ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
တတိယပိုင်း၊ အခန်း(၈)
တတိယပိုင်း
သေနတ်ကိုင်ခြေလျင်တပ်ရင်း(၃) ရန်ကုန်မြို့သို့ပြောင်းရွှေ့ရခြင်း
ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက် ရန်ကုန်မြို့ကိုထိန်းသိမ်းရန်အတွက်
ကျနော်တို့ သေနတ်ကိုင်ခြေလျင်တပ်ရင်း(၃)ကို ရန်ကုန်သို့ရွှေ့ပြောင်းပြီး မြို့လြုံခံရေးကို
ပုလိပ်အဖွဲ့နှင့်တွဲ၍ကိုင်ရပါသည်။
ထိုကာလတွင် ဗမာ့တပ်မတော် တပ်မှုးများနေရာကို အင်္ဂလိပ်များမကိုင်တော့ဘဲ
မြန်မာတိုင်းရင်းသားများကိုလွှဲအပ်လာပါသည်။ ဗမာ့လွတ်လပ်ရေးပေးရန်ရက်နီးကပ်လာ၍ ဖြစ်ဟန်ရှိပါသည်။
ကျနော်မှာ တပ်ရင်း(၃) တပ်ရင်းမှုးဖြစ်လာပြီး ရာထူးလည်း ဒုဗိုလ်မှုးကြီး (လက်ဖတင်နင်ကာနယ်)
ဖြစ်လာပါသည်။
ရခိုင်ပြည်နယ်ဆူပူ ပုန်ကန်မှု
၁၉၄၇ ခုနှစ်တွင် ဗမာပြည် ရခိုင်ပြည်နယ်တွင် ဗမာပြည်သခင်စိုးဦးစီးသော
အလံနီကွန်မြူနစ်ပါတီ၏အနွယ်ဝင်ဖြစ်ကြသော ဗုံပေါက်သာကျော် ဆိုသူနှင့် ဘုန်းတော်ကြီးဆရာတော်ဦးစိန္ဒာတို့ခေါင်းဆောင်သော
ရခိုင်သူပုန်လှုပ်ရှားမှုပေါ်ပေါက်နေပါသည်။
၎င်းတို့နှစ်ဦးသည် ၁၉၄၇ ခု ဧပြီလ၌ပြုလုပ်သော ရခိုင်ပြည်မြေပုံညီလာခံနောက်ပိုင်းတွင်
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်အစိုးရကို ဆန့်ကျင်ကာ စင်ပြိုင်အစိုးရထောင်ပြီး တောခိုကာလက်နက်ကိုင်
ပြောက်ကျားသူပုန်များဖြစ်လာကြသည်။
ရခိုင်ပြည်နယ်တွင် ဗမာ့တပ်မတော်မှ သေနတ်ကိုင်တပ်ရင်း(၅)
နှင့် ချင်းတပ်ရင်းတရင်းရှိနေရာ ၎င်းတို့ကို အင်္ဂလိပ်တပ်ရင်းမှုးများက ကိုင်ထားပြီး သူပုန်တွေကို
လဲဗီးတပ်၊ ရဲတပ်တို့နှင့်ပူးပေါင်းကာတိုက်ခိုက်နေပါသည်။ ရခိုင်ပြည်နယ်သူပုန်များကြီးထွားလာမှာစိုးသဖြင့်
အစိုးရက နောက်ထပ်ယူအမ်ပီတပ်ရင်းတရင်းနှင့် ဗမာ့သေနတ်ကိုတပ်ရင်း(၃)ကို ရခိုင်သို့ထပ်ပို့ပြီး
ကျနော့်ကို ရခိုင်ပြည်နယ်သူပုန်များကို နှိမ်နင်းရန် ရခိုင်ပြည်နယ်အစိုးရ တပ်ပေါင်းစုမှုးအဖြစ်ခန့်အပ်ပြီး
တာဝန်လွှဲပေးပါသည်။ ကျနော် ရခိုင်ပြည်နယ်သွားခါနီးတွင် ဗမာပြည် ကွန်မြူနစ်ပါတီဥက္ကဌ သခင်သန်းထွန်းထံသွားတွေ့ပြီး
ကျနော်၏ရခိုင်ပြည်နယ်တာဝန်ကိုပြောပြပြီး ဘာများမှာကြားလိုပါသနည်းဟု မေးပါသည်။ ကျနော်မှာ
ကွန်မြူနစ်ပါတီဝင်ဖြစ်နေ၍ဖြစ်ပါသည်။
ဥက္ကဌသခင်သန်းထွန်းလည်း အလုပ်အလွန်များနေပုံရပါသည်။ အထူးအထွေသိပ်မပြောတော့ဘဲ
ရခိုင်ပြည်နယ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရဲဘော်ကျော်မြထံသို့သာ စာတစောင်ပေးလိုသည်ဆိုပြီး
ချက်ချင်းစာရေးပေးပါသည်။
ကျနော် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်သောအခါ စစ်အရာရှိတယောက်ကို
ရဲဘော်ကျော်မြကိုအခေါ်ခိုင်းပါသည်။ ရဲဘော်ကျော်မြ ရောက်လာသောအခါ သခင်သန်းထွန်း၏စာကိုပေးလိုက်ပြီး
စကားအနယ်းငယ်ပြောကာ ရင်းနှီးလာကြပါသည်။ ၎င်း ရဲဘော်ကျော်မြမှာ အခြားလူမဟုတ်ပါ။ ယခုအခါတရုတ်ပြည်
ခွန်မင်းမြို့၌ ကျနော်တို့နှင့်အတူတကွရောက်ရှိနေသော ဦးကျော်မြပင်ဖြစ်သည်။ ယခုအခါ အသက်
(၉ဝ)နီးပါးရှိပြီး ကျနော်တို့လူစုတွင် အသက်အကြီးဆုံးဖြစ်ကာ အားလုံးကဝိုင်း၍လေးစားကြပါသည်။
ဦးကျော်မြသည် ဗမာပြည်ကွန်မြူနစ်ပါတီ ၏(ပေါလစ်ဗျူရို) နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လူကြီးဖြစ်ပြီး
သူနှင့်အတူမိသားစုပါအတူရှိနေပါသည်။
ရခိုင်စစ်တွေတွင် ကျနော်နှင့် ဦးကျော်မြ အတော်ကြာစကားစမည်ပြောပြီး
ပြန်သွားပါသည်။ ကျနော်က ရခိုင်တွင် မိမိ၏တာဝန်လုပ်ငန်းကို လည်း ပြောပြလိုက်ပါသည်။ ကျနော့်ထံ
အကြောင်းရှိတိုင်း အချိန်မရွေးလာရန်လည်း ဖိတ်ကြားလိုက်ပါသည်။
ရခိုင်ပြည်နယ်သူပုန်များ ထကြွလှုပ်ရှားသည့်နေရာမှာ ပထမက
ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပါသည်။ သူပုန်များမှာ တထောင်ကျော်မည် ထင်ပါသည်။ ကျနော့်လက်အောက်တွင်
ဗမာ့တပ်တော်အမြဲတမ်း ခြေလျင်တပ်ရင်း(၃) ရင်း၊ ယူအမ်ပီ(စစ်ရဲ) တပ်ရင်းတရင်း ပေါင်း အဓိက
တပ်ရင်း (၄)ရင်း ရှိနေပါသည်။ မိမိတပ်အင်အားမှာ ကောင်းစွာလုံလောက်ပါသည်။
ကျနော် ရခိုင်သူပုန်တိုက်နေစဉ် ဗိုလ်မှုးကြီး(ကာနယ်)ရာထူးသို့
တိုးမြှင့်ခြင်းခံရပါသည်။
ကျနော်သည် ရခိုင်ပြည်နယ်သူပုန်များကို ယခင်က အင်္ဂလိပ်များဦးစီးသောတပ်ရင်းများက
တိုက်ခိုက်သလို “ဆန်စင်ရာကျည်ပွေ့လိုက်သလို” လိုက်ပြီး မတိုက်ဘဲ အကွက်ချပြီး စုစုစည်းစည်းအလုံးအရင်းနှင့်
အနှံအပြား၊ စေ့စေ့စပ်စပ်တိုက်ခိုက်သဖြင့် သူပုန်များ အခြေအနေဟန်ချက် ပျက်ပြီး ပြေးလွှား၍သာနေကြရာက
စိတ်ဓာတ်ကျဆင်းလာပြီး သူတို့၏အဓိကအင်အားကို ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ရွှေ့ပြောင်းပုန်းအောင်း
ကြရန် အမြန်စီစဉ်ပြီး တောင်ပိုင်းသို့ လျှို့ဝှက်စွာချီတက်ရွှေ့ပြောင်းကြပါသည်။
အတန်ကြာသောအခါ သူပုန်များ တောင်ပိုင်းသို့ပြောင်းရွှေ့ဆုတ်ခွာကြောင်း
ကျနော်တို့သိလာသဖြင့် ကျနော်တို့တပ်များ တောင်ပိုင်းသို့ လိုက်ကြပါသည်။ သူပုန်များမှာ
ခြေလျင်မြစ်ချောင်းများကိုဖြတ်ကျော်ပြီး ပင်ပန်းကြီးစွာ မိုင်(၁ဝဝ)ခန့် ချီတက်သွားကြရတာဖြစ်ပါသည်။
သူတို့ အလွန်ပင်ပန်းကြပါသည်။ ကျနော်တို့တပ်များကမူ သင်္ဘောများ၊ မော်တော်ကားများစီးပြီးလိုက်ရသဖြင့်
မပင်ပန်းဘဲ မြန်ဆန်ပါသည်။
ထို့ကြောင့် ရခိုင်သုပုန်များ တောင်ပိုင်းရောက်ပြီးချက်ချင်းလိုပင်
ကျနော်တို့တပ်များက ထက်ကြပ်မကွာ တောင်ပိုင်းသို့ရောက်ရှိလာပြီး လိုက်လံတိုက်ခိုက်နိုင်ပါတော့သည်။
ဤတွင် ရခိုင်ပျောက်ကြားသူပုန်များ များစွာအံ့သြကြပြီး
အကြီးအကျယ်စိတ်ဓာတ်များကျဆင်းကာ ပြေလွှားရှောင်တိမ်းနေကြရပါသည်။ နောက်ဆုံး ၎င်းတို့ ပင်ပန်းလွန်း၍
တချို့အဖမ်းခံလက်နက်ချပြီး အများအပြားမှာ မိမိတို့၏သူပုန်လုပ်ငန်းကိုစွန့်လွှတ်ကာ မိမိအိုးအိမ်ဇာတိသို့
ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် သူပုန်တပ်အလုံးအရင်းမှာ ပျက်ပြားသွားပါတော့သည်။ တချို့အနည်းငယ်မျှ
ရခိုင်ရိုးမတောင်တန်းပေါ် တက်ပြေကြသူများလည်းရှိသည်ဟု ကြားရပါသည်။ အချုပ်မှာ ရခိုင်သူပုန်မှာပြိုကွဲပျက်စီးသွားသလောက်
ဖြစ်သွားပါသည်။ ကျနော်တို့လည်း အသေးအဖွဲများကို လိုက်လံတိုက်ခိုက်နေရပါသည်။
ထိုအတွင်း ကျနော်မှတ်မိတာတခုမှာ သူပုန်များလိုက်ပြီး
အနှံအပြားတိုက်ခိုက်နေစဉ် ကျနော်တို့ရခိုင်ပြည်နယ် “မြေပုံမြို့နယ်”အတွင်း တိုက်ခိုက်နေကြစဉ်
၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄)ရက်နေ့ရောက်လာပြီး ဗမာပြည်လွတ်လပ်ရေးကြေညာသံကို ကြားရပါသည်။
ကျနော်တို့သည် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ (၄)ရက်တွင် ကျနော်တို့ဘိုးစဉ်ဘောင်ဆက်လိုချင်တောင့်တပြီး
တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေး ရပါတော့သည်။ ထိုစဉ် ကျနော်မှာ ဗိုလ်မှုးကြီးရာထူးနှင့်
ဖြစ်နေပါသည်။
ရခိုင်သူပုန်တိုက်ပွဲပြီးဆုံးခါနီးတွင် ကျနော့်မှာ ငှက်ဖျားဝင်လာသည်ထင်ရသည်။
မကျန်းမမာဖြစ်လာ၍ စစ်တွေသို့ပြန်လာရပြီး ဆေးရုံတွင် လဲ ပါတော့သည်။ ကျနော့်ကျန်းမာရေးမှာ
တိုးတက်ကောင်းမွန်မလာဘဲ ဆိုးဝါးလာသဖြင့် ရခိုင်မှရန်ကုန်သို့ ပြန်ပို့ပေးကြပါသည်။
ဗမာ့တပ်မတော် ဆေးမှုးချုပ်ဖြစ်သူ ကာနယ်ဦးမောင်မောင်ကြီးမှာ
ကျနော်တပ်တွင်း၌ အားကြိုးမာန်တက် ပြင်းထန်စွာအလုပ်လုပ်ပုံတွေကို သိရှိပြီး ကျနော့်ကို
အချိန်မှန်လုပ်ဖို့၊ ကျန်းမာရေးနှင့်လျော်ညီစွာ စားသောက်နေထိုင်ဖို့ မကြာခဏသတိပေး ပြောကြားခဲ့သူဖြစ်ပါသည်။
ကျနော့်ကိုလည်း များစွာခင်မင်လေးစားသူ ဖြစ်ပါသည်။ တပ်မတော်တွင် ကျနော်သည် မရှိမဖြစ်လိုအပ်သူဟုယူဆထားသူလည်း
ဖြစ်ပါသည်။ (ကာနယ်ဦးမောင်မောင်ကြီးသည် ကျနော်တပ်မတော်မှ နောင်အခါထွက်ရသောအခါ ကျနော့်ထံလာရောက်တွေ့ဆုံလိုသော်လည်း
မသင့် တော်၍ မလာဖြစ်ထင်ပါသည်။ ကျနော် တပ်အပြင်ရောက်ပြီးနောက် ကျနော့်သားငယ် ထွန်းအေးကျော်ဇော(တွတ်တွတ်)ကွယ်လွန်သော
အခါမှ ဈာပနမေး ကျနော့်အိမ်ရောက်လာပါသည်။ ကျနော့်အကြောင်းတွေကို မေးမြန်သိရှိထားပုံရပါသည်။
ကျနော့်သမီးတယောက် ဆေးတက္ကသိုလ်တက်နေသည်ဟု ကြားရကြောင်းပြောသဖြင့် သမီးလှလှနှင့်မိတ်ဆက်ပေးလိုက်ရပါသည်။)
ကျနော်စစ်တွေမှ ရန်ကုန်ပြန်ရောက်သောအခါ ရန်ကုန်မြို့တွင်
စစ်ဘက်ဆေးရုံမရှိသေးသဖြင့် ကာနယ်ဦးမောင်မောင်ကြီးက ကျနော့်ကို အရပ်ဘက် ရန်ကုန်ဆေးရုံကြီးသို့
တင်လိုက်ပါသည်။ ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဦးဘသန်းတို့ကလည်း ကျနော့်ကို
ဂရုစိုက်ကြပါသည်။ ကျနော်ရန်ကုန်ဆေးရုံကြီးရောက်မှ စစ်ဆေးကြည့်ရှုချက်များအရ ကျနော့်တွင်
တီဘီအဆုတ်ရောဂါစတင်ရှိနေပြီကို သိရပါတော့သည်။ ထိုစဉ် တီဘီရောဂါပျောက်ဆေးများလည်း မပေါ်သေးပါ။
ထိုခေတ်တီဘီရောဂါဖြစ်လျှင် ယခုခေတ် ကင်ဆာရောဂါလို သေခြင်းတရားကို တဖြည်းဖြည်းရင်ဆိုင်ရတော့မည်ဟုသိထားရ၍
ကျနော်လည်း များစွာစိုးရိမ်သွားပါသည်။
နောက်ကာနယ်ဦးမောင်မောင်ကြီးက ကျနော်နှင့်တွေ့ပြီး တီဘီရောဂါအတွက်
သိပ်စိတ်မပူဖို့၊ ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်ပြီး ဆေးဝါးကောင်းများစားသောက်သွားလျှင်
ရောဂါပျောက်ကင်းသက်သာသွားနိုင်ကြောင်း အားပေးစကားပြောပါသည်။
ကျနော်ရန်ကုန်ဆေးရုံကြီးတွင် တလခန့်မျှနေရပြီး ကျန်းမာလာ၍
ဆေးရုံမှဆင်းခွင့်ရပါသည်။
ထို့နောက် တပ်မတော်ဆေးမှုးချုပ် ကာနယ်ဦးမောင်မောင်ကြီးက
ကျနော့်ကိုဆေးခွင့် (၆)လ ရက်ရှည်ယူစေပြီး တီဘီရောဂါသက်သာစေသော ရာသီဥတုရှိသည့်မိတ္ထီလာမြို့တွင်
သူပေးလိုက်သော စားဆေး၊ ထိုးဆေးများကိုသုံးစွဲပြီး ကောင်းကောင်းအနားယူ စားသောက်နေထိုင်ဖို့
ပြောပါသည်။
ကျနော်သည် စစ်ပွဲတွင်းသေရမှာကို သိပ်မကြောက်ရွံ့သော်လည်း
ယခုလိုတီဘီအဆုတ်ရောဂါနှင့်တော့ မသေချင်လှပါ။ တိုင်းပြည်တာဝန် တွေကို ဆက်ပြီးထမ်းဆောင်ချင်နေပါသည်။
ထို့ကြောင့် ဆေးဘက်က ညွှန်ကြားထားသည့်အတိုင်း ကျနော်အားလုံးကို လိုက်နာခံယူ လုပ်ဆောင်ပါသည်။
ကျနော်သည် ဆေးခွင့် (၆)လယူပြီး မိတ္ထီလာမြို့သို့ ကျနော့်အိမ်ထောင်နှင့်အတူသွား၍
တီဘီရောဂါသက်သာရေးအတွက် အနားယူနေခဲ့ ပါသည်။ ထိုအတွင်း နိုင်ငံရေးစာအုပ်များလည်း အတော်အတန်ဖတ်ချိန်ရလိုက်ပါသည်။
0 comments:
Post a Comment