Tuesday, January 31, 2012

သပြေတခက် ကြွေရက်ကယ်စော (မောင်စည်သာ)(အခန်း ၁၊ ၂၊ ၃)

0 comments
ဗိုလ်ချုပ်ညာဘက်မှ မောင်မြင့်ထူး
သပြေတခက်ကြွေရက်ကယ်စော(မောင်စည်သာ) စုစုပေါင်း ၁၂ ပုဒ်ပါ။ ခု ၃ ပုဒ်တင်ပါတယ်။ ကျန်တာတွေ ဆက်တင်ပေးပါ့မယ်ခင်ဗျား(မျိုးမြင့်ချို)
မောင်စည်သာဆိုတဲ့ တပ်မတော်အရာရှိဟောင်းတဦး စည်းလုံးခြင်းရဲ့ အင်အားဘလော့ဂ်မှာ ရေးသားခဲ့တဲ့ အခန်းဆက်ဆောင်းပါး ၁၂ ပုဒ် ဖြစ်ပါတယ်။


 သပြေတခက် ကြွေရက်ကယ်စော - အပိုင်း (၁)


စာဖတ်ပရိသတ်များခင်ဗျား-

မြန်မာ့ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်မှူးကြီးဗထူးကို ကြားဖူးနားဝရှိခဲ့ကြပေမဲ့ သားဖြစ်သူဗိုလ်ကြီးမြင့်ထူးရဲ့အကြောင်းကိုတော့ သိသူရှိသလို မသိသူလည်းအများအပြားရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကိုရွံမုန်းတဲ့ ဗိုလ်ကြီးမြင့်ထူး ရဲ့ ရင်နင့်စဖွယ်ဖြစ်ရပ်မှန်ကို စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ တိုင်းပြည်အတွက် သားကောင်းတစ်ဦး ဖက်ဆစ်စစ်ဘီလူးတွေကြောင့် အသက်ပေးခဲ့ပုံ ဖြစ်ရပ်မှန်ကိုယ်တွေ့ဆောင်းပါးကို နောင်လာနောင်သားမျိုးဆက်သစ်များ သိရှိနိုင်ရန်ဖြစ်ပါတယ်။ တဆက်တည်းမှာ ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ တပ်မတော်သားတွေရဲ့ဝိညာဉ်ကိုဦးညွှတ်ရင်း နိုင်ငံ့အတွက် ကောင်းမြတ်သောစိတ်ထားဖြင့် စစ်အာဏာရှင်စနစ်ချူပ်ငြိမ်းရေးအောင်မြင်သည့်အထိ လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ဆောင်းပါးတွဲ ပေးပို့ဖေါ်ပြခွင့်ပြုတဲ့ တပ်မတော် အရာရှိဟောင်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဆိုဒ်မှာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျား။


တပ်မှူး ဒုဗိုလ်မှူးကြီးတင်ဦးကွပ်ကဲအုပ်ချုပ်သည့် မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ်ဝင်းထဲရှိ ‘ရေကြည်အိုင်’ အကျဉ်းထောင်သည် အရှေ့ဘက်တွင် ထောင်ဗူး၊ မြောက်ဘက်နှင့်တောင်ဘက်တွင် အုတ်ကြွပ်မိုး တစ်ထပ်အိမ် (၅)လုံးစီရှိကြ၏။ အိမ်တစ်လုံးနှင့်တစ်လုံးအကြား ပတ်လည်တွင် ပြင်ပအား အိမ်တွင်းမှ လွတ်လွတ်လပ်လပ်ကြည့်ရှုမရနိုင်စေရန် လူတရပ်ကျော်မြင့်သည့် သစ်သားဝင်းထရံဖြင့်ကာရံထား၏။

အနောက်ဘက်တွင် သွပ်မိုး၊ သစ်သားကာ အိမ် (၆) လုံးမှာလည်း အိမ်တစ်လုံးနှင့်တစ်လုံး အိမ်ပြင်ကို မမြင်ရလေအောင် သစ်သားဝင်းထရံဖြင့်ပင် ကာရံထားလေ၏။

တောင်ဘက်မှ အုပ်ကြွပ်မိုးအိမ်တန်းနှင့် ကိုက် (၃၀)ခန့် အကွာတွင်၊ Cell ဟုခေါ်သည့် အချုပ်ဆောင်ရှိနေလေသည်။ Cell အခန်းတခန်းသည် အရှည် (၁၀) ပေနှင့်အကျယ် (၅) ပေသာရှိ၍၊ Cell အချုပ်ဆောင်မှာ သွပ်မိုး၊ သစ်သားကာဖြစ်ပြီး၊ Cell အခန်းပေါင်း (၂၀)ခန့် ပါရှိလေသည်။

ဤ Cell အချုပ်ဆောင်၊ အနောက်ဘက် သွပ်မိုး (၆) အိမ်တန်း၊ မြောက်ဘက်အုပ်ကြွပ်မိုး (၅) အိမ်တန်းနှင့်ထောင်ဗူးဝတို့ လေးဘက်အကြားတွင် ပေ (၂၀၀) ကျော်ပတ်လည်ကျယ်သည့် ကွင်းပြင် ရှိနေ၏။

ဝန်ကြီးချုပ်ဦးနု၊ သမတကြီး မန်းဝင်းမောင်၊ ပထစ ခေါင်းဆောင်များဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်နှင့် ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ ဖဆပလ ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကျော်ငြိမ်းနှင့် ဦးဗဆွေ၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်)၊ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း စသည့်ပုဂ္ဂိုလ်များသည် ဤကွင်းပြင်တွင် လမ်းလျှောက်ကြ၏။ နံနက် (၅)နာရီမှစ၍ လမ်းလျှောက်လိုသူတိုင်း (တစ်ကြိမ်လျှင်တစ်ဦးသာ) (၁၀) မိနစ်စီ လမ်းလျှောက်ခွင့်ရကြ၏။

ဤပုဂ္ဂိုလ်ကြီးများမှာ အိမ်များတွင်အကျဉ်းကျနေသူများဖြစ်၏။ Cell အခန်းတွင်အကျဉ်းကျခံနေရသူတို့၏ဘ၀မှာမူ အရှင်လတ်လတ်ငရဲကျနေသည်နှင့် ဘာမျှမခြားပေ။

ဗဟိုထောက်လှမ်းရေးတပ်တွင် Cell အခန်းများပါရှိသည့် အချုပ်ဆောင် (ကျနော် သိသလောက်) နှစ်ခု ရှိပါသည်။ တခုမှာ အထက်တွင်ဖေါ်ပြခဲ့သည့် အချုပ်ဆောင်ဖြစ်ပြီး၊ နောက်တခုမှာ ရေကြည်အိုင်၏အပြင် ဘက်၊ ဗဟိုထောက်လှမ်းရေးကင်းရုံနှင့်တွဲထားသည့် အချုပ်ဆောင်ဖြစ်လေသည်။

Cell အခန်းတခုတွင် အမြင့်တွင်တပ်ဆင်ထားသည့် ပြတင်းပေါက်တစ်ခုသာရှိပြီး၊ နေ့တွင် နေရောင် ညတွင် (လ သာသည့်အခါ) လရောင်တို့ကို မြင်နိုင်ပါသည်။ အခန်းမျက်နှာကျက်တွင်ကား မှိန်ဖျော့ဖျော့မီးသီးလေးတစ်လုံးအား အချိန်ပြည့်ဖွင့်ပေးထား၏။

အကျဉ်းသားတစ်ဦးသည် အခန်းချင်းကပ်ရက်အကျဉ်းသားနှင့် စကားခိုးပြော သည်ကို၊ အစောင့်စစ်သားကမိသွားလျှင် မအေနှမ ဆဲရေးကြိမ်းမောင်းခံရသည်သာမက၊ ကိုယ်ထိ လက်ရောက် စော်ကားခြင်းခံကြရ၏။ ထိုမျှ နှင့်မရပ်သေး။ မသေရုံတမယ် ပေးကျွေးထားသည့် အစာရေစာ ကိုလည်း အပြစ်ပေးသည့်အနေနှင့် လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းတို့လုပ်လိုက်သေး၏။ ဤထက်ဆိုးသည် ကား မိမိနှင့်အခန်းချင်းကပ်ရက်အကျဉ်းသားသည် စစ်ထောက်လှမ်းရေးမှမြှုပ်နှံထားသူ (implant) ဖြစ်လျှင်၊ မိမိမှ ထိုသူအားယုံပြီး (မိမိအားစစ်ဆေးစဉ်က) ဖုံးထားသော သတင်းအချက်အလက်များအား ပြောမိပါက၊ ထိုသတင်းများကိုနင်း၍ နောက်ထပ်လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ကာ စစ်ဆေးခြင်းပင်ဖြစ် ၏။

ပုံမှန်အားဖြင့် Cell အချုပ်ဆောင်မှ အကျဉ်းသားတိုင်းသည် ကျင်ကြီးကျင်ငယ်စွန့်ရန် ထန်းရေခံ သည့်မြူအိုး (မြေအိုး) သေးသေးလေးတလုံးစီပေးထား၏။ အကျဉ်းသားတို့မှ မြူအိုးအားသုံးသည့်အကျင့် မရခင်၊ ထိုင်၍အပေါ့အပါးသွားတိုင်း အိုးကကွဲတော့၏။ တခါတရံ ကျင်ငယ်တခြား၊ ကျင်ကြီးတလွဲလည်းဖြစ် တတ်၏။ ထို့အတွက် Cell အခန်းတိုင်းသည် နံစော်နေတော့၏။

 နံနက်စောစောတွင် အစောင့်စစ်သားက တံခါးလာဖွင့်ပြီး၊ သေနတ်မောင်းကိုတင်လိုက်ပြီဆိုလျှင်၊ မိမိအား Cell အခန်းမှထုတ်ပြီး၊ အိမ်သာဆီသို့ ပို့တော့မည်ဟု ဆိုလို၏။

 မိမိ၏မြူအိုးကို မိမိဆွဲပြီး၊ အချုပ်ဆောင်နှင့်မလှမ်းမကမ်းရှိအိမ်သာတွင် ကျင်ကြီး ကျင်ငယ်စွန့်ရ၏။ အနီးရှိရေဘုံဘိုင်တွင် ရေဆေး၊ သန့်ရှင်းရေးလုပ်ရ၏။

 တနေ့တစ်ကြိမ်သာ ရေချိုးခွင့်ရ၏။ တစ်ဦးလျှင် ရေချိုးရန်ခွင့်ပြုချိန်မှာ သုံးမိနစ်သာဖြစ်၏။ ရေချိုးခွင့်မရသောကျဉ်းသားများမှလည်း ဒု နှင့် ဒေး။

ည (၁၁) နာရီကျော်၍ သန်းခေါင်ယံနီးပြီဆိုလျှင် အကျဉ်းသားတိုင်းသည် သွေးလေခြောက်ခြား စိုးရိမ်စိတ် ကြီးမားစွာဖြင့် “ဒီည ဘယ်သူ့အလှည့်လဲ” ဆိုသည်ကိုရင်ဖိုနေကြရ၏။

 အဘယ်ကြောင့်ဆိုသော် မိမိ၏အခန်း တံခါးကိုလာခေါက်ပါက၊ မိမိအလှည့်ဖြစ်သည်ဟု သိရသောကြောင့်ဖြစ်၏။ တံခါးခေါက်ခံရသောအကျဉ်းသားအား အကြပ်တစ်ဦးနှင့်အစောင့်စစ်သားတစ်ဦးတို့မှ လက်ထိပ်ခတ်၊ ခေါင်းကို မျက်နှာသုတ်ပုဝါအုပ်ကာ ‘စစ်ဆေးရေး’ (Interrogation) လုပ်မည့်နေရာ သို့ဆွဲခေါ်သွား၏။

စစ်ဆေးသည့်နေရာတွင် ချိုချိုသာသာစစ်ဆေးမေးမြန်းပြီး၊ သူတို့လိုချင်သည့် အဖြေကိုမရလျှင်တော့၊ ထုံးစံအတိုင်း ရက်စက်မှုအပေါင်းသရဖူဆောင်းသည့် သေလုမျောပါး ခံရသော စစ်ဆေးရေးနည်းများဖြင့် နှိပ်စက်ညှဉ်းပန်းလေတော့၏။

 စိတ်ဓါတ်အလွန်ခိုင်မာသည့် အကျဉ်းသားဆိုလျှင် ရေရေလည်လည် ပို၍ခံရတော့၏။ စိတ်ဓါတ်ခိုင်မာလေ၊ ခိုင်မာသောစိတ်ဓါတ်ကို ရိုက်ချိုးရန် ပို၍ ရက်ရက်စက်စက်နှိပ် စက်ညှဉ်းပန်းလေဖြစ်၏။

 ထိုသို့ လူမဆန်သည့်နည်းများဖြင့် အစစ်ဆေးခံရန် ခေါ်ထုတ်သွားသည့်အကျဉ်း သားများအား နံနက်လင်းအားကြီး (၄)နာရီခန့် တွင် ထိုအကျဉ်းသားတို့၏ Cell အခန်းများထဲသို့လာပြန်ပို့၏။

Cell အခန်းထဲသို့ပြန်မပို့ပဲ ကျား၊ ခြင်္သေ့တို့ကို ဆပ်ကပ်ပွဲစင်ပေါ်တွင်ထည့်လှောင်သည့် လှောင်အိမ်မျိုးများ တွင်ထည့်ထားကာ၊ နေ့ရောညပါ ညှဉ်းဆဲနည်းပေါင်းစုံသုံးပြီး၊ နေ့စဉ်ရက်ဆက် ရက်စက်စွာအစစ်ဆေး ခံနေရသည့် အကျဉ်းသားများလည်းရှိ၏။ Cell အခန်းထဲသို့ ပြန်ရောက်မလာတော့ပဲ စုပ်စမြုပ်စ ပျောက်သွား သည့် အကျဉ်းသားများလည်း များစွာရှိခဲ့လေသည်။

အကျဉ်းသားထံမှ သူတို့လိုချင်သောအဖြေကိုရပြီဆိုလျှင်၊ အကျဉ်းသား ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးအမှုပေါ်မူတည်ပြီး တစ်ဦးတည်း လူခွဲ၍ချုပ်နှောင်ထားခြင်း (Solitary Confinement) သော်လည်းကောင်း၊ လေးငါးဦးတွဲ၍ နေရာပြောင်းချုပ်နှောင်ခြင်းကို လည်းကောင်း၊ ဆက်လက်လုပ်ဆောင်ကြပြန်၏။

 အကျဉ်းသားများအား သုံးလေးလတစ်ကြိမ်နေရာ ပြောင်းလေ့လည်းရှိ၏။

Cell အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားသူများတွင် ကုတင်၊ စောင်၊ ခေါင်းအုံးရသူများ လည်းရှိ၏။ ဘာမျှမရပဲ သံမံတလင်းပေါ်တွင် ဒီအတိုင်း အိပ်ရသူများလည်း ရှိ၏။ အခွင့်အရေးချင်း မတူကြ ပါပေ။

နိုင်ငံရေးအကျဉ်းသားအားလုံးကို လေ့လာလိုက်လျှင် ရဟန်း၊ ရှေ့ နေ၊ ကုန်သည်၊ ကျောင်းဆရာ၊ စစ်ဗိုလ်စစ်သား၊ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ခရစ်ယန်ဘုန်းတော်ကြီး၊ ကျောင်းသား၊ အစိုးရ၀န်ထမ်း၊ တိုင်းရင်းသားလူမျိုးနွယ်စုများ၊ လက်နက်ကိုင်တော်လှန်ရေးသမားများ စသည်ဖြင့် လူ့အလွှာအသီးသီးကို ကိုယ်စားပြုနေသည့်လူပေါင်းစုံလှ၏။

 သံဃာများကိုသာ ‘ထိုင်ကမုတ်’ ပေးထားပြီး၊ ကျန်လူအားလုံး မှာ ‘မြူအိုး’ကိုသာ အားကိုးကြရ၏။




သပြေတခက် ကြွေရက်ကယ်စော- အခန်း (၂)

အချိန်အခါသမယသည် ဆောင်းနှောင်းရာသီ၊ ၁၉၆၇ ခုနှစ် ၏နှစ်ဆန်းပိုင်း ဖြစ်လေသည်။ ညဥ့်နက်ပိုင်းနှင့် နံနက်စောစောပိုင်းတို့တွင် အလွန်အမင်းကြီး မအေးတော့ပါ။

ကျနော့်အားချုပ်ထားသည့် အိမ်မှာမြောက်ဘက်အိမ် (၅) လုံးတန်းတွင် ညာဘက်မှ ပထမအိမ်ဖြစ်၏။ ထောင်ဗူးဝနှင့်လည်း အနီးဆုံးဖြစ်၏။

 Cell အခန်းများရှိရာ မြောက်ဘက်ရှိ Cell အချုပ်ဆောင်နှင့်အနောက် ဘက်ရှိ (၆) လုံးတန်းအိမ်တို့အား ခိုးကြည့်လျှင်ကောင်းစွာ မြင်နိုင်စွမ်းရှိသည့် ‘အကဲကြည့်နေရာ’ OP (Observation Post) ကလေးမှာ ကျနော်တို့အိမ်၏ သစ်သားဝင်းထရံမှ အက်ကွဲနေသောနေရာလေးပင် ဖြစ်လေတော့သည်။

ထောင်ဗူးဝမှ တံခါးဖွင့်သံ၊ ပိတ်သံ၊ သော့ခလောက်ခတ်သံ၊ ဖွင့်သံများ ကြားလေတိုင်း၊ မကြာခဏ ခိုးကြည့်ကြသည်မှာ တစ်အိမ်ထဲနေ အကျဉ်းသားတိုင်း မပျက်မကွက်လုပ်ဆောင်ကြသည့် နေ့စဉ်တာဝန်ဝတ္တရားတစ်ခုပမာ ဖြစ်လာတော့၏။

ထောင်ထဲသို့ သွင်းလာသူ၊ ထုတ်သွားသူတို့၏ ခေါင်း များပေါ်တွင် မျက်နှာသုတ်ပုဝါများနှင့်အုပ်စီးပြီးမှ အသွင်းအထုတ်လုပ်သည်ဖြစ်ရာ၊ ထိုအကျဉ်းသားသည် မည်သူမည်ဝါဖြစ်သည်ကို တပ်အပ်မပြောနိုင်သော်လည်း၊ မည်သည့်အဆောင်မှ အကျဉ်းသားကို ထုတ်သွား သည်၊ သွင်းလာသူ အကျဉ်းသားအား မည်သည့်အဆောင်သို့ခေါ်သွားသည်တို့ကိုမူ ကျနော်တို့တွေ့ကြရသည်၊ မြင်ကြရသည်။

ထို့နောက် ကျနော်တို့အကျဉ်းသားအချင်းချင်း သဘောထားအမြင်ဖလှယ်ကြပြီး၊ မည်သူမည် ၀ါ ဖြစ်နိုင်သည်၊ မည်သည့်အရေးအခင်း၊ မည်သည့်နိုင်ငံရေးအမှုနှင့် ပတ်သက်နိုင်သည်တို့ကိုလည်း ထင်မြင် ချက်ပေးလေ့ရှိကြသည်။

 ကျနော်တို့၏ ထင်မြင်ယူဆချက်များမှာ မှန်သည်လည်း ရှိ၏။ မှားသည်လည်း ရှိ၏။

အချုပ်အကျဉ်းထောင်ပင်ဖြစ်လင့်ကစား၊ ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင်ကာ ကျနော်တို့၏ ထင်မြင်ယူဆချက် မှန်၏၊ မှား၏များကို သိကြရ၏။ သတင်းများသည် ငှက်များပမာ ကျနော်တို့ အကျဉ်းသားများအကြား အမြဲလိုပျံဝဲလျှက် ရှိလေသည်။

 ကျနော်နှင့် အတူ တစ်အိမ်ထဲအကျဉ်းကျနေသူ များမှာ ဧရာဝတီတိုင်း မင်းကြီးဟောင်း ဦးကဲရော့၊ ရေတပ်မှ ဗိုလ်မှူးဘသော် (ဆရာမောင်သော်က)၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူး တင်မောင်ထွန်း (CIA) သူလျှိုဖြစ်သည်ဟု စွပ်စွဲခံရသူ ဗိုလ်ကြီးကျော်စွာမြင့်အမှုနှင့်ပတ်သက်သူ)၊ ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မီတီ (ယနေ့ခေတ် နအဖရုံးကဲ့သို့ တော်လှန်ရေးကောင်စီခေတ် အမြင့်ဆုံးအာဏာပိုင်ရုံး) ရုံးမှ ဦးလှရွှေ၊ ကုန်သွယ်ရေး ၀န်ကြီး ဌာနမှ အတွင်းဝန် (ယနေ့ခေတ် ညွှန်ချုပ်ရာထူး) ဦးစိန်ကြည် တို့ ဖြစ်ကြပါသည်။

 ထိုတစ်ညကိုတော့ ဘယ်တော့မှ ကျနော်မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ။

 အချိန်အားဖြင့် ည (၈) နာရီခွဲသာသာခန့်သာ ရှိပါလိမ့်ဦးမည်။ လပြည့်ခါနီး လဆန်း (၁၁) ရက် (၁၂) ရက်ခန့်ဖြစ်သဖြင့် အိမ်ပြင်ဘက်တွင် လရောင်က ရွှန်းပလျှက်ရှိနေဆဲ။ အသက်အရွယ်ကြီးရင့်ကြပြီဖြစ်သည့် ဦးကဲရော့၊ ဦးလှရွှေ၊ ဦးစိန်ကြည်တိုကား အိပ်ယာသို့ စောစောဝင်သွားကြလေပြီ။ ဗိုလ်မှူးတင်မောင်ထွန်းမှာ မအိပ်သေးသော်လည်း၊ အိပ်ယာပေါ်တွင် လဲလျောင်းအနားယူ နေလေသည်။ ဗိုလ်မှူးဘသော်နှင့် ကျနော်တို့နှစ်ဦးသာ အတွေးကိုယ်စီဖြင့် အိမ်ဝိုင်း အတွင်း လရောင်အောက်တွင် ဖြည်းဖြည်းချင်းလမ်းလျှောက်နေကြပါသည်။

 မကြာမီအချိန်လေးတွင် တောင်ဘက်ဆီမှ လူတဦး ပြေးလာသည့်အသံကို ကျနော်တို့နှစ်ဦး ကြားလိုက်ကြရလေသည်။ ကျနော်တို့၏ ကိုယ်စီကိုယ်စီ အတွေးနယ်ချဲ့နေမှုမှာလည်း ချုပ်ငြိမ်းသွားပြီး၊ ကျနော်တို့အား ကျနော်တို့၏ခြေထောက်များ က ကျနော်တို့၏ ‘အကဲကြည့်’နေရာ OP ကလေးသို့ အလိုအလျောက်ခေါ်ဆောင်သွား ကြပါတော့သည်။

ဗိုလ်မှူးဘသော်မှ တိုးတိုးလေးဆို၏ “ ဟိုမှာ…ဗိုလ်ကြီး မြင်ရဲ့လား”

“မြင်ပါတယ် ဗိုလ်မှူး၊ အစောင့်စစ်သား တစ်ယောက် တောင်ဘက် Cell အချုပ်ဆောင်ကနေ ထောင်ဗူးဝကို အလောသုံးဆယ် ပြေးသွားနေတယ်။”

“ဟုတ်တယ် ဗိုလ်ကြီး၊ တခုခုတော့ တခုခုပဲဗျ။ ကျုပ်တို့ ဆက်ပြီး observe (အကဲကြည့်) လုပ်ဖို့လိုလိမ့်မယ်”

“ဟုတ်ကဲ့ဗိုလ်မှူး၊ ညဦးပိုင်းမှာ ဒီလိုဖြစ်တာမျိုး တခါမှမကြုံဖူးဘူး။ စစ်ဖို့ဆေးဖို့ဆိုရင်လဲ အစောင့်စစ်သားဟာ ပြေးလွှားနေစရာမလိုဘူး”

“ဟော ဟော၊ ထောင်ဗူးဝ တံခါးပွင့်ပြီ၊ အစောင့်နဲ့ in charge (တာဝန်ခံ) နဲ့ စကားပြောနေကြပြီ”

“ဟုတ်တယ် ဗိုလ်မှူး၊ သူတို့ဟာက သုတ်သီးသုတ်ပြာပဲ။ အကျဉ်းသားတစ်ယောက် ယောက် သေကြောင်းကြံလို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက် အသဲအသန်နေမကောင်းတခုခုဖြစ်လို့ ပဲလားမသိ”

“ဖြစ်နိုင်တယ် ဗိုလ်ကြီး၊ ဒီတခါတော့ ကျုပ်တို့ရဲ့ OP ကလေးကကျုပ်တို့ကို သတင်းထူး ပေးတော့ မယ်နဲ့တူတယ်။ ဒီတော့ ထုံးစံအတိုင်းသည်းခံပြီး observe လုပ်ကြရအောင်”

“ကောင်းပါတယ် ဗိုလ်မှူး။ လုပ်ကြရအောင်”

ဤသို့ ကျနော်တို့နှစ်ဦးသား နှစ်ကိုယ်ကြားလေသံလေးဖြင့် ပြောဆိုနေကြစဉ်တွင်၊ ထောင်ဗူးဝအပြင်ဘက်၌ ကားတစီးထိုးဆိုက်သံ ကြားလိုက်ရပါသည်။ စစ်သားရဲဘော် လေးငါးဦး ထမ်းစင် တစ်ခုပါယူလာ၍ ထောင်ထဲသို့ဝင်လာကြလေသည်။ သူတို့ အားလုံးတောင်ဘက် Cell အချုပ်ဆောင်ဆီသို့ အလျင်အမြန် သွားနေကြလေသည်။

 သူတို့ ထောင်ဗူးဘက်သို့ ပြန်ထွက်လာကြသောအခါ ထမ်းစင်ပေါ်တွင် တစ်စုံတယောက်အား အ၀တ်ဖြင့်မျက်နှာကိုပါဖုံးလွှမ်းပြီး ထမ်းထုတ်လာကြသည်ကို ကျနော်တို့ မြင်တွေ့ကြ ရပြန်သည်။

သူတို့ ထောင်ဗူးဝအပြင်သို့ရောက်သွားပြီးမကြာမီပင် ကားတရှိန်ထိုးမောင်းထွက်သွားသံကိုပါ ကျနော်တို့ ကြားလိုက်ကြရပါသည်။

 ထမ်းစင်ဖြင့်ခေါ်ထုတ်သွားခြင်းခံရသူ အကျဉ်းသားသည်မည်သူနည်း။ မိမိကိုယ်ကို သေကြောင်းကြံသူလား၊ အသည်းအသန်နာမကျန်းဖြစ်နေသူလား၊ Cell အချုပ်ဆောင်တွင် အကျဉ်းကျနေစဉ် ဤအကျဉ်းသားအား မည်သည့်အခြေအနေဆိုးများက ဤအခြေအနေသို့ရောက်အောင် တွန်းပို့လိုက်သနည်း၊ ထမ်းစင်ပေါ်မှာပါသွားစဉ် အသက်မှရှိသေးရဲ့လား၊ အသက်ရှင်နေသေးလျှင်လည်း ဆေးကုသ၍ နဂိုအခြေအနေသို့ပြန်ရောက်နိုင်ပါ့မလား။ ကျနော်၏ အမေးအတွေးများကား ပြေးလွှားနေလေတော့သည်။

 ဗဟိုထောက်လှမ်းရေးတပ်၏ ရေကြည်အိုင်အကျဉ်းထောင်အား တိတ်ဆိတ်မှုက ပြန်လည်စိုးမိုးသွားလေပြီ။ မင်္ဂလာဒုံဆောင်းက ချမ်းမြမြ။ ငွေလသော်တာရောင်က ၀င်းပပနှင့် အိမ်အပြင်တွင်ပက်ဖျန်းရွှန်းစိုနေဆဲ…။

 သို့သော် ကျနော့်ရင်ထဲတွင် အဖြေရှာမရသောမေးခွန်း များဖြင့် ပြည့်လျှမ်းတင်းကြပ်တစ်ဆို့ နာကျင်နေကြဆဲ။

 ကျနော်သည် ထိုညက အတော်ကြီးညဥ့်နက်သည် အထိ အိပ်၍မရပါ။

 နောက်ဆုံးတွင် ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်ကာ၊ ထမ်းစင်ပေါ်ကလူနှင့်ပတ်သက်ပြီး သတင်းငှက်ကလေးသည် မကြာမီ ကျနော်တို့ထံ ပျံဝဲရောက်ရှိလာလိမ့် မည်ဟု တွေးတောဆင်ခြင်မိတော့မှ၊ အတော်အသင့် စိတ်သက်သာရာရသွားပြီး၊ မှေးစက်ပျော်သွား မိပါ သတည်း။

 


သပြေတခက်ကြွေရက်ကယ်စော- အခန်း (၃)

ကျနော်တို့နှင့်အတူ အချုပ်ခံနေရသောပုဂ္ဂိုလ်များသည် အစ ပထမပိုင်းတွင် ဤကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားကြသော်လည်း၊ ဗိုလ်မှူးဘသော်နှင့် ကျနော်တို့ ကို မမှီပါချေ။ အကြောင်းသော် ကျနော်တို့နှစ်ဦးမှာ စာရေးစာဖတ်ဘက်တွင် ၀ါသနာသန်သူများဖြစ်သည့်ပြင်၊ ထိုည၏မြင်ကွင်းအား ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ကြရသူများ ဖြစ်နေခြင်းကြောင့်ပင်တည်း။ ဤအချက်က ကျနော်တို့၏ တွေးတောစူးစမ်းလိုစိတ်အား အမြဲနှိုးဆွ ပေးနေလေသည်။ သို့ပါသော်လည်း ကံကခေလွန်း လှ၏။ အနီးကပ်ဆုံးအချုပ်အိမ်များသို့ လျှို့ဝှက်ဆက်သွယ်ပြီး၊ ဤသတင်းနှင့်ပတ်သက်၍ အနံ့ခံကြသော် လည်း ထူးထူးခြားခြားဘာမှထွက်ပေါ်လာခြင်း မရှိပါ ချေ။

 ရေကြည်အိုင်ထောင်အတွင်းရှိ အချုပ်အိမ် ကလေးများတွင် အချို့အိမ်များသည် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို ဖတ်ခွင့်ရ၏။ အချို့အိမ်များကား ဖတ်ရှုခွင့်မရ။ Cell အချုပ်ခန်းများတွင်ကား သတင်းစာဖတ်ခြင်းကို လုံးဝခွင့်မပြု။ အခွင့်အရေးပေးမှု မတူခြင်း အားဖေါ်ပြနေပေသည်။ ကျနော်တို့အိမ်တွင်ရှိသူတို့ကား လုပ်သားပြည်သူ့နေ့စဉ်ကို ဖတ်ခွင့်ရကြ၏။ သို့သော် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့အပြင် တရားရုံးတော်၌စစ်ဆေးစီရင်နေသည့်ပြစ်မှုများအနက် ရေကြည်အိုင်အချုပ်သားတို့ မသိသင့်မသိထိုက်သောသတင်းများ ပါဝင်နေပါက၊ အမြဲတမ်းလို ဘလိတ်ဓါး ပါးပါးဖြင့် ဆင်ဆာဖြတ်တောက်ထားသည်ကို မကြာခဏတွေ့ကြုံရဖူး၏။

 ထိုညက မြင်ကွင်းကို တွေ့လိုက်ရပြီး နှစ်ရက်သုံးရက်ခန့်အကြာတွင် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ နာရေးကော်လံ၌ ပုဂ္ဂိုလ်တစ်ဦး၏ နာရေးကြော်ငြာအား ဘလိတ်ဓါးဖြင့် တိတိရိရိဖြတ်တောက်ကာ ဆင်ဆာလုပ်ထားသည်ကို ကျနော်တို့ အမှတ်မထင်တွေ့လိုက်ရပါတော့သည်။

 ကွယ်လွန်သွားသည့်ပုဂ္ဂိုလ်သည် ဤရေကြည်အိုင်အချုပ်ခန်းရှိ အချုပ်သားများနှင့်သော်လည်းကောင်း၊ အချုပ်သားတို့၏ မိဘဆွေမျိုးသားချင်းများနှင့်သော်လည်းကောင်း၊ တနည်းမဟုတ်တနည်း ပတ်သက်နေသည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပေမည်ဟု ကျနော်တို့ မှတ်ချက်ချ လိုက်ပါတော့သည်။

 သို့သော် ကွယ်လွန်သူသည် မည်သူမည်ဝါ၊ မည်သည့်အချုပ်သားနှင့်ပတ်သက်နေသည် စသည်တို့ကား၊ ကျွန်တော်တို့တွေးတော စဉ်းစားမရခဲ့ပေ။

 ထိုမှ တပတ်ကျော်ခန့်ကာလတွင် သတင်းအစ အန ပြန့်လွင့်လာပါတော့သည်။ ကွယ်လွန်သူသည် ရေကြည်အိုင် Cell အချုပ်ခန်းတွင်းမှ လက်နက် ကိုင်တော်လှန်ရေးသမား ဟူ၍လည်းကောင်း၊ စစ်အစိုးရအားဆန့်ကျင်သည့် တပ်မတော်အတွင်းမှ စစ်ဗိုလ် တစ်ဦးဟူ၍တဖုံ၊ ဗိုလ်ကြီးကျော်စွာမြင့်အမှုတွင် ပါဝင်ပတ်သက်နေသည့် အရေးကြီးဖေါ်ကောင်တစ်ဦး ဟူ၍တမျိုး၊ ကြိုးကြားကြိုးကြား သတင်းပြန့်လွင့်နေလေသည်။ သတင်းအတိအကျမရပဲ၊ အဖြစ်မှန်ကို မဖေါ် ထုတ်နိုင်ကြသဖြင့် ကျနော်တို့အားလုံး အားမလိုအားမရ မကျေမနပ်ဖြစ်မှုနှင့်သာ နိဂုံးချုပ်နေကြရ၏။

နေအ၀င် တိမ်အတောက် လွမ်းစရာ့တစ်ညနေတွင် ဗိုလ်မှူးဘသော်နှင့် ကျနော်တို့နှစ်ဦးသည် ကျနော်တို့ အိမ်ဝင်းကလေးအတွင်း အတွေးကိုယ်စီဖြင့် ဖြည်းဆေးစွာလမ်းလျှောက်နေကြလေသည်။ လမ်းလျှောက်နေ ရင်းမှ ဗိုလ်မှူးဘသော်၏အတွေးသည် ထိုညက အဖြစ်အပျက်ဆီသို့ ပြန်ရောက်သွားပြန်လေသည်။ စိတ်ဓါတ်ခိုင်မြဲပြီး ဆုံးဖြတ်ချက်ချရာတွင်၊ မည်သည့်အခါမှ စိတ် ဒွိဟမရှိ ရဲရင့်ပြတ်သားသည့် ဗိုလ်မှူးဘသော် မှပြောခဲ့သည်မှာ

“ဗိုလ်ကြီး ဒီကောင်တွေကို ပီကင်းရေဒီယိုကအော်နေသလို ‘မင်းတို့ ဘယ်တော့မှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး’ လို့ ကျုပ် အော်ချင်တယ်။ နောက်ပြီး ဗိုလ်ကြီး၊ ကျုပ်တို့သံန္နိဌာန်တစ် ခုတော့ ချကြရအောင်။ ကျုပ်တို့ အသက်ရှင်နေသရွေ့ ဘယ်မှာပဲနေနေ ဘာပဲလုပ်လုပ်၊ ‘လသာည’ ရဲ့အဖြစ် အပျက်မှန်ကို ကျုပ်တို့ခြေရာခံပြီး သင့်တော်တဲ့တစ်နေ့မှာ ပြည်သူနဲ့တိုင်းပြည်ကို တင်ပြကြရအောင်”

“စိတ်ချပါ ဗိုလ်မှူး၊ ကုန်ကုန်ပြောမယ် ဗိုလ်မှူး၊ ကိုယ့်အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ ကျနော်တို့ အဖြေရှာ ကြမယ်လို့ သံန္နိဌာန်ချပါတယ် ဗိုလ်မှူး”

“ဟုတ်တယ်၊ ကမ္ဘာကုန်ကျယ်သရွေ့ ကျုပ်တို့ အဖြေရှာကြမယ် ဗိုလ်ကြီး” ကျနော်တို့နှစ်ယောက်၏ လေသံတိုးတိုးလေးသည် လောကတခွင်သို့ ငလျင်တော်လဲသံကြီးကဲ့ သို့ရိုက်ခတ်သွားသယောင် စိတ်တွင်ခံစားလိုက်ရ၏။

 ဆည်းဆာအချိန်၏ ဆောင်းနှောင်းလေနုအးသည် ကျနော်တို့နှစ်ဦး၏သန္နိဌာန်အား ကမ္ဘာကုန်ကျယ်သရွေ့ သယ်ဆောင်သွားလေပြီဟု ကျနော် ရိပ်စားမိလိုက် ပါတော့သည်။

(ဒီနေရာကယူပါတယ်)http://www.irrawaddyblog.com/2012/01/blog-post_3803.html

Monday, January 30, 2012

နို့ဖိုး၊မျိုးမင်းအောင်နဲ့စိန့်ဖရန့်စစ်ကအကြွေစေ့ကလေးတွေ မျိုးမြင့်ချို(ဆောင်းပါး ၃)

0 comments
ရတီ့ ဓါတ်ပုံလေးပါ
နို့ဖိုး၊ မျိုးမင်းအောင်နှင့်စိန့်ဖရန့်စစ်ကအကြွေစေ့ကလေးတွေ(ဆောင်းပါး ၃)
စာဖတ်နေတုန်း ဖုံးမြည်လာ၏။ ကြည့်လိုက်တော့ အီလီနွိုင်းပြည်နယ်ကဖုံး။ နံပတ်က မသိသည့် နံပတ်။ ကြော်ညာတွေပဲနေမှာပါထင်ပြီး စာဆက်ဖတ်နေမိ၏။ ၂ မိနစ်လောက်နေတော့ နောက် တကြိမ်ထပ်မြည်လာပြန်၏။ ကြော်ညာဆိုရင် ဒီလောက်ချက်ခြင်းမြန်မြန် ပြန်မခေါ်တတ်။ တခုခုပဲ ဆိုကာ ကောက်ကိုင်လိုက်၏။ မိန်းကလေးတယောက်အသံ။ သူ့နံမည်ရတီဖြစ်ကြောင်းနှင့် ဘယ်က ပါဆိုသည်ကိုပြောပြီး နေ့သစ်ဝက်ဘ်ဆိုက်တွင်တင်ထားသည့် ကျနော့်ဆောင်းပါးများဖတ်ပြီး စိတ် မကောင်းဖြစ်မိသလို နို့ဖိုးဒုက္ခသည်စခန်းက ကျောင်းကလေးကို ကူညီချင်စိတ်လည်းဖြစ်မိကြောင်း တဆက်တည်းပြောလာ၏။ ဤတွင်  ဤစာရေးရန် အတွေးပေါ်၏။
တကယ်တော့ ရတီ၏ချက်မြုတ်က မြန်မာပြည်။ ရတီ ၄ နှစ်သမီးတွင် ဖေဖေကွယ်လွန်၏။ သို့ဖြင့်ဖေ့ဖေ့နေရာ မေမေကအစားထိုးကာ စီးပွားရေး အတွက် ထိုင်းတွင်စအခြေချ၏။ ထိုအချိန်မှ စပြီး မေမေနှင့်ရတီကာလအတန် ကြာခွဲခွဲခွာခွာနေခဲ့ရ၏။ ရတီ ၅တန်းဖြေအပြီး၊ ၁၁ နှစ်သမီး ရောက်တော့ မေမေလှမ်းခေါ်သဖြင့် ရတီနှင့်ဖွားဖွား ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ကလေးကို ရောက်လာ၏။ မေမေက သူကျွမ်းကျင်သည့်အရောင်းအဝယ်လုပ်ငန်း လုပ်သည်မှန်သော်လည်း ရတီက ကလေးပီပီ သိတ်စိတ်မဝင်စား။ မေမေသည် ဘဝတလျှောက်လုံး ရတီ့အား ပူပန်ကြောင့်ကြကင်းကင်းထားနိုင်ခဲ့သည့် အတွက် ဘဝဆိုသည်မှာရတီ့အတွက် အေးအေးငြိမ်းငြိမ်းဟုသာ အနက်ထွက်ရ၏။  ဘဝတွင်ပူပင်ငြိမ်းသည်မှန်သော်လည်း မဲဆောက်သည်ပျင်းစရာဟု ရတီကထင်၏။  မဲဆောက်နေရင်း ကျောင်းနေဖက်သူငယ်ချင်းတွေကို လွမ်းမိ၏။ သည်လိုနှင့် တနှစ်လောက်ကြာတော့ အမေရိကားကိုရောက်နေသည့်ဦးလေးနှင့် အဆက်အသွယ်ပြန်ရပြီး သူက  “လာခဲ့ပါလား”ဟု လှမ်းခေါ် သဖြင့် ဒုက္ခသည်လျှောက်ပြီး ရတီ၊ မေမေနှင့်ဖွားဖွားတို့ ၃ ဦးသား နို့ဖိုးဒုက္ခသည်စခန်းကို ဝင်ခဲ့ကြ၏။
ကမ့်ထဲရောက်တော့ မေမေက ရတီ့ကိုကျောင်းပို့၏။ သူငယ်ချင်းသစ်တွေရ၍ ပျော်တာမှန်သော်လည်း ရတီကျောင်း မတက်ချင်တော့။ ကျောင်းနှင့်နည်းနည်းဝေးခဲ့ရလို့လားမပြောတတ်။ ကျောင်းတက်ရမှာ ပျင်းသွား၏။ နောက်တချက်က ဘာသာ စကားအခက်အခဲ။ ရတီက ကရင်စကားမတတ်။ သူငယ်ချင်းတွေ အများစုက ကရင်ကလေးတွေချည်း။ သူတို့ စကားကို ကိုယ် မတတ်တော့ သူတို့နဲ့ဝင်ရောပြီး ပျော်ရတာလည်း အရသာမရှိသလိုဖြစ်နေပြန်၏။ ၂ လ လောက်တက်ပြီး ဆက်မတက်ဖြစ်တော့။ မေမေက ဘာမှမပြောသော်လည်း သိတ်ကြိုက်ပုံမရ။ သို့သော် နေ့တိုင်း အိမ်သုံးဖို့ရေသွားခပ်ရင်း ကျောင်းလေးနားကဖြတ်ရတိုင်း၊ သူငယ်ချင်းတွေအသံကြားရတိုင်း၊ ကျောင်းခန်းလေးထဲ ပြေးပြေးဝင်ချင်စိတ်ကတဖွားဖွား။ စာသင်ချင်လို့တော့မဟုတ်။ သူတို့နှင့် အတူ ပြေးလွှားပျော်ပါးကစားချင်၍သာ။ ကမ့်ထဲမှာနေခဲ့သည့် ၂ နှစ် တာကာလသည် ရတီ့အတွက် ပျော်စရာအထိုက်အလျှောက် ရှိသည်မှန်သော်လည်း နေတော့မနေချင်လှ။ သို့သော်မတတ်နိုင်။
နောက်တော့ ရတီတို့ ၃ ယောက် ဒုက္ခသည်ပြန်လည်နေရာချထားရေးအစီအစဉ်ဖြင့် အမေရိကားသို့ရောက်လာ၏။ ရောက်ပြီးချက်ခြင်းဆိုသလိုပင် ရတီ့ကိုလည်း ကျောင်းအပ်၏။ ဒီမှာက အသစ်ရောက်လာသည့်ကလေးများအား အသက်ကိုလိုက်ပြီး အတန်းသတ်မှတ်တော့ ရတီ ၈ တန်းက စတက်ရ၏။ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုပဲသင်တာဖြစ်တော့ စိတ်ကညစ်ရပြန်သည်။ နဂိုကမှ ကျောင်းနေပျင်းသည့်ရတီ၊ အင်္ဂလိပ်စာမတတ်ခဲ့သည့်ရတီ၊ ခုတော့ သူမပျော်သည့်ကျောင်းနှင့် သူမတတ်သည့် ဘာသာ စကားနှင့်မှ တည့်တည့်တိုးတော့၏။ သို့သော် “ဒီနိုင်ငံနေရင် ဒီစာ၊ ဒီစကားတတ်မှရမယ်၊ ဒီပညာသင်မှဖြစ်မယ်”ဆိုသည့် ဘဝပေး အသိက ရတီ့၏ ကျောင်းပျင်းစိတ်ကို အနိုင်ယူသွား၏။ သူများတွေထက် ၂ ဆ ၃ ဆ ပိုပြီးကြိုးစား၏။ ကြိုးစားသည့်ကြားမှ ပညာရေး အဆင့်မမီသေးဟုဆိုကာ ၉ တန်းကို ၂ ခါ ပြန်တက်ရ၏။ သို့သော် စိတ်မပျက်ခဲ့။ ကြိုးစားမြဲကြိုးစားသာနေခဲ့၏။ “ငါ ဒုက္ခသည်စခန်း မှာနေခဲ့တုန်းက ကျောင်းတက်ဖြစ်ခဲ့ရင်  ခုလောက် အခက်တွေ့မှာမဟုတ်၊ အလကားသက်သက် ၂ နှစ်ကြီးတောင် အချိန်ဖြုန်း သလိုဖြစ်သွားပါလား”ဟု တွေးမိပြီး နောင်တလည်းရ၏။ နောက်တော့ အင်္ဂလိပ်လိုလည်း အထိုက်အလျှောက်ပြောတတ်လာ၊ စာလည်းလိုက်မီလာ၊ သူတို့အထာကိုလည်းသိလာ၊ နိုင်ငံတကာက သူငယ်ချင်းသစ်တွေလည်းရလာဆိုတော့ ကျောင်းမှာပျော်လာ၏။ စာသင်ခန်းကို တမ်းတမ်းတတဖြစ်လာ၏။
နောက်တော့ “နူးယော့ခ်စီးတီးမှာနေရတာ စရိတ်စားခတွေကြီးလို့”ဆိုပြီး မေမေက ပြည်နယ်ပြောင်း၍၊ အလုပ်သစ်ရှာ မည်ဆိုကာ အီလီနွိုင်းပြည်နယ်က Loves Park ဆိုသည့် မြို့ကလေးကိုရွှေ့လာကြ၏။ ကျောင်းပြောင်းမြို့ပြောင်းဆိုတော့   ဝန်းကျင်နှင့် သူငယ်ချင်းတွေက အသစ်။ မြို့ကလေးက သေးတာမှန်သော်လည်း ဘယ်လည်လို့ ဘယ်ပတ်ရမှန်းမသိ။ အဆိုးဆုံးက သည်မြို့တွင် မြန်မာပြည်သားတယောက်မျှ မရှိ။ နာရီဝက်ခန့်မောင်းလျှင်ရောက်သည့် အနားကမြို့ကလေးတခုမှာတော့ မြန်မာပြည်သားတချို့ ရှိသည်ဟုသိ၏။ သို့သော် သွားမလည်အား။ အမေတစ်ခု သမီးတစ်ခုဆိုတော့ တခါတခါနည်းနည်းပျင်းသလိုလို။ သည်မြို့လေးရောက် ပြီးသိတ်မကြာလိုက်။ မေမေ သူများဆူရှီးဆိုင်မှာ အလုပ်သင်အလုပ်သမားအဖြစ် စဝင်လိုက်၏။ တလလောက်ကြာတော့ မေမေ လည်း ဆူရှီးကောင်းကောင်းလိပ်တတ်သွားပြီ။ မောလ်ကြီးတခုနားက စတိုးဆိုင်တဆိုင်တွင် အခန်းတခန်းယူပြီး ကိုယ်ပိုင်ဆူရှီး ဆိုင်ဖွင့်၏။ အလုပ်သမား မထား။ ရတီက ကျောင်းတက်။  ကျောင်းဖွင့်ရက်တွေက ဒီလောက်ကိစ္စမရှိ။ ကျောင်းပိတ်ရက်တွေကျတော့ တယောက်တည်းအိမ်မှာနေရတာကို ကြာတော့ပျင်းလာပြန်၏။ ဒါနှင့် မေမေ့ကို ဆိုင်မှာကူလုပ်ချင်တယ်ဆိုကာ နားပူနားဆာတိုက်၏။ ပထမတော့ မေမေက သဘောမတူ။ သဘောမကျ။ နောက်ဆုံး ပြောလွန်းမကပြောဖန်များတော့မှ "လုပ်ချင်လည်းလုပ်ပေါ့၊ သမီးကို မေမေမုန့်ဖိုးအနေနဲ့ တရက်ကို ဒေါ်လာ ၃ဝ ပေးမယ်၊ ဒါပေမယ့် တပတ်ကို ကျောင်းပိတ် ရက် ၂ ရက်ပဲ ခွင့်ပြုမယ်" ဆိုကာ သဘော တူလိုက်၏။ ကျောင်းဖွင့်ရက်တွေမှာ ကျောင်းစာအိမ်စာနှင့်အိမ်အလုပ်များလုပ်ပြီး၊ ပိတ်ရက်တွေမှာ မေမေ့ဆိုင်မှာကူ၏။ စစခြင်း တောက်တိုမယ်ရ။ နောက်တော့ ဆူရှီးနည်းနည်းပါးပါး လိပ်တတ်လာ၏။ ပုံကျပန်းကျတော့ ခုထိမဖြစ်သေး။ သို့သော် အလုပ်လုပ် ရတာကို ပျော်နေ၏။ တပတ်ကို ကိုယ်ပိုင်ဝင်ငွေကလည်း ဒေါ်လာ ၆ဝ။ ကျောင်းပိတ်ရက်တွေအိမ်မှာထိုင်၊ တီဗီကြည့်၊ ဖုံးတလုံး ကွန်ပြူတာတလုံးနှင့် သူငယ်ချင်းတွေနဲ့စကားပြောလိုက်လုပ်ချိန်တွေလည်း လျော့သွား၏။ ဆိုင်မှာ မေ့မေ့ကိုကူရင်း အပြင်က လူတွေကိုလည်း တွေ့နေမြင်နေရ၏။ ပျင်းစရာ သိတ်မရှိတော့။ အလုပ်တဘက်နှင့် ကျောင်းစာလည်းမပျက်။ သည်လိုဆိုတော့ မေမေက ဘာမှမပြော။ ပြုံးပြုံးပြုံးပြုံး။ အလုပ်လုပ်နေပြီဆိုတာ ကမ့်ထဲမှာခင်ခဲ့သည့်သူငယ်ချင်းတွေကိုပြောပြတော့ အံ့သြကြ၏။ ခုထိတိုင်အောင် မေမေသည် ရတီ့အတွက်လိုလေသေးမရှိ ဖြည့်ဆည်းဆဲ။ ရတီလိုအပ်တာမှန်သမျှ ၂ ခါမပူဆာရ။ ဆိုတော့ မေမေပေးသည့်လုပ်ခသည် ရတီ့အတွက် အပိုဝင်ငွေသက်သက်။ ထို့ကြောင့်ပင်ဖြစ်၏။ ပေးချင်ကမ်းချင် လှူချင်တန်းချင်စိတ် အခံလေးကြောင့် ကိုယ့်လက်ကိုယ့်ခြေကိုယ့်ဝင်ငွေလေးနှင့် နိုင်သရွေ့ဝေမျှတော့၏။ ကျောင်းက ဘာကိစ္စ၊ ညာကိစ္စ၊ လူမှုရေး၊ အသင်းအပင်းအဖွဲ့အစည်းတွေအတွက် ရံပုံငွေအလှူခံတိုင်း တခြားသူတွေ ၁ ဒေါ်လာ၊ ၂ ဒေါ်လာ။ ရတီက ၅ ဒေါ်လာ၊ ဆယ်ဒေါ်လာ ထည့်တတ်၏။ သည်တော့သူငယ်ချင်းတွေက ရတီ့ကို “နင်က ATM စက်လား”လို့ မထိတထိလေးတောင် ပြောတတ်ကြ၏။ ကိစ္စမရှိ။ ကိုယ့်လုပ်အားနှင့်ရှာထားသည့်ပိုက်ဆံကို လိုအပ်သည့်နေရာတွေမှာလှူတာပဲဟုသာသဘောပိုက်ပြီး ဘာမှပြန်မပြောဖြစ်။ 
တနေ့ မေမေက မြန်မာပြည်မှာ တရုပ်ပြည်ကစွယ်တော်ပင့်လာပြီး လူတွေဖူးမြှော်ကြ၊ လှူကြတန်းကြသည့်အကြောင်း သတင်းတွေပြတော့ ရတီလည်း တတ်နိုင်သလောက်တော့ လှမ်းလှူလိုက်ဦးမည်ဟုအားခဲထားမိ၏။ သို့သော် မလှူဖြစ်ခဲ့။ နောက် တရက်မှာ မြန်မာဝက်ဘ်ဆိုက်တွေလိုက်ဖတ်ရင်း “နို့ဖိုး၊ မျိုးမင်းအောင်နှင့်စိန့်ဖရန့်စစ်က အကြွေစေ့လေးတွေ”ဆောင်းပါး ၂ ပုဒ်ကို နေ့သစ်ဝက်ဘ်ဆိုက်မှာတွေ့ပြီး ဖတ်ဖြစ်လိုက်၏။ “နို့ဖိုး”ဆိုသည့် ဒုက္ခသည်စခန်းအမည်က သည်ဆောင်းပါးတွေဖတ်ဖြစ်အောင်  ရတီ့စိတ်ကိုစေ့ဆော်လိုက်ခြင်းပင်။ ဖတ်ပြီးနောက် ရတီ ကျနော့်ကိုဆက်သွယ်လာ၏။ အဆက်အသွယ်ရပြီးနောက် သူ့ကိုယ်ပိုင်ငွေ လက်ထဲမှာ ဒေါ်လာ ၄၂ဝ ရှိကြောင်း။ နောက်တပတ်အတွက်လုပ်ခကို သူ့မေမေဆီကကြိုထုတ်ပြီး ဒေါ်လာ ၅ဝဝ လှူချင် ကြောင်းပြောလာ၏။ ကျနော် ဝမ်းသာပီတိဖြင့် မျက်ရည်ပင်လည်မိ၏။ စိတ်တွင်လည်းကြိတ်၍ချီးကျူးရင်း သာဓုလည်းအကြိမ်ကြိမ်။ ပို့ခကို ကျနော်စိုက်ပေးလိုက်မယ်ဟုပြောသည်ကိုပင် နေပေ့စေသမီးပဲပေးမယ် ဟုဆို၏။
ကျနော်က ပိုက်ဆံပို့ပြီးရင် ဆောင်းပါးလေးတပုဒ်ရေးချင်ကြောင်း၊ ပြောပြလို့ရမယ့် ရတီ့အကြောင်းလေးတွေပြောပြပါ လားဆိုတော့ အပေါ်ကအတိုင်း ပြောပြ၏။ စကားဆုံးကာနီး ကျနော်က ကမ့်ထဲက ကလေးတွေကို ဘာပြောချင်သလဲ ဆိုတော့ “သမီးက ကိုယ်တိုင်လည်း ပညာကောင်းကောင်းမသင်ခဲ့ရသလို၊ နည်းနည်းပါးပါးသင်ဖို့အခွင့်အရေးလေးရတုန်းကလည်း ကျောင်းတက်ပျင်းတာနဲ့ မသင်ခဲ့ပြန်ဘူး၊ ဟော..အခု ဒီလည်းရောက်ရော ပညာသင်ခွင့်မရခဲ့တဲ့ ကိုယ့်ဘဝကိုလည်း ဝမ်းနည်းတယ်။ တခါ ဒီမလာခင် ကမ့်ထဲမှာ အင်္ဂလိပ်စာသင်ဖို့ အခွင့်အရေးရတုန်းကလည်း အပျင်းထူ၊ အကြောင်းအမျိုးမျိုးပြပြီး မတက်ခဲ့ပြန်ဘူး။ အဲဒီအတွက် ကိုယ့်ဘာ့သာ နောင်တရမိတယ်လေ။ ဒီလည်းရောက်ရော အခက်တွေ့တော့တာပေါ့။ ဒါ့ကြောင့် အခု ကမ့်ထဲမှာ ရှိနေသေးတဲ့ ပညာသင်နေကြတဲ့ကလေးတွေလည်း နောင်တချိန်မှာအခြားနိုင်ငံတွေဆီ ရောက်ကြဦးမှာပဲ။ အချိန်နဲ့အခွင့် အလမ်းလေးရတုန်း ရသလောက်သင်ထားစေချင်တယ်။ နို့မို့ဆို သမီးလိုအခက်တွေ့မှာ စိုးတယ်လေ" ဟုဆို၏။ ကျနော်ပိုလို့ပင် ချီးကျူးမိ၏။
သို့နှင့်ကျနော် ရတီတို့သားအမိနှင့် ဖုံးဖြင့်၊ အွန်လိုင်းဖြင့်စကားပြောဖြစ်၏။ ကမ့်ထဲကကလေးတွေနှင့်ဆရာတွေကိုယ်စား ကျေးဇူးတင်ကြောင်းလေးပြောပြရ၏။ ငွေလက်ခံရရှိကြောင်း ကျောင်းတံဆိပ်တုံးနှင့် တာဝန်ရှိသူတို့လက်မှတ်ထိုးထားသည့် ဂုဏ်ပြုကျေးဇူးတင်လွှာလေးလုပ်ပေးရန် မျိုးမင်းအောင်ကိုပြောပြတော့ သူလည်းဝမ်းသာပြီး “ကျနော် မိဘဆရာအသင်းကို ထပ်ပြောပြပြီးလုပ်ပေးမယ်၊ အကိုလည်း ဆောင်းပါးလေးတပုဒ်လောက် ရေးပါလား” ဟု တိုက်တွန်း၏။ ထို့ကြောင့် ဤစာ စုလေးရေးဖြစ်သွား၏။
မှတ်ချက်- ယခင် ၂ ကြိမ်ပေါင်းလှူဒန်းငွေမှာ (ယူအက်စ်ဒေါ်လာ ၉၆၇) (ထိုင်းဘတ် ၂၇၄၇၆.၅၁ ဖြစ်ပြီး) ယခု အကြိမ်အတွက် (ယူအက်စ်ဒေါ်လာ ၅၀၀) (ထိုင်းဘတ် ၁၅၂၀၄.၇၀ ဖြစ်သည့်အတွက်) ၃ကြိမ်ပေါင်း (ယူအက်စ်ဒေါ်လာ ၁၄၆၇) (ထိုင်းဘတ်ငွေ ၄၂၆၈၁.၂၁) (၄ သောင်း ၂ ထောင် ၆ ရာ ၈၁ ဘတ်)ရှိသွားပြီဖြစ်ပါသည်။ ထပ်မံလှူဒန်းဒါနပြုလိုသူများ ကျနော့် အီးမေးလ် myomyint63@gmail.com သို့ဖြစ်စေ ကျနော့်လက်ကိုင်ဖုန်း (၂၆၀) ၅၁၅-၂၈၈၉  ကိုဖြစ်စေ ဆက်သွယ်စေလိုပါသည်။ နို့ဖိုးစခန်း PAB High School မှ ဘဏ္ဍာရေး တာဝန်ခံ ကိုမျိုးမင်းအောင်နှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းလိုပါကလည်း ၎င်း၏ခွင့်ပြုချက်ဖြင့် အီးမေးလ်လိပ်စာ ဖုန်းနံပတ်များ ပေးမည် ဖြစ်ပါသည်။
နို့ဖိုးကျောင်းလေးနှင့်စပ်၍ ရေးခဲ့သည့် ရှေ့ဆောင်းပါး ( ၁ နှင့် ၂ ကို) ဤနေရာများတွင် ဖတ်နိုင်ပါသည်။
ဆောင်းပါး (၁) http://myo-myo-myintcho.blogspot.com/2011/10/blog-post_9600.html
ဆောင်းပါး (၂) http://myo-myo-myintcho.blogspot.com/2012/01/blog-post_15.html
ဆောင်းပါး (၂) http://www.naytthit.net/?p=23430
ဆောင်းပါး (၁) http://www.maukkha.org/index.php/book-store/essay-maukkha/272-2011-10-22-02-18-41
ဆောင်းပါး (၂) http://www.maukkha.org/index.php/book-store/essay-maukkha/1751-maukkha-noephoe-refugee-camp-and-children
မျိုးမြင့်ချို ဇန်နဝါရီ၊ ၂၈၊ ၂ဝ၁၂

Sunday, January 29, 2012

ဘဝတစ်ခု၏ကျိုးသားကျသီဝရီ (ခင်အောင်အေး)

0 comments
ပန်းချီ ဘဋ္ဌေးကြည်
ဘဝတစ်ခု၏ကျိုးသားကျသီဝရီ (ခင်အောင်အေး)
အဲလိုပြောကြကြေးဆို ပလေတိုနဲ့ဆော့က္ကရတ္တိ အဲ ဆိုကရေးတီး အဲ ခင်ဗျားသိလောက်ပါတယ် ဘယ်သူ့ကိုပြောတယ်ဆိုတာ ကျုပ်က စာလုံးပေါင်းတွေနောက် လျှောက်လိုက်နေတဲ့ မောင်ပေါက်ကျိုင်းမဟုတ်ဘူး ပေါင်းစည်း ပေါင်းရုံး ပေါင်းစု ထက် ပေါင်းအိုး ပေါင်းချောင် ဆိုတာမျိုးကပိုအရေးကြီးတယ်လို့ အမြော်အမြင်ကြီးကြီးနဲ့ ကြွားလုံးကြီးကြီးတွေနဲ့ ခု တိုက်ခိုက်တဲ့မုန်တိုင်းကလည်း ကြီးကြီး ငလျင်ကြီးကြီးတွေ လှုပ်တတ်တဲ့ကမ္ဘာ ကြက်တူရွေးတွေ မိတ်လိုက်တတ်တဲ့ကမ္ဘာ be creative ဘာတွေ-tive ရမှာတုန်း အသားဟင်းချက်တဲ့အခါ ချင်း(ဂျင်း) မမေ့မလျော့ထည့်ရသလို ကိုယ့်အညှီနံ့ကိုကိုယ် ရေမွှေးမျိုးစုံနဲ့သတ်ရင်း ဘ၀င်မြင့်ချင်စိတ်ကိုလဲ သပ်ချရတယ် တကယ်တမ်း ပြောဖြစ်ကြတဲ့အခါကျရင် ရေဗက္ကာဝင်းပြောသလိုဖြစ်ဖြစ် ရေနာရီပြောသလိုဖြစ်ဖြစ် ရေနွားကိုယ်တိုင် ပြောသလိုဖြစ်ဖြစ် ရေမြင်းကိုယ်တိုင်ပြောသလိုဖြစ်ဖြစ် ကိုယ်ပိုင်ဝါကျမရှိတော့တဲ့အခါ ညည်းညူသံများ လှေကားတစ်လျှောက် တစ်ဒေါက်ဒေါက်နဲ့ အစိုးရပိုင်းကတော့ ငါးသိန်းလောက်လာမယ်လို့မှန်းတယ်
လာပြန်ဲပီ ဒီအစိုးရဆိုတဲ့စကားလုံး ကဗျာတပုဒ်နဲ့တပုဒ်အကြား အစိုးရဘယ်နှစ်ခါ အုပ်စိုးသမျှခံပြည်သူဘယ်နှစ်ခါ ပင်လယ် ရေလှိုင်းနဲ့ဟာရီကိန်းမုန်တိုင်းဘယ်နှစ်ခါ နှစ်နှစ်ကာကာပြောဖို့ နှစ်နှစ်ကာကာခံစားကြည့်ရတယ် ရှေ့သွား၂ ချောင်းကျိုးနေတာကို ရွှေသွား ၂ချောင်းလို့ ချော်လဲရောထိုင်လိုက်သလို ဖန်ဇလုံထဲမှာ အသီးအရွက်များ အ၀ါရောင် တက္ကစီကားရဲ့တံခါးကို ဆွဲဖွင့်လိုက်ပြီး ဟဲလို Joan Miró i Ferrà ကျုပ်ကတော့ သေဖွယ်သာရှိတော့သဗျာ ကြက်ဖကြီးက ဥအုချလိုက်သတဲ့ဗျာ တခုခု (ဘာမှန်းမသိ)ကို ဆတ်ကနဲမြိုချလိုက်သတဲ့ဗျာ ကိုယ်မဖတ်တတ်တဲ့ ဘာသာစကားနဲ့ရေးထားတဲ့ ဖတ်ချင့်စဖွယ်များ နှုတ်ကျိုးနေတဲ့ဘုရားရှိခိုးစာများ ၆ မှ ၆၀ အထိ ၁၉၄၈ မှ ၂၀၀၈ အထိ သူမရဲ့ဦးခေါင်းချွန်ချွန် ဖယ်ရီတေးလ်များ ပိုနီတေးဆံပင်ဖက်ရှင်များ ဂုတ်ပိုးနှစ်ထပ်များ ပါးချိုင့်နှင့်ပါးချောင်နားချောင် များ ယုဇနပင်ပေါ်ကဖဲကြိုးဝါ၀ါတွေ ယုဇနဥယျာဉ်ထဲကပန်းသီးနီနီတွေ ယုဇနမခင်ပျိုနဲ့တွေ့မှ ပြောပြရအုန်းမယ် ဒါမှ ယာလဲညက် ကြက်လဲပန်း အဲ.. ဖာတွေတော့လန်းတယ်
(ဥပမာ-ထန်းခေါက်ဖာ)    

ခင်အောင်အေး
၂၉၊ သြဂုတ်၊ ၂၀၁၁ ရုဒက်ဆိုင်၊ ဂျာမဏီ ၂၂း၄၇ နာရီ
(ယူတာက) http://www.kaungkin.com/index.php?option=com_content&view=article&id=712:poem&catid=34:2009-04-17-00-31-18&Itemid=77

ဆိုက်ဆိုက်မြိုက်မြိုက် (ဘုန်းသက်ပိုင်)

0 comments
ပန်းချီ ကိုထိုက်
ဆိုက်ဆိုက်မြိုက်မြိုက် (ဘုန်းသက်ပိုင်)

ဘယ်လိုပြောမလဲ
တကယ့်ကို ဆိုက်ဆိုက်မြိုက်မြိုက်
ခဏပျက် ခဏတည် ကမ္ဘာထဲ
ဆိုက်ဆိုက်မြိုက်မြိုက်
အနိဌာရုံတွေနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
စစ်ပွဲတွေနဲ့ဆိုက်ဆိုက်မြိုက်မြိုက်
ကင်မရာရှေ့မှာ ဂိုက်ပေးကြမ်းသူတွေနဲ့
ဆိုက်ဆိုက်မြိုက်မြိုက်၊
ကပ်သုံးပါးနဲ့ဆိုက်ဆိုက်မြိုက်မြိုက်
ကစားနည်းအသစ်တွေနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
မင်းမဲ့ဝါဒနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
သေနတ်နဲ့ ဆိုက်ဆိုက်မြိုက်မြိုက်
အသည်းကွဲသီချင်းတွေနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်။

အံ့သြစရာမကောင်းဘူးလား
ဘွတ်ကီဒိုင်တွေနဲ့ဆိုက်ဆိုက်မြိုက်မြိုက်
(သူတို့က မှန်ပေါ်ကစီးကျလာတဲ့ရေစက်လေးနှစ်စက်
ဘယ်ဒင်းကအလျင်အောက်ရောက်မလဲဆိုတာတောင်
လောင်းကြေးဖွင့်ကြသူတွေ)
ကြောက်စရာတစ်ခုခုကို ကြောက်ပြနေကြသူတွေနဲ့
ဆိုက်ဆိုက်မြိုက်မြိုက်
တကယ့်ကို ဆိုက်ဆိုက်မြိုက်မြိုက်။

ပန်းတွေပွင့်တာ၊ ကြွေတာ
ငါတို့တွေငိုတာ၊ ရယ်တာ
ပြီးတော့ ချစ်ကြ၊ မုန်းကြတာ
ဟိုဟိုဒီဒီ လူလုံးပြကြတာ။

အံ့သြစရာမကောင်းဘူးလား
ညော်နံ့တွေပြီး ညော်နံ့တွေ၊
အရေးတကြီးခေါ်သံတွေပြီးတော့ အရေးတကြီး
ဟာသတွေပြီးတော့ ဟာသတွေ၊
လူလိမ်တွေ၊ လမ်းတွေ၊ သီချင်းတွေ၊ အရူးတွေ၊
မရူးမကောင်းတွေ၊ စာအုပ်တွေ၊ ကလေးတွေ၊
ဆေးရုံတွေ၊ ပွဲစားတွေ၊ စာသင်ကျောင်းတွေ၊ ဟုတ်သလိုလိုတွေ၊
တရားရုံးတွေ၊ အရက်သမားတွေ၊ ဓါတ်တိုင်တွေ၊
ပြည့်တန်ဆာတွေ၊ ပန်းခြံတွေ၊
မပျင်းရက်စရာ
အမယ်စုံအောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်။

အဲဒါကြောင့်ပဲ အံ့သြစရာကောင်းခဲ့တယ်၊
အဲဒါကြောင့်ပဲ မာနကြီးချင်စရာဒုလ္လဘနဲ့ဆိုက်ဆိုက်မြိုက်မြိုက်၊
အဲဒါကြောင့်ပဲ ကဗျာဆရာအဖြစ်နဲ့ဆိုက်ဆိုက်မြိုက်မြိုက်
အဲဒါကြောင့်ပဲ အားလုံးကိုရရှိခဲ့ဆိုက်ဆိုက်မြိုက်မြိုက်၊
အဲဒါကြောင့်ပဲ အားလုံးကိုလွဲချော်ခဲ့ဆိုက်ဆိုက်မြိုက်မြိုက်၊
အဲဒါကြောင့်ပဲ အံ့သြစရာကောင်းခဲ့တယ်၊
တကယ့်ကို ဆိုက်ဆိုက်မြိုက်မြိုက်။
ဘုန်းသက်ပိုင်
၂၈..၂၀၀၆
(ယူတာက) http://www.kaungkin.com/index.php?option=com_content&view=article&id=710:2012-01-28-14-44-47&catid=34:2009-04-17-00-31-18&Itemid=77

သော့အိမ်ကနေ့စွဲများ၊ လူများ၊ အတွေးစများ(၅) (မျိုးမြင့်ချို)

0 comments

သော့အိမ်ကနေ့စွဲများ၊ လူများ၊ အတွေးစများ(၅)
ကုလားထိုင်ကအထမှာ ဗိုလ်ကြီးထံမှ “ဟေ့ကောင်တွေ Body Search လုပ်လိုက်ဦး” ဟု အသံကြားလိုက်ရ၏။ ဤတွင် ကျနော့်တကိုယ်လုံး လက်ဖြင့်စမ်းတော့၏။ ပေါင်ချန် ကြားပါမကျန်။ တော်တော့ တော်သေး၏။ တကိုယ်လုံးတော့ မချွတ်။ နောက်တော့ အိပ်ကပ်ထဲနှိုက်၏။ အိပ်ထဲမှာ ဆေးလိပ်ဗူး၊ မီးခြစ်၊ အင်န်အယ်လ်ဒီကဒ်ပြားနှင့်ပိုက်ဆံ အနည်းငယ်။ အကုန်နှိုက်ယူထားလိုက်၏။ နောက်တော့ လက်ကလက်ပတ်နာရီကိုပါ ချွတ်ယူလိုက်၏။ နာရီချွတ်ယူတာက ဖြည်းဖြည်းသက်သာမဟုတ်။ ဆောင့်ဆွဲပြီးလူယူ သလိုယူလိုက်ခြင်း။ လက်ကောက်ဝတ်နှင့် လက်ဖမိုးတွင် ထိမိခြစ်မိသွား၏။ ဒါးပြတိုက် သလိုပါလားဟု စိတ်တွင်ထင်မိ၏။ ကျနော့်ပစ္စည်းတွေ အကုန်သာသိမ်းယူသွားသော် လည်း အထောက်အထားအဖြစ် ဘာလက်မှတ်မှမထိုးခိုင်း။ ကျနော် ပထမတော့ သိမ်းဆည်းယူထားကြောင်း အထောက်အထားလက်မှတ်ထိုးဖို့ ပြောမလားတွေးလိုက် မိသေး၏။ သို့သော်မပြောဖြစ်။ ပြောလိုက်ကာမှ ဘာမပြောညာမပြော ထပ်တီးနေရင် ခက်မယ်ဟုတွေးပြီး အသာပဲနေလိုက်ရ၏။ ပြောလို့မရ။ မလုပ်ဘူးဟု မည်သူမျှ အာမမခံနိုင်သည့် အနေအထား။

            နောက်တော့ “မောင်မြင့်ဆီကို သွားပို့လိုက်”ဟု ဗိုလ်ကြီးထံမှ အမိန့်ပေးသံ ကြား၏။ မောင်မြင့်ကဘယ်သူလဲ။ ဘယ်လဲ။ ဘာလုပ်ဖို့ ငါ့ကို မောင်မြင့်ဆီပို့ခိုင်းတာ လဲတွေ တွေးနေမိသေး၏။ အကောင်းတော့မဟုတ်တန်ရာ။ မောင်မြင့်သည် သူ့ထက်သူ လူစွမ်းကောင်းမဟုတ်ရင်သာရှိမည် လူကောင်းတော့မဟုတ်လောက်ဟု စိတ်တွင်မှတ်လိုက်မိပြန်၏။ ကျနော့်ကိုတွဲခေါ်လာသူက “မင်းကိုမေးရင် ကောင်းကောင်းမွန်မွန်နဲ့ မှန်မှန်ကန်ကန်ဖြေ၊ ကြားလား၊ မဟုတ်ရင်နာမယ်” ဆိုပြီးပြောသေး၏။ သူတို့က ဘာတွေမေးလို့ ငါကဘာကို ကောင်းကောင်းမွန်မွန် မှန်မှန်ဖြေရမှာလဲ ဆိုပြီးတွေးမိသော်လည်း နှုတ်ကမူ “ဟုတ်ကဲ့ပါ”ဟု အလိုလို ထွက်သွား၏။ ထိုသို့ထွက်သွားရခြင်းအတွက်လည်း ကိုယ့်ဘာသာပြန် စိတ်တိုသလိုလို ဘာလိုလို။

            “ငုံ့..ငုံ့”ဆိုသည့်အခါ ခေါင်းကိုငုံ့၍ “ကျော်..ကျော်”ဆိုသည့်အခါ ချိုင်းထောက်ကို ခတ်ကျဲကျဲလှမ်းချပြီး ကျော်ရပြန်၏။ ဘာမှလည်းမမြင်မတွေ့ရပဲ လမ်းလျှောက်ရသည်မှာ အတော်ဂွကျပါလားဟုတွေးမိပြီး မျက်မမြင်ဒုက္ခိတများအား စာနာစိတ်ကလေး ဖျတ်ကနဲတချက်ပေါ်သေး၏။ ဘာမှမပြောသည့်အခါ ပုံမှန်လျှောက်။ သံမံတလင်းပြင်ညီပေါ်ပုံမှန်လျှောက်ရင်း တနေရာကျတော့ အထစ်တခုနှင့်တိုက်မိပြီး ရှေ့ကိုဟပ်ထိုးလဲကျ၏။ ဒူး၊ တံတောင်ဆစ်နှင့် လေးဘက်ထောက်ကျသည်မို့ နာလိုက်သည့်ဖြစ်ခြင်း။ “ဆောရီး..ဆောရီး၊ ငါပြောဖို့ မေ့သွား လို့..ဟဲဟဲ”ဆိုသည်ကြောင့် နာကျင်နေသည့်အထဲ ဒေါသပါစွက်မိ၏။  လဲကျနေရာမှ “ခင်ဗျား ဗျာ..ပြောရောပေါ့”ဟု ပြောလည်းပြော လက်ကလည်းခေါင်းစွပ်ကိုဆွဲအချွတ်  “ဟေ့ကောင် ပြန်စွပ် ပြန်စွပ်၊ အံမယ် မအေ -ိုးက” ဆိုကာ ဘေးကိုတချက်ကန်ထဲ့လိုက်၏။ ပါးစပ်က “အွတ်” ကနဲအသံနှင့် လူလည်း တဘက်သို့စောင်းထွက်သွား၏။ ထိုအချိန်တွင် မလှမ်းမကမ်းမှ “ဘာဖြစ်တာလဲ၊ ဒီကောင်”ဟု လှမ်းမေးသံကြားရ လိုက်၏။ စောစောကဆရာကြီးအသံမှန်း ချက်ခြင်းကျက်မိ၏။ “ဘာမှမဟုတ်ပါဘူး ဆရာကြီး၊ ဒီကောင် ဂဂျိုးဂဂျောင်လုပ်နေလို့”ဟု ကျနော့်ကိုတွဲလာသူက ပြန်ဖြေတော့ “မင်းတို့ကလည်းကွာ၊ ဖြည်းဖြည်းလုပ်ပါဟ၊ သူ့ခမျာ ခြေမရှိလက်မရှိတာကို”  ဟု ခတ်ထန်ထန် ပြန်ပြောသံလည်းကြား၏။ စိတ်တွင် တော်ပါသေးရဲ့ ဒီဆရာကြီးကယ်လို့ နို့မို့ဆိုမလွယ်ပါလားဟုတွေးကာ ဆရာကြီးကြိတ်ပြီး ကျေးဇူးတင်ရပြန်၏။

            နောက်တော့ ထုံးစံအတိုင်း “ငုံ့..ငုံ့..ကျော်…ကျော်”တွေနှင့် အဆောက်အဦးတခုအတွင်းရောက်သွား၏။ နေမပူတော့သဖြင့် သာ အရိပ်အောက်၊ အဆောက်အဦးအောက်ဟုသိသော်လည်း ဘာအဆောက်အဦးမှန်းတော့ မပြောတတ်သေး။ ကျနော့်ကို ရပ်ခိုင်း ထားပြီး သူတို့အချင်းချင်းခတ်တိုးတိုးပြောနေသံ၊ စာရွက်ပွတ်နေသံ၊ သေနတ်နှင့်ကိုယ်ကသံထည်ပစ္စည်းတွေ တချက်တချက် ထိခတ်လိုက်သံတွေကြားနေရ၏။ ကျနော်လည်း ရေအတော်ငတ်နေပြန်၏။ ရေပေးဖို့လည်းမပြောရဲသဖြင့် အာခြောက်ပြေရန် တံတွေးသာကြိတ်မြိုချနေရ၏။ ခဏနေတော့ “ကဲလာ” ဆိုပြီး ကျနော့်လက်ကိုရှေ့မှဆွဲကာ ခြေလှမ်း ၂၀ဝ ခန့်လျှောက်ကြပြန်၏။ နောက်တော့ ရပ်ခိုင်းပြီး သော့ခလောက်ထဲ သော့ထိုးလှည့်ဖွင့်သံတွေကြားရ၏။ ကျနော့်အား နောက်ကျောဖက်မှ ခတ်ဖိဖိလေး တွန်းပြီး အခန်းတွင်းသို့ဝင်ခိုင်း၏။ ကျနော်လည်း အလိုက်သင့်ဝင်သွား၏။ လူတကိုယ်လုံးအထဲရောက်သွားမှ နောက်ဖက်ကနေ ခေါင်းစွပ်ကိုဆွဲချွတ်ပြီး “မင်း..ဟိုဟိုဒီဒီတွေကြည့်တာဘာညာ မလုပ်နဲ့နော်၊ နံရံမှာလည်း ဟိုခြစ်ဒီခြစ်မလုပ်နဲ့၊ ညောင်းရင်လှဲနေ၊ မင်းချိုင်းထောက်အပြင်ထုတ်ထားမယ်၊ လိုတာရှိရင် တံခါးကို ၃ ချက်ခေါက်၊ ပြီးရင် အပေါက်ကိုကျောပေးပြီးထိုင်ထား၊ လာဖွင့်ပေး မယ်” ဆိုပြီး အေးအေးဆေးဆေးပဲပြော၏။ ကျနော်က ရေငတ်နေကြောင်း၊ ရေတခွက်လောက် သောက်ချင်ကြောင်းပြောတော့ ခဏနေရင် သောက်ရေအိုးလာထည့်ပေးမယ် ဆို၏။ ပြောသူအသံက မြန်မာသံပီပီမြည်မြည်မဟုတ်။ ရခိုင်သံ။ စကားအနည်းငယ် ဝဲသော်လည်း ညင်ညင်သာသာ။

            ကျနော်လည်း နာတာရောညောင်းတာပါရောပြီး လူက လှဲချင်နေ၏။ မလှဲချခင် အခန်းကိုတချက် ဝေ့ဝိုက်ကြည့်မိ၏။ အခန်း က ၆ ပေ ပတ်လည်ခန့်ရှိပြီး မျက်နှာကျက်က လူ့လက်တဖေါင်သာသာ။ နံရံတွေက ကွန်ကရိအခံပေါ် ၄”+၂” သစ်သားတန်းတွေကို ဒေါင်လိုက် ၂ လက်မလောက်ခြားပြီး ကပ်ရိုက်ထား၏။ အခင်းက သံမံတလင်းပေါ်တွင် ၃ လက်မခန့်မြင့်သည့်ကွပ်ပျစ်တခု။ အခန်းထဲ မှာ ဘာဆိုဘာမျှမရှိ။ နောက်ကျောနံရံမှာ ပြတင်းပေါက်ရှိသော်လည်း ဂျက်ချထား၏။ မဖွင့်ရဆိုသည့်သဘော။ တံခါးပေါက်ကြီးတွင်မူ ချောင်းကြည့်ပေါက်ကလေးတခုရှိပြီး Shutter ဖြင့်ပိတ်ထား၏။ အခန်းက ကျဉ်းရုံမကနိမ့်လည်းနိမ့်သည့်အပြင် လေဝင်လေထွက် လည်းမရှိဆိုတော့ လူကမွန်းမွန်းကျပ်ကျပ်ကြီးဖြစ်လာ၏။ စိတ်ကိုအနည်းလျှော့၊ အသက်ကိုဝဝရှူပြီး အင်္ကျီကျယ်သီးတချို့ဖြုတ် လိုက်တော့မှ နည်းနည်းနေသာထိုင်သာဖြစ်ရ၏။ ကြမ်းပေါ်အသာထိုင်ချလိုက်ပြီးလှဲရန်အလုပ် မျက်စေ့ကတူရှူနံရံပေါ်ရောက်သွား၏။ လေးနှစ် သစ်သားချောင်းပေါ်တွင် တခုခုရေးထားသည်ဟုထင်ပြီး ဖင်ရွှေ့ကာအနားကပ်ဖတ်မိတော့ “ဒီကို (-)လ ၂(-)ရက်၊ ၁၉၇၄ မှာ ရောက်တယ်။ စိုး(-ိုး)ထွန်း”ဟုရေးထား၏။ အသေအချာဖတ်သော်လည်း လ ဆိုသည့်ရှေ့က ဘာရေးထားမှန်းမသိ။ ရက်စွဲတွင်လည်း ၂ တလုံးသာသဲကွဲပြီး နောက်တလုံးက ဘာမှန်းမသိ။ တခါ အမည်နေရာတွင်လည်း စိုးစိုးထွန်းလား စိုးမိုးထွန်းလားမကွဲမပြား။ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ကျနော့်လိုပဲရောက်ခဲ့သူတယောက်က ကမန်းကတမ်းရေးခြစ်သွားတာပဲဟုတွေးပြီး ပြန်လှဲချတော့မှ အတွေးတွေတသီကြီးထွက်လာ၏။

            အဲဒီလူက ဘယ်သူလဲ။ ဘာလို့ ဒီနေရာကိုရောက်ခဲ့တာလဲ။ ဒီမှာ သူ ဘာတွေများဖြစ်ခဲ့သလဲ။ ခုရော ဒီလူ ရှိသေးလား။ ရှိရင်ရော ဘာဖြစ်နေလဲ။ ၇၄ ခုနှစ်ကဆိုတော့ ဦးသန့်အရေးအခင်း ဒါမှမဟုတ် အလုပ်သမားအရေးအခင်းကများလား။ နံမည်က စိုးစိုးထွန်းလား စိုးမိုးထွန်းလား။ ရ၄ ဆိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က။ ဒီကို ရောက်တဲ့အချိန်မှာ ဘာပဲပြောပြော အသက် ၁၈ နှစ်ပဲထား။ ခု အနည်းဆုံး အသက် ၃၃ နှစ်ရှိပြီ။ တွေးရင်း စိတ်ကထွေထွေပြားပြား။ ရေကလည်းငတ်နေ၏။ ဆေးလိပ်သောက်ချင်စိတ်တော့ တစက်မှမရှိတော့။ ဒါနဲ့ လှဲနေရာကပြန်ထပြီး အခန်းတံခါးကို ၃ ချက်ထုလိုက်၏။ ပြီးတော့ တံခါးကိုကျောပေးပြီး နောက်လှည့်ကာ တင်ပလ္လင်ခွေထိုင်စောင့်နေလိုက်၏။

            တံခါးနားလူရောက်လာသံကြားသော်လည်း တံခါးကမဖွင့်။ “ဘာလဲ၊ ဘာဖြစ်လို့လဲ”ဟုမေးသဖြင့် ချောင်းကြည့်ပေါက် ကနေမေးမှန်း သတိထားမိ၏။ “ရေသောက်ချင်လို့ပါ”ဟု ပြန်အဖြေ အေး.အေး.ခဏလေးကွာ၊ ယူလာပေးမယ်၊ အလုပ်များနေလို့ ဆိုပြီး ပြန်ထွက်သွား၏။ ကျနော် စိတ်အတော်တိုမိ၏။ တခုခုပြောထွက်တော့မလိုဖြစ်သွားပြီးမှ အချိန်မီဘရိတ်ပြန်အုပ်မိ၏။ ကျနော့် စိတ်အလိုအတိုင်းလိုက်ရန် ကျနော့်ဆင်ခြင်တုံတရားကခွင့်မပြု။ ဘာမှမပြောတော့ပဲ ကြမ်းပေါ်သို့ နာကျင်ပင်ပမ်းစွာ လှဲချလိုက်မိတော့၏။
မျိုးမြင့်ချို
ဇန်နဝါရီ၊ ၂၉ ရက်၊ ၂ဝ၁၂
(ဤဆောင်းပါးအား ဤနေရာတွင်လည်း ဖတ်ရှူနိုင်ပါသည်)  http://www.myo-myo-myintcho.blogspot.com/

Friday, January 27, 2012

ထိုနေ့များကိုဖြတ်သန်းခြင်း (ဇော်လူစိမ်း)

0 comments

ပန်းချီထိန်လင်း
ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ မာတင်လူသာကင်းမှာ အိပ်မက်တစ်ခု ရှိခဲ့သည်။ ထိုအိပ်မက်သည်ပင် အမေရိက၏ အတွင်းသားထဲမှတစ်ဆင့် ကမ္ဘာကြီး၏ လူ့အခွင့်အရေး၊ တန်းတူ ညီမျှရေးနှင့် ငြိမ်းချမ်းရေးများဆီသို့ ပျံသန်းဆိုက်ရောက်ခဲ့ပြန်ပါသည်။ သို့သော် ကျွန်တော့်တွင် နေ့တစ်နေ့ ရှိခဲ့ပါသည်။ ကျွန်တော့်တွင် သာမန် နေ့ပေါင်းများစွာရှိတဲ့အနက် ထိုသာမန်နေ့လေး တစ်နေ့ကိုသာ သပ်သပ်ရပ်ရပ် သိမ်းထားနေရပါသည်။ ထို့ကြောင့် ကျွန်တော့်မှာ နေ့တစ်ခုရှိသည်ဟု ပြောခဲ့ရပါသည်။ ထိုတစ်ခုသော နေ့တစ်နေ့သည် ကျွန်တော့် သူငယ်ချင်းအချို့၏ နေ့တစ်နေ့လည်းဖြစ်ပါ၏။ နေ့ပေါင်းများစွာသည် ထိုနေ့ဆီသို့ဆိုက်လာခဲ့ပြီး ထိုနေ့ဆီမှလည်း နေ့ပေါင်းများစွာဟာ ဆင့်ကဲထွက်ခွာလာခဲ့ရပါသည်။ နေ့တိုင်းသည် ထိုနေ့အတိုင်းပင် ဆိုက်ရောက်၊ ထွက်ခွာ၊ ကျန်ရစ်ခဲ့ရစမြဲပင်။
ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ ထိုနေ့ဆီသို့ ထွက်ခွာလာသော ရထားတစ်စင်းသည် သို့မဟုတ် လော်ကယ်ရထားတွဲ တစ်တွဲသည် ရန်ကုန်ဘူတာကြီး၏ ချောင်ကျလှသောစင်္ကြန်တစ်ခု၌ တိတ်တဆိတ် ဆိုက်ကပ်ထား၏။ မိုးတို့ အမှတ်မထင် တဖွဲဖွဲကျနေခဲ့ပါသလား။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့သော လမ်းတစ်ဖက်တစ်ချက်၌ ရွှေတိဂုံဘုရားကြီးထီးတင်ပွဲနှင့် ကြုံကြိုက်နေခဲ့ရပါသလား။ ထိုနေ့ရက်များသည် ဧပြီ လဆန်းရက်များဖြစ်၏။ ကျွန်တော့် ခြေကျင်းဝတ်မှ သံကွင်းဖြင့်ရှနေရာအရေပြားကို အ၀တ်ဖြင့် စည်းနေရသည်။ တာလပတ်စိမ်းများဖြင့် အုပ်ဆောင်းလာသော အလုံပိတ်ဟီးနိုးကားကြီးအတွင်းဝယ် တချို့ စိတ်လှုပ်ရှားနေဖွယ်၊ တချို့ အိပ်ငိုက်နေကြဖွယ် ရှိသည်။ ရန်ကုန်ဘူတာကြီး အရောက်တွင် အိပ်ယာလိပ်ကိုယ်စီ၊ ကြုံသလို ထုပ်ပိုးလာခဲ့ကြရသော အထုပ်လေးတွေကိုယ်စီဖြင့် တာလပတ်ကားကြီးပေါ်မှ ဆင်းလာကြသောသူများသည် သံထည်သံကွင်း ကိုယ်စီဆွဲလျက် ရထားတွဲတစ်ခုပေါ်သို့ တက်ရောက်ကြရ၏။ ရထားတွဲသည် ငှက်လှောင်အိမ်ကဲ့သို့ သံဇကာကွက်များဖြင့်ကာရံထားလျက် အခြားသောပြင်ပလူများနှင့် အဆက်အသွယ်ပြတ်နေသည်။ ရထားတွဲအတွင်း၌ ကျွန်တော်တို့ ချွေးဒီးဒီးကျနေခဲ့သည်။ ညနေသည် သူစိမ်းဆန်လှ၏။ သံလမ်းများ၊ အကာအရံများ၏ တခြားတစ်ဘက်တွင် ရန်ကုန်သည် လှုပ်ရှားလူးလွန့် နေပေလိမ့်မည်။ ချိတ်ထားသောအတွဲမှ ဆောင့်ဆွဲလိုက်ရာ ကျွန်တော်တို့ငှက်အိမ်လေးလည်း ငြိမ့်ခနဲ စတင်၍ လိုက်ပါရတော့သည်။ အိုက်လှောင်နေသော မျက်နှာများ၊ ချွေးများဖြင့် ပေကျံညစ်ထေးနေသော ဖြူညိုညို အင်္ကျီများ၊ လုံချည်များ၊ ကိုယ်နှင့်မကွာပူးတွယ်ထားသော သံထည်ခြေကျင်းများ၊ ထိုဇာတ်ဝင်ခန်းမှာ ရုတ်ချည်း တိတ်ဆိတ်သွားပြီး သံဇကာကွက်ပြတင်းပေါက်ဆီ အားလုံးအကြည့်ရောက်နေကြရသည်။ သွားပြီ။ ရန်ကုန်ကို ထားရစ်ခဲ့ရပြီ။ ခရီးစဉ်မသိသော ခရီးသည်များအဖြစ် စတင် ထွက်ခွာရပြီ။  ရင်ထဲမှာ ဟာလာဟင်းလင်း။ အယောက် ၄၀ ကျော်သောလူများ ခဏတာတိတ်ဆိတ်သွားရခြင်းရဲ့ နောက်ကွယ်တွင် ဘယ်လိုအရသာများ ရှိနေပါမည်လဲ။ ရထားကတော့ ဖြည်းဖြည်းလေးလေး ရွေ့နေဆဲ။ တစ်ယောက်က စတင်၍ သံခြေကျင်းစီးချက် စ ပေးလိုက်သည်။ သူ့စည်းချက်၌ အားလုံးကလိုက်ပါတီးခတ် ကြသည်။

နှုတ်ဆက်ခဲ့ပါတယ် xxx ကျွန်တော် သွားတော့မယ် xxx လမ်းရဲ့ခေါ်ဆောင်ရာ ဟို အဝေးကို xxx အဝေးကို xxx ” ။ ပုဇွန်တောင်၊ မလွှကုန်း၊ တိုးချောင်လေးများကို ခင်ဝမ်းသီချင်း တစ်ပုဒ်တည်းနှင့်ပင် ဆွေးဆွေးမြေ့မြေ့ ဖြတ် ကျော်မိခဲ့လေသည်။ “ကံကြုံရင်လည်း xxx ပြန် ဆုံကြဦးမယ် xxx ကျွန်တော်သွားတော့မယ် xxx ပျော်ရွှင်ပါစေလို့ဆုတောင်းပါတယ် xxx ငိုကြွေး ခြင်းကို စွန့်လွှတ်ထားခဲ့ပြီ xxx ”။
ထို့နောက်တွင် ရထား၏အရှိန်နှုန်းမှာ လယ်ကွင်းသစ်ရိပ်များကို အလျင်အမြန်ဖြတ်ကျော်ချိန်၌ ကျွန်တော်တို့ ပြန်လည်အားယူ တက်ကြွလာရပြန်ပါသည်။ သမဂ္ဂသီချင်းများမှသည် ခွန်အားဖြင့် မိငယ်များအထိ မြန်နှုန်းမြင့်နေခဲ့ကြသည်။ မြို့များကို ဖြတ်သန်းခဲ့၏။ အမှောင်များကို ဖြတ်သန်းခဲ့၏။ အိပ်ပျော်နေသောမြို့များ။ ကျွဲအော်သံကဲ့သို့ ရထား၏ အချက်ပေးအော်သံကြောင့် လန့်လှုပ်သွားသော အမှောင်များ။
ကျွန်တော့်မှာ နေ့တစ်ခု ရှိသည်။ ထိုနေ့ကို ဖြတ်သန်းရန် ရထားတစ်စင်းသည် ဒုက္ခသည်များကို တင်ဆောင်လာခဲ့၏။ နာဇီရထားတစ်စင်းသည် ဂျူးများကို တင်ဆောင်လာခဲ့၏။ ရေနွေးငွေ့ရထား၏ အထက်တန်းတွဲသည် ရှေ့နေလေးဂန္ဓီကို ကန်ချခဲ့၏။ ထို့အတူ လော်ကယ်ရထားတစ်တွဲသည် ငှက်လှောင်အိမ်ကဲ့သို့ ကျွန်တော်တို့အား တင်ဆောင်လာခဲ့ပြီး မန္တလေးမြို့ကြီး၌ချထားခဲ့ပါသည်။ ညစ်ပတ် ပေကျံနေသော ရာဇ၀တ်သားများအဖြစ် အားလုံးကကြည့်ရှုခဲ့ကြရာ ကျွန်တော်တို့ထဲက တစ်ယောက်က “ကျွန်တော်တို့ ရန်ကုန်ကကျောင်းသားတွေပါ ဆိုပြီး အော်သံကြားလိုက်ရ၏။ ပရိသတ်များ၏ တီးတိုးစကား သံများ ထွက်လာကြ။ မျက်နှာများမှာလည်း အရောင်အမျိုးမျိုး ပြောင်းလဲပေကြပေမည်။ ကျွန်တော်တို့ဘေးမှ လုံခြုံရေး ၀န်ထမ်းများကတော့ ထပ်မံတင်ဆောင်ရန် အဆင်သင့်ရှိနေကြသော ကားများရှိရာသို့ ခေါ်ဆောင်နေကြသည်။ မမျှော်လင့်သော မန္တလေး။ နေသည် ပူပြင်းလှ၏။ သင်္ကြန်ကားများကဲ့သို့ အမိုးမပါသောကားများဖြင့် ကျုံးဘေးမှ ပတ်ခဲ့ကြရသည်။ မန္တလေးကျုံး တစ်လျှောက် ဧပြီလဆန်းရက်များ။ လူဖြူများ၊ လူညိုများ။ ကားများ၊ စက်ဘီးများ၊ ဆိုင်ကယ်များ။ ယာယီဖြတ်ကျော်ခဲ့ရသော ကျွန်တော်တို့၏ အပြင်ကမ္ဘာ အရသာများ။ နေရောင်သည် ဒုက္ခများကို လျက်နေ၏။ အိုးဘိုထောင်ဝင်းကြီးသည် ကျွန်တော်တို့အတွက် သူ၏ ခံတွင်းကြီးအား နွေးထွေးစွာ ဖြဲဟထား၏။ ဗူးဝနားအရောက် ကားပေါ်မှဆင်းခါနီး လူစုကွဲတော့မည်ဖြစ်သော ကျွန်တော်တို့ ကျောင်းတော်သူ၊ ကျောင်းတော်သားအမှုတွဲများအချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြ။ ဘယ်ရောက်မည်မှန်းမသိ။ ဘယ်လောက် ကြာမည်မှန်းမသိ။ သေမလား၊ ရှင်မလားမသိ။ ကျွန်တော်တို့အိမ်က ထွက်ခွာလာရသည်မှာ (၇) လ နီးပါးရှိပြီ။ ပုဒ်မ ၅ (ည) သည် သေသပ်ကျနလွန်းပေစွ။ ၂၁၊ ၂၈၊ ၄၂၊ ၅၆ ပြစ်ဒဏ် အသီးသီးတို့။ သခင်ပေါက်စ ထောင်ခြောက်လသည် တစ်ချိန်က အူမြူးစရာ ဟာသ။ ဗူးဝထဲ ငုံ့ဝင်လိုက်ရချိန်၌ အမှောင်ဘက်ခြမ်းသည် ဘွားခနဲပေါ်လာခဲ့၏။ ကျွန်တော်တို့ဆီက သိမ်းဆည်းစရာများကို သိမ်းဆည်းသွားကြသည်။ ခြေကျင်းများကို ဒရွတ်ဆွဲလျက် တစ်ကိုယ်စာတိုက်ခန်းများဆီသို့  ချီတက်ကြရပြန်ပေပြီ။ (၂) တိုက်။ အခန်းအတွင်းရောက်မှ ဘယ်သူတွေ ဘယ်အခန်းရောက်နေကြသလဲ၊ အပြန်အလှန် အသံပေးကြရသည်။ မန္တလေးညသည် သံတိုင်တံခါးကြားမှ ခမ်းနားစွာ ငြိမ်သက်၏။ အနက်ရောင် ကောင်းကင်နောက်ခံနှင့် မန္တလေးတောင်ကို လှမ်းမြင်နေရသည်။ ဘုရားစေတီတချို့မှ မီးရောင်များ၊ မှိတ်တုတ်၊ မှိတ်တုတ် ရွေ့လျားနေသောမီးစက်မီးပြောက်များ။ ကျွန်တော် အပေါက်ဝမှာ ထိုင်ငေးနေသကဲ့သို့ အခြားအခန်းများမှလည်း မန္တလေးညကို စိတ်ပန်းလူပန်းဖြင့် မျှော်ငေးနေကြပေလိမ့်မည်။
ကျွန်တော့်မှာ နေ့တစ်နေ့ရှိသည်။ နေ့   တစ်ခုနှင့်တစ်ခုကြား ခြားထားသောအရာမှာ မည်သည့်အရာ နည်း။ အောင်မြင်မှုနှင့် ခြားထားသလား၊ ရှုံးနိမ့်မှုနှင့် ခြားထားပါသလား။ အိပ်မက်များဖြင့် ခြားထားသလား။ စိတ်ကျရောဂါဖြင့် ခြားထားပါသလား။ အချို့ကတော့ဖြင့် အနာဂတ်ဖြင့်ခြားထားသည်။ အချို့ အတိတ်အရိပ် ဆိုးများဖြင့် ခြားထားသည်။ ဓမ္မဖြင့် ခြားထားနိုင်ရန် ကျွန်တော်တို့ အပြည့်အ၀မသိမ်မွေ့နိုင်ခဲ့။ အမျှင်မပြတ် ကဗျာဖြင့် ခြားထားသော နေ့ရက်များ။ ထို့အတွက် ကျွန်တော့်မှာ နေ့တစ်ခုရှိသည်။ ထိုနေ့ ည် အမှောင်တစ်ခြမ်း၊ အလင်းတစ်ခြမ်း ပြတ်သားသော နေ့ဖြစ်သည်။ ဧပြီလ (၁၁) ရက်၊ မနက်ပိုင်းမှစ၍ ကျွန်တော်တို့ ခရီးဆက်ရန် ပြင်ရပြန်သည်။ ရှိတာလေးတွေ ထုပ်သိမ်း၊ ခြေနင်းသံ တညံညံဖြင့် အပြင်ဘက် ရောက်နေကြရပြီ။ မန္တလေး၏ (၃) ညတာ ကုန်ဆုံးမှုအတွက် အဆုံးသတ်ပင်။ ငှက်လှောင်အိမ် အချုပ်ကားပေါ် ပြန်တက်ကြရသည်။ ကျွန်တော်တို့ ဘယ်နှယောက် ပြန်ပါလာသလဲ ရေကြည့်သည်။ ကျွန်တော်၊ တင်အောင်မြင့်၊ ဆွေဝင်း၊ ဂျပန်ကြီး၊ ဇော်မင်းလတ်၊ ၀ဏ္ဏ၊ ဘိုဘို (ခ) ဘီလား၊ ထွန်းမြင့်အောင်၊ ရာဂူ နေမြင့်။ ပြီးတော့ ကျွန်တော်တို့နှင့် ခြားထားသော ကားနောက်မြီးအကန့်ထဲ၌ နှင်းမေအောင် (ခ) နိုဘယ်အေး။ ကျွန်တော်တို့ လေးပုံတစ်ပုံလောက်ပဲ ပြန်ပါလာခဲ့သည်။ ကျန်ခဲ့ပေးဦးတော့ သူငယ်ချင်းအပေါင်းတို့။ ခရီးစဉ်နဲ့ ပတ်သက်ပြီး တာဝန်ကျပါလာသော ၀န်ထမ်းတွေ မေးမရ။ သူတို့ ကားအမိုးပေါ်တွင် လိုက်ပါလာကြ၏။ ကျွန်တော်တို့ကားလေး မန္တလေးကျုံးဘက်မှနေ၍ ဖြတ်သန်းချိန်၌ သင်္ကြန်မဏ္ဍပ်တချို့ပင် ဆောက် လုပ်ပြီးစီးနေပေပြီ။ သင်္ကြန်သီချင်းများပင် စမ်းဖွင့်နေကြပြီ။ အလင်းရောင်ဘက် အခြမ်းများဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ စိတ်ရွှင်လန်းမှုများ ထကြွလာပြန်၏။ ရာဂူနေမြင့်မှ စကားများအဆက်မပြတ် ပြောနေပြန်သည်။ ကိုထွန်းမြင့်အောင်က ပုတီးစိပ်လျက်။ ဆွေဝင်းက ငြိမ်သက် ငေးမောကာဖြင့်။ တင်အောင်မြင့်နှင့် ကျွန်တော် စကားတချို့ပြောပြီး လိုက်ပါလာခဲ့သည်။ ထို့နောက် မြစ်သားဘက်နားအရောက်တွင် ဖြစ်ပေလိမ့်မည်။ ဘီလား ဘိုဘိုကြီးက “ဟေ့ကောင်တွေ၊ တို့တွေ မြင်းခြံဘက်ကို သွားနေတာကွ၊ သေချာတယ်။ သူ့စကားကို သာမန်ပဲ ခေါင်းငြိမ့် ကြသည်။ ဘီလား ပြန်တိတ်သွားသည်။ ကိုထွန်းမြင့်အောင်မှ အပေါ့သွားချင်လွန်း၍ ဘာလုပ်ရ မှန်းမသိ။ ဘီလားက ၀င်ဖောက်သည်။ “ခင်ဗျားကလည်း ခရီးထွက်လာခါမှ။ မနက်က ရေဘယ် လောက်တောင် သောက်ခဲ့ရတာလဲ။ မတတ် နိုင်တော့ပါ။ ရေသန့်ဘူးအလွတ်ထဲလည်း ပေါက်ထည့်၍မရ။ လမ်းကြမ်း၊ ကားလူးဖြစ်နေပြန်သည်။ ထို့ကြောင့် ကျွပ်ကျွပ်အိတ်အလွတ်ထဲ ပေါက်ရသည်။ ပြီးမှ အိပ်ထုတ်စရာ အပေါက်ကျယ်ကျယ်မရှိတဲ့အတွက် အမိုးပေါက်ကနေ အပေါ်ကိုလှမ်းပေးရသည်။ အပေါ်က ၀န်ထမ်းက ဘာတုန်းလှမ်းမေးတော့ “ရေနွေးထုပ်ပါဗျာ။ အပေါ်က လှမ်းယူပြီးတော့မှ “အပေါ့သွားထား တာပါ၊ အပြင်ကို ပစ်ချင်လို့ ဆိုတော့ ယောင်ယမ်းပြီး ပစ်ချလိုက်သံကြားလိုက်ရသည်။ ကျွန်တော်တို့အားလုံး ရယ်မောကြလျက်။ အလင်းရောင်ဘက်ခြမ်းများ။ မကြာလိုက် ထိုအနီးအနားမှာပင် ကားရပ်လိုက်သည်။ ၀န်ထမ်းများ ကွမ်းဝယ်ကြသည်။ ကျွန်တော်တို့ဆီကို ဘာဝယ်ကြဦးမလဲလှမ်းမေးတော့ ကျွန်တော်တို့တွေ ဈေးကြီးကြီး အစားအစာများ ပေါက်တတ်ကရပြန်ပြောကြသည်။ အကြောင်းကတော့ ကျွန်တော်တို့တွင် ပိုက်ဆံ တစ်ပြားမှမပါ။ ကိုင်ဆောင်ခွင့်လည်းမရှိတာကို ၀န်ထမ်များလည်း သိနေကြတာကြောင့်ဖြစ်၏။ ထိုအခိုက် အမျိုးသမီးကြီးတစ်ဦး ကားနားရောက်လာပြီး ကွမ်းနဲ့ရေဘူး၊ အချိုရည်ထုပ်တွေ ယူလာပေးသည်။ ကျွန်တော်တို့က ကျေးဇူးတင်ကြောင်းနဲ့ ရန်ကုန်က ကျောင်းသားတွေဖြစ်ကြောင်း ပြောလိုက်သည့်အခါ ထိုအမျိုးသမီးကြီးက “ဖြစ်ရလေ သားတို့ရယ် ဆိုပြီး ဆိုင်အတွင်းဘက်ကို အချိုရည်နဲ့စားစရာတွေ ထုပ်လာဖို့ လှမ်းပြောလိုက်၏။ သူက ရာဇ၀တ်အကျဉ်းသားတွေသာဖြစ်မယ်လို့ ထင်ခဲ့ကြောင်း တတွတ်တွတ်ပြောပြီး “သားတို့ကျန်းမာကြပါစေ၊ ဘေးကင်းကြပါစေ ဆိုပြီး မျက်ရည်တစမ်းစမ်းဖြင့် ပြောရှာ၏။ ၀န်ထမ်းက လက်သင့်ခံသလောက် အစားအစာနဲ့အထုပ်လေးများ ကားထဲသို့ရောက်လာသည်။ ဆိုင်ထဲမှ မိသားစုများလည်း ကျွန်တော်တို့ကို ငေးကြည့်နေကြသည်။ ကျွန်တော်တို့က ကျေးဇူးတင်ကြောင်းနဲ့ ထိုအမျိုးသမီးကြီးကို လက်အုပ်ချီဂါရ၀ပြုဖြစ်သည်။ ကားလေးပြန်ထွက်ခွာလာပြီးမှ ကြည့်ဖြစ်သည်။ ထိုတစ်ဆိုင်လုံး ပိတောက်ပန်းတွေ ဝေနေသည်။ “ပြည်မြန်မာ ထမင်းဆိုင်ဟု ဆိုင်းဘုတ်တင်ထားသည်ဟု လည်းထင်ပါသည်။ ဆိုင်ပေါ်မှလူများ ကျွန်တော်တို့ကားလေးကို မျက်စိတဆုံးလှမ်း၍ ကြည့်နေကြပြန်သည်။ ကျွန်တော်တို့၏ အလင်းရာင်ဘက်ခြမ်းများ။
ကျွန်တော့်တွင် နေ့တစ်ခုရှိသည်။ ထိုနေ့သည် အမှောင်ဘက်ခြမ်းသို့ တဖြည်းဖြည်းချင်း တိုးဝင်နေပေ သည်။ နေ့လည်ဘက် နေပူပြင်း ပြင်းအောက်မှ အမှောင်ဘက်သို့ တွားသွား၍ချဉ်းကပ်လာကြသည်။ မြင်းခြံဘက်သို့အ၀င်၌ ဘိုဘိုဘီလားက စပြောသည်။ “ကိုယ့်လူတို့ စိတ်တော့မရှိနဲ့။ မြင်းခြံက အခြေအနေ ကောင်းမှာ မဟုတ်ဘူး၊ ကြည့်နေ ကြည့်စားကြပေတော့ ဟူ၏။ ဘိုဘိုသည် မြင်းခြံကထွက်လာဖူးသော လူဟောင်းဖြစ်တာကြောင့် သူ့စကား၌ အားလုံးက ခေါင်းငြိမ့်လက်ခံလိုက်ကြသည်။ အားလုံးက အရယ်တစ်ဝက် အတွေးတစ်ဝက်ဖြင့် ငြိမ်သက်ခြောက်ကပ်သွားကြရပြန်သည်။ စိမ်းကား၍ ဒုစရိုက်နံ့ ရနေသော ထောင်စည်းရိုးကိုကျော်ပြီးသည်နှင့် သူစိမ်းဆန်ခြင်းများ ကျွန်တော်တို့ကိုရစ်ပတ်လာကြသည်။ ကျယ်လောင်သော သတင်းပို့မှုများ၊ စူးရှသော အမိန့်ပေးမှုများ၊ အလင်းရောင်အားနည်းသော နံရံထူထူ အတွင်းပိုင်းများ၊ အထုပ်များ လက်ထဲမှဆွဲချလိုက်ကြသည်။ မျက်နှာစီးများ တပ်ဆင်လိုက်ကြသည်။ ဒရွတ်ဆွဲသွားကြသောသူတွေက ဘယ်သူများလဲ။ ကျွန်တော်တို့ သံခြေကျင်းများက ခြေကျင်းဝတ်များကနေ ဖြစ်သလို လိုက်ပါကြရသဖြင့် ဆူညံကုန်သည်။ ခြေထောက်တွေ ပူလောင်ကုန်သည်။ စုတ်ပြဲကုန်သည်။ အာဖရိကဗုံတွေလို ခန္ဓာကိုယ်မှ အသံတွေမြည်ကုန်သည်။ အဆက်မပြတ်တီးခတ်ခံရသော ကျွန်တော်တို့ ခန္ဓာများ။ လမ်းတစ်လျှောက် တန်းစီညာသံပေးနေကြသော အမျိုးအမည်မသိလူတွေ၏ အသံများကို ကြားနေရသည်။ မျက်လုံးများ မှောင်မည်းနေကြသည်။ ထို့အတူ နာကျင်မှုများလည်း မှောင်မည်းနေပေလိမ့် မည်။ ခွေးတစ်ကောင်လို ဒရွတ်တိုက်ပါလာရပြီး မကြာခင် ကြမ်းခင်းပြင်တစ်ခုဆီသို့ ပစ်ချခံရသည်။ မျက်နှာစည်းကိုဖြည်ပေးတော့ အခန်းသည် မှောင်၍တိတ်ဆိတ်လွန်းနေသည်။ ကျွန်တော်၏ ကျောပြင်နှင့် အင်္ကျီမှာ စီးကပ်နေသည်။ အခန်းနောက်ကျော အလင်းပေါက်လေးမှ ခိုတစ်ကောင် ညည်းညူသံသာ ကြားနေရသည်။ တိတ်ဆိတ်စွာ၊ နာကျင်စွာ၊ မှောင်မိုက်စွာဖြင့် ကြမ်းပြင်သံမံတလင်းတွင် ပြန်လည် မှေးမှိတ်နေမိသည်။ နောက်ထပ် တံခါးတစ်ချပ်သည် သံထည်ပီသစွာဖြင့် ကျယ်လောင်စွာမြည်ဟီးလျက် ပိတ်သွားလေသည်။ ကျွန်တော့်ပါးစပ်မှ တိုးတိုးသာရွတ်မိသည်။ “၇၆၂၈/စီ။ ထိုတစ်နေ့တာ၏ လူအဖြစ် အမှောင်ဘက် အခြမ်းက အမှတ်အသားဖြစ်ပါသည်။
ကျွန်တော့်တွင် နေ့တစ်ခုရှိသည်။ နေ့ပေါင်းများစွာသည် ထိုနေ့ဆီသို့ဆိုက်ရောက်လာခဲ့ပြီး ထိုနေ့များဆီ မှလည်း နေ့ပေါင်းများစွာဟာ ဆင့်ကဲထွက်ခွာလာခဲ့ရပါသည်။ ကျွန်တော်တို့တွင် နောက်ထပ်ဆက်ရန် နေ့တစ်ခုများစွာ ရှိနေကြပါသည်။ ထိုနေ့များသည် ကျွန်တော်တို့ဆီသို့ အလင်းအမှောင်များ ယူဆောင်၍ ရောက်ရှိခဲ့ပြီး ထပ်မံရောက်ရှိရန် တံခါးခေါက်နေကြပြန်ပါသည်။

ဇော်လူစိမ်း
နိုဝင်ဘာ ၊ ၂၀၁၁ ၊
(ယခုရေးလိုက်သော နေ့တချို့သည် ၁၉၉၉ အစောပိုင်းကာလနှင့် သူငယ်ချင်းအချို့ ကို ရည်ညွှန်းပါသည်။)
(ဒီနေရာကယူပါတယ်) http://www.kaungkin.com/index.php?option=com_content&view=article&id=709:2012-01-27-00-22-41&catid=42:2009-04-17-01-31-38&Itemid=62

Thursday, January 26, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၇) မျိုးမြင့်ချို

0 comments

ဇန်နဝါရီ ၂၆ ရက် ၂၀၁၂ နေ့မှာ အာရ်အက်ဖ်ကေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်းတွေ့ခွင့်ရခဲ့ပြီ၊ ကျနော်ပြောချင်တာလေးတွေလည်းပြော ခွင့်ရခဲ့ပြီ၊ သူပြောပြတဲ့သူ့အမြင် သူ့အတွေးတွေကိုလည်း ထိုက် သလောက်သိခဲ့ရပြီမို့ ပြန်ဖို့သင့်ပြီလို့ယူဆမိပါတယ်။ နောက် တကြောင်းကလည်း အဲဒီအချိန်တွေတုန်းက ဒေါ်အောင်ဆန်းစု ကြည်မှာ ပါတီတွင်းကိစ္စတွေ၊ အခြားပါတီတွေအဖွဲ့အစည်းတွေ နဲ့ဆိုင်တဲ့ကိစ္စတွေ၊ လူထုလှုပ်ရှားမှုတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့၊ သတင်းစာဆရာတွေနဲ့ အလုပ်တွေများနေခဲ့သလို တဘက်မှာ လည်း နဝတနဲ့ ပြတ်ပြတ်သားသားရင်ဆိုင်နေ ရချိန်လည်း ဖြစ်တော့ အားချိန်နားချိန်ရယ်လို့ မရှိသလောက်ဖြစ်နေခဲ့တာပါ။

ဒါနဲ့ ကျနော်လည်းပြန်မယ်ဆိုပြီး ထလိုက်ချိန်မှာ သူက ကျနော့်ကို စားပွဲပေါ်က စာအုပ်ပါးလေးတအုပ်ကိုလှမ်းပေးရင်း “ကိုမျိုးမြင့် ဒီစာအုပ်လေးကိုဖတ်ကြည့်ပါ၊ ပြီးရင် အန်တီ့ကိုပြန်ပေးပါ” လို့ဆိုပါတယ်။ စာအုပ်အဖုံးပေါ်ကို ဖျတ်ကနဲကြည့်မိလိုက်တော့ “အာဏာရှင်ကြီး၏အတွင်းရေးများ၊ ဗိုလ်မှူးကြီးဟောင်း ကြည်ဆွေပြုစုသည်” လို့ လက်ရေးနဲ့ရေးထားတာကို မြင်လိုက်ပါတယ်။  “အခုလက်ရှိ နဝတအစိုးရကို နောက်ကနေ ဦးနေဝင်းကြိုးကိုင်နေတုန်းပဲလို့ထင်တယ်၊ သားရော ဘယ်လိုထင်သလဲ” လို့လည်း မေးပြောပြောလိုက်တော့ ကျနော် အတော်အံ့အားသင့်မိတာအမှန်ပါပဲ။ ကျနော် ထင်မထားတဲ့ မေးခွန်းပါပဲ။

တကယ်ဆိုရင် ကျနော့်လို သာမန်ပါတီဝင်ထက် နည်းနည်းလေးပိုတဲ့တာဝန်တချို့ ယူထားတဲ့သူတယောက်ကို ဒီလိုမေးခွန်းမျိုး မေးလာလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားမိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ဒါနဲ့ ကျနော်လည်း “ဟုတ်ကဲ့ အန်တီ၊ ကျနော်လည်း အဲသလို ထင်ပါတယ်၊ နဝတတွေ ဘာပဲပြောနေပြောနေ တကယ့်လက်တွေ့မှာ ခုချိန်ထိ သူတို့တွေတွေဗိုလ်နေဝင်းရဲ့ အမိန့်ကို မလွန်ဆန်နိုင်သလို ဗိုလ်နေဝင်းသြဇာအောက်မှာပဲ ရှိနေတုန်းဆိုတာလည်း ပေါ်လွင်နေပါတယ်” လို့ ပြန်ဖြေလိုက်ခဲ့ပါတယ်။ အဲဒီအချိန်က အဲသလိုပြောရတာမှာလည်း ပြောနိုင်လောက်တဲ့အချက်အလက်တွေနဲ့ အခြေအနေတွေက အထင်အရှားရှိနေခဲ့ပါတယ်။

ကျနော်ပြန်ဖြေတာကို နားထောင်ရင်း “အင်း” လို့ပဲ တခွန်းပြန်ပြောပါတယ်။ ကျနော်လည်း ထိုင်ရာကထရင်း “အန်တီ ကျနော့်ကို ဘာများ မှာချင်ပါသေးလဲခင်ဗျာ” လို့ မေးလိုက်တော့ သူက “သား..လုပ်စရာရှိတာတော့ သတ္တိရှိရှိနဲ့ရဲရဲဝံ့ဝံ့လုပ်ရမှာပဲ၊ မကြောက်နဲ့လို့ တော့ အန်တီမပြောချင်ဘူး၊ ကြောက်တယ်ဆိုလည်း ကြောက်ကြောက်နဲ့လုပ်စရာရှိတာတော့လုပ်ရမှာပဲ။ နောက်တခုက လူငယ်ကိစ္စ ..အန်တီ သားတို့မြို့နယ်ကို စိတ်ဝင်စားတယ်၊ တပ်မြို့မဟုတ်လား၊ တပ်ထဲကရဲဘော်တွေ အန်တီတို့ဘာလုပ်နေတယ်ဆိုတာသိဖို့ သိတ်အရေးကြီးတယ်။ တဘက်နဲ့တဘက်အထင်အမြင်လွဲအောင် သွေးထိုးပေးနေတာတွေလည်း ရှိနေတယ်လေ။ တပ်နဲ့နားလည်မှု မလွဲအောင်နဲ့ ဒီတပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့တပ်၊ ပြည်သူချစ်တဲ့တပ်၊ ပြည်သူအတွက်လုပ်မယ့်တပ်ဖြစ်လာမှ ဖြစ်မယ်။ တပ်နဲ့အန်တီတို့ကြားမှာ အပြန်အလှန်နားလည်ပြီး၊ ဒီမိုကရေစီရေးအတွက် အတူလက်တွဲလုပ်နိုင်မှဖြစ်မယ်။ ပြီးတော့ မြို့နယ်ကပြဿနာတွေလည်း အန်တီသိသင့်သလောက်တော့ သိနေပါတယ်။ မြို့နယ်မှာ အဓိကအားကိုးပြီးလုပ်ရမှာကတော့ လူငယ်တွေနဲ့ပဲ။ ဆိုတော့ လူကြီးလူငယ်ကိစ္စကိုလည်း အဆင်ပြေအောင်လုပ်ပါ။ လူကြီးတွေနဲ့လည်း တိုင်တိုင်ပင်ပင်လုပ်ပါ။ လူငယ်တွေကိုလည်း အသေအချာစုစည်းပြီး ဗဟိုနဲ့တိုင်းနဲ့ညှိပြီးလုပ်ပါ။ သားတို့လို လူငယ်ပိုင်းတွေ အင်န်အယ်လ်ဒီမှာရှိနေတာ အန်တီတို့အားရစရာပဲ” လို့ပြောပြီး ကျနော့်ကို ဆင်ဝင်အောက်အထိလိုက်ပို့ပေးပါတယ်။

ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ်တွေ့စဉ်မှာပဲ သူ့ဟန်ပန်တွေမှာ သတိထားမိတာလေးတွေရှိပါတယ်။ တချက် ကတော့ သူ့ရဲ့လမ်းလျှောက်ဟန်ဖြစ်ပါတယ်။ ကိုယ်ကိုခတ်မတ်မတ်ထားပြီး အားပါတဲ့ခြေလှမ်းတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိသူတဦးလို လျှောက်တတ်တာပါ။ ထိုင်တဲ့အခါမှာလည်း တင်းတင်းရင်းရင်းနဲ့တောင့်တောင့်မတ်မတ် ရှိနေတာဖြစ်ပါတယ်။ ထောင့်တောင့်တောင့်ကြီးတော့လည်း ဖြစ်မနေပါဘူး။  စကားပြောတဲ့အခါမှာ တဖက် လူရဲ့မျက်လုံးအစုံကို တည့်တည့်စိုက်ကြည့် ပြီးပြောတတ်သလို နားထောင်တဲ့အခါမှာလည်း စူးစူးစိုက်စိုက်လေးလေနက်နက် နားထောင်တတ်တာဖြစ်ပါတယ်။ သူပြောတဲ့ စကားလုံးတိုင်းဟာ တိကျရှင်းလင်းပြီး စကားပိုတွေ သွယ်ဝိုက်နေတာတွေမပါပဲ လိုရင်းတိုရှင်းဖြစ်တယ်လို့ ထင်မိပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သူပြောတာတွေကို ကျနော် ငြင်းစရာမရှိအောင် လက်ခံခဲ့ပါတယ်။ တပ်နဲ့ပတ်သက်လို့ သူ့အမြင်သဘောထားဟာလဲ သူ့နိုင်ငံရေးဘဝတလျှောက်လုံး သူပြောခဲ့သလိုတထပ်တည်းကျနေပါတယ်။ ကျနော့်မှာလည်း အဲသလို အမြင်တွေရှိပါတယ်။ ရှိပေမယ့်လို့ လူထုကြားထဲထုတ်ပြောဖို့ကျတော့ မလွယ်ကူလှပါဘူး။ အဲဒီအချိန်ဟာ ၈၈ ကာလတုန်းက တပ်ရဲ့ ရက်စက်မှုတွေအပေါ် လူထုရဲ့နာကျည်းဒေါသစိတ်တွေ၊ မခံမရပ်နိုင်ဖြစ်ရတာတွေဟာ ပူပူနွေးနွေးနဲ့အမြင့်ဆုံးအချိန်ကို ရောက်နေရ တာဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် တပ်ကိုစည်းရုံးယူရမယ်ဆိုတဲ့အမြင်ထက် တပ်ကိုအပြတ်ဆန့်ကျင်ရမယ်ဆိုတဲ့အမြင်တွေ ပိုအားကောင်းနေခဲ့တဲ့ ကာလလည်းဖြစ်ပါတယ်။ သွားနေကြတဲ့ လက်တွေ့လမ်းကြောင်းတွေဟာလည်း အဲဒီ အမြင်တွေအပေါ်အခြေ ခံပြီး သွားနေကြတာများပါတယ်။

လှုပ်ရှားမှုတွေထဲမှာ လူထုရဲ့ထောက်ခံပါဝင်လာမှုကလည်း အဲဒီအပေါ်မှာတည်နေပါတယ်။  “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုတဲ့စကားကို ဘယ်သူမှ ယောင်လို့တောင် ပြောလို့မဖြစ်၊ ပြောလို့မရတဲ့ သဘောမျိုးတွေလည်းတွေ့ခဲ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တဘက်မှာလည်း လူထုလှုပ်ရှားမှုကိုပြတ်ပြတ်သားသားဦးဆောင်ရင်း၊ တဘက်မှာလည်း တပ်ကိုစည်းရုံး ယူနေတဲ့အနေအထားဖြစ်နေပါတယ်။ အန္တရာယ်များသလောက် ခြေလှမ်းတချက်ချော်သွားတာနဲ့ တပ်ဘက်က ဒါမှမဟုတ် လူထုဘက်ကဆန့်ကျင်တာကိုကြုံရမယ့် အနေအထားနဲ့မို့ နိုင်ငံရေးအရအကျပ်အတည်းကာလလို့ ဆိုရမယ်ထင်ပါတယ်။  ဒါပေမယ့် တပ်ကိုစည်းရုံးယူရမယ်ဆိုတဲ့စကား၊ ဗမာ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုမှာတပ်ရဲ့အခန်းကဏ္ဍ စတာတွေနဲ့ပတ်သက်လို့ ပြောကြမယ်ဆိုရင်တော့ အခြားနိုင်ငံရေးခေါင်းဆောင်တွေထက်သာတဲ့ အခွင့်အလမ်းတခုက ဒေါ်အောင်ဆန်းစုကြည်မှာရှိနေပါတယ်။ အဲဒါကတော့ တပ်မတော်ကိုထူထောင်ခဲ့သူ လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်နေ တာလို့ပဲ ဆိုရမှာဖြစ်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။ 

Wednesday, January 25, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၆) မျိုးမြင့်ချို

0 comments

ဇန်နဝါရီ ၁၉  ရက် ၂၀၁၂ နေ့ကအာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
          ၈၈ လူထုအုံကြွမှုကာလတလျှောက်လုံးမှာ အလုပ်ပျက်အကိုင်ပျက် အရောင်းအဝယ်တွေလည်းပျက်ခဲ့လေတော့ ဖန်မီးအိမ်ကိုပြန် အသက်သွင်းမယ် သာဆိုတယ် ကျနော်တို့လက်ထဲမှာပိုက်ဆံက မရှိသလောက်ဖြစ်နေကြပါပြီ။ လူငယ်ပိုင်းထဲမှာ နိုင်ငံရေးနဲ့စပ်တဲ့စာတွေ ဖတ်ချင်သူတွေကလည်း တနေ့တခြား တိုးတိုးလာနေပါတယ်။ အဲသလိုပဲ မြို့ထဲကလမ်းဘေးစာအုပ်ဟောင်းဆိုင်တွေ မလည်း လူငယ်တွေတိုးတိုးဝှေ့ဝှေ့နဲ့ဆိုတော့ ရောင်းသူတွေလည်း လက်မလည် နိုင်အောင်ပါပဲ။ ဒါပေမယ့်ခက်နေတာက ကျနော့်တို့အနေနဲ့ အဲဒီ စာအုပ်မျိုးတွေ အများကြီးဝယ်နိုင်တဲ့အခြေအနေမရှိပါဘူး။ စာဖတ်ဝိုင်းကို ဘယ်ပုံရှင်သန်ကြီး ထွားအောင်ပြန်လုပ်ကြမလဲဆိုပြီး နည်းလမ်းစုံရှာကြရင်းနဲ့ မင်္ဂလာဒုံဈေးထဲက ကျနော်တို့စာအုပ်ငှားဖတ်နေကျ ဧရာဝတီစာအုပ်ဆိုင်နဲ့ပြန်ချိတ်မိပါတယ်။ တိုတိုပြောရရင်တော့ ကျနော်တို့လိုချင်တဲ့စာအုပ်တွေ ကို ၂ ဘက် သတ်မှတ် တဲ့နှုန်းထားတခုယူပြီး လစဉ်ငှားယူ၊ ပြန်အပ်စနစ်နဲ့ လိုသလောက်ရလာပါတယ်။
စာဖတ်ဝိုင်းလေးလည်း ခုဆို အရင်ကထက်တောင် စနစ်တကျနဲ့ စည်စည်ပင်ပင်နဲ့ရှင်သန်နေပါပြီ။ မြို့ကလေးက အင်န်အယ်လ်ဒီတွေတင်မက အစိုးရဝန်ထမ်းတွေပါ အားတက်သရောဝင်ပြီး ဖတ်လာကြပါတယ်။ စာဖတ်ဝိုင်း လေး နည်းနည်းပြန်အခြေတည်မိလာပြီဆိုတော့မှ ကျနော် နိုင်ငံရေး ဘက်ခြေဦးပြန်လှည့်ပါတယ်။ အင်န်အယ်လ်ဒီရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(ယာယီ)လည်းထွက်လာပါပြီ။ အဲဒါကို လေ့လာပြီးနောက် လက်မခံနိုင်စရာမမြင်တာနဲ့ ထဲထဲဝင်ဝင် ဝင်လုပ်တော့မယ်ဆိုတဲ့  ပိုင်းဖြတ် ချက်ကိုလည်း ပီပီပြင်ပြင်ချလိုက်ပါတော့တယ်။ ကျနော်တို့အပေါ် တိုင်းနဲ့ဗဟိုကလူငယ်တွေက အရင်ကထက်ပိုအလေးထားလာတွေ လည်းရှိလာသလို စပ်နေတဲ့မြို့နယ်တွေနဲ့ အလုပ် လုပ်ရတာတွေလည်း ပိုသွက်လက်ပြီးအရှိန်ကောင်းလာပါတယ်။ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးတို့က အင်န်အယ်လ်ဒီမှာလုပ်နေကြတဲ့လူငယ်တွေက ၈၈ ကာလတုန်းက အတူလက်တွဲခဲ့ကြသူတွေဆိုတော့ တယောက်ကိုတယောက် ရင်းနှီးနားလည်ရလည်း ပိုလွယ်ကူကြပါတယ်။ ကျနော်လည်း မြို့ကလေးရဲ့လူငယ်တာဝန်ခံအနေနဲ့ အင်န်အယ်လ်ဒီကဦးဆောင်လုပ်တဲ့ နေ့ကြီးရက်ကြီးတွေ၊ အခန်းအနားတွေ၊ လှုပ်ရှားမှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲတွေကိုလည်း အမြဲလိုလိုတက်နေရပါတယ်။ 
            ဒီလိုနဲ့ တနေ့မှာ ဗဟိုနဲ့တိုင်းလူငယ်တာဝန်ခံတို့က ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့မယ့်အကြောင်းနဲ့ အချိန်၊ ရက် စတာတွေကို ပြောလာပါတယ်။ ကျနော် အတော့်ကိုဝမ်းသာကြည်နူးမိတာ အမှန်ပါပဲ။ ကျနော် သူနဲ့ ၂ ဦးထဲ လူချင်း မျက်နှာချင်းဆိုင်စကားပြောချင်၊ သူပြောလာမှာတွေကိုလည်း နားထောင်နေချင်မိတာကလည်း ကြာပြီကိုး။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ဘာတွေမေးမယ်၊ ဘာတွေပြောမယ်ဆိုပြီးလည်း ကြိုတင်ပြင်ဆင်နေမိပါတယ်။ ဒါနဲ့ပဲ တွေ့ရမယ့် ရက်ကိုရောက်လာပါပြီ။ သတ်မှတ်တဲ့အချိန်မတိုင်ခင်ကပဲ ကျနော်ကြိုရောက်ပြီး စိတ်စောနေခဲ့ပါတယ်။
ကျနော့်ကို ဗဟိုလူငယ်တာဝန်ခံက ပေါ်တီအောက်ကခုံတန်းလျားလေးအထိ လိုက်ပို့ပေးပြီးပြန်သွားပါတယ်။ ကျနော်စောင့်နေတုန်းမှာပဲ အိမ်တံခါးပွင့်လာပြီး လူကြီးတချို့ထွက်လာကြတာကိုမြင်တာနဲ့ ထိုင်နေရာကနေမတ်တပ်ထရပ်ပြီး နှုတ်ဆက်မလို့လုပ်နေတုန်းမှာပဲ သူတို့ နောက်ဘက်တံခါးဝကနေ ဒေါ်အောင်းဆန်းစုကြည် ပေါ်လာပါတယ်။ ကျနော့်ကိုမြင်တော့ လှေကားထစ်အတိုင်းဆင်းချလာပါတယ်။  အနားရောက်တော့ ပြုံးပြီး “လာ..သား..နေကောင်းလား” လို့ဆိုကာ ကျနော့်ပခုံးကိုကိုင်ပြီး ဖေးဖေးမမဆွဲထူပေးပါတယ်။ ကျနော်စိတ်ထဲ အတော့ကိုကြည်နူးမိပြီး “ဟုတ်ကဲ့..အန်တီကောင်းပါတယ်၊ အန်တီရော” ပြန်မေးဖြစ်ပါ တယ်။ “ကောင်းပါတယ်ကွယ်၊ နည်းနည်းတော့ ပင်ပမ်းတာပေါ့” ရိုးရိုးပဲပြန်ဖြေပါတယ်။ ဒါနဲ့ သူ့နဲ့ယှဉ်ပြီး လှေကားထစ်လေးတွေ အတိုင်းပြန်တက်တော့ ကျနော့်ကို “သတိထားနော်၊ ချော်လဲဦးမယ်”ဆိုပြီး ပြောပါတယ်။ နောက်တော့ ကျနော်နဲ့သူ သူ့ရုံးခန်းထဲ ကိုရောက်လာကြပါတယ်။ ကျနော် သူညွှန်ပြတဲ့ခုံမှာမထိုင်ခင် အခန်းထဲကိုတချက်ဝေ့ဝိုက်ပြီး ကြည့်မိလိုက်ပါတယ်။ အခန်းက ရုံးခန်းတခန်းရဲ့အဆင်အပြင်ဆိုတာထက် စာရေးဆရာတယောက်ရဲ့အခန်းနဲ့ ပိုဆင်နေတယ်လို့စိတ်ထဲ မှတ်လိုက်မိပါတယ်။
ထောင့်က ဗီရိုပုလေးတလုံးပေါ်မှာ ဓါတ်ပုံတချို့နဲ့အတူ ဆုလက်မှတ်လို့ထင်ရတဲ့အရာတွေကို မှန်ပေါင်သွင်းထောင်ထား ပါတယ်။ ဗီရိုလေးထဲမှာနဲ့နံရံက စင်တွေပေါ်မှာတော့ အရွယ်အစားစုံစာအုပ်တွေလည်း အစီအရီတွေ့ရပါတယ်။ အခန်းနံရံတွေမှာတော့ မိသားစုဓါတ်ပုံတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေလည်း သူ့နေရာနဲ့သူချိတ်ထားပါတယ်။ ကျနော့်ကို စားပွဲဝိုင်းကြီးကသူနဲ့အနီးဆုံး ကုလားထိုင်တလုံးမှာထိုင်ခိုင်းပြီးမှ စကားစပြောပါတယ်။ အရင်ဆုံးသူက ကျနော်ဘယ်လိုဒဏ်ရာတွေရခဲ့သလဲဆိုတာမေးလို့ အတိုချုပ်ပြီး ပြန်ရှင်းပြပါတယ်။ သူ တော်တော်စိတ်မကောင်း ဖြစ်သွားဟန်ပေါ်ပါတယ်။ ပြီးတော့မှ သူက “သား..ဘာ့ကြောင့်နိုင်ငံရေး လုပ်ရသလဲ” ဆိုပြီးမေးတော့မှ ကျနော်က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်တာဖြစ်ကြောင်း မကျဉ်း မကျယ်ရှင်းပြပါတယ်။ ကျနော်ပြောပြနေချိန်မှာ သူ တခွန်း မှ ပြန်လှန်မေးတာမြန်းတာမလုပ်တဲ့အပြင် ကျနော့်ကို စကားထောက်ပေး တာတောင်မလုပ်ပါဘူး။ တကယ့်ကို စိတ်ဝင်တစားနဲ့အလေးအနက် နားထောင်နေမှန်းသိသာနေပါတယ်။ ဒါပေမယ့် ကျနော်ပြောတာ ကိုနားထောင်နေရင်း တချို့နေရာတွေမှာတော့ မျက်နှာညှိုးသွားပြီး စုပ်သတ်တာတော့ သတိထားမိပါတယ်။ ကျနော်ပြောတာ ဆုံးတော့မှ “အေး..အန်တီလည်း အဲဒီအတွက်ပဲလုပ်နေတာ၊ တိုင်းပြည်မှာ အရင်ဆုံးလုပ်ရမှာက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပဲ၊ တိုင်းပြည်မငြိမ်းချမ်းပဲနဲ့ ဒီမိုကရေစီနိုင်ငံလို့ပြောလို့မဖြစ်သလို၊ ငြိမ်းချမ်းရေးဆွေးနွေးကြတယ်ဆိုတာလည်း ဒီမိုကရေစီအစိုးရ တခုအောက်မှာ တန်းတူရည်တူအခွင့်အရေးတွေရှိမှဖြစ်တာ၊ အာဏာရှင်စနစ်တွေအောက်မှာ ငြိမ်းချမ်းရေးကိစ္စ အကောင်အ ထည်ဖော်ဖို့ဆိုတာ အလွန်မလွယ်ကူတဲ့ကိစ္စပဲ၊ ဆိုတော့ တိုင်းပြည်ကို အာဏာရှင်စနစ်အောက်ကလွတ်ဖို့၊ ဒီမိုကရေစီနိုင်ငံဖြစ် အောင်လုပ်ဖို့က သိတ်အရေးကြီးတယ်၊ ဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်ဖို့ဆိုတာကလည်း အားလုံးစည်းလုံးညီညွတ်မှဖြစ်မယ်၊ ပါတီတွေအချင်း ချင်းညီညွတ်ရမှာဖြစ်သလို လူထုကိုယ်တိုင်လည်း ညီညွတ်မှဖြစ်မယ်၊ စည်းကမ်းတကျနဲ့ ညီညွတ်တဲ့တိုင်းပြည်နဲ့ လူထုဖြစ်အောင် အရင်လုပ်ရမယ်၊ စည်းကမ်းရှိမှ၊ ညီညွတ်မှသာ ဒီမိုကရေစီနိုင်ငံတည်ဆောက်လို့ရမယ်၊ ဒီမိုကရေစီနဲ့ညီညွတ်ရေး၊ တန်းတူအခွင့်အရေးတွေရှိမှလည်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာ”ဆိုပြီး သူ့အမြင်ကိုတဆက်ထဲတောက်လျှောက် ပြောချလိုက်ပါတယ်။ သူ့စကားမှာ သွယ်ဝိုက်ကွေ့ပတ်ပြီးပြောနေတာ တခုမှမပါသလို၊ တိုတောင်းသလောက် တိကျရှင်းလင်းပြီး အနှစ်သာရအပြည့်နဲ့မို့ နားလည်ရလည်းအလွန့်ကိုလွယ်ကူပါတယ်။ ကျနော်နားထောင်နေရင်း သူ့အကဲခတ်ကြည့်တော့ သူ့မျက်လုံး၊ သူ့အမူအရာနဲ့သူ့စကားလုံးတွေဟာ တထပ်ထဲကျနေသလို အားတက်သရော မာန်နဲ့ဟန်နဲ့ပြောနေတာ ဆိုတာလည်းသိရပါတယ်။ ကျနော် အားလည်းအတော်တက်မိပါတယ်။

            ဒါနဲ့ကျနော်လည်း အရဲကိုးပြီး “အန်တီ..တခုတော့ကျနော်ပြောပါရစေ” လို့ခွင့်တောင်းပြီး “အန်တီ့ကိုရော အင်န်အယ်လ်ဒီကို ပါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်မယ်ဆိုတာကျနော်ယုံကြည်ပါတယ်၊ အဲဒီကိစ္စအတွက် ကျနော် ဘယ်သူနဲ့မဆို၊ ဘယ်အဖွဲ့ အစည်းနဲ့မဆို တွဲလုပ်နိုင်သလို လုပ်လည်းလုပ်မှာပါ၊ အဲဒါကိုဆန့်ကျင်လာပြီဆိုရင်တော့ ကျနော်လည်းပြန်ဆန့်ကျင်မှာပဲ။ အင်န်အယ်လ်ဒီဟာ အဲဒါကိုဒီနေ့ ကျောခိုင်းလိုက် နောက်နေ့ အင်န်အယ်လ်ဒီကို ကျနော်ပြန်ဆန့်ကျင်မှာပဲ”လို့ပြောချလိုက်မိပါတယ်။ ကျနော့်စကားဆုံးဆုံးချင်းပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်နေတဲ့ခုံကနေရုတ်ကနဲ ထလိုက်ပါတယ်။ ပြီးတော့ ပြတ်နေတဲ့ကျနော့် ညာဘက်လက်ကလေးကိုကိုင်ပြီး “သား.. အန်တီ တို့လိုချင်တဲ့လူငယ်ဆိုတာ အဲဒါမျိုးပဲ၊ ယုံကြည်တာကိုပြောရဲလုပ်ရဲပြီး၊ မေးခွန်းပြန် ထုတ်ရဲသူဖြစ်ရမယ်”လို့ တလုံးခြင်းပြောချလိုက်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Tuesday, January 24, 2012

အရိုးစု (နှင်းခါးမိုး)

0 comments

အရိုးစု

နှင်းခါးမိုး


ကျနော့်အရိုးတွေကို ကျနော်ကျေးဇူးတင်တယ်
သူတို့ကအခုထိ ကျနော့်အပေါ်ကောင်းတုန်းပဲ
ကျနော့်ခါးက အခုထိမတ်တုန်းပဲ
ကျနော့်ခြေထောက်တွေက အခုထိအမြင့်ကိုတက်တုန်းပဲ
ကျနော့်လက်ဖျံတွေက အခုထိမြန်ဆန်သွက်လက်တုန်းပဲ
ကျနော့်စိတ်သွားရာနောက်ကို သူကလိုက်တုန်းပဲ။

ကျနော့်အရိုးတွေက ဘယ်တုန်းကမှ မပျော့ခဲ့ဘူး
ခုလည်း မပျော့သေးဘူး
ကျနော်သတိလက်လွတ်ဖြစ်လို့
ကျနော်ကံမကောင်းလို့
ကျိုးတုန်းကကျိုးခဲ့ဘူး
ပြီးတော့ပြန်ကောင်းတာပဲ။

နှစ်ပေါင်းရာထောင် အရိုးတွေ ပြန်တူးဖော်တော့
အရိုးတွေက လူတယောက်ရဲ့ပုံပန်းကိုပြောပြသတဲ့
အရိုးတွေက လူတယောက်ရဲ့ဘ၀ကိုပြောပြသတဲ့
သူတို့သန်မာခဲ့တာ
သူတို့ချည့်နဲ့ခဲ့တာ
သူုတို့ပျော်ရွှင်ခဲ့တာ
သူတို့ကြေကွဲခဲ့တာ
သူတို့ငြိမ်းချမ်းခဲ့တာ
သူတို့တိုက်ပွဲဝင်ခဲ့တာ...
အရိုးတွေက မလိမ်ဘူး။

အရိုးသားဆုံးနှလုံးသားများ၏အစုအဝေးကို
အရိုးစုဟုခေါ်ပါသည် (နွေလယ်နေ)
အရိုးစု ဆိုတဲ့ ကဗျာစာအုပ်ကလေး
တခါကကျနော်တို့တည်ဆောက်ခဲ့ဘူးတယ်
နံရိုးတူသူချင်း။

မေးစေ့နှစ်ထပ်နဲ့ မေးရိုးမရှိတဲ့ကောင်
အဆီတထပ်အသားတထပ်နဲ့ ကျောရိုးမပါတဲ့ကောင်
အဲဒီကောင်ကို ကျနော်မုန်းတယ်
လေးတွဲ့ထိုင်းမှိုင်းစွာရပ်လို့
ကျနော့်ရှေ့ကမှန်ထဲမှာ..
သူ့အရိုးတွေကနေ သူထွက်ပြေးနေတဲ့ကောင်။

အရိုးအရင်း
အသားလိုလို့အရိုးတောင်း
အရိုးပေါ်အရေတင်
အရိုးကွဲမှအသဲစွဲ
အရိုးထိအောင်နာ
ဘာပဲဖြစ်ဖြစ်
အောက်ဆုံးကအရိုးတွေကိုတော့
မမေ့ကြပါနဲ့။

ကမ္ဘောဒီးယားကအရိုးတွေ
ရ၀မ်ဒါကအရိုးတွေ
ဘောစနီးယားကအရိုးတွေ
ဟိုနေရာ ဒီနေရာမှာ
မတူးရသေးတဲ့အရိုးတွေ
လူမသိသူမသိအရိုးတွေ..။

ကိုယ့်ခြေထောက်အောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ်
ကျနော်ဘယ်သူ့အရိုးပေါ်ရပ်နေမိသလဲလို့။

မင်းဟာငါ့ရဲ့နံရိုးတချောင်းပါပဲကွယ်လို့
ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး
ကျနော့်အရိုးတွေကို ကျနော်ချစ်တယ်။ ။

(ဒီနေရာကယူပါတယ်) http://www.nykomme.blogspot.com/2008/12/blog-post_12.html