Thursday, January 26, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၇) မျိုးမြင့်ချို

0 comments

ဇန်နဝါရီ ၂၆ ရက် ၂၀၁၂ နေ့မှာ အာရ်အက်ဖ်ကေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်းတွေ့ခွင့်ရခဲ့ပြီ၊ ကျနော်ပြောချင်တာလေးတွေလည်းပြော ခွင့်ရခဲ့ပြီ၊ သူပြောပြတဲ့သူ့အမြင် သူ့အတွေးတွေကိုလည်း ထိုက် သလောက်သိခဲ့ရပြီမို့ ပြန်ဖို့သင့်ပြီလို့ယူဆမိပါတယ်။ နောက် တကြောင်းကလည်း အဲဒီအချိန်တွေတုန်းက ဒေါ်အောင်ဆန်းစု ကြည်မှာ ပါတီတွင်းကိစ္စတွေ၊ အခြားပါတီတွေအဖွဲ့အစည်းတွေ နဲ့ဆိုင်တဲ့ကိစ္စတွေ၊ လူထုလှုပ်ရှားမှုတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့၊ သတင်းစာဆရာတွေနဲ့ အလုပ်တွေများနေခဲ့သလို တဘက်မှာ လည်း နဝတနဲ့ ပြတ်ပြတ်သားသားရင်ဆိုင်နေ ရချိန်လည်း ဖြစ်တော့ အားချိန်နားချိန်ရယ်လို့ မရှိသလောက်ဖြစ်နေခဲ့တာပါ။

ဒါနဲ့ ကျနော်လည်းပြန်မယ်ဆိုပြီး ထလိုက်ချိန်မှာ သူက ကျနော့်ကို စားပွဲပေါ်က စာအုပ်ပါးလေးတအုပ်ကိုလှမ်းပေးရင်း “ကိုမျိုးမြင့် ဒီစာအုပ်လေးကိုဖတ်ကြည့်ပါ၊ ပြီးရင် အန်တီ့ကိုပြန်ပေးပါ” လို့ဆိုပါတယ်။ စာအုပ်အဖုံးပေါ်ကို ဖျတ်ကနဲကြည့်မိလိုက်တော့ “အာဏာရှင်ကြီး၏အတွင်းရေးများ၊ ဗိုလ်မှူးကြီးဟောင်း ကြည်ဆွေပြုစုသည်” လို့ လက်ရေးနဲ့ရေးထားတာကို မြင်လိုက်ပါတယ်။  “အခုလက်ရှိ နဝတအစိုးရကို နောက်ကနေ ဦးနေဝင်းကြိုးကိုင်နေတုန်းပဲလို့ထင်တယ်၊ သားရော ဘယ်လိုထင်သလဲ” လို့လည်း မေးပြောပြောလိုက်တော့ ကျနော် အတော်အံ့အားသင့်မိတာအမှန်ပါပဲ။ ကျနော် ထင်မထားတဲ့ မေးခွန်းပါပဲ။

တကယ်ဆိုရင် ကျနော့်လို သာမန်ပါတီဝင်ထက် နည်းနည်းလေးပိုတဲ့တာဝန်တချို့ ယူထားတဲ့သူတယောက်ကို ဒီလိုမေးခွန်းမျိုး မေးလာလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားမိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ဒါနဲ့ ကျနော်လည်း “ဟုတ်ကဲ့ အန်တီ၊ ကျနော်လည်း အဲသလို ထင်ပါတယ်၊ နဝတတွေ ဘာပဲပြောနေပြောနေ တကယ့်လက်တွေ့မှာ ခုချိန်ထိ သူတို့တွေတွေဗိုလ်နေဝင်းရဲ့ အမိန့်ကို မလွန်ဆန်နိုင်သလို ဗိုလ်နေဝင်းသြဇာအောက်မှာပဲ ရှိနေတုန်းဆိုတာလည်း ပေါ်လွင်နေပါတယ်” လို့ ပြန်ဖြေလိုက်ခဲ့ပါတယ်။ အဲဒီအချိန်က အဲသလိုပြောရတာမှာလည်း ပြောနိုင်လောက်တဲ့အချက်အလက်တွေနဲ့ အခြေအနေတွေက အထင်အရှားရှိနေခဲ့ပါတယ်။

ကျနော်ပြန်ဖြေတာကို နားထောင်ရင်း “အင်း” လို့ပဲ တခွန်းပြန်ပြောပါတယ်။ ကျနော်လည်း ထိုင်ရာကထရင်း “အန်တီ ကျနော့်ကို ဘာများ မှာချင်ပါသေးလဲခင်ဗျာ” လို့ မေးလိုက်တော့ သူက “သား..လုပ်စရာရှိတာတော့ သတ္တိရှိရှိနဲ့ရဲရဲဝံ့ဝံ့လုပ်ရမှာပဲ၊ မကြောက်နဲ့လို့ တော့ အန်တီမပြောချင်ဘူး၊ ကြောက်တယ်ဆိုလည်း ကြောက်ကြောက်နဲ့လုပ်စရာရှိတာတော့လုပ်ရမှာပဲ။ နောက်တခုက လူငယ်ကိစ္စ ..အန်တီ သားတို့မြို့နယ်ကို စိတ်ဝင်စားတယ်၊ တပ်မြို့မဟုတ်လား၊ တပ်ထဲကရဲဘော်တွေ အန်တီတို့ဘာလုပ်နေတယ်ဆိုတာသိဖို့ သိတ်အရေးကြီးတယ်။ တဘက်နဲ့တဘက်အထင်အမြင်လွဲအောင် သွေးထိုးပေးနေတာတွေလည်း ရှိနေတယ်လေ။ တပ်နဲ့နားလည်မှု မလွဲအောင်နဲ့ ဒီတပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့တပ်၊ ပြည်သူချစ်တဲ့တပ်၊ ပြည်သူအတွက်လုပ်မယ့်တပ်ဖြစ်လာမှ ဖြစ်မယ်။ တပ်နဲ့အန်တီတို့ကြားမှာ အပြန်အလှန်နားလည်ပြီး၊ ဒီမိုကရေစီရေးအတွက် အတူလက်တွဲလုပ်နိုင်မှဖြစ်မယ်။ ပြီးတော့ မြို့နယ်ကပြဿနာတွေလည်း အန်တီသိသင့်သလောက်တော့ သိနေပါတယ်။ မြို့နယ်မှာ အဓိကအားကိုးပြီးလုပ်ရမှာကတော့ လူငယ်တွေနဲ့ပဲ။ ဆိုတော့ လူကြီးလူငယ်ကိစ္စကိုလည်း အဆင်ပြေအောင်လုပ်ပါ။ လူကြီးတွေနဲ့လည်း တိုင်တိုင်ပင်ပင်လုပ်ပါ။ လူငယ်တွေကိုလည်း အသေအချာစုစည်းပြီး ဗဟိုနဲ့တိုင်းနဲ့ညှိပြီးလုပ်ပါ။ သားတို့လို လူငယ်ပိုင်းတွေ အင်န်အယ်လ်ဒီမှာရှိနေတာ အန်တီတို့အားရစရာပဲ” လို့ပြောပြီး ကျနော့်ကို ဆင်ဝင်အောက်အထိလိုက်ပို့ပေးပါတယ်။

ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ်တွေ့စဉ်မှာပဲ သူ့ဟန်ပန်တွေမှာ သတိထားမိတာလေးတွေရှိပါတယ်။ တချက် ကတော့ သူ့ရဲ့လမ်းလျှောက်ဟန်ဖြစ်ပါတယ်။ ကိုယ်ကိုခတ်မတ်မတ်ထားပြီး အားပါတဲ့ခြေလှမ်းတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိသူတဦးလို လျှောက်တတ်တာပါ။ ထိုင်တဲ့အခါမှာလည်း တင်းတင်းရင်းရင်းနဲ့တောင့်တောင့်မတ်မတ် ရှိနေတာဖြစ်ပါတယ်။ ထောင့်တောင့်တောင့်ကြီးတော့လည်း ဖြစ်မနေပါဘူး။  စကားပြောတဲ့အခါမှာ တဖက် လူရဲ့မျက်လုံးအစုံကို တည့်တည့်စိုက်ကြည့် ပြီးပြောတတ်သလို နားထောင်တဲ့အခါမှာလည်း စူးစူးစိုက်စိုက်လေးလေနက်နက် နားထောင်တတ်တာဖြစ်ပါတယ်။ သူပြောတဲ့ စကားလုံးတိုင်းဟာ တိကျရှင်းလင်းပြီး စကားပိုတွေ သွယ်ဝိုက်နေတာတွေမပါပဲ လိုရင်းတိုရှင်းဖြစ်တယ်လို့ ထင်မိပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သူပြောတာတွေကို ကျနော် ငြင်းစရာမရှိအောင် လက်ခံခဲ့ပါတယ်။ တပ်နဲ့ပတ်သက်လို့ သူ့အမြင်သဘောထားဟာလဲ သူ့နိုင်ငံရေးဘဝတလျှောက်လုံး သူပြောခဲ့သလိုတထပ်တည်းကျနေပါတယ်။ ကျနော့်မှာလည်း အဲသလို အမြင်တွေရှိပါတယ်။ ရှိပေမယ့်လို့ လူထုကြားထဲထုတ်ပြောဖို့ကျတော့ မလွယ်ကူလှပါဘူး။ အဲဒီအချိန်ဟာ ၈၈ ကာလတုန်းက တပ်ရဲ့ ရက်စက်မှုတွေအပေါ် လူထုရဲ့နာကျည်းဒေါသစိတ်တွေ၊ မခံမရပ်နိုင်ဖြစ်ရတာတွေဟာ ပူပူနွေးနွေးနဲ့အမြင့်ဆုံးအချိန်ကို ရောက်နေရ တာဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် တပ်ကိုစည်းရုံးယူရမယ်ဆိုတဲ့အမြင်ထက် တပ်ကိုအပြတ်ဆန့်ကျင်ရမယ်ဆိုတဲ့အမြင်တွေ ပိုအားကောင်းနေခဲ့တဲ့ ကာလလည်းဖြစ်ပါတယ်။ သွားနေကြတဲ့ လက်တွေ့လမ်းကြောင်းတွေဟာလည်း အဲဒီ အမြင်တွေအပေါ်အခြေ ခံပြီး သွားနေကြတာများပါတယ်။

လှုပ်ရှားမှုတွေထဲမှာ လူထုရဲ့ထောက်ခံပါဝင်လာမှုကလည်း အဲဒီအပေါ်မှာတည်နေပါတယ်။  “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုတဲ့စကားကို ဘယ်သူမှ ယောင်လို့တောင် ပြောလို့မဖြစ်၊ ပြောလို့မရတဲ့ သဘောမျိုးတွေလည်းတွေ့ခဲ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တဘက်မှာလည်း လူထုလှုပ်ရှားမှုကိုပြတ်ပြတ်သားသားဦးဆောင်ရင်း၊ တဘက်မှာလည်း တပ်ကိုစည်းရုံး ယူနေတဲ့အနေအထားဖြစ်နေပါတယ်။ အန္တရာယ်များသလောက် ခြေလှမ်းတချက်ချော်သွားတာနဲ့ တပ်ဘက်က ဒါမှမဟုတ် လူထုဘက်ကဆန့်ကျင်တာကိုကြုံရမယ့် အနေအထားနဲ့မို့ နိုင်ငံရေးအရအကျပ်အတည်းကာလလို့ ဆိုရမယ်ထင်ပါတယ်။  ဒါပေမယ့် တပ်ကိုစည်းရုံးယူရမယ်ဆိုတဲ့စကား၊ ဗမာ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုမှာတပ်ရဲ့အခန်းကဏ္ဍ စတာတွေနဲ့ပတ်သက်လို့ ပြောကြမယ်ဆိုရင်တော့ အခြားနိုင်ငံရေးခေါင်းဆောင်တွေထက်သာတဲ့ အခွင့်အလမ်းတခုက ဒေါ်အောင်ဆန်းစုကြည်မှာရှိနေပါတယ်။ အဲဒါကတော့ တပ်မတော်ကိုထူထောင်ခဲ့သူ လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်နေ တာလို့ပဲ ဆိုရမှာဖြစ်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။ 

0 comments:

Post a Comment