာနာကျင်ကျင် ပြန်တည်ဆောက်ယူခဲ့တာပဲ။
ဘာဆန်းလဲ။ အဲ့ဒါ ဘဝပဲ။
စစ်သားဖြစ်တာကရော ဘာဆန်းလဲ။
ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်လျှောက်ရတာပဲ။
ကိုယ်ထမင်းစားဖို့ ကိုယ်လုပ်တဲ့အလုပ်ပဲ။
ငါ ဒုက္ခိတဖြစ်ရတာ တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုတဲ့စကား
ယောင်လို့တောင်မပြောဖူးဘူး။
အေး..အဲ့သလိုပဲ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ဖူးဘူး။
ဘာ့ကြောင့် အဲ့သလိုဖြစ်ရသလဲကို ငါရှာတယ်။
တွေ့တယ်။
အရင်းခံက စစ်အာဏာရှင်စနစ်ပဲ။
တရားခံက လူမျိုးကြီးဝါဒီ လက်ဝါးကြီးအုပ် စစ်အရင်းရှင်စနစ်ပဲ။
ငါတို့ဘဝတွေ အသက်တွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မိသားစုတွေ နုပျိုခြင်းတွေ ချစ်ခြင်းတွေ ငါတို့ရဲ့အကောင်းဆုံးတွေအကုန်ကို ချနင်းစတေးနေတဲ့စစ်အုပ်စုသာလျှင် လက်သည်မှန်း အရင်းတရားခံမှန်း တိုင်းပြည်နဲ့လူထုကိုဆင်းရဲဒုက္ခရောက်စေတဲ့ “ရန်သူ”မှန်း ပြက်ပြက်ထင်ထင် သိမြင်လာတဲ့အချိန်ကစပြီး ရောက်တဲ့နေရာက ရတဲ့နည်းနဲ့ဆန့်ကျင်တွန်းလှန်တိုက်ဖျက်ခဲ့တာပဲ။
တိုက်ဖျက်နေတာပဲ။
တိုက်ဖျက်နေဦးမှာပဲ။
မင်းတို့ကိုလည်း
ငါ့လမ်းသာမှန်တယ်
ငါလုပ်တာသာကောင်းတယ်လို့ “တရား”မထူထောင်ဘူး
ငါ့လိုလုပ်ကြ
ငါ့လမ်းလျှောက်ကြလို့ ဇွတ်မတောင်းဆိုဘူး
စစ်သားလုပ်လုပ်
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလုပ်လုပ်
သိစိတ်ရှိရှိ
ရပ်တည်ရည်ရွယ်ချက်ရှိရှိ
ရွေးချယ်ဆုံးဖြတ်ချက်ရှိရှိ
ပိုင်းဖြတ်ချက်ရှိရှိ
မူရှိရှိ
သတ္တိရှိရှိသာလုပ်။
အမိန့်နာခံရလို့ဆိုတဲ့စကားမပြောနဲ့
အမိန့်ဆိုတာ
မနာခံလို့လည်းရတယ်
နာခံလို့လည်းရတယ်
အမိန့်နာခံရလို့ပါဆိုရင်
အမိန့်နာခံရင်း
စစ်အာဏာရှင်စနစ်ကို ကာကွယ်ကြ
ဆက်ကာကွယ်ကြ
အမိန့်နာခံရင်းသေကြ
ဆက်သေကြ
အမိန့်နာခံရင်းဒုက္ခိတဖြစ်ကြ
ဆက်ဖြစ်ကြ
အမိန့်နာခံရင်းသေကွဲရှင်ကွဲ ကွဲကြ
ဆက်ကွဲကြ
အမိန့်နာခံရင်း ဘဝတွေပျက်ကြ
မင်းတို့ဘဝတွေ ဆက်ပျက်ကြ။
“အမိန့်နာခံရတဲ့ကောင်ကို
အမိန့်ပေးတဲ့ကောင်ကတောင် မသနားမှတော့
တိုင်းပြည်က ဘာ နှမြောစရာရှိမလဲ”

(အမေနေ့က အမေ့အကြောင်း)
“ဦးမျိုးအမေအကြောင်း တကြောင်းနှစ်ကြောင်းဖြစ်ဖြစ်ပြောဗျာ”ဆိုတဲ့ ကြို့ပင်ကောက်ရေ
ကျနော် ဒဏ်ရာဗလဝနဲ့ မင်္ဂလာဒုံစစ်ဆေးရုံပေါ်ရောက်လာပြီးပြီးချင်း ပထမဆုံးအကြိမ် အမေလာတွေ့တော့ ဒဏ်ရာတွေလှန်လှောကြည့်ပြီး အရင်ဆုံးပြောတဲ့စကားကို ပြောပြပါရစေ။
“ဘာပဲဖြစ်ဖြစ် မင်း အမေ့မျက်စေ့အောက်ပြန်ရောက်လာပြီ။ မင်းအရင် အမေသေရင်လည်း မင်း အမေ့ကိုသင်္ဂြိုဟ်ခွင့်ရပြီ။ အမေ့အရင် မင်းသေခဲ့ရင်လည်း အမေ မင်းကို သင်္ဂြိုဟ်ခွင့်ရပြီ”တဲ့ဗျ။
ခုထိတော့ ဘယ်သူ့ဘယ်သူမှ မသင်္ဂြိုဟ်ကြရသေး။


(မပြန်မကြားကိုဘွယ်ကြီး)
ရှစ်ဆယ့်ရှစ်ငြိမ်းပွင့်က ပြန်ကြားရေးတာဝန်ရှိသူ ကိုအံ့ဘွယ်ကျော်တယောက်လည်း ဘာမှ မပြန်မကြားတာ ကြာပြီ။ ပြန်ပဲ မကြားလို့လား။ မပြန်လို့ပဲ မကြားတာလား။ ပြန်ရဲ့သားနဲ့ မကြားတာလား။ ကြားရဲ့သားနဲ့ မပြန်တာလားတော့ မပြောတတ်ဘူး။
သူ့အမေနေမကောင်း၊ ဆေးရုံတက်၊ ခြေထောက်ဒဏ်ရာရနဲ့ အမေတခုသားတခု အနီးကပ်ပြုစုနေရတဲ့လူပျိုကြီး။ အမေကို ဆထက်ထမ်းပိုး စောင့်ရှောက်နိုင်ပါစေ။
အဲ့ဒီအမေဟာ အခြားအမေများနည်းတူ ထောင်ထဲကသားတွေအတွက် ရတက်မအေး။ ရောက်ရာထောင် ရတဲ့နည်းနဲ့လိုက်တွေ့၊ အလိုက်ကောင်းဆိုးမသိတဲ့ဘွယ်ကြီးလို ကျနော်တို့လို “သား”ဆိုတဲ့အကောင်တွေက အပြင်မှာ အဆင်ပြေမှန်းမပြေမှန်းမသိ၊ စားချင်တာတွေ မှာရုံနဲ့တင်အားမရ ထောင်ဝင်စာလာရင် သတင်းမပါရကောင်းလားတို့၊ ဖတ်စရာ ခိုးမသွင်းပေးရကောင်းလားတို့ စိတ်ထဲငြူစူခဲ့ကြဖူးတယ်။
အဲ့ဒီအမေ ထောင်ဝင်စာမှာယူလာပေးတဲ့ စိုးဝင်းအချိုခြောက်လေးကို ထမင်းခြောက်နေလှမ်းမီးနဲ့ ခိုးဖျော်နှပ်သောက်ခဲ့ကြတာမမေ့ဘူး ဘွယ်ကြီး။ ခု ခင်ဗျားလည်း ခင်ဗျားအမေနားမှာ ကျနော့်အမေလည်း ကျနော့်နားမှာ။ ကျနော့်အမေက ခု ၈၃ ထဲရောက်တော့မယ်။ အိုကြပြီ။
ဘဝမှာ တဖားဖားဖြစ်ခဲ့တဲ့အခါ ရှိမရှိမသေချာပေမယ့် တပေပေတွေတော့ဖြစ်ခဲ့ကြသူတွေ မဟုတ်လား။
ဘွယ်ကြီးရေ ပြန်တာကြားတာလေးလည်း လုပ်ပါဦးဦး။ အန်တီ့ကို အဝေးကနေ ဦးခိုက်လိုက်ကြောင်းလည်း ပြောပေးပါဦး။

(တရားမမှန် စစ်မနိုင်)
ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ်တွေ စစ်ရှူံးတယ်။ ဒီလောက်အင်အားမတန်တဆကြီးမားရဲ့ တိုက်စွမ်းရည်တွေလည်းကောင်းရဲ့နဲ့ ဘာလို့ရှူံးသလဲဆိုတော့ ဖက်ဆစ်ဖြစ်လို့ကို ရှူံးတာပဲ။ တရားကိုက မှားနေလို့ပဲ။
ဗမာ့စစ်အုပ်စု ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကို နိုင်အောင်မတိုက်နိုင်ဘူး၊ ဘာ့ကြာင့် မနိုင်သလဲ။ တရားအမှားကိုင်ထားလို့ပဲ။ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူး။ ဘာ့ကြောင့်လဲ မတရားမှုကို “ဥပဒေ”လုပ်ထားလို့ပဲ။
စစ်တပွဲခြင်းစီမှာ လူသူလက်နက်အင်အားအဓိကမဟုတ်ပဲ ခေါင်းဆောင်ရဲ့လုပ်ရည်ကြံရည်ကြောင့် နိုင်သွားတာမျိုးရှိနိုင်ပေသိ စနစ်ကိုပြောင်းမယ့်စစ်တွေကြ လူထုမပါပဲ၊ ပြည်သူ့စစ်သဘောတရား အတွေးအခေါ်မတပ်ဆင်နိုင်ပဲ၊ အမျိုးသားသွေးစည်းညီညွတ်မှု မတည်ဆောက်နိုင်ပဲ နိုင်ခဲ့တာမျိုး မရှိဘူး။ စစ်ပွဲတချို့ဟာ ခေတ်ကိုပြောင်းကောင်းပြောင်းနိုင်ဦး စစ်ပွဲတိုက်ရသူတွေရဲ့ဘဝကို မပြောင်းနိုင်ရင် စနစ်ပြောင်းတယ်လို့မဆိုနိုင်ဘူး။
နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်ကျော်ထင်နော်ရထာနိုင်ခဲ့ပေမယ့် စက်မှုအရင်းရှင်စနစ်နဲ့တိုက်တော့ ဗမာ့ပဒေသရာဇ်စနစ်ကြီးတခုလုံးချုပ်ငြိမ်းသွားတာ မျက်မှောက်ပြုရတယ်မဟုတ်လား။
ဗမာ့စစ်အုပ်စုရဲ့ တရားမှားတဲ့ပြည်တွင်းစစ်ဟာ မုချဆတ်ဆတ်ကို ရှူံးရမှာဖြစ်တယ်။
(လူ ဒူး လဲခြင်း)
လူ ၄ မျိုးစပ် ကျနော့်ယောက္ခမကြီး ဟိုနေ့ကတည်းက ဒူးဂေါင်းတဖက်အစားထိုးကု ခံနေရတယ်။ သူ့ဒူးက မကောင်းတော့လို့ အဆစ်အမြစ်တု နှလုံးတုဘာညာတွေထုတ်တဲ့ဆီကနေ ဒူးအတုမှာပြီး အစစ်နဲ့လဲတာတဲ့။ ခုထိတော့ဆေးရုံမှာပဲ။ မနေ့က လူ ၃ မျိုးစပ်သူ့ဇနီးရယ်၊ သူတို့ ၂ ယောက်စပ်မွေးထားတဲ့ ကျနော့်ဇနီး လူ ၇ မျိုးစပ်ရယ်၊ ကျနော် လူ ၃ မျိုးစပ်ရယ် ဆေးရုံသွားတွေ့တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ အေးအေးဆေးဆေးပဲ။
“နောက် ၂ ရက်လောက်ဆို လမ်းလျှောက်အားပြုကိရိယာနဲ့ လမ်းစလျှောက်ရမယ်။ ဘာမှ သိတ်မဆိုးရင် ဆေးရုံကဆင်းပြီး အိမ်မှာလမ်းလျှောက်ကျင့်ရမယ်၊ ကုထုံးဆရာ နေ့တိုင်း အိမ်လာကြည့်မယ်၊ ဆက်ကောင်းသွားရင် နောက်အပတ်ထဲကြ တုတ်ကောက်နဲ့ စလျှောက်ရမယ်၊ တုတ်ကောက်ကတော့ မသေမချင်း ဆောင်ရတော့မယ်၊ တော်သေးတာပေါ့ကွာ ဘီးတပ်ကုလားထိုင်တွေ ဂျိုင်းထောက်တွေသာ သေတဲ့အထိ သုံးရလို့ကတော့ မလွယ်ဘူး” လို့ပြောပြီး ကျနော့်ဂျိုင်းထောက်တွေကို မျက်စပြစ်ပြတယ်။
ဘိုးတော်က ခု အသက် ၈၇၊ ဘွားတော်က ၈၆၊ အိမ်ထောင်သက်က ၆၆ နှစ်။ သားသမီး ၄ ယောက်။ မြေးမြစ်တီတွေအထိ ရနေပြီ။ အရင်းတွေရော အဖျားတွေရောပေါင်းလိုက်ရင် မနည်းဘူး။ ကျေးဇူးတော်နေ့တို့ ခရစ္စမတ်စ်တို့ဆို သူတို့တအိမ်လုံး မျိုးဆက်တွေဝေဝေစည်စည်နဲ့ ဝက်ဝက်ကွဲပဲ။
ဘိုးတော်က တနင်္ဂနွေဆို ဆင်းရဲသားတွေလှူဖို့ ငွေစကြေးစလေး၊ မုန့်ပဲသွားရည်စာလေး၊ အဝတ်အစားလေးတွေပွေ့ပက်ပြီး ဘုရားကျောင်းဘက်သွား မသေကြွင်းကျန် ကျောင်းနေဖော်သူငယ်ချင်းတွေနဲ့ ငယ်မူပြန်တတ်တယ်။ “ခရစ်တော်လည်း ရဖြူဂျီပဲကွ၊ ဒုက္ခမှရောက်လိုက်သမှ၊ သူ့မှာ ချစ်စရာကောင်းတာက လူတွေကို လူဆိုးလူကောင်းမခွဲပဲ ကြင်နာတာနဲ့ ဘယ်သူ့ကိုမှ မစီရင်မစစ်ကြောတာပဲ၊ Judgement ကို ဘုရားသခင်ကလွဲလို့ လူလူချင်း ဘယ်သူ့ဘယ်သူမှလုပ်တာ သူမကြိုက်တာတွေပဲကွ”လို့ တခါတခါ ဘီယာလေးထွေထွေနဲ့ပြောတတ်တယ်။
ဘွားတော်ကတော့ သာရေးနာရေးမှတပါး ဘုရားကျောင်းဘက် သွားခဲလှတယ်။ “ဘုရားသခင်က ငါ့ရင်ထဲမှာရှိပြီး၊ သူ့တရားက ငါ့နှလုံးသားမှာ ကိမ်းဝပ်ပြီးသားပဲ”လို့ ချက်ပြုတ်ရင်းမုန့်ဖုတ်ရင်း မွေးနေ့လက်ဆောင်ထုပ်ပိုးရင်း ခရစ္စမတ်သစ်ပင်အလှဆင်ရင်း ပြုံးပြုံး-ပြုံးပြုံးနဲ့ပြောတတ်တယ်။ ဘာသာလည်းတူ လူဖြစ်တာခြင်းလည်းတူပေမယ့် ဘုရားသွားကျောင်းသွားအတူတူ မသွားကြပေမယ့် သူတို့ဘုရားနဲ့ သူတို့တရားနဲ့သူတို့ အေးချမ်းနေကြသလိုပဲ။ သူတို့ကြည့်ပြီး တခုခုအပေါ်မှာ အဲ့သလို ပေါ့ပေါ့ပါးပါး ကြည်ကြည်လင်လင်ယုံကြည်ကိုးကွယ်ရတာဟာ ကောင်းမှာပဲလို့တော့ထင်မိတယ်။

(အားမစ်ရှ်ရွာက ၂ဝ၁၅ ရွေးကောက်ပွဲ)
၂ဝ၁၅ ရွေးကောက်ပွဲအကြောင်းပြောတော့ မနှစ်က အားမစ်ရှ်ရွာကိုသွားခဲ့တာ ပြန်သတိရတယ်။
အင်ဒီယားနားပြည်နယ်မှာ ဂျာမန်နွယ်ဖွားအမေရိကန်တွေ စုစုနေကြတဲ့ အားမစ်ရှ်လို့ခေါ်တဲ့ရွာတွေရှိတယ်။ အမေရိကန်ကို အစောပိုင်းကာလတွေထဲကပဲ လာအခြေချနေထိုင်သူတွေပါပဲ။ လျှပ်စစ်မီး၊ တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ ကွန်ပြူတာ၊ အင်တာနက်အပါအဝင် ဘာ အလက်ထရောနစ်ပစ္စည်းမှ မသုံးကြသလို ကားလည်း မမောင်း၊ လယ်ထွန်တော့လည်း မြင်းကြီးတွေဆွဲတဲ့ ထွန်တုံးထွန်တံတွေပဲသုံးကြတာပါ။ မြို့နီးချုပ်စပ်တွေသွားတော့ စီးမြင်းနဲ့သွားရင်သွား၊ မသွားရင် လှည်းဆွဲမြင်းဆွဲတဲ့ဘာဂီလေးတွေနဲ့သွားကြတာပါ။ အဝေးဆိုရင်တော့ ကားနဲ့ဒရိုင်ဗာငှားပြီး သွားကြတာပါ။ ချုပ်ပြောရရင် ခေတ်အသုံးအဆောင် ဘာမှမသုံးတဲ့ လူအစုတွေပါ။ သမီးမိန်းကလေးတွေကို အတန်းကျောင်းပို့ပညာသင်ခိုင်းတာထက် ကွန်မြူနတီထဲကဆရာနဲ့ပဲ စာသင်ကြတာများပြီး သားယောက်ျားလေးကြတော့ ခွန်နတန်းရှစ်တန်းဆို ကျောင်းထုတ်ပြီး အရွယ်ရောက်တာနဲ့ အစုတူလူအချင်းချင်းထဲ ပြန်ပြီး အိမ်ထောင်ချပေး၊ ဘိုးဘွားလက်ငုတ် တောင်သူယာလုပ်ဘဝနဲ့ ခေတ်နဲ့ဝေးဝေးမှာ အေးအေးချမ်းချမ်း နေကြသူတွေလို့ဆိုရမှာပဲ။ တကယ် အေးချမ်း/မချမ်းကတော့ ကာယကံရှင်တွေမှ သိကြမှာပါ။
ကြက်၊ ဝက်၊ အမဲသားများ လတ်လတ်ဆတ်ဆတ် ကိုယ်တိုင်ပေါ်စားချင်ကြတဲ့ ဗမာပြည်သားတွေအဖို့တော့ ဒီရွာဒီလူအစုတွေ ဒီမှာရှိနေတာ ဘုရား“မ”တယ်ပြောရမှာပဲ။ သူတို့အိမ်မွေးတိရိစ္ဆာန်တွေကလည်း ဓာတုပစ္စည်းတွေ ဘာဆေးညာဆေးတွေကျွေးပြီး မွေးတာမဟုတ်တော့ လတ်တာချင်းတူဦးတောင် ဆိုင်တွေကအသားနဲ့ အနံ့အရသာ အသားမျှင်ဖွဲ့စည်းပုံကအစ ကွာတယ်။ ဗမာအမဲသား၊ ဗမာကြက်၊ ဗမာဝက်ဆန်ဆန်မို့ ဗမာလျှာနဲ့တွေ့တယ်ဆိုပါတော့။ တခါတလေ ကျနော်လည်း အသားငါး သွားပေါ်ကြသူတွေနဲ့အတူ အဲ့ဒီရွာတွေကို အပျော်လိုက်တတ်သလို တခါတလေလည်း လင်မယား၂ယောက် အပျင်းပြေသွားသွားလည်ကြတယ်။ ရွာထဲဝင်လိုက်တာနဲ့ ရွှံ့နံ့မြေနံ့၊ နောက်ချေးနံ့၊ မြင်းချေးနံ့၊ ဝက်အော်သံ၊ မြင်းဟီသံ၊ ကြက်တွန်သံ ဥကြက်မကြီးတွေ ကတော်သံတွေနဲ့ တန်းတိုးတာပဲ။ ကျနော်က အဲ့ဒါတွေ ကြိုက်သူကိုး။
မနှစ်က အဲ့ရွာရောက်တော့ အိမ်တအိမ်မှာ ဝက် သားစပ်နေတာနဲ့ကြုံတယ်။ ဗမာပြည်ကရွာတွေမှာလိုပဲ ဝက်သိုးပိုင်ရှင်က ကြက်ဥတခြင်းလက်မှာပိုက်လို့ ရွာစဉ်လိုက်ပြီး သားတောင်းဝက်မပိုင်ရှင်အိမ်တွေအိမ်အရောက် လိုက် သားစပ်ပေးတာမျိုးပေါ့။ ဗမာပီပီပြောရရင်တော့ ဝက်ဇီးတင်တယ်ပေါ့လေ။ ကိုယ့်ရှိတဲ့ ဝက်ပျိုမပဲဖြစ်ဖြစ်၊ သားအကြိမ်ကြိမ်ကျပြီးပြီးတဲ့ ဝက်မကြီးတွေပဲဖြစ်ဖြစ် အချိန်တန်လို့ သားတောင်းပလားဆို ဝက်သိုးဆရာကိုလှမ်းခေါ်ပြီး ကိုယ့်ဝက်မတွေ သားစပ်ပေး(ဇီးတင်ပေး)ရတာမဟုတ်လား။ ဝက်မွေးသူတိုင်း ဝက်သိုးရှိကြတာမှ မဟုတ်တာကိုး၊ ဝက်သိုးဆိုတာကလည်း သိတဲ့အတိုင်း အရွယ်ကလည်းပျို ခွန်အားကလည်းကောင်း သန်လည်းသန် မြန်လည်းမြန်ဆိုတော့ မိတ်များလိုက်ရတော့မယ်ဆို အပျော်လွန် မစိတ်တွေမွှန်ပြီး ကြိုးမပြတ်ရုံတမယ် အုန်းအုန်းထတတ်တဲ့အကောင်လေ။ နွားသိုးကြိုးပြတ်နဲ့အတူတူနေမှာပါပဲ။
ကျနော်ကြည့်နေတုန်း ရွာသားတယောက်နဲ့ ဝက်သိုးဆရာ စကား အခြေအတင်ပြောနေသံ ကြားတယ်။ ဘာပြောနေကြမှန်း သိတ်မသဲကွဲပေမယ့် တခုခုကို နည်းနည်း ခြေခြေတင်တင် ညှိနေကြပုံတော့ပေါ်တယ်။ နောက်တော့ တည့်သွားပုံပဲ။ ရွာသားက အိမ်ပြန်ပြီး ဝက်မဒန်းလေးတကောင် ဆွဲချလာတယ်။ ဝက်မလေးက အကြောက်အကန်ငြင်းဆန်ရင်း မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ပါလာတယ်။ ဝက်သိုးတွန်သံနဲ့ ဝက်သိုးအနံ့လည်းရရော ဆောက်တည်ရာမရဖြစ်ပြီး အတင်း ခြေဦးတည့်ရာပြေးဖို့လုပ်တယ်။ ပိုင်ရှင်က ဆောင့်ဆွဲထားပြီး ဝက်သိုးထားတဲ့လှောင်ခြံလေးနားခေါ်လာတယ်။ ဝက်မလေးခမျာ အတော့်ကိုထိတ်လန့်ပြီး သွေးပျက်ခြောက်ခြားနေပုံပဲ။ ဝက်သိုးကြီးကတော့ မန်တွေထ မစိတ်တွေမွှန် လိင်စိတ်တွေနိုးကြားပြီး ဟူးဟူးရားရားနဲ့ကို နေတာပါပဲ။
ဒီနေ့ တခြားဝက်မတွေ ဘာမှ သိတ်ပြဿနာမရှိပါဘူး။ ထုံးစံအတိုင်း ဝက်မ အနားရောက်တာနဲ့ ဝက်သိုးနဲ့အလိုက်သင့်အနေအထား အကွာအဝေးဖြစ်အောင် လူက ထိန်းပေးလိုက်တာနဲ့ ဝက်က သူ့အလုပ်သူလုပ်ပြီး မိတ်လိုက်ခြင်းကိစ္စက ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းနဲ့ ဇာတ်သိမ်းရတာမျိုးပေါ့၊ ဝက်ရော လူပါ ဘာ ကယိကထမှ သိတ်မရှိလှပါဘူး။
ဒီဝက်မလေးကြတော့ အတော့်ကို ရုပ်ပျက်ဆင်းဆင်းပျက်နဲ့ ကဖြဲကရုန်းလည်း နိုင်လွန်းလှတယ်။ တယောက်က ခေါင်းဘက်ကနေအတင်းချုပ်၊ တယောက်က ဗိုက်အောက်ကနေလက်လျှိုပြီး ခါးတဝိုက်ကိုဖက်၊ တယောက်က နောက်ကအတင်းချုပ် နောက်ခြေထောက်တွေပါ ကြိုးနဲ့တုတ်ပြီး ဝက်သိုးကြီးကိစ္စပြီးဖို့အရေး အရပ်ကူပါလူဝိုင်းပါ ဖြစ်နေတာတွေ့ရတယ်။ ကိစ္စကတော့ပြီးသွားပါတယ်၊ ဝက်ရော လူတွေပါ ဖတ်ဖတ်တော့ မောကျန်ခဲ့ကြပုံပဲ။ ဝက်မလေးခမျာလည်း မျော့မျော့သာကျန်တယ်ဆိုရလောက်အောင်ကို မရှူနိုင်မကယ်နိုင်ဖြစ်သွားပုံပဲ။ သူ့သခင် ပြန်ဆွဲခေါ်သွားတော့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ရှာတော့ဘူး ဒယီးဒယိုင်နဲ့ဟပ်ထိုးဟပ်ထိုးဖြစ်ပြီး ပါသွားလေရဲ့။ ပိုင်ရှင်ကြီးကတော့ ဝက်သားပေါက်လေးတွေအိပ်မက်နဲ့ အပျော်လုံးဆို့ပြီး ပြန်သွားတာများလားလို့ တွေးမိလိုက်သေးတယ်။
ဒီဖြစ်စဉ် အစအဆုံးကိုကြည့်ရင်း စိတ်ထဲလည်းမကောင်းဘူး။ သနားတာလိုလို လူတွေကို မကြေနပ်တာလိုလို၊ တခုခု အော်ပစ်လိုက်ချင်တာလိုလိုတွေ စိတ်ထဲဖြစ်လာလို့ မနည်းပြန်ထိန်းလိုက်ရသေးတယ်။ ကျန်တဲ့ဝက်မတွေ တကောင်မှ ဘာပြဿနာမှ မရှိပဲပြီးသွားပေမယ့် ဒီဝက်မလေးကြမှ ဘယ့်နှယ် ဒီလောက်တောင် အကြောက်အကန်တွေဖြစ် ရုန်းဟယ်ကန်ဟယ်တွေဖြစ်ရသလဲဆိုပြီး စိတ်ထဲနည်းနည်းဆန်းပြီး စပ်လည်းစပ်စုကြည့်ချင်လာတာနဲ့ ဝက်သိုးဆရာဆီသွားပြီး အကျိုးအကြောင်းမေးကြည့်တော့ “ဝက်မလေးက မဒန်းလေး၊ သားမတောင်းသေးဘူး။ သူ့အသက်နဲ့ဆို နောက် အရက် ၂ဝ လောက်မှ သားတောင်းမှာ၊ အမှန်က အဲ့အချိန်ကြမှ သားစပ်ရမှာ၊ ဒါမှ ဘာပြဿနာမှ မရှိပဲကိစ္စပြီးမှာ၊ သားလည်း တကြိမ်တည်းနဲ့အောင်မှာ၊ ခုက အစောကြီးရှိသေးတယ်” လို့ ပြောတယ်။
ဒါနဲ့ ကျနော်က “သားမတောင်းသေးပဲနဲ့ တနည်းပြောရရင် အပျိုမဖြစ်သေးပဲနဲ့ ဘာဖြစ်လို့ သူတို့က ဒီဝက်မလေးကို သားစပ်(ဇီးတင်)ပေးရတာလဲဗျ၊ အပျိုမှမဖြစ်သေး သားမှ မတောင်းသေးဆိုတော့ အဲ့ဒီ ဇီးကရော အောင်ပါ့မလား”လို့ ကွန့်ကြည့်တော့ ဝက်သိုးဆရာက “ဒီနားမှာ ဝက်သိုးက ငါ့တကောင်တည်းရှိတာလေ၊ နောက် တကြိမ် ငါ ဒီဘက် ပြန်လာဖို့က နောက်လလောက်မှ ရောက်ဖြစ်မှာ၊ ဒါဆို သူတို့ ဒီဝက်မအတွက် ငါ့ကို သတ်သတ် တခေါက်ထပ်ခေါ် နေရမှာ မဟုတ်လား၊ ခေါ်ခက တကောင်တည်းခေါ်ခေါ် ဆယ်ကောင်ခေါ်ခေါ် အတူတူပဲ၊ မိတ်လိုက်ခပဲ အကောင်အရေအတွက်ပေါ် တွက်ယူတာ၊ တယောက်တည်း အကောင်သိတ်များရင်တော့ ငါ့ဘက်ကလည်း နည်းနည်းတော့ လျှော့ယူပါတယ်၊ ခေါ်ခကတော့ လျှော့လို့မရဘူး၊ ဒီနေ့ သူ့ဝက်မချည်းပဲ ၆ ကောင်ကွာ ဇီးတင်ရတာ၊ တခြား ဝက်မတွေက သားတောင်းနေတဲ့ဟာတွေချည်းပဲ၊ ဒါလေးတကောင်ပဲ မတောင်းသေးတာ၊ သားတောင်းချိန် ဒီတကောင်အတွက်ပဲ ငါ့ပြန်ခေါ်ရင် ခေါ်ခထပ်ကုန်မှာလည်းစိုးတယ်နဲ့ တူပါတယ်၊ ဒါနဲ့ သူ အတင်းပြောလို့သာ ငါ ဇီးတင်ပေးလိုက်တာ၊ ဇီးကတော့ မအောင်ဖို့ များပါတယ်။ မအောင်လည်း နောက်တကြိမ်ပေါ့၊ ငါက ဝက်သိုး ငှားတာလေ၊ ငှားလို့ လုပ်ပေးပါဆို လုပ်ပေးရမှာပဲ၊ အောင်တာ မအောင်တာက ငါ့ကိစ္စမှ မဟုတ်တာ၊ ဝက်မပိုင်ရှင်က လုပ်ဆို လုပ်ပေးရမှာပဲ”လို့ပြန်ပြောပြတယ်။
“၂ဝ၁၅ ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီဝင်မယ်ဆိုတာ ခင်ဗျား ဘယ်လိုမြင်သလဲဗျ” လို့ မိတ်ဆွေကမေးတော့ ကျနော်က “သားမတောင်းသေးတဲ့ဝက်မလေး ဇီးအတင်ခံရသလိုနေမှာပါဗျာ”လို့ပြန်ဖြေတော့ “ဘာလဲဗျ ခင်ဗျားဟာက မရှင်းမရှင်းနဲ့ပါလား”ဆိုလို့ မနှစ်က အားမစ်ရှ်ရွာက ဇာတ်လမ်းပြန်ပြောပြဖြစ်တယ်။
ကျနော့်စကားဆုံးတော့ မိတ်ဆွေက “သြော်”တဲ့။


0 comments:

Post a Comment