Tuesday, May 19, 2015

၂ဝ၁၅ မေ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေ တတိယပတ်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
(အခွန်အခ)
အခွန်ကောက်တယ်ဆိုလို့ ပြောချင်လာတာ။
ကျနော့်မိတ်ဆွေများနေတဲ့ရပ်ကွက်နဲ့ မလှမ်းမကမ်းမှာ မြန်မာပြည်ဖွားအစ္စလာမ်ဘာသာဝင်များက ရန်ပုံငွေကောက်ပြီး ပလီဆောက်တယ်။ ပြီးတော့မယ်။ ချွေးနှဲစာတွေနဲ့ချလိုက်တဲ့အုတ်မြစ်က ခုဆို ခေါင်အထွဋ်ထိတောင်တက်ပြီ။ မြေလည်းကျယ် ရပ်ကွက်ကလည်း သူ့အိုးနဲ့သူ့ဆန်။ ပြီးတော့ ရာဇဝတ်မှုလည်း မရှိသလောက်နည်းတဲ့နေရာ။ ဆိုတော့ နဂိုက အဲ့ရပ်ကွက်မှာအိမ်ဝယ်နေကြတဲ့ ကရင်အမျိုးသားမိသားစုတွေအပြင် ဗမာမွတ်ဆလင်မ်တွေပါ ထပ်တိုးလာသပေါ့။ ပွဲစည်သပေါ့။ ထုံးစံအတိုင်း အိမ်နောက်ဖေး ဈေးဆိုင်တွေတည်ကြ။ အခါကြီးရက်ကြီးတွေမှာ တောက်တောက်ပြောင်ပြောင် လိုးလိုးလက်လက်တွေဝတ်ဆင်ပြီး အပြင်ထွက်ကြ။ တယောက်နဲ့တယောက်မြင်ရင် “ဟေး ဘယ်သူဘယ်ဝါရေ” ဘာညာအစချီပြီး နှုတ်ဆက်ကြပြုကြပေါ့။ ဗမာပြည်အငယ်စားလေးလိုပဲ။
တနေ့ မိတ်ဆွေမိသားစုပါတီလေးရှိလို့ အဲ့ဘက်ရောက်တယ်(ရောက်တာကတော့ နေ့တိုင်းလိုလိုပါ) ကျနော်နဲ့အနေနီးတဲ့လူတချို့လည်း ပါတီပွဲအတွက်ရောက်နေကြတယ်။ ပါတီဆိုတော့လည်း သူကြိုက်တာသူသောက် သူ့လွတ်လပ်မှုနဲ့သူနေ၊ လူတွေလည်း ခတ်ထွေထွေပေါ့။
ခတ်ထွေထွေရှိတုန်း ဗမာပြည်သားကလေးတယောက်က ရပ်ကွက်အတွင်းလမ်း
လမ်းအလည်ကောင်ကနေ စက်ဘီးစီးသွားတယ်။ အေးဆေးပဲ။ လရောင်နဲ့ ငပလီသောင်ယံမှာကွယ် ခရုလေးများတခုစီကောက်သလို ဒီဇိုင်းနဲ့။ သူ့နောက်က ကား ၂စီးကလည်း လမ်းဆုံးတဲ့အထိ စိတ်ရှည်လက်ရှည် နောက်က ဖြည်းဖြည်းချင်း လိုက်မောင်းတယ်။ ဘယ်သူ့ ဘယ်သူမှ ဘာအငြိုအငြင်မှ မပေးကြဘူး။ နောက် စက်ဘီးဆရာလေးက သူ့အိမ်ရောက်တော့ ကွေ့ဝင်သွားတယ်။ ကားတွေလည်း ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်မှန်မှန်မောင်းပြီး ဆက်သွားကြတယ်။ အဲ့ဒါ ကျနော်တို့ ထိုင်နေရင်းမြင်ရတဲ့မြင်ကွင်းပဲ။ ဘာမှ မထူးဆန်းဘူး။ အမေရိကန်ရဲ့ နိစ္စဓူဝဘဝတွေပဲ။
ဆန်းတာက ထိုင်နေသူတွေထဲမယ် “အသားဖြူမှလူထင်တတ်သူ”အရေပြားဖြူတဦးလည်း ပါတယ်။ မျက်နှာဖြူပေါ့။ (မဘသတွေ ဒူးတုပ်ရို့ကျိုးတဲ့ကုလားဖြူပေါ့) နမီးဘီးယားကလူတွေ ပြောသလိုဆို အရေပြားမပါပဲမွေးလာသူဆိုပါတော့။ ထားပါတော့။
သူက အဲ့ကလေးကြည့်ပြီး “သူတို့ဘာသူတို့ ဘာအနေနဲ့ပဲရောက်လာရောက်လာ ကောင်းကောင်းမွန်မွန်နေရင် ပြီးတာပါပဲ။ ပြောစရာရှိပြောတာကလွဲလို့ ဘာမှတော့ လူလူချင်း ချိုးချိုးဖဲ့ဖဲ့နှိမ်နှိမ်ချချ မလုပ်ကောင်းဘူး”လို့ အများကြားအောင် မင်္ဂလာယူသလိုပြောတယ်။
ဒီတင် ဝိုင်းထဲကတယောက်က (သူ့မျက်နှာဖြူတာမှ ဖွေးဆွတ်နေအောင်ပဲ။ သူ့ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဟိုနိုင်ငံတွေမှာအနှိမ်ခံရလို့ အမေရိကန်ဖြစ်လာမယ့်ပြည်ကို ထွက်ပြေးလာသူ။ ရွှေ့ပြောင်းခိုလှုံလာသူပဲ)
“သူ့ဟာသူ ကောင်းကောင်းနေနေ မနေနေ မင်းအလုပ်မဟုတ်ဘူး။ မင်းပြောစရာ ဘာအကြောင်းမှလည်း မရှိဘူး။ သူ့ဘာသာသူ ဘယ်လိုနေနေ မင်းအပူတပြားမှ မပါဘူး။
သူ ဥပဒေချိုးဖေါက်ရင် ရာဇဝတ်မှုကျူးလွန်ရင် ရဲကဖမ်းပြီး တရားရုံးကအပြစ်ပေးမှာပဲ။ သူလည်း မင်းလိုပဲ ဒီကိုလာခိုလှုံပြီး ဒီမှာ အခွန်ဆောင်ရင်း သူ့ဘဝအတွက်ရော၊ အမေရိကန်ပြည်ထောင်စုအတွက်ပါ အလုပ် လုပ်နေတာပဲမဟုတ်လား။ သူ့သွားပြီး ကောင်းကောင်းမွန်မွန်နေရင်ပြီးတာပဲလို့ပြောခွင့် မင်းမှာ မရှိဘူး။ ပြောလည်း မပြောအပ်ဘူး။ အခွန်ထမ်း အခွန်ထမ်းအချင်းချင်း သူတို့ကို လေးစားတာမစားတာထက် မင်းကိုယ်မင်း အရင် လေးစားပါဦး”လို့ ထ ဘုတောလိုက်တော့ ကျနော်လည်း ရှိတဲ့လက်တဖက်နဲ့ ဂျိုင်းထောက်ကိုရိုက်မိတာပါပဲ။

(မိုင်းဆတ်ပြောင်းရမတဲ့)
၈၈ ငြိမ်းပွင့်ခေါင်းကိုင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ (ကို)ကိုကိုကြီးတို့ ဖို့တ်ဝိန်းလာတုန်းက ပြောကြတာတွေထဲမယ် မိုင်းဆက်ပြောင်းရမယ်ဆိုတာလည်း ပါတယ်။ ဒီမလာခင်ကလည်း အထဲမှာ သူတို့ပြောပြောနေတာကြားတယ်။ ဒီလာတော့ လူကြီးပွဲမလုပ်ခင် ကလေးတွေနဲ့ ထိုင်ဝိုင်းမှာလည်း အဲ့ဒီ မိုင်းဆက်ကပါပုံရတယ်။
သူတို့ပြန်တော့ ဗမာပြည်သားမိဘနှစ်ပါးကနေ ဒီမှာမွေးတဲ့ကလေးတယောက်က ကျနော့်ကို ပြောပြတယ်။ သူက အဲ့တုန်း ၁၂ တန်းကျောင်းသား ထင်တယ်။
“ကျနော်က ပထမ ဘာပြောမှန်းမသိဘူး ဦးရ။ အုပ်ချုပ်ရေးပိုင်းကလူတွေ အစိုးရအဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီရေးလုပ်နေသူတွေအကုန် မိုင်းဆတ်ပြောင်းရမယ်ဆိုတော့ မိုင်းဆတ်ဆိုတာ နေရာတနေရာရာ မှတ်နေတာ၊ အဲ့ဒီမှာ လူတွေအားလုံးအကုန်စုံပြီး ဆွေးနွေးကြတိုင်ပင်ကြ တိုင်းပြည်ကောင်းအောင်လုပ်ကြမယ်လို့ ပထမတော့ထင်နေတာ၊ နောက်မှ သူပြောတာ သေချာနားထောင်ကြည့်မှ Mind Set မှန်းသဘောပေါက်သွားတာ ဦးရ”တဲ့။
ကျနော်လည်း သူပြောမှ အင်း..ငါလည်း မိုင်းဆတ်ပြောင်းရတော့မယ်ထင်တယ်လို့ တွေးမိတော့တာပါပဲ။


(အမောင်ကောင်းလို့)
ညက စာအုပ်ထဲမြောသွားလို့ ဒီနေ့ အိပ်ယာထနောက်ကျသွားတယ်။ ဖတ်တဲ့စာအုပ်ထဲကမိန်းမက သူ့ယောက်ျားကို မောင်..တဲ့။ တအုပ်လုံးပါတဲ့ မောင်တွေ လိုက်ရေကြည့်ရင် ဘယ်လောက်များမလဲမပြောတတ်ပေမယ့် သောက်မြင်ကပ်လောက်အောင်ကို မောင်တွေဖောင်းပွလွန်းတယ်လို့တော့ ထင်မိတာပဲ။
ခုတလော ဖေ့စ်ဘွတ်ခ်ကမ္ဘာကြီး တမောင်တည်း မောင်နေပါရောလား။
မဆီမဆိုင် မနက်အိပ်ယာကနိုးနိုးခြင်း အဲ့ဒီ မောင်ကိစ္စကခေါင်းထဲရောက်လာတယ်။
ကြက်ဖကြီး ၂ ကောင်က တံခါးလာမဖွင့်ရကောင်လားဆိုပြီး စိတ်ဆိုးမန်ဆိုးနဲ့ အချီအချတွန်ကြောရှည်လှပြီ။
ဒါနဲ့ လူးလဲထပြီး ကြက်အိမ်တံခါးသွားဖွင့်တယ်။ အစာပုံးတွေဖွင့်နေတုန်း ခေါင်းထဲ အဲ့ဒီ မောင်ကရောက်လာပြန်တယ်။ မောင်အကြောင်းတွေးနေတုန်းတန်းလန်း ထုတ်တန်းပေါ် တက်တက်အိပ်တဲ့ကြက်မလေးက ခေါင်းပေါ်တည့်တည့် အီးပါချတယ်။ ဆံပင်တိုတိုနဲ့ဆိုတော့ သူ့အီးပျော့ပျော့တွေ ဦးရေပြားအထိ စိမ့်ဝင်ကုန်တယ်။ နွေးလည်းနွေးနွေးကြီး နံကလည်းနံသေး။
လက်နဲ့ မပွတ်မိအောင် မနည်းသတိထားရင်း အစာဖြည့်တာ ရေလဲတာတွေလုပ်ပြီး အိမ်ထဲပြန်ဝင်တော့ ဇနီးက ဘာဖြစ်လာတာလဲဆိုတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။ ကြက်မ ခေါင်းပေါ်အီးပါချလို့ဟေ့ဆိုတော့ “အဲ့ဒါမှ ရှစ်တ်အစစ်”လို့ပြောပြီး တဟားဟားလုပ်နေတယ်။ ကျနော့်မတော့ ရေချိုးခန်းအတင်းပြေးပြီး ခေါင်းပေါ် ရေပန်းဖွင့်ချရင်း မဆီမဆိုင် “မောင့်”ကို ကျွဲမြီးသာတိုနေတော့တာပဲ။

(ကိုယ့်ထမင်းကိုယ်စား အမျိုးသားရေးပါ)
သူတပါးလုပ်စာစားပြီး အမျိုး ဘာသာ သာသနာ အသံကောင်းဟစ်နေတဲ့ အစွန်းရောက်အကြမ်းဖက်ဝါဒီသင်္ကန်းခြုံတွေကို ခုနေ “ကိုယ့်ထမင်းကိုယ်ရှာစားပြီး လုပ်ကြစမ်းကွာ အဲ့ဒီအလုပ်” လို့ခိုင်းရင် ဘယ်နှယောက်ကျန်မယ်မပြောတတ်။ အခြားသူတွေလုပ်တဲ့အလုပ်နဲ့ ကျင့်သုံးတဲ့နည်းနာကို မိမိအနေနဲ့မကြိုက်ရင် လိုက်မလုပ်ပဲနေတာ လိုက်မကျင့်သုံးပဲနေတာထက်ကောင်းတဲ့ ဆန့်ကျင်မှုရှိဦးမလား။
ခုက ပြောင်းပြန် မကြိုက်ဘူးပြောပြီး အဲ့ဒီဆန်ဆန်လုပ်တာလိုက်လုပ်နေတာကိုက ဉာဏ်တိမ်မှန်းအတွေးအခေါ်မရှိမှန်းသိသာသလို ကိုယ်ထမင်းစားရဖို့အရေး ကိုယ်ကြီးပွားဖို့အရေး ကိုယ်နဲ့အယူတူသူတွေနဲ့ ကိုယ့်လူတွေကိုပါချနင်းဖို့ ဝန်မလေးသူတွေ။ လူ့အဖွဲ့အစည်းအတွက် အလွန်အန္တရာယ်ကြီးတဲ့မိစ္ဆာကောင်တွေမှန်းလည်း ပေါ်လွင်ထင်ရှားလာတယ်။


(ဗျူရိုကရက်)
"ဦးလေး ဗျူရိုကရက် ဗျူရိုကရက်နဲ့ပြောပြောနေလို့ ဗျူရိုကရက်ကို ဗမာလိုဘယ်လိုပြန်မလဲ။ ကျနော်လည်း ဗျူရိုကရက်ဆိုတာဘာမှန်းသိပေမယ့် ဗမာလိုပြောဖို့ကြတော့ခက်နေလို့"ဆိုပြီး အမှုတွဲတယောက်ရဲ့သားက အွန်လိုင်းမှာ ကြုံတုန်းမေးတယ်။
"အရာရှိဆိုး"ဆိုပြီးပြန်တာတော့ ကျနော်လည်းသဘောကျသဗျ၊၊ ဘယ်သူစထွင်တာလဲတော့ မသိဘူး"လို့ပြန်ဖြေမိတယ်။
"ဒါဆို စစ်ဗျူရိုကရက်ဆိုတော့ စစ်အရာရှိဆိုးလို့ပြောရမှာပေါ့နော်"တဲ့။
"အင်းဟုတ်တယ် ဒါပေမယ့် ဒီနေရာမှာ စစ် ဆိုတာက ပခုံးပေါ်အပွင့်အခက်တွေတင်ထားပြီး ယူနီဖေါင်းဝတ်ထားမှဆိုတဲ့သဘောတော့လည်း မဟုတ်ဘူး။ ဒီနေရာမှာ စစ်ဆိုတာကို လူအကောင်လိုက်ကြီးကို အကောင်အထည်ဒြပ်ရှိသဘော ပုဂ္ဂိုလ်ဆိုတာထက် ဒြပ်မဲ့သဘောဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကိုပြောတာပဲ။ စစ်အာဏာရှင်စနစ်က မွေးထုတ်လိုက်တဲ့အရာရှိဆိုးတွေဟာ စစ်ဗိုလ်တွေတင်မဟုတ်ဘူး၊ ပညာတတ်အရပ်သားတွေပေမယ့် စစ်အာဏာရှင်စရိုက်ဗီဇရှိတယ်ဆိုရင် စစ်ဗျူရိုကရက်စာရင်း သွင်းရတာပဲ"လို့ ရှည်ရှည်လျားလျားပြန်ရှင်းမိတယ်။
"ဒါဆို အဲ့ဒီစစ်ဗျူရိုကရက်အဆင့်ကို ဘယ်နေရာကစ သတ်မှတ်မလဲ လူအနေနဲ့ရော အုပ်ချုပ်ရေးသဘောအရရောရောပေါ့ ဦးလေးရာ"တဲ့။
"အုပ်ချုပ်ရေးယန္တယားကြီးတခုလုံးရဲ့ ရာထူးအကြီးဆုံးယူထားတဲ့လူကနေ အောက်ခြေပိုင်း ရာထူးငယ်အရာရှိတွေအထိပါမှာပဲ"လို့ပြောနေတုန်း သူက ဖြတ်ပြီး "ဒါဆို ဦးသိန်းစိန်ကအစ ထွေအုပ်ဆိုတဲ့လူတွေအထိပေါ့ ဟုတ်လား"တဲ့။
"ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် လူတယောက်ခြင်းအနေနဲ့ ဘယ်သူကတော့ ဗျူရိုကရက်ဉာဉ်ရှိတယ် ဘယ်သူကတော့မရှိဘူး စသည်ဖြင့် လိုက်ခွဲခြမ်းသတ်မှတ်နေရင် ပြီးမှာမဟုတ်တော့ဘူးထင်တယ်။ နောက်ပြီး ခင်ဗျားတို့ကျနော်တို့ ဦးတည်ဆန့်ကျင် တိုက်ခိုက်နေကြတာကလည်း လူတယောက်ခြင်းစီမှမဟုတ်တာ၊ စစ်ဗျူရိုကရေစီယန္တယားကြီးတခုလုံးကို မဟုတ်လား။ တယောက်ခြင်းတွေ လိုက်ထောက်ပြနေတာမျိုးလောက်မှာတင် မရပ်လိုက်မှဖြစ်မှာ။
ထောက်ပြပြောပြနေတာတွေက မကောင်းဘူးမဟုတ်ဘူး၊ ကောင်းပါတယ်၊ အဲ့ဒါမျိုးတွေကို မီဒီယာတွေကလုပ်တာ ပိုကောင်းတယ်၊ လူထုဘက်သားမီဒီယာတွေကတော့ မလုပ်နဲ့ဆိုလည်း ရတဲ့နည်းနဲ့ ဖွင့်ချတာဖော်ထုတ်တာ တိုင်းသိပြည်သိဖြစ်အောင်လုပ်တာတွေ လုပ်မှာပဲ၊ အစိုးရကဘက်လည်း ဒါမျိုးကို လွှတ်ထားပေးလို့ရသလောက် လွှတ်ထားပေးမှာပဲ။ ဒါမှ ဒီမိုကရေစီပဲရနေသယောင်ယောင် လွတ်လပ်ခွင့်ပဲရှိနေသယောင်ယောင် လူတွေစိတ်ထဲမြင်နေမှာပေါ့လေ၊ သိတ် အပုပ်နံ့ထွက်လွန်း သိတ်ဟိုးလေးတကျော်ဖြစ်လွန်း ယန္တယားကြီးတခုလုံးပါ လက်ညှိုးထိုးစရာဖြစ်လွန်းမကဖြစ်လွန်းလာရင်တော့ လူမြင်ကောင်းအောင်အရေးယူပြတာမျိုး၊ အချင်းချင်းမို့ ရွှေဖေါ့ရိုးနဲ့ရိုက်တာမျိုးတော့ရှိမှာပါ၊ ကျနော်တို့ခင်ဗျားတို့အလုပ်ကြတော့ ပုဂ္ဂလတဦးချင်းသဘော ပြောတန်ပြောရပေမယ့် အဓိကကတော့ တစုံလုံးသဘော စနစ်သဘောကိုပဲ ဇောင်းပေးတွေးတာတိုက်တာ လုပ်စေ့ချင်ပါတယ်"လို့ တနံတလျားတွေပြောဖြစ်ကြတယ်။
တခြား ဟိုအကြောင်းဒီအကြောင်းတွေလည်းပါသပေါ့ဗျာ။
ဒါ ဒီမနက်စောစော တူအရွယ်သားအရွယ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမား လူငယ်လေးတဦးနဲ့ ရောက်တတ်ရာရာပြောဖြစ်တာပါ။




0 comments:

Post a Comment