Tuesday, May 19, 2015

ကော်မရှင်၏ “အခက်အခဲ”အပေါ် အတိုက်အခံက သဘောထားကြီးရမှာလား

0 comments
ကော်မရှင်၏ “အခက်အခဲ”အပေါ် အတိုက်အခံက သဘောထားကြီးရမှာလား
(တူမောင်ညို )
(၂၀၁၅ ခုနှစ်၊ မေလ ၁၆ ရက်)
“ခက်”ချင်တာတွေကို “ခက်ခဲ”ကြတော့မည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရန်“အခက်အခဲ” ရှိကြောင်း ခပ်ပြောင်ပြောင်ပင် ထုတ်ပြောလာသည်။ အဓိကအကြောင်းပြချက်က “ဆန္ဒခံယူပွဲဥပဒေမထွက်သေး/ရွေးကောက်ပွဲနှင့်ဆန္ဒခံယူပွဲ တပြိုင်ထဲလုပ်ရန် အခက်အခဲရှိသည်” ဟူ၍ဖြစ်သည်။
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်ကိစ္စမှာတုန်းက အတိုက်အခံပါတီအချို့ကိုခေါ်၍ သူခိုးသေဖော်ညှိဖူးသည်။ ထိုစဉ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟု လွှတ်တော်ထဲတွင် လေကြီးမိုးကြီးပြောခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲနီးကပ်နေပြီ၊ ဘဏ္ဍာငွေအခက်အခဲ ဘာညာစသဖြင့် အကြောင်းပြခဲ့သည်မဟုတ်သလော။
ဒီလို အခက်အခဲတွေရှိသည်ကို ထိုစဉ်က ကြိုတင်မသိခဲ့သလော အခုမှ ဘာကြောင့် အချိန်ကပ်၍အကြောင်းပြကာ မကျင်းပနိုင်ကြောင်းကြေညာခဲ့သလဲ စသဖြင့် မေးခွန်းတွေမေးခဲ့ကြသည်။ အတိုက်အခံပါတီဘက်ကတော့ ကော်မရှင်က သူတို့ကို ကြိုတင်ခေါ်ယူညှိနှိုင်းထားသဖြင့် ဘာသံမျှမထွက်ခဲ့။ ယခုတော့ အတိုက်အခံပါတီများကို ကြိုတင်ညှိနှိုင်းမှု၊ အသိပေးမှုမရှိဘဲ ကော်မရှင်၏“အခက်အခဲ”ကိုလွှတ်တော်ရုံးသို့ တင်ပြလိုက်ပြီ။ ကြည့်ရသည်မှာ ကော်မရှင်ဥက္ကဋ္ဌအဖို့ ဤ“အခက်အခဲ” အတိုက်အခံနှင့် ကြိုတင်ညှိနှိုင်းစရာမလိုသည့် “အခက်အခဲ” ဖြစ်ပုံရသည်။
သဘောထားကြီးသောအတိုက်အခံပါတီဘက်က ဒီကိစ္စကို လွှတ်တော်ထဲမှာ မေးမြန်းလိမ့်မည်ဟု ယူဆရသည်။
ကော်မရှင်၏ “အခက်အခဲ”ဆိုသည်ကို ကြည့်ကြပါစို့။
ကော်မရှင်ဥက္ကဋ္ဌပါးစပ်က ထုတ်ပြောတဲ့ အခက်အခဲ ၂ ခုရှိသည်။
၁။ ဆန္ဒခံယူပွဲဥပဒေမထွက်သေး
၂။ ရွေးကောက်ပွဲနဲ့ဆန္ဒခံယူပွဲ တပြိုင်ထဲလုပ်၍မဖြစ်
ပထမအချက်မှာ လွှတ်တော်ဘက်ကို လွှဲချလိုက်တာဖြစ်သည်။ လွှတ်တော်က ဒီဥပဒေကိုပြဋ္ဌာန်းပေးလျှင်လုပ်မည်လော။ သို့ပါ၍ ဤအချက်သည် လွှတ်တော်နာယကကြီး၏တာဝန်ဖြစ်သွားသည်။ “၂၀၀၈ အခြေခံဥပဒေ”ကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ အမြန်ဆုံးတင်ရန်တိုက်တွန်းနေသော နာယကကြီးသည် “ဆန္ဒခံယူပွဲဥပဒေ”အမြန်ဆုံးထွက်လာစေရန် တိုက်တွန်းမည်လော။
လွှတ်တော်နာယကကြီးအဖို့ မင်္ဂလာယူမည်ဆိုလျှင် အဘက်ဘက်က မင်္ဂလာယူနိုင်မည့်/မဲဆွယ်နိုင်မည့် ဂွင်ကောင်းတစ်ခုလည်းဖြစ်နေပါသည်။
ဒုတိယအချက်သည် အကြောင်းပြချက်၏ အဓိကအချက်ဖြစ်မည်ဟု ယူဆပါသည်။ ဆိုလိုသည်မှာ “ရွေးကောက်ပွဲ”နှင့် “ဆန္ဒခံယူပွဲ”နှစ်ခု အနက် တစ်ခုပဲ လုပ်နိုင်မည်ဆိုသည့်အချက်ဖြစ်သည်။ ဒီလို “အခက်အခဲ”ကို ထုတ်ပြောလိုက်တော့မှ ရွေးကောက်ပွဲနေ့ရက်အတိအကျ ဘာကြောင့်ထုတ်ပြန်ကြေညာခြင်းမရှိသလဲ ဆိုသည့်အချက်ကို သဘောပေါက်ရတော့သည်။ သူတို့သည် ဒီယုန်မြင်၍ ဒီခြုံကို တမင်တကာထွင်ထားခြင်းဖြစ်ပေတော့သည်။
နောက်ထပ်စဉ်းစားရမည့်ကိစ္စမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စဖြစ်သည်။ ပုဒ်မ ၄၃၆ တွင် ပုဒ်မခွဲ (က)နှင့်(ခ) ဟူ၍ အပိုင်းနှစ်ပိုင်းရှိသည်။ ထိုအပိုင်းနှစ်ပိုင်းတွင် ပုဒ်မ(ခ)ကိုပဲ ပြင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒခံယူပွဲလုပ်စရာမလို၊ “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာနှုန်းကျော်ကထောက်ခံလျှင်”ကိစ္စပြတ်နိုင်သည်။ ဤအတွက်လည်း ကာချုပ်နှင့်ကြိုတင် လက်ဝါးရိုက်ထားပြီးဖြစ်ပုံရသည်။
သို့ပါ၍ ပြင်ချင်းပြင်လျှင် ဆန္ဒခံယူပွဲကျင်းပရန်မလိုသည့် ပုဒ်မ ၄၃၆(ခ) ကိုပဲပြင်ကြမည်။ ကျင်းပမည်ဟုအကြိမ်ကြိမ်ပြောထားသည့် ရွေးကောက်ပွဲတော့ ဖြစ်အောင်လုပ်မည် ဆိုသည့်အချိုးကို ချိုးနိုင်မည်ဖြစ်သည်။ ကော်မရှင်ဥက္ကဋ္ဌ၏ သဘောထားကလည်း “ရွေးကောက်ပွဲ”နှင့် “ဆန္ဒခံယူပွဲ”နှစ်ခုအနက် ရွေးကောက်ပွဲတခုထဲသာ ကျင်းပမည်။
ဤအကွက် ဤအချိုးကိုချိုးနိုင်လျှင် “၂၀၁၅ရွေးကောက်ပွဲကျင်းပပေးမည်”ဆိုသည့် ကတိလည်းမပျက်၊ ပုဒ်မ ၄၃၆(ခ)ထဲမှ အချို့သောပြဋ္ဌာန်းချက်များကို ပြင်ဆင်ပေးလိုက်ခြင်းဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းကိုလှည့်စားနိုင်မည်။ ယုတ္တိရှိသော အခက်အခဲလည်းဖြစ်၊ အတိုက်အခံပါတီကတောင်းဆိုနေသော အခြေခံ ဥပဒေပြင်ဆင်ရေးကိုလည်း ပျားရည်နဲ့ဝမ်းချကာ အချိန်ရွှေ့ဆိုင်းထားလိုက်နိုင်မည် ဖြစ်သည်။ သို့ဖြင် ဤခြေလှမ်းကို အကွက်ကျကျ ချခင်းပြလိုက်ခြင်းဖြစ်သည်ဟု ယူဆပါသည်။
၂၀၁၅ အတွင်း လူထုဆန္ဒခံယူပွဲကျင်းပရန်မလိုတော့ဟူသောအချက်ကို ပိုင်နိုင်ပြီဆိုလျှင် ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို တရားဝင်ကြေညာမှာဖြစ်သည်။ သို့ပါ၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ထိုးပေးလိုက်သော စင်သည် (ဗိုလ်)ဦးသိန်းစိန်၊ (ဗိုလ်)ဦးရွှေမန်း၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့ မြိုင်မြိုင်ဆိုင်ဆိုင်ကနိုင်မည် အကွက်ကောင်းဖြစ်သည်။ တကယ်တော့ ဤအကွက်များကို သူတို့ ကြိုတင်စည်းဝါး ရိုက်ထားကြပြီးသားဖြစ်ပါလိမ့်မည်။ အခုမှ ကောက်ခါငင်ခါပေါ်လာသည့်အကွက်များ မဟုတ်ပါ။ တာဝန်ခွဲထားပြီး ကျရာနေရာကနေ ပီပီပြင်ပြင် အသုံးတော်ခံနေကြခြင်းသာဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ “အခက်အခဲ”ကို လွှတ်တော်နာယကကြီး စာနာထောက်ထားပြီး သူ့အပိုင်စား လွှတ်တော်စားကျက်ကြီးထဲမှာ ကျအောင် ချမည်သာဖြစ်သည်။ သူ့တာဝန်သူကျေပွန်ရမည်မဟုတ်ပါလား။ လွှတ်တော်ထဲကအမတ်အများစုမှာ လွှတ်တော်နာယကကြီးက “ကျွဲ”ဟုဆိုလျှင် မည်သူမျှ “ဤ”လို့ ဖတ်ဝံ့မည့်သူမရှိပါ။ သူရဦးအောင်ကို ဆိုသူကလည်း လူစွမ်းကောင်းလုပ်၍ နာယကကြီး၏“ကျွဲ”ကို “ဤ”လို့ ဖတ်ဝံ့မည်ပါမည်လော။
တကယ်တော့ သူရဦးအောင်ကိုသည် ကလေးကစရာ“ပေတိုး”ကဲ့သို့ တုတ်ချောင်းလေး ၂ ချောင်းပေါ်မှာ “ရှေ့ဂျွမ်း နောက်ဂျွမ်းတွေထိုးပြနေခြင်း”သာဖြစ်ပါသည်။ တကယ်တော့ သူရဦးအောင်ကိုသည် “အာဏာနှင့်ဥစ္စာဓန”ဆိုသည့် စစ်အုပ်အပိုင်စီးထားသော တုတ်ချောင်း နှစ်ချောင်းပေါ်မှာ ရှေ့ဂျွမ်းနောက်ဂျွမ်းတွေ ထိုးပြနေခြင်းဖြစ်သည်။ ထိုတုတ်ချောင်းကိုင်ထားသူ၏ အနိမ့်အမြင့်ကစားမှုအပေါ်မှာ ဂျွမ်းထိုးပြနေနိုင်ခြင်းဖြစ်သည်ဟူသောအချက်ကို သဘောပေါက်ကြဖို့လိုပါသည်။ ထိုအချက်ကိုမမြင်သမျှ သဘောမပေါက်သေးသမျှ “ဂျွမ်းထိုးနေသာပေတိုး၏ စတန့်ပြမှု”များကို အဟုတ်ကြီး ထင်နေကြလိမ့်မည်သာဖြစ်ပါသည်။
တကယ်တော့ သူတို့သည် စစ်အုပ်စုကဖန်တီးထားသည့် “၂၀၀၈ အခြေခံဥပဒေ” ဟူသည့်စင်မြင့်ပေါ်က “ဇာတ်ရုပ်များ” သာဖြစ်ပါသည်။ ဘယ်သူကဘယ်စကားကို ဘယ်လိုစကားလုံးနဲ့ပြော၊ ဘယ်လိုအဆို ဘယ်သူက ဘယ်အချိန်မှာတင်ပြီး ဘယ်လိုထောက်ခံရမည်ဆိုသည်ကို သူတို့အတွင်းမှာကြိုတင်ညွန်ကြား၊ အမိန့်ပေး၊ ဇာတ်တိုက်ထားပြီးသားဖြစ်ပါသည်။ ခွင့်မဲ့ပျက်ကွက်သည်ကိုပင် အရေးယူမည်ဟု မောင်းတင်ထားပြီမဟုတ်ပါလား။
စစ်သားအမတ်များဘက်ကိုကြည့်မည်ဆိုလျှင်လည်း ပုဒ်မ ၄၃၆ (က)ကို မထိနဲ့မပြင်နဲ့လို့ လွှတ်တော်ထဲမှာ ဗြောင်ပြောထားခဲ့ကြပြီးဖြစ်သည်။
နောက်ဆုံးတစ်ချက်အဖြစ် မျှော်လင့်နေကြသော “၆ ပွင့်ဆိုင်”ဘက်ကိုကြည့်ကြပါအုံးစို့။
ကော်မရှင်ဥက္ကဋ္ဌတင်ပြလိုက်သော “အခက်အခဲ”သည် ၆ ပွင့်ဆိုင်၌ ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုဖြစ်လာပြီ။ ရွေးကောက်ပွဲကျင်းပမည်လော/ဆန္ဒခံယူပွဲပြုလုပ်မည်လော။ သမ္မတ(ဗိုလ်)ဦးသိန်းစိန်၏ “၆ပွင့်ဆိုင်ဆွေးနွေးပွဲ”ရည်ရွယ်ချက်မှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေးသာဖြစ်ပါသည်။
ကော်မရှင်ဥက္ကဋ္ဌ၏ ထို “အခက်အခဲ” ကို ၆ ပွင့်ဆိုင်တင်ပြ၍ သဘောထားရယူ မည်ဆိုလျှင် ထို “အခက်အခဲ”အပေါ် “တပွင့်ထဲသော မဗေဒါ”သည် “သဘောထားကြီးပြခြင်း”မှလွဲ၍ အခြားဘာများ စောဒကတတ်နိုင်ပါဦးမည်နည်း။
ကော်မရှင်ဥက္ကဋ္ဌ၏ “အခက်အခဲ”ကဲ့သို့၊ သမ္မတ၏အခက်အခဲ၊ နာယကကြီး၏ အခက်အခဲ၊ ကာချုပ်၏အခက်အခဲများပေါ် ပေါက်လာခဲ့လျှင် ဘယ်လိုရင်ဆိုင်ကြမလဲ။

0 comments:

Post a Comment