Tuesday, January 17, 2012

သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၃) (မျိုးမြင့်ချို)

0 comments

သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၃)
ရဲစခန်းလှေကားထစ်ပေါ်မှ လှမ်းဆင်းလိုက်ချိန်တွင် တယောက်က နောက်နားကကပ်ပြီး “မင်း..အော်လားဟစ်လားတွေတော့ မလုပ်နဲ့နော်..ကောင်းကောင်းမွန်မွန်လိုက်ခဲ့..မင်းကို ဘာမှ လုပ်မှာမဟုတ်ဘူး” ဟု အံကြိတ်သံဖြင့်ကြိမ်း၏။ ကျနော် ဘာမှပြန်မပြောတော့။ အသာဆင်းလိုက် ၏။ T-2000 ကားနောက်ရောက်တော့ ကားပေါ်မတက်ခင် အထဲကိုကြည့်မိ၏။ ကားအလယ် နောက်ခန်းတဝက်တွင် သံပြားဖြင့်အလုံပိတ်ထားပြီး သစ်သားတံခါးတချပ် ကြမ်းပေါ်ချထားသည် ကိုမြင်ရ၏။ ဘယ်လိုပါလိမ့်ဟုတွေးနေဆဲ “တက်..တက် ဟေ့ကောင်၊ ဘယ်မှကြည့်မနေနဲ့” ဆိုကာ တယောက်ကနောက်မှတွန်းတင်လိုက်ပြီး တယောက်က ဂျိုင်းထောက်ကိုဆွဲယူလိုက်၏။ ကျနော် ကားဝမ်းထဲ လေးဘက်ထောက် ကယိမ်းကယိုင်ရောက်သွား၏။ တံတောင်ဆစ်နှင့်ဒူးဂေါင်းတွေ ပွန်းပဲ့ကုန်ပြီလားမှတ်ရအောင်ပင် နာကျင်၏။ အားယူပြီးပြန်ထရန်ကြိုးစားချိန်မှာပဲ တယောက်က “ရှေ့တိုး..ရှေ့တိုး” ဆိုကာ နောက်ကနေ ဖင်ကိုပိတ်ကန်ထဲ့လိုက်သဖြင့် ကြမ်းပြင်ပေါ်က သစ်သားတံ ခါးလေးနှင့် မေးစေ့ထပ်တိုက်မိပြီး ရှေ့သို့ဟပ်ထိုးကျသွား၏။ လူလည်း မဟန်နိုင်တော့။နောက်တခြမ်းအလုံပိတ် ကားကြမ်းပြင်ပေါ် ကုန်းကွကွဖြစ်နေစဉ်မှာပဲ ချထားသည့်သစ်သားတံခါးကို ဆွဲထောင်ကာအံကျအောင်ချပြီး အပြင်မှသော့ခတ်လိုက်ကြ၏။ ကျနော် ဘာမှမ မြင်ရတော့။ မှုံဝါးဝါးအလုံပိတ်အခန်းငယ်တခုအတွင်း၊ အပြင်လောကနှင့်အဆက်ပြတ် သွားပြီ။ တခုခုများဖြစ်တော့မလားဆိုကာ စိုးရိမ်မှုတို့ စိတ်တွင် စကြီးစိုးလာခဲ့ပြီ။ ဒူးဂေါင်းလှန်စမ်းကြည့်တော့ ၂ ဘက်စလုံး စေးထန်းထန်းဖြစ်နေ၏။ ကားစက်နှိုးပြီး ဆောင့်ထွက်လိုက်၏။ စခန်းပေါက်နားရောက်တော့ ကားဘေးလမ်းပေါ်က “မျိုးမြင့်ရေ တောင့်ထားကွ..ဘာမှ မကြောက်နဲ့ ငါတို့ဆက်လုပ်မယ်” ဆိုသည့် အားပေးသံကို ကြားရသော်လည်း  စိတ်တွင်ထူးထူးခြားခြား အားမဖြစ်ခဲ့။ သို့သော် ကျေးဇူးကားတင်မိ၏။ လူကား အားငယ်စိတ်ဖြင့် ထိတ်လန့်တကြား။ ကြောက်တော့ မကြောက်။ ရှေ့လျှောက် ဖြစ်သမျှကြုံသမျှတို့အတွက် ကျနော်တယောက်တည်း ရင်ဆိုင်ရတော့မည်။ အဖော်မရှိ။ လုပ်ဖော်ကိုင်ဘက်တို့အား ခံဖော်ခံဘက် မဖြစ်ရေး ကျနော်တွေးရတော့မည်။ ကျနော့်အတွက် တွေ့တွေ့ချင်းဆောက်နဲ့ထွင်းသည် လာဦးမည့်အဆိုးများအတွက် အရိပ်အမြွက် မျှသာ ဖြစ်သည်ကိုလည်းကြိုတွေးပြီး ရင်ဆိုင်ရန်လည်းကြိုပြင်ထား၏။ အမှန်ကိုဆိုသော် ကျနော် ထိုအခြေအနေများအား ရင်မဆိုင်ချင်။ သို့သော် မဆိုင်ချင်လို့ မရ။ ရင်ဆိုင်ရဲရတော့မည်။ ခုမှ ကျနော် တကယ့်ကိုခြေမဲ့လက်မဲ့။ မတတ်နိုင်တော့။ အထဲမှာ ငြိမ်ငြိမ်ထိုင်ပြီး အပြင်က အသံဗလံတွေကိုနားစွင့်ရင်း ကားပေါ်ပါလာ၏။

            ကားလေးက ညာချိုးပြီး ကတ္တရာလမ်းပေါ်ရောက်လာတာ ခတ်မော့မော့ကလေးတက်နေတာကိုသိနေ၏။ တမိနစ်လောက် ရှိတော့ တချက်ရပ်လိုက်၏။ “ဗထလ” ပါ ဟုပြောသံကြား၏။ သည်တော့မှ “သြော်..ရေကြည်အိုင်ဗဟိုထောက်လှမ်းရေးကပါလား” ဟု သဘောပေါက်တော့၏။ ဆက်ထွက်လာ၏။ အရက်စိမ်ရည် ချဉ်စုတ်စုတ်အနံ့များကြောင့် အနာကြီးရောဂါဆေးရုံရှေ့ဖြစ်ကြောင်း ခန့်မှန်းလို့ရ၏။ ခဏနေတော့ ခဏရပ်ပြန်၏။ “ငုံးဥပြုတ်၊ ကြက်ဥပြုတ်၊ စမူဆာဘာယာကြော်” ဆိုသည့်အော်သံများကြားတွင် “သပြေရမယ်၊ စံပယ်..စံပယ်” ဆိုသည့် အသံတွေကြောင့် ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်ကွန်းမှန်းလည်း သိနေ၏။ နောက်တော့ ဘယ်မှမှမရပ်တော့။ တောက်လျှောက်ဆက်မောင်း၏။ အပြင်ကိုသာ မမြင်ရသော်လည်း စိတ်ကမူ ဘယ်နေရာရောက်နေမှန်းသိနေ၏။ သည်လမ်းသည် ကျနော်မွေးကတည်းက အကြိမ်ပေါင်းများစွာ ဖြတ်နေသည့်လမ်း။ ဘယ်နေဘာလှိုင်းရှိ၊ ဘယ်ချိုင့်ခွက်ရှိ၊ ဘာအကွေ့ ရှိအကုန် အလွတ်နီးနီးရသည့်လမ်း။ နောက်တော့ ကုန်းတခုကိုမော့တက်လာ၏။ တပ်မတော်ဗိုလ်ရွေး။ အနိမ့်သို့ဆင်းလာ၏။ ဤနေရာကား ယန္တရားတပ်။ ဤနေရာလွန်လျှင်တကွေ့၊ ဤအကွေ့လွန်လျှင် ရေကြည်အိုင်။ ဆိုင်းဘုတ်မရှိသည့်တပ်။ ဆိုင်းဘုတ် မထောင်သည့်တပ်။ အပြင်ကကြည့်လျှင် ဘာအဆောက်အဦးမှ မမြင်ရသည့်တပ်။ နောက်ဘက် ချိုင့်ဝှမ်းထဲတွင်ဖျောက်၍ တည်ထား သည့်တပ်။ ကျနော်ငယ်ငယ်က သူငယ်ချင်းတွေနှင့်ကျောင်းပြေးရင်း၊ ငှက်ပစ်ရင်း၊ ရေကူးရင်း၊ သီဟိုစေ့တွေ လျှာစီးလောင်အောင် ဖုတ်စားရင်း ကျင်လည်ခဲ့သည့်အရပ်။ အဆောက်အဦးတွေ တွေ့ခဲ့ဖူးသော်လည်း ဘာတွေမှန်းမသိခဲ့။ သိရကောင်းမှန်းလည်း မသိခဲ့။ သိဖို့လည်းမလိုခဲ့။ သည်တုန်းကသည်အရပ်သည် ကျနော့်အတွက်  စာသင်ခန်းမှယာယီလွတ်မြောက်နယ်မြေ၊ ပုန်းခိုတောလည်ရာ။ ခုတော့ မဟုတ်တော့ပြီ။ ကားလေးက လမ်းပေါ်မှ ဘယ်သို့ချိုးလိုက်၏။ ခဏရပ်၏။ တပ်ဦးဂိတ်။ နောက်တော့ ကွေ့ကောက်လေးတွေ။ ခတ်ဖြည်းဖြည်းဆက်မောင်းလာ၏။

            တနေရာရောက်တော့ရပ်လိုက်၏။ အင်္ဂျင်သံလည်းတိတ်သွား၏။ သတ်မှတ်နေရာကိုရောက်ပြီဟု စိတ်ကထင်လိုက်၏။ ပိတ်ထားသည့် သစ်သားတံခါးလေးမပွင့်ခင်မှာပဲ “ဟေ့ကောင်..နောက်ဘက်လှည့်ကျောခိုင်းထား၊ လှည့်ကြည့်ဆိုမှကြည့်” ဆိုသည့် အသံကြောင့် ကျနော် ပြင်ထိုင်ပြီးစောင့်နေရ၏။ ခဏနေတော့ တံခါးဖွင့်သံ၊ နောက်ကနေ “မင်းလက်ပေး” ဟူသည့်အသံကြောင့် ရှိသည့်လက်တဘက်ကို နောက်ဘက် ဆန့်ထုတ်ပေးလိုက်၏။ “ဟာ..တဘက်ထဲဘဲ၊ ခတ်လို့မှမရတာ၊ နေပေ့စေတော့” ဆိုပြီး ခေါင်းပေါ်မှနေ၍ မာခေါက်ခေါက်အဝတ်စတခု စွပ်ချလိုက်ကြ၏။ ထိုအဝတ်စသည် ခေါင်းစွပ်ဖြစ်မှန်း နောက်မှသိလာရ၏။ ခေါင်းစွပ်မှ အနံ့သည် ဘယ်လိုအနံ့မျိုးဟုပြောရန် အလွန်ခက်သော်လည်း မကောင်းဆိုးရွားအနံ့မှန်းတော့ ချက်ခြင်းပင်သဘောပေါက်လိုက်မိ၏။ ထိုအနံ့သည် နောင်ဆယ်စုနှစ်ပေါင်းများစွာအထိ ပြန်တွေးမိလိုက်တိုင်း၊ အိပ်မက်မက်သည့်အခါတိုင်း စူးစူးရဲရဲနှင့်တစ္ဆေခြောက်သလို အခြောက်ခံရတော့မည့်အနံ့မှန်းကား မသိသေး။ ခေါင်းစွပ်အနံ့နှင့်အတူ လူကမွန်းမွန်းကျပ်ကျပ်။ စိတ်တွင် ရုတ်ချည်းသိမ်ငယ်သွား တာလိုလို၊ အားငယ်သွားတာလိုလို၊ ကြောက်ရွံ့တုန်လှုပ်သွားတာလိုလို၊ အပြစ်ရှိသူလိုလို။ ဘာမှန်းမသိသည့် ခံစားမှုတွေဝင်လာ၏။ ခုနေများ ငါ့ကို တခုခုလုပ်လိုက်ရင်တောင် ဘာမမြင်ရ ညာမမြင်ရနဲ့၊ အသားလွတ်ခံရတော့မယ့်ကိန်းပါလားဆိုပြီး စိုးလည်းစိုးရိမ် လာ၏။ ရှိနေသည့်လက်နှင့် ခေါင်းစွပ်အပြင်မှနေ၍  မျက်နှာနေရာကိုကာဖို့သာ စိတ်ကရောက်နေ၏။ လူက ကားပေါ်မှာပဲရှိနေသေး ၏။ ထိုအခိုက်တွင်ပဲ တယောက်က ကျနော့်ပခုံးကိုပုတ်ပြီး “နောက်လှည့်..ရော့ဒီမှာ မင်းချိုင်းထောက်” ဆိုကာပြန်ပေးရင်း ကားပေါ်မှ ဆွဲချကာ နောက်ကိုဆွဲလှည့်လိုက်၏။ လူက ဟန်ချက်ပျက်ပြီး လဲမလိုဖြစ်တော့... “စောက်ရေးထဲ.. ဒီငပြတ်ကတမျိုး” ဟုဆိုပြီး လက်မောင်းအောက်မှနေ၍ ခတ်ကြမ်းကြမ်းဆွဲပင့်မလိုက်တာကိုလည်းသိလိုက်၏။ နောက်တော့ တယောက်က “ဟေ့ကောင်..မင်း ဘယ်ရောက်နေတာလဲ၊ သိလား” ဟုမေး၏။ ကျနော်ပြန်ဖြေတော့မည့်ဆဲဆဲ “ဟေ့ကောင်၊ မေးနေတယ်လေကွာ၊ ဘယ်ရောက်နေလဲ၊ သိလား၊ မသိဘူးလား၊ ပြောစမ်း” ဟု ရင်ဘတ်အကျီစကိုဆောင့်ဆွဲရင်းမေး၏။ ကျနော်သိ၏။ ဤကား ရေကြည်အိုင်၊ ဗထလ။ သို့သော် သူတို့မေးပုံက ကျနော်ဘယ်ရောက်လို့ ရောက်နေမှန်းမသိဟု သူတို့ဘာသာယုံနေပုံပေါ်၏။ ဘယ်လိုဖြေမလဲ။ ကျနော် အမြန်တွေးရတော့သည်။ “သိတယ်၊ ရေကြည်အိုင်၊ ဗထလ”ဟု ဖြေလျှင် သူတို့ကြိုက်မည်မဟုတ်။ သူတို့က ကျနော်မသိဟု ယူဆထားပြီးသားမဟုတ်လား။  “မသိဘူး” ဟုဖြေလျှင်ရော သူတို့ယုံပါ့မလား။ ကျနော်က ဒီမြို့နယ်ဇာတိ။ မသိဘူးဖြေဖြေ သိတယ်ဖြေဖြေ ပြဿနာက ရှိနေပြီ။ ကျနော် အဖြေပေးရတော့မည်။ မပေးလို့မရတော့။ မေးနေလေပြီ။ ကျနော် လိမ်ရတော့မည်။ မလိမ်လို့ မရ။ လိမ်ခိုင်းနေလေပြီ။  “ဟုတ်ကဲ့သိပါတယ်” ဟု ပြောလိုက်သည်ဆိုလျှင်ပဲ “ဘာ..သိတယ် ဟုတ်လား၊ ပြောစမ်းကွာ သိရင်၊ မင်းအခု ဘယ်မှာလဲ”ဟု ဆိုကာ အင်္ကျီရင်ဘတ်စကို ပို၍တင်းတင်းနှင့်ကြမ်းကြမ်း စောင့်ဆွဲလှုပ်ရမ်းရင်းမေး၏။ ကျနော်က ပိုင်ပိုင်နိုင်နိုင်သိထားသည့်လေသံမျိုးဖမ်းပြီး  “မှော်ဘီမြို့ထဲမှာ” ဟု ခတ်တည်တည်ပြန်ဖြေလိုက်၏။ သည်တော့တယောက်ဆီက “ဒီမအေ -ိုး တော်တော်မှတ်မိတဲ့ကောင်ပါလား” ဟုဆို၏။ သူ့အသံတွင် အလွန်အောင်မြင်ကျေနပ်အားရဟန်က အတိုင်းသား။ ကျနော်လည်း ခေါင်းစွပ်ထဲမှ ပြုံးလိုက်မိ၏။
မျိုးမြင့်ချို
ဒီဇင်ဘာ ၂၀ ရက် ၂၀၁၁
(ဆက်ရန်)

0 comments:

Post a Comment