Thursday, May 28, 2015

သင်္ကြန်အမြောက်သံမဟုတ်မှသာ အာဏာရအုပ်စုက လေးလေးနက်နက်စဉ်းစားမှာပါ (တူမောင်ညို)

0 comments

ကျနော် အလေးထားဖတ်လေ့ ရှိတဲ့သူတွေထဲမှာ ဆရာဝင်းထွဋ်ဇော် လည်း ပါဝင် ပါတယ်။ ဆရာဝင်းထွဋ်ဇော်ရေးတာတွေနဲ့ပတ်သက်ပြီး သဘာဝကျစွာပဲ ဆရာဝင်းထွဋ်ဇော်အမြင်တွေအပေါ်ကျနော့်အနေနဲ့ သဘောတူနိုင်တာလည်း ရှိသလို၊ သဘောမတူနိုင်တာတွေလည်း ရှိပါတယ်။
(ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၄ စာမျက်နှာ ၂၁ မှာ)  ဖော်ပြထားတဲ့ ဆရာဝင်းထွဋ်ဇော်ရဲ့ “မြန်မာ့ ဒီမိုကရေစီတိုက်ပွဲနှင့် အဆုံးအဖြတ်ပေးမည့် အချိုးအကွေ့” ဆောင်းပါးအပေါ် ကျနော်အခုလို ပြန်လည်ဆွေးနွေးလိုပါတယ်။

“သို့ပေမယ့် ‘ရွေးကောက်ပွဲသပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် စဉ်းစားရလိမ့်မယ်’ဆိုတဲ့ ပြောဆိုမှုဟာ သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး။ ဒေါ်စုဟာ နိုင်ငံရေးခြောက်လုံးလှန့်လုံးတွေ လုပ်လေ့ရှိသူ မဟုတ်ပါဘူး။

ထိုအချက်ကို အာဏာရအုပ်စုအနေနဲ့လည်း ကောင်းစွာသိရှိထားပါလိမ့်မယ်။ သို့ပေမယ့် အုပ်စိုးသူတွေဟာ အင်အယ်လ်ဒီမပါတဲ့ ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အစိုးရဖွဲ့မယ်ဆိုတဲ့ ခပ်တိမ်တိမ်အတွေးမျိုး တွေးရင်တော့မှားသွားပါလိမ့်မယ်” တဲ့။

အထက်ပါအချက် ၂ ချက်ဟာ  ဆရာဝင်းထွဋ်ဇော်ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အချက်တစ်ခုချင်းအပေါ် လက်တွေ့ထဲက သာဓကအချို့ကို ဖော်ပြပြီးဆွေးနွေးပါရစေ။

ပထမဆုံးမြင်တွေ့နိုင်တာက အထက်ပါအချက် ၂ ချက်စလုံးကိုဖော်ပြရာမှာ ဆရာဝင်းထွဋ်ဇော်  ယတိပြတ်မပြောဝံ့တာကို သတိပြုမိကြမှာပါ။ (သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး/ခပ်တိမ်တိမ်တိမ်အတွေးမျိုး တွေးရင်တော့) ဆိုတဲ့စကားလုံးတွေက မသေချာတဲ့သဘော၊ ဖြစ်လည်းဖြစ်နိုင်သလို/မဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်တဲ့ မရေရာတဲ့သဘောတွေကို ကိုယ်စားပြုနေတယ် မဟုတ်ပါလား။  မယုံမရဲ သောကလို့ ဆိုရမလားဗျာ။

(NLD) နဲ့ပတ်သက်တဲ့ ပထမအချက်ကိုကြည့်ကြပါစို့

ချွန်ထွက်လာပြီး “ခခွေး”လိုအတွင်းထဲ ပြန်ဝိုက်ခွေသွားတတ်တာမျိုးတွေ ဒီချုပ်ပါတီရဲ့ “တစ်သက်နှစ်ဘဝ”သက်တမ်းကာလထဲမှာ ပြစရာသာဓကတွေ များလှပါတယ်။ ထင်ရှားလှတဲ့သာဓက ၂ ခုကို ပဲ ရှေ့မျက်နှာနောက်ထားဖော်ပြခွင့်ပြုပါ။

သာဓက (၁)
၂ဝ၁ဝ မတ် ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သော “  NLD ကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း၊ အများသဘောတူ၊ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချခဲ့ပါသည်၊ သဘောထားကွဲလွဲခြင်းမရှိပါ” ဟုကြေညာခဲ့သော NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် ကို ကြည့်ပါ။ (ထိုအစည်းအဝေးသို့ နေအိမ်အကျယ်ချုပ်ကျခံနေရသောဒေါ်စု၏ သဘာထား ၆ ချက်ကို ဦးဉာဏ်ဝင်းမှ တဆင့်ပေးပို့ခဲ့ပါသည်။)
အခု အစိုးရသစ်တခုရှိနေတယ်ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတဲ့သဘောထားမှတ်ချက်အပေါ်ကနေ “NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်ခဲ့ကြတယ်”မဟုတ်ပါလား။ ရွှေဂုံတိုင်ကြေညာစာတမ်းကြီးကို ကိုယ်တိုင်ဆုတ်ဖြဲပစ်ခဲ့ကြတယ် မဟုတ်ပါလား။ ဒါ့အပြင် “ကျမရဲ့လစ်ဟင်းချက်”ဆိုတဲ့စကားနဲ့ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာပါမည်” ဆိုတဲ့ကျမ်းသစ္စာကိုဆိုကာ လွှတ်တော်ထဲဝင်သွားခဲ့ကြတယ် မဟုတ်ပါလား။

သာဓက (၂)

၂ဝ၁၄ခုနှစ်၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၉ ရက်အတွင်းမှာ လှုပ်ရှားခဲ့ကြတဲ့ ဒီချုပ်ကကြီးမှူးတဲ့ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ ဒေါ်စုရဲ့စိန်ခေါ်သံတွေမိုးလုံးဟိန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စိန်ခေါ်သံတွေကို ဖြစ်မြောက်စေဖို့ အဓိက ကျတဲ့ လှုပ်ရှားမှုလိုက်ပါမလာနိုင်ခဲ့တာကို ဆရာဝင်းထွဋ်ဇော်လည်း သတိပြုမိမှာပါ။ လက်မှတ်ပေါင်း ငါးသန်းနီးပါး ၄၉၄၁၉၉၈ ရရှိခဲ့ပေမယ့်၊ လွှတ်တော်က အရေးမထားခဲ့ပါဘူး။ လွှတ်တော်နာယကကြီးက ခပ်ပြောင်ပြောင်ပဲပြောခဲ့တာပါ။ ဒီလှုပ်ရှားမှုဟာ လွှတ်တော်ပြင်ပမှာ လူထုကို စည်းရုံးလှုံ့ဆောင်ပြီး ရယူခဲ့တဲ့ရလဒ်ပါ တနည်းအားဖြင့် လူထုဆန္ဒပါ။ ငါးသန်းနီးပါးသော လူထုဆန္ဒကို ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒဆိုတဲ့ လွှတ်တော်ကြီး ဂရုမထားခဲ့ပါ၊ လက်တွေ့သိမြင်ခဲ့ကြရတာတော့  လွှတ်တော်ပြင်ပလှုပ်ရှားမှုကို လွှတ်တော်က အသိအမှတ်မပြုခဲ့ပါဘူး။

ဒီလိုသာဓကတွေ ရှိခဲ့ဖူးလေတော့ “သင်္ကြန်အမြောက်သံတော့ မဟုတ်နိုင်ပါဘူး။ ဒေါ်စုဟာ နိုင်ငံရေးခြောက်လုံးလှန့်လုံးတွေ လုပ်လေ့ရှိသူ မဟုတ်ပါဘူး။” ဆိုပြီး ကိုယ့်ဟာကိုယ် ရဲဆေးတင်နေရတဲ့သဘောဖြစ်ပါတယ်။

အာဏာရအုပ်စု (လက်ရှိအစိုးရ) နဲ့ပတ်သက်တဲ့ ဒုတိယအချက်ကိုကြည့်ကြပါဦးစို့

၂ဝ၁ဝရွေးကောက်ပွဲကို(NLD) မပါဘဲ/သပိတ်မှောက်တဲ့ကြားက ပြုလုပ်ခဲ့ပြီး၊ “အရပ်သားအစိုးရ”ဖွဲ့ခဲ့တာကို ဆရာဝင်းထွဋ်ဇော်သိပြီးသားပါ။

သင်္ကြန်အမြောက်သံ မဟုတ်မှသာ အာဏာရအုပ်စုက လေးလေးနက်နက်စဉ်းစားမှာပါ။
ဒီလိုမှ မဟုတ်ဘဲ သင်္ကြန်အမြောက်သံပဲဆိုရင်တော့ အာဏာရအုပ်စုကလည်း ပေါ့ပေါ့တိမ်တိမ်ပဲ သဘောထားပြုမူနေပါလိမ့်မယ်။ အဓိကအချက်ကတော့ သင်္ကြန်အမြောက်သံ မဟုတ်ဘဲ၊ အဆံပါဖို့။ ခခွေးကဲ့သို့ ကွေးပြီးခွေမသွားဖို့လိုတာပါ။ ဒါကြောင့် ဆရာဝင်းထွဋ်ဇော်ရဲ့ စိုးရိမ်ချက်ကိုကြည့်တဲ့အခါ ဒေါ်စုပြောဆိုချက်ကို (မရဲတရဲ)အလေးတင်းပြီး လက်ရှိအစိုးရကို ဖျောင့်ဖျနေတာလို့ကျနော်မြင်ပါတယ်။

ဒါ့အပြင်ဆရာဝင်းထွဋ်ဇော်က သူ့ဆောင်းပါးနိဂုံးပိုင်းမှာ ဒီမိုကရေစီအင်အားစုတွေကို အောက်ပါလုပ်ငန်း ၃အတွက် ညီညွတ် စွာကြိုးပမ်းကြဖို့ တိုက်တွန်းနိုးဆော်ထားတာတွေ့ရပါတယ်။

-       ဖွဲ့စည်းပုံပြင်ဆင်ရေး
-       လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေး
-       လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးရေး

အထက်ပါလုပ်ငန်း ၃ ရပ်ဟာ အာဏာအုပ်စု (လက်ရှိအစိုးရ)လုပ်ပေးမှရမှာပါ။ သူတို့မှာလုပ်ပေးလိုတဲ့ဆန္ဒမရှိပါဘူး။ သင်္ကြန် အမြောက် မဟုတ်ဘဲ။ နိုင်ငံရေးခြောက်လုံးလှန့်လုံးမဟုတ်ဘဲ။ ပြည်သူလူထုရဲ့တကယ့်အင်အားကို တကယ်ပြသနိုင်မှလည်း သူတို့ဆန္ဒ မြန်မြန်ရှိလာ မှာပါ။ အကြိမ်ကြိမ်တောင်းဆိုနေတဲ့ “၆ပွင့်ဆိုင်” ကိုပဲကြည့်ပါ။

ဒီတော့ တကယ့်အင်အားပြသနိုင်ဖို့လိုသလို လူထုရဲ့ တကယ့်အင်အားနဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို အတည်ဖြစ်အောင်လည်း လုပ်ဖို့လိုပါလိမ့်မယ်။ ၄၃၆ ပြင်ဆင်ရေး “လက်မှတ် ၅ သန်း” အပေါ်၊ ပညာရေးဥပဒေပြင်ဆင်ရေးကျောင်းသားတွေရဲ့ “၄ ပွင့်ဆွေးနွေးပွဲဆိုင် ရလဒ်”အပေါ် သူတို့ ဘယ်လိုပြုမူသဘောထားခဲ့သလဲဆိုတာကို မမေ့ဖို့နဲ့လေးနက်ဖို့လိုပါတယ်။

မော်လမြိုင်မှာပြောတဲ့ ဒေါ်စု စကားတွေထဲမှာတော့ “ ၅၉ (စ) ပြင်ပြောင်းမလား၊ မပြောင်းဘူးလား၊ စောင့်ကြည်ရမယ်၊ သတ္တိရှိရင် ပြောင်းမယ်၊ သတ္တိမရှိရင်မပြောင်းဘူး၊ ပြောင်းရင်ဘယ်လိုလုပ်မလဲ၊ မပြောင်းရင်ဘယ်လိုလုပ်မလဲ၊ ကျမတို့ နိုင်ငံရေးပါတီတစ်ရပ် အနေနဲ့ ဒီကိစ္စတွေကတော့ စဉ်းစားထားပြီးသားလို့ပါ”လို့ ဆိုပါတယ်။ “သူ့အခြေအနေအချိန်အခါကျလို့ရှိရင် ကျမတို့ရှင်းပြမှာဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။

ဒါကြောင့် လူထုအင်အားနဲ့ ပြတ်ပြတ်သားသားဖိအားပေးဖို့လိုပါတယ်။   အပေါ်ယံ မစို့မပို့သွားလုပ်ရင်တော့ အာဏာရအုပ်စု ပရိယာယ်ဝေဝုစ် မျိုးစုံအောက်မှာ အတွေ့အကြုံနဲ့သင်ခန်းစာသစ်တွေသာ ထပ်မံရရှိနိုင်စရာရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
(၂ဝ၁၅ မေလ ၂၂ ရက်)

0 comments:

Post a Comment