Wednesday, May 13, 2015

၂ဝ၁၅ ဧပြီနဲ့မေအလယ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁)

0 comments


၂ဝ၁၅ ဧပြီနဲ့မေအလယ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၁)

(အမေသိတယ်ငါ့သား အမေသိတယ်)
“ရွေးကောက်ပွဲ သပိတ်မှောက်တာလည်း ရွေးစရာတခုအဖြစ် မပစ်ပယ်ပါဘူး” ဆိုတဲ့သဘောအပြောက ပြောင်းပြန် အကျိုးသက်ရောက်မှုဖြစ်သွားတယ်လို့ ဆိုရမလားပဲ။ အဲ့ဒီအသံထုတ်ပေးတော့ စစ်အုပ်စုအူမြူးပြီး အင်န်အယ်ဒီ(တချို့) စိတ်နှလုံးညှိုးချုံးကြတယ်။ ဒီနေရာမှာ “တချို့”က ပြောစရာရှိပါတယ်။ အဲ့ဒီတချို့ဟာ အနည်းစုလေးပါ၊ ထုကြီးထည်ကြီး မဟုတ်ပါ။ သာမန်ပါတီဝင်တွေ မဟုတ်ပါ။ ဒီမိုကရေစီရေးအတွက်ဆို တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်မယ့်သူတွေလည်း မဟုတ်ပါ။ “အမေ အမေ”ဆိုပြီး အားကိုးယုံစားတကြီးနဲ့ လူနဲ့နိုင်ငံရေးသံယောဇဉ် အမျှင်တန်းတွေလည်းမဟုတ်ပါ။ “အမေ” သမ္မတဖြစ်ခြင်း/မဖြစ်ခြင်း အပေါ်လည်း သိတ်အာရုံမရှိသူတွေပါ။
အဲ့ဒီတချို့ဟာ ကြားဖြတ်မဝင်ခင်နဲ့ ဝင်ပြီးနောက်ပိုင်း ပြန်လည်ဖွဲ့စည်းတဲ့ အင်န်အယ်လ်ဒီမှာ ထိပ်တန်းနေရာတွေမှာ နံမည်မပေါက်အောင်နေပြီး “အမေ့”ကို စေစားနိုင်စွမ်းသူတွေပါ။ ရန်ပုံငွေအပါအဝင် အဆက်အသွယ်ကောင်းတွေလည်း “ချိတ်”ပေးနိုင်သူတွေပါ။ လူထုနဲ့ ခွာလိုက်ကတည်း အမေနဲ့အစေးကပ်သွားသူတွေပါ။ “အမေ့”ကို လူထုခေါင်းဆောင်လို့ ဆိုသူတိုင်းကို အော့နှလုံးနာတတ်သူတွေပါ။
အင်န်အယ်လ်ဒီကို လူထုသွေးနဲ့မလည်ပတ်တော့တဲ့ အချိန်ကစပြီး သူတို့ “အတွေး”နဲ့ လှည့်ပတ်ခိုင်းထားသူတွေပါ။
အနည်းစုလေးပါ “ဒု”မရှိပါဘူး။ ဒါပေမယ့် “စု”ဖွဲ့ထားမှုအား သိတ်ကောင်းပါတယ်။
စေတလုံးရှင်ကို ဘယ်လိုပေါ်လစီချ ဘယ်လိုဆုံးဖြတ်ဖို့ မျက်ရိပ်ပြနိုင်စွမ်းသူတွေပါ။
သူတို့ဟာ King မဟုတ်ပါ။ King Makers တွေပါ။
သူတို့ဟာ နိုင်ငံရေးမလုပ်ပါ။ နိုင်ငံရေးသမား ဝယ်ရောင်းလုပ်ပါတယ်။
သူတို့ဟာ နတ်တော့မယုံပါ။ ကန္နားစီးလုပ်ပါတယ်။
ရွေးကောက်ပွဲသပိတ်မှောက်တန်မှောက်တာပေါ့အပြောကို
သူတို့မကြိုက်မှန်း “အမေ”သိပါတယ်။
“ပြင်ပြင်မပြင်ပြင်ဝင်မယ်”ကို သူတို့ကြိုက်မှန်း “အမေ”သိပါတယ်။

(သေကွဲရှင်ကွဲတွေရဲ့ခေတ်)
ကျနော့် ဘာ ရာဇဝတ်မှုမှလည်းမကျူးလွန်ပါပဲ ကိုယ့်အိမ်ကိုယ်နေရင်း အကျယ်ချုပ်ကျဖူးတယ်။ "မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ"ဆိုတဲ့ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ၈၉ ခု ဇူလိုင် ၇ ရက်နေ့မှာအဖမ်းခံရပြီး ရေကြည်အိုင်မှာ ငါးဖယ်တေအတေခံရပြီး အင်းစိန်ထောင် ရောက်သွားတယ်။
ထောင်ထဲကနေ သြဂုတ်လ ၄ ရက်နေ့ညမှ ဘာမပြောညာမပြော အိမ်ပြန်ပို့ပြီး ဘယ်မှမသွားရ၊ အိမ်လာသူတိုင်းရဲ့ အမည် လိပ်စာ ဖုန်းနံပတ်တွေ သူတို့ကိုပေးရမယ်။ မင်္ဂလာဒုံကနေ အပြင်ထွက်တာဖြစ်ဖြစ် မင်္ဂလာဒုံထဲကအိမ်တအိမ်အိမ်မှာ ညအိပ်ညနေသွားနေတာဖြစ်ဖြစ် သူတို့ဆီအကြောင်းကြား သူတို့ခွင့်ပြုချက်ရမှသွားရမတဲ့။ ပြီးတော့ ပြောသေးတယ် မင်းညီ (ကျော်ကျော်မြင့်) လာဆက်သွယ်ရင် ငါတို့ကိုချက်ခြင်းသတင်းပို့..တဲ့။ ကျနော်လည်း အင်းလို့ပြောပြီး အိမ်ပြန်ရောက်လာတယ်။
အဲ့ဒီ ညပဲ ညီတော်မောင်က ဝပ်ကျင်းထဲပုန်းနေရာက ကျနော့်ကို ခိုးပြီးလာတွေ့တယ်။ တွေ့တွေ့ချင်း အရင်ဆုံးပြောဖြစ်တဲ့စကားက "လစ်တော့ မင်းကိုလိုက်နေပြီ ခု ငါ့ကို ခနပြန်ထုတ်ထားတာ မင်းကိုထောင်ဖို့ တည်ကြက်လုပ်ဖို့ပဲ"လို့ဖြစ်ပါတယ်။
အဲ့ဒီလိုနဲ့ သြဂုတ်လ ၈ ရက်နေ့ မနက်မှာ ပြန်လာဖမ်းတယ်။ ကားပေါ်တင်၊ လက်ထိပ်ခတ်၊ မျက်နှာဖုံးစွပ်ပြီးပြီးချင်း အရင်ဆုံးမေးတဲ့မေးခွန်းက "ကျော်ကျော်မြင့် ဘယ်မှာလဲ"တဲ့။ "မသိဘူး"လည်းပြောရော နံကြားကို သူ့တံတောင်နဲ့ကြိတ်ဆောင့်ထိုးပြီး ငါလိုးမသား ခုမသိဘူးလုပ်နေ ဟိုကြတော့တွေ့မယ်လို့ အံကြိတ်သံနဲ့ကြိမ်းတယ်။ ကျနော်လည်း ခေါင်းစွပ်ထဲကနေ လန့်လန့်နဲ့ ပြုံးနေမိတယ်။ ကျနော့်အိမ်ကတော့ အဲ့ဒီအချိန်က ဘယ်လူ့မှ လာမလည်ရဲလို့ ဘာမှပေးစရာလည်းမရှိပါဘူး။
စစ်ကြောရေးရောက်တော့လည်း မသိဘူးနဲ့ပဲ အကြိမ်ကြိမ်အဘေခံရပြီး ပြီးသွားတယ်။
အဲ့ဒီတုန်းက "လစ်တော့ မင်းကိုလိုက်နေပြီ ခု ငါ့ကို ခနပြန်ထုတ်ထားတာ မင်းကိုထောင်ဖို့ တည်ကြက်လုပ်ဖို့ပဲ"ဆိုတဲ့စကားကို မင်းမှတ်မိသေးလားဆိုပြီးပြန်ပြောခွင့် တချိန်ချိန်မှာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ကျနော်လည်း ထောင်ထဲမှာ အချိန်မရွေး သေသွားနိုင်သလို ညီတော်မောင်လည်း စစ်အာဏာရှင်ကိုတိုက်ရင်း ရှေ့တန်းမှာ အချိန်မရွေး ကျဆုံးသွားနိုင်တာမဟုတ်လား။ နောက်ပြီး ၂ ယောက်စလုံးအတွက်တင်မက တပြည်လုံးအတွက်ပါ မနက်ဖြန်ပျောက်ခဲ့တဲ့ကာလတွေကိုး။
ဒီလိုနဲ့ နှစ် ၂ဝ နီးပါးကြာခဲ့ပြီးတဲ့အခါ ကျနော်တို့ ညီအကို အမေရိကားမှာ ပြန်လာဆုံတယ်။ လေဆိပ်မှာတွေ့တော့ စိတ်မထိမ်းနိုင်ကြပဲ ငိုမိကြ မျက်ရည်ကျကြရတာပဲ။ နောက်နေ့မနက်မှာ နောက်ဆုံးတွေ့ခဲ့ချိန်က ငါပြောခဲ့တဲ့စကား မင်းမှတ်မိသေးလားဆိုတော့ "မမေ့ဘူး"တဲ့။
တကယ်တော့ ကျနော်တို့ကမှ ပြန်ဆုံခွင့်တွေ့ခွင့်ကြုံရသေးသူတွေပါ။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ပွဲဝင်ရင်း လမ်းမတွေပေါ်မှာ၊ စစ်ကြောရေးမှာ၊ ထောင်ထဲမှာ ရှေ့တန်းစစ်မျက်နှာတွေမှာကျဆုံးခဲ့ကြရသူတွေမှ နည်းတာမှမဟုတ်တာလေ။
ပြောရရင် ကျနော်တို့ခေတ်ဟာလည်း သံနဲ့သွေး တော်လှန်ရေးနဲ့စစ်ပွဲ သေကွဲရှင်ကွဲတွေရဲ့ နှစ်ကာလများသာပဲ။

(ဗကသ ကိုတိုက်တယ်ဆို)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ကို တိုက်ခဲ့သူပေါင်း တိုက်ခဲ့ပေါင်းလည်းများလှပြီ။ တိုက်ခဲ့သူတို့သာ ဗမာ့နိုင်ငံရေးတစပြင်မှာ နိုင်ငံရေးခွေးသေဝက်သေ သေခဲ့တာချည်းပဲ။ ဗကသ သေမသွားဘူး။ ဗကသဟာ သမိုင်းစဉ်လာကြီးသလောက် သမဏိသက်တမ်းရှည်ပြီး ရပ်တည်ချက်မြဲမြံ
ခိုင်မာတဲ့အစုအသင်း၊ လူထုဘက်က တသမတ်ရပ်ခဲ့တဲ့အစုအသင်းဖြစ်တယ်။ ကျောင်းသားရှိသရွေ့ ဗကသရှိနေမှာပဲ။
ဗကသကိုတိုက်ခဲ့သူတွေနဲ့ အဖွဲ့အစည်းတွေ ပါတီတွေ ဒီနေ့ဘာဖြစ်ကုန်ကြသလဲ။ သမိုင်းနဲ့ပြည်သူက ဘယ်ပုံဒဏ်ခတ်ခဲ့သလဲဆိုတာကို သမိုင်းသင်ခန်းစာအဖြစ်မယူတတ်ရင်၊ ဗကသကိုကြည့်ပြီးတောင် သမိုင်းနမူနာအဖြစ် ခုထိ မယူတတ်သေးရင်တော့ ဗမာ့နိုင်ငံရေးပင်မစီးကြောင်းထဲကနေ အမှိုက်မြောင်းထဲရောက်ဖို့သာပဲရှိလိမ့်မယ်။

0 comments:

Post a Comment