Sunday, January 22, 2012

ခင်ညွန့်ကိုခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့အောင်ဆန်းစုကြည်ကို ခွင့်လွှတ်နိုင်စရာမရှိ

0 comments
ခင်ညွန့်လွတ်တဲ့နေ့
(ဒါကိုဖတ်ပြီး ပြန်ချေပတုန့်ပြန်ချင်ရင်တော့ သူ့မူလဘလော့ဂ်ကိုသွားပြီး ကွန်မန့် ရေးရမယ့်နေရာမှာ ရေးစေလိုကြောင်းမေတ္တာရပ်ခံပါတယ်။ အဲဒီမှာ ရေးထားနှင့်ပြီး သူတွေလည်း ရှိနေပါတယ်။ ဖတ်တော့ဖတ်ကြည့်သင့်တယ် ထင်ပါတယ်။ အမြင် မတူတာကို ကွဲလွဲခွင့်တင်မက ပြန်ချေပခွင့်လည်း ရှိရမှာဖြစ်ပါတယ်။ ဒီစာရေးသူ ရဲ့အမြင်နဲ့ကျနော့်အမြင် တည့်တည့်ကိုကွဲလွဲလည်းနေပါတယ်။ အောက်မှာ သူ့ ဘလော့ဂ်လင့်ခ်ပေးထားပါတယ်) 
ဝင်စတန်ချာချီဟာ သူရဲ့နာမည်ကျော် အတွဲပေါင်းများစွာရှိတဲ့ဒုတိယကမ္ဘာစစ်ကြီး (Second World War) လို သမိုင်းကျမ်းနဲ့နှိုင်းယှဉ်ရင် အရေးကြီးပုံချင်းအတူတူ ပဲဖြစ်ပေမယ့် အရွယ်အစားလက်ဝါးသာသာလောက်သာရှိတဲ့ စာအုပ်(ကျမ်း) ကလေးတစ်အုပ်ကိုလည်း ရေးခဲ့ဖူးတယ်။ စာအုပ်နံမည်က Great Contemporaries (pub. 1947) တဲ့။
စာအုပ်ထဲမှာ တခြားခေတ်ပြိုင်ပုဂ္ဂိုလ်တွေနဲ့အတူတူ ဟစ်တလာ၊ စတာလင်နဲ့ ထရော့စကီးတို့ အကြောင်းတွေလည်းပါတယ်။ စာအုပ်ရဲ့နိဒါန်းမှာတော့ ရေးတဲ့ရည်ရွယ်ချက်ကို သူက ဝေ့လည်ကြောင်ပါတ် လုပ်မထားဘဲ ဗြောင်ပဲပြောထားပါတယ်။ အာဏာရှင်စံနစ် (ကွန်မြူနစ်ဝါဒ)နဲ့ ထိပ်တိုက်တွေ့ရမယ့် နောက်ဆုံးပိတ်တိုက်ပွဲကြီးအကြောင်းပါ။ “ကြိုတင်မှာထားချင်တာကတော့ ကြိုတင်လက်နက်တပ်ဆင် ထားကြ” (To be forewarned is to be forearmed) လို့ အတိအလင်းပြောထားပါတယ်။
ဒီစာအုပ်ကိုအကြောင်းပြုပြီး ကျနော်ပြောချင်တာက ချာချီဟာ သူနဲ့ခေတ်ပြိုင်ပုဂ္ဂိုလ်တွေကို (ဗကပလေသံနဲ့ ဆိုရရင်) ရန်/ငါစည်းခြား သတ်မှတ်ပြခဲ့ရုံသာမက သူတို့ပြုမူခဲ့ပုံတွေကို သမိုင်းအမြင်နဲ့လည်းကြည့်မြင်ခဲ့တဲ့ အချက်ပါ။ ဥပမာ စတာလင် (၁၉၅၃)ကွယ်လွန်တော့ စတာလင်ကို သူ(ချာချီ)က “ဒီပုဂ္ဂိုလ်ဟာ (ကမ္ဘာကြီး သံမဏိနဲ့လျှပ်စစ်ခေတ်ကိုရောက်နေချိန်မှာ) သစ်သားထွန်တုံးထွန်တံကိုပဲသုံးနေရသေးတဲ့ တိုင်းပြည်မှာမွေး ဖွားခဲ့ပေမယ့် သူသေသွားတဲ့အချိန်မှာ သူ့တိုင်းပြည်ကို ညူကလီးယားလက်နက်ပိုင်ရှင်နိုင်ငံအဖြစ် ချန်ထားရစ်ခဲ့တယ်။” (He was born into a country that still used wooden ploughshares. When he died he left his country a nuclear power.)လို့ အကဲဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးအရရန်သူဖြစ်ပေမယ့် ကိုယ့်တိုင်းပြည်ကောင်းစားရေး ကိုယ်လုပ်သွားကြတာချင်းကတော့အတူတူဘဲဖြစ်လို့ လူအရတော့ လေးစားပြတာကိုတွေ့ရတယ်။
စစ်ကြီးအပြီး အမေရိကန်ပြည်ထောင်စုမှာ သူပြောခဲ့တဲ့မိန့်ခွန်းတွေထဲမှာ အရေးကြီးတဲ့အချက်တစ်ခုပါရှိခဲ့ပါ တယ်။ အဲဒါကတော့ သူဟာ ဒီမိုကရေစီကို ကမ္ဘာနဲ့ချီပြီးကာကွယ်တဲ့ခုခံစစ်ကြီးကို ကြီးမှူးခဲ့ပေမယ့် “စင်စစ် ဒီမိုကရေစီဟာ အပြစ်အနာအဆာမကင်း၊ ချို့ယွင်းချက်ဗလပွနဲ့ စံနစ်တစ်ခုပါ။ ဒါပေမဲ့လည်း ကမ္ဘာကြီး အတွက် လက်တွေ့မှာပိုကောင်းတဲ့ဝါဒစံနစ်ဆိုတာလည်းမရှိသေးပါဘူး။ ဒါ့ကြောင့် အဲဒါကိုဘဲ ဖက်တွယ်နေရ ပါတယ်” လို့ ၀န်ခံမှတ်ချက်ပြုခဲ့ဘူးပါတယ်။
တဘက်မှာတော့ မဟာ့မဟာ အင်ပါယာဝါဒီ (Arch Imperialist) ဖြစ်တဲ့အတွက် ချာချီဟာ ဗိုလ်ချုပ်အောင် ဆန်းနဲ့ဂန္ဓီတို့ကို ခွင့်မလွှတ်နိုင်ဖြစ်ခဲ့တာတွေလဲ ရှိသပေါ့။ သူကဂျပန်နဲ့ပေါင်းခဲ့တဲ့အောင်ဆန်းကို သစ္စာဖေါက် လို့ အတိအလင်းသတ်မှတ်ခဲ့ပြီး ဗြိတိသျှအင်ပါယာကို လူပုံအလယ်မှာအရှက်ရစေတဲ့ ဂန္ဓီကြီးကိုလည်း လံကွတ်တီဝတ် ဖကီးကြီး (half naked fakir) လို့ နစ်နစ်နာနာ ခေါ်ခဲ့တယ်။ ဂျာမဏီအထိသွားပြီး ဟစ်တလာနဲ့မဟာမိတ်ပြုကာ အိန္ဒိယအမျိုးသားတပ်မတော်ထူထောင်ပြီး အင်္ဂလိပ်ကိုလက်နက်နဲ့တော်လှန် ခဲ့တဲ့ ဆူဘတ်စ်ချန္ဒရာဘို့စ်ကတော့ သူ့ဖာသာသူ စောစောစီးစီးလေယဉ်ပျက်ကျပြီးသေသွားလို့ ချာချီ အပြစ်တင်ခွင့်မရခဲ့ပါဘူး။ (ဘိုစ်နဲ့ လမ်းစဉ်ချင်းမတူဘဲ-အိန္ဒိယမှာသာမက ကမ္ဘာမှာပါအဓိကရ အကြမ်းမဖက် လှုပ်ရှားမှုခေါင်းဆောင်ကြီးဖြစ်တဲ့ ဂန္ဓီခမျာ-ချာချီနဲ့ ဗြိတိသျှအင်ပါယာကြီးရဲ့ သြဇာအရှိန်အ၀ါကိုမဆန့်ကျင် ရဲကြလို့ နိုဗဲလ်ဆုကော်မတီက သူ့ကို ဆုမပေးရဲလို့-ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗဲလ်ဆုကြီးကို ရမသွားရှာဘူး။
ချာချီနဲ့ အလားတူပုဂ္ဂိုလ်တွေကြောင့် ‘သမိုင်းဆိုတာ နောက်ဆုံးပိတ်ဖြစ်တဲ့စစ်ပွဲမှာ နိုင်တဲ့ဘက်ကရေးတဲ့ အတိုင်း’ (History is written by the winner of the last war.) ဖတ်ရတာမျိုးပဲလို့ အငေါ်တူးစကားမျိုးတွေ ပေါ်လာတာလည်းဖြစ်နိုင်ပါတယ်။ ချာချီနဲ့ပါတ်သက်လို့ တခြားပြောချင်တာတွေရှိသေးပေမယ့် ဒီနေရာ မှာတော့ သူနဲ့ခေတ်ပြိုင် ရာဇ၀င်မြောက်လူပုဂ္ဂိုလ်တွေ (historical figures)တွေအပေါ် အပြီးသတ်တန် ဘိုးဖြတ် (Final assessment)ရာမှာ သူအသုံးပြုခဲ့တဲ့ ပေတံ (measures) တွေက ဘာတွေလဲဆိုတာကိုသာ လေ့လာစူးစမ်းတင်ပြလိုရင်းပါ။
ဘာဘဲပြောပြော အထက်ကတင်ပြခဲ့တဲ့ စတာလင်အပေါ် ချာချီရဲ့အပြီးသတ်မှတ်ချက်ကိုကြည့်ရင် သူဟာ (ဒီမိုကရေစီဝါဒ အမြင်အရ) “လူကြမ်းတွေ တိုင်းပြည်ချစ်နည်း” ကို လက်မခံပေမယ့် သူတို့ရဲ့ တိုင်းပြည်ချစ် စိတ်ကိုတော့ အသိအမှတ်ပြုခဲ့တာတွေ့ရတယ်။ ဒီလိုဆိုတော့ လူကြမ်းတွေရဲ့ (လူသားမဆန်တဲ့) တိုင်းပြည် ချစ်နည်းတွေကို သူတို့ရဲ့တိုင်းပြည်ချစ်စိတ်ကိုကြည့်ပြီး ခွင့်လွှတ်ထိုက်/ မလွှတ်ထိုက်ဆိုတာကလဲ စူးစမ်း ဆင်ခြင်ကြည့်စရာပါ။ “နိဂုံးချုပ်ကောင်းရင် အားလုံးကောင်းတယ်” (All is well that ends well) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှိတ်စပီးယားက ပြဇာတ်တပုဒ်ရေးဖူးတယ်။
ပြီးခဲ့တဲ့ နောက်ဆုံးအသုတ်ထောင်ခါပွဲကြီးမှာ အများကလွတ်စေချင်နေတဲ့သူတွေနဲ့အတူတူ အများက မလွတ်စေချင်တဲ့သူတစ်ချို့လဲ ပါလာတယ်။ အဓိက လူကတော့ တချိန်က အနောက်တိုင်းစာနယ်ဇင်းတွေက ဒုစရိုက်မင်းသား (Prince of evil) လို့ နာမည်ပေးခံရဘူးတဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ပါ။
[ခင်ညွန့်လို့ခေါ်တာ မြန်မာ့ယဉ်ကျေးမှုအရဆိုရင်တော့ ရင့်သီးတယ်ထင်ကြမှာပဲ။ ဒါကတော့ ကျနော်ရဲ့ ဂျာနယ်လစ်ဇင်စတိုင်ဖြစ်လို့ မတတ်နိုင်ဘူး။ လူတွေကို ဦး/ဒေါ် တပ်ခေါ်ပြီး စာစီရတာကရှည်လွန်းတယ်။ စာထဲမှာ တစ်ကြိမ်မက အကြိမ်ကြိမ်ပြန်စီဖို့လိုတဲ့နာမည်တွေဖြစ်နေရင် အလွန်အချိန်ကုန်ပြီး လက်ညောင်း တယ်။ လူတွေကို မလေးစားလို့ မဟုတ်ပါ။ ဒါကြောင့် စာမှာပါတဲ့သူတိုင်းကို တပြေးညီနာမည်ရင်းအတိုင်း အတိအကျသုံးစွဲတာပါ။ ဒါတောင် နဂိုအမည်ရင်းကိုကရှည်နေတဲ့ သီဟသူရတင်အောင်မြင့်ဦးတို့လို၊ အောင်ဆန်းစုကြည်တို့လို နာမည်တွေကျရင် မလွှဲမရှောင်သာအပြည့်အစုံရေးနေရတာပါဘဲ။ ပရိသတ် အသီးသီးက ခေါ်နေကြသလိုသာ “နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်” တို့ “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” တို့ ဆိုတာမျိုးတွေရေးနေရယင် ခရီးတွင်မှာမဟုတ်သလို၊ ရေးရသူမဆိုထားနဲ့ ဖတ်ရသူအတွက်တောင်အတော်ရှည်ပြီး ၀ါကျမှာနေရာယူလွန်းတယ်။ ကျနော့် ပုဂ္ဂလိကအမြင်မှာ ဂျာနယ် လစ်ဇင် မဆန်ဘူး၊ ပရိုဖက်ရှင်နယ် မဖြစ်ဘူး။ ပြည်ပကရေးသူမို့ တတ်နိုင်လို့ရေးတာဘဲလို့ဆိုရင်လည်း ဟုတ်ပါတယ်။ ၀န်ခံပါတယ်။]
လူတစ်ယောက်ကို သူမသေခင် အပြီးသတ်သဘောမျိုးအကဲဖြတ်တာ မမှန်နိုင်ပါဘူး။ ဒါပေမဲ့လည်း လုပ်တော့လုပ်နေကြတာပါဘဲ။ သတင်းနည်းပညာတွေ အဆမတန်ထွန်းကားလာရုံမက လူတိုင်းလက်လှမ်း မီလာတဲ့ ကနေ့ခေတ်မှာတော့ တကမ္ဘာလုံးမှာ လူတိုင်းက လူတိုင်းအပေါ်တရားသူကြီး ပြန်လုပ်တဲ့ခေတ် ကိုရောက်ပြီလို့တောင် ပြောရမလားဘဲ။
ကျနော်တို့ဗမာတွေကလဲ အရာရာကိုအလျင်စလို မှတ်ချက်ပေးတတ်တဲ့ လူမျိုးရေးစရိုက် (racial character) ရှိလို့ “မပြီးခင် ဗမာမမြင်စေနဲ့” လို့တောင် တခြားတိုင်းရင်းသားတွေက ပြောစမှတ်ပြုရသူတွေ ဖြစ်ကြပါ တယ်။
ဒီ ၂ ချက်အပြင် နှစ်ပေါင်း ၅၀ကျော် ပါးစပ်ပိတ်ခံထားရပြီး အခုဖွင့်ပေးလိုက်တော့မှ ပြောရဲဆိုရဲဖြစ်လာကြတဲ့ တိုင်းပြည်ဖြစ်နေပြန်တဲ့အတွက် အခုအချိန်မှာတော့-သခင်စိုးမှတ်ချက်ပေးဘူးသလို “အရူးထောင် ဖွင့်ပွဲကြီး” တစ်ခုဟာ တားမရဆီးမရ ကန်ဘောင်ကျိုးကြလာနေတော့ပါဘဲ။ ဒီမိုကရေစီ အရူးထောင် ဖွင့်ပွဲကြီးလို့ပဲ ဆိုကြပါစို့။
ခင်ညွန့်ကို လွှတ်ပေးလိုက်တာကို မကျေနပ်တဲ့လေသံနဲ့ မှတ်ချက်ပြုသူတွေ Facebook မှာ ထောင်ဂဏန်းနီး ပါးရှိတာကို တွေ့ရပါတယ်။ ခင်ညွန့်အာဏာရှိစဉ်ကာလမှာ ထိပ်တိုက်ရင်ဆိုင် နိုင်ငံရေးလမ်းကြောင်းလိုက် မိခဲ့သူတွေဟာ စစ်အစိုးရရဲ့ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့နှိပ်ကွပ်မှုဒဏ်ကို ရက်ရက်စက်စက်ခံခဲ့ကြရတဲ့ အတွက် သူ့ရာထူးကျပြီး တလှည့်တပြန်ထောင်နန်းစံရတဲ့အခါမှာ အလွန်အင်မတန် ကျေနပ်အားရခဲ့ကြသလို အခု ပြန်လွတ်လာတော့လည်း ၀မ်းမသာနိုင်ဖြစ်ကြရပြန်တယ်။ လူ့ သဘာဝပါ။ အပြစ်ဆိုစရာမရှိ။ ဝေဘန် စောကြောစရာလည်း မလိုပါ။
သို့သော် အချိန်တန်ရင် မေ့ပျောက်သွားရမယ့် သာမန်လူ့သဘာဝခံစားချက်ထက်ကျော်လွန်ပြီး နိုင်ငံရေးပြဿနာတရပ် ဖန်တီးလာမယ်ဆိုရင်တော့ သတိထားရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် လက်ရှိ အကောင်းဘက်ကိုဦးတည်ရွေ့နေခြင်းကို အန္တရာယ်ပြုနိုင်ပါတယ်။ ခိုင်မာတဲ့သမိုင်းလက်တွေ့အရ ဒီလို ပြောနိုင်တာလည်း ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပါတီက ခေါင်းဆောင်တစ်ဦးက Nuremberg ဆိုတဲ့ အသုံးအနှုန်း ကလေးတစ်ခုကြောင့် အာဏာလက်ရှိစစ်အစိုးရခေါင်းဆောင်တွေကို စိတ်ပြောင်းအောင်လုပ်လိုက်သလို ဖြစ်ပြီး သဘောထားတွေတင်းမာကုန်ကြရာက နိုင်ငံရေးလမ်းကြောင်း ပြောင်းသွားခဲ့ဖူးတယ်။ အခုတစ်ခါ ၁၉၉၀ တုန်းကလို တာဝန်မဲ့လေသံမျိုးတွေကြားလာရပြန်တော့ ဒီတစ်ခါတော့ ဥပဒေထဲမှာ တရားဝင် အာဏာသိမ်းခွင့်ထည့်ရေးထားတဲ့အထိ တဘက်က အဆုံးစွန်အတွက်ပါအသင့်ပြင်ထား (Prepared for the worst) တာနဲ့ ဆက်စပ်ကြည့်လိုက်ရင် နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ဘယ်သူကပြောနေပါစေ အကြောင်းတိုက်ဆိုင်လာရင် ဘယ်သူမှ အာမမခံနိုင်တဲ့ အခြေအနေမျိုးဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။
ဒီမိုကရေစီနိုင်ငံသစ်တွေမှာ ယခင် အာဏာရှိစဉ်က လူ့အခွင့်အရေးချိုးဖေါက်ခဲ့ကြတယ်လို့ စွပ်စွဲခံကြရ သူတွေကို လိုက်လံရှာဖွေပီး အရေးယူအပစ်ပေးတဲ့နိုင်ငံရေး (Politics of Retribution) ဟာ အချိန်ကာလ အတိုင်းအတာတစ်ခုအတွင်း ခေတ်စားလေ့ရှိပါတယ်။ တည်ဆဲကမ္ဘာကြီး (existing world system)ကလည်း ဒါကို အားပေးပါတယ်။ သက်သေကတော့ The Hague က အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ကြောင်း တရားရုံး (International Criminal Court - ICC) ပါဘဲ။ ဒီရုံးရဲ့တရားဝင်မှု (legitimacy) ကို နိုင်ငံအတော် များများက လက်မခံကြဘူး။ ဥပမာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အသိအမှတ်မပြုဘူး။ ဒါဟာ လွပ်လပ်တဲ့နိုင်ငံတော်တွေရဲ့ အချုပ်အခြာအာဏာ (national sovereignty)ကို ထိပါးရာကျတယ်လို့ ယူဆ ကြတယ်။
ဒါပေမဲ့ ICC ဟာ အမေရိကန်လို မဟာအင်အားကြီးနိုင်ငံကြီးတွေကို ဘာမှ မတတ်နိုင်ပေမယ့် အင်အားချိ နဲ့နေတဲ့နိုင်ငံတွေ (weak states) နဲ့ ကျဆုံးနေတဲ့နိုင်ငံတွေ (Failed states)၊ ကျဆုံးသွားတဲ့နိုင်ငံတွေ (Collapsed states) က ဒီအမှုမျိုးနဲ့စွပ်စွဲခံရသူတွေကိုတော့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ ဥပမာ မီလိုဆိုဗစ် (ယူဂိုဆလား ဗီးယား)၊ ခမာနီခေါင်းဆောင်တွေ (ကမ္ဘောဒီးယား)နဲ့ ချားလ်စ်-တေလာ (Sierra Leone) တို့ကိုကြည့်ပါ။ အီရတ်နဲ့ အာဖဂန်နစ္စတန်ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖေါက်ခဲ့တဲ့ ဂျော့ဒဗလျူဘွတ်ရှ် (George W. Bush) ကိုတော့ ICC က လေသံတောင် မဟရဲဘူး။ ဒါတွေဟာ လက်ရှိ အိုဘားမားလက်ထက်မှာတောင် ဆက်ဖြစ်နေတာပဲ။
ပြည်တွင်းစစ်ရှိနေတဲ့နိုင်ငံတိုင်းဟာ ချိနဲ့တဲ့နိုင်ငံ (weak state) ပါ။ ဒီ့ထက် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင် စစ်တပ်နဲ့ ဗဟိုကအစိုးရကိုမနာခံဘဲ တိုင်းပြည်ကြီးထဲမှာ တိုင်းပြည်ငယ်တွေလို နေနေကြတဲ့ အုပ်စုတွေ အများကြီးရှိနေရင်တော့ သာမန်ချိနဲ့ရုံမကတော့ဘဲ ကျဆုံးနေတဲ့နိုင်ငံတော် (failed state) တစ်ခုဖြစ်လာပါ တယ်။ [F.S ရဲ့ လက္ခဏာရပ်တွေ (characteristics) ကို ကျနော် စာရင်းပြုစုထားတာ အချက်ပေါင်းသုံး ဆယ်ကျော်ရှိပါတယ်။ နောင် အလျဉ်းသင့်တဲ့အခါ တင်ပြပါ့မယ်]
ဒီလိုနေရာတွေမှာ ဒီမိုကရေစီဝေးလို့ တရားဥပဒေအုပ်စိုးရေး (law and order) တောင် မသက်ရောက်ဘူး။ လူ့အခွင့်အရေးဆိုတာကတော့ အစိုးရကော၊ သူပုန်ကော၊ သူပုန်အမည်ခံ တောပုန်းဓါးပြတွေ၊ မူးယစ်ဆေးဝါး မားဖီးယားတွေကကော အားလုံးအပြိုင်အဆိုင်ချိုးဖေါက်နေကြတာပါဘဲ။ တခြားသူတွေ လုပ်နေကြတာတွေ ကို သဘောလောက်ဝတ်ကျေတန်းကျေပြောကြပေမဲ့ အစိုးရတွေကျူးလွန်တာတွေကတော့ မိမိရရ မှတ်တမ်း မှတ်ရာတွေနဲ့ ဖြစ်နေတတ်ကြတယ် (well documented)။
မြန်မာပြည်မှာ လူ့အခွင့်အရေးကင်းတာ လွပ်လပ်ရေးခေတ်ဦးကတည်းကပါ။ ဦးနေ၀င်းလက်ထက် ဆိုရှယ် လစ် ၂၆နှစ်မှာ လက်နက်ကိုင်ပုန်ုကန်မှုတွေကို နယ်စွန်နယ်ဖျား (peripheries) ရောက်ကုန်အောင်လုပ်နိုင် ခဲ့ပေမယ့် ၁၉၈၈ မှာ ဗဟိုချက်မဒေသတွေ (center)မှာ အရပ်သားများရဲ့လက်နက်မကိုင် ပုန်ကန်ထကြွမှုကြီး ပေါ်လာပြန်တယ်။ ဒီအရပ်သားများရဲ့အုံကြွမှုက မူလကတည်းကရှိနေပြီးသား ပြည်တွင်းစစ်ကို ပြန်အရှိန်တက် လာစေပြီး လူ့အခွင့်အရေးကိစ္စကို ပိုဆိုးလာစေတာဘဲ။
၁၉၈၈ခုနှစ် စက်တင်ဘာမှာပေါ်လာတဲ့ စောမောင်၊ ခင်ညွန့်တို့ရဲ့ န၀တ (State Law and Order Restoration Council) ဟာ အသေအချာလက္ခဏာအကဲဖြတ်ကြည့်ရင် အာဏာသိမ်းပွဲမဟုတ်ခဲ့ဘူး။ ဘယ်သူ့လက်ထဲမှာမှ မရှိတော့တဲ့အာဏာကို ဘယ်လိုလုပ် သွားသိမ်းရမလဲ။ အာဏာသိမ်းတယ်ဆိုတာ ကမ္ဘာအရပ်ရပ်မှာကော မြန်မာပြည် (၁၉၆၂) မှာပါ အာဏာလက်ရှိအစိုးရခေါင်းဆောင်တွေကို အရှင်ဖမ်း၊ ထောင်ထဲတည့်၊ သို့မဟုတ် လက်စတုံးကွပ်မျက်ပစ်တာတွေ လုပ်ကြတာဘဲ။ ၁၉၈၈မှာ ဘယ်အစိုးရရှိ နေသေးလို့ ဘယ်တိုင်းပြည်အကြီးအကဲကို ဖမ်းဆီးခဲ့ရ၊ ရာထူးက ချခဲ့ရသလဲ။
တကယ်က မင်းမဲ့အခြေအနေ (anarchy) ဖြစ်သွားတာကို ရန်ကုန်သားဆိုသူတိုင်း အသိဘဲ။ ၁၇၈၉ ပြင်သစ် တော်လှန်ရေးကြီးတုန်းကလို Robespierre နဲ့ Guillotine တို့ ပေါ်မလာသေးတာဘဲရှိတယ်။ ဆင်ခြေဖုံးတွေ မှာဆိုရင် ခေါင်းဖြတ်တာတွေလုပ်နေတယ်။ လမ်းတိုင်း၊ ရပ်ကွက်တိုင်း လုံခြုံရေးပျက်ပြားကုန်ပြီး ၀ါးကပ်ကာ ခြံစည်းရိုးတွေကြောင့် သွားလာရေးတောင်ခက်ခဲကုန်ပြီ။
ဒီအချိန်မှာ အရပ်သားနိုင်ငံရေးသမားတွေဟာ ခေတ်ကိုရှေ့ဆောင်နိုင်ဘို့ဝေးစွ၊ အမှီတောင် မလိုက်နိုင်ခဲ့ကြ ဘူး။ သူတို့အချင်းချင်း ငယ်ကျိုးငယ်နာတွေ မပြေနိုင်ကြ၊ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ချင် ဆက်ဖြစ်နေခဲ့ကြတာကိုကြည့်ရင် သူတို့အားလုံး အတိတ်မှာဘဲကျန်ရစ်နေခဲ့ကြတာကို သိနိုင်တယ်။ အချိန်နဲ့ အမျှ မရပ်မနားယိုယွင်းနေလာတဲ့ တိုင်းပြည်အခြေအနေကို ဘယ်လိုလုပ်ရမလဲ။
ဒါကြောင့် သမိုင်းအမြင် (historical context) ကနေကြည့်ယင် SLORC ဟာ သမိုင်းလိုအပ်ချက် (historical necessity) အရပေါ်လာရတဲ့ သမိုင်းရဲ့အသွင်အပြင် (historical phenomenon) တစ်ခုဖြစ်တယ်။ သူ့ထက် ပိုကောင်းတဲ့ သမိုင်းလမ်းကြောင်းတွေ (betteralternative paths) ကို အရပ်သားတွေကမှ မဖန်တီးနိုင်ခဲ့ကြ ဘဲ။
ယ္ခုတိုင် သက်ရှိထင်ရှားရှိနေကြသေးတဲ့ နိုင်ငံရေးသမားတွေကိုယ်တိုင်ပါခဲ့ကြလို့ သိနေကြတဲ့အတိုင်း မြန်မာပြည်အတွက် ပိုကောင်းမယ့်သမိုင်းလမ်းကြောင်း အနည်းဆုံးသုံးခုနဲ့ လွဲခဲ့ကြပါတယ်။ အဲဒါတွေကတော့
(တစ်) အရေးတော်ပုံစောစောပိုင်းမှာ ဒေါက်တာမောင်မောင်အစိုးရရဲ့ သုံးလအတွင်းရွေးကောက်ပွဲ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြတာ။
(နှစ်) အရေးတော်ပုံအထွဋ်အထိပ်ကာလမှာ ဦးနုရဲ့ ခြောက်လအတွင်းရွေးကောက်ပွဲလုပ်ပေးပါ့မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာ။
(သုံး) ၁၉၉၀ ရွေးကောက်ပွဲမှာ အကြီးအကျယ်နိုင်လို့ အောင်ပွဲနဲ့ယစ်မူး (dizzy with success) သွားတဲ့ NLD ပါတီက ခေါင်းဆောင်တစ်ချို့ရဲ့ဝင့်ဝါမှုကို သွေးလန့်သွားတဲ့စစ်တပ်ဟာ နိုင်ငံရေးကူးပြောင်းရေးအစဉ် (political transition process) ကို ချယ်လှယ်(manipulate) လာတာကို ပြည်ပအားကိုးသက်သက်လောက် နဲ့ ထိပ်တိုက်ရင်ဆိုင်ရေး (confrontation)လမ်းလိုက်မိလို့ အနိုင်ကနေ အရှုံးပြန်ဖြစ်သွားတာ-စတာတွေဘဲ။
၁၉၈၈/၁၉၉၀ အချိန်ကာလအပိုင်းအခြားမှာတော့ ဦးနု-အောင်ဆန်းစုကြည်-စောမောင်-ခင်ညွန့်စတဲ့ နိုင်ငံရေးသမားတွေကော စစ်ခေါင်းဆောင်တွေပါ အခြေအနေသစ်ဖန်ဆင်းသူတွေမဟုတ်ကြဘဲ ဖြစ်လာ တဲ့အခြေအနေတွေအပေါ် တုန့်ပြန်မှုတွေ (response)သာလုပ်ခဲ့ကြတဲ့ သမိုင်းဇာတ်ကောင်တွေ (historical characters) ဖြစ်ခဲ့ကြတယ်။ ဆိုလိုတာက သမိုင်းကိုဖန်တီးတဲ့ ဇာတ်ဆရာတွေမဟုတ်ကြဘူး။ [ဇာတ်ဆရာ အဆင့် ရောက်ခဲ့ကြသူတွေကတော့ ဦးနေ၀င်းထံ ပေးစာတွေရေးပြီးလှုံ့ဆော်ခဲ့တဲ့ ဦးအောင်ကြီး၊ အောင်ဆန်း စုကြည်ကိုပွဲထုတ်ပြီးစင်တင်ခဲ့တဲ့ မောင်သော်က၊ သူမကို ဆရာ (mentor)လုပ်ဖို့ အားထုတ်ခဲ့ဖူးတဲ့ သခင် တင်မြ၊ ဦးထွေးမြင့်စတဲ့ သူတွေပါ။ သူတို့ရဲ့ပါဝင်မှုကာလတိုတောင်းပေမယ့် သူတို့ရဲ့အဆင့်ကတော့ ဇာတ်ဆရာအဆင့်ပါ]
တပ်ထဲကဖြစ်တဲ့ ခင်ညွန့်ဟာ အောင်ဆန်းစုကြည်လိုပဲ- သမိုင်းဇာတ်ကောင်အဖြစ် စင်ပေါ်ကိုအခြေအနေက တွန်းပို့လိုက်လို့ ရောက်လာတာဖြစ်တယ်။ ဒါပေမယ့် စင်ပေါ်ရောက်လာပြီးတဲ့အချိန်မှာတော့ မိမိရောက်နေ တဲ့နေရာ (SLORC/SPDC အတွင်းရေးမှုး-၁၊ ထောက်လှမ်းရေးအကြီးအကဲ) ကို အစွမ်းကုန်အသုံးချပြီး မိမိရဲ့နိုင်ငံရေးရန်သူတွေကို မလှန်နိုင်အောင် ဖိနှိပ်ထားနိုင်ခဲ့သူဖြစ်တယ်။ သူ့အောင်မြင်မှုက သူ့ကို ဒုစရိုက် မင်းသား (Prince of evil) ဘွဲ့ကို ရစေခဲ့တယ်။ တချိန်တည်းမှာပဲ အလုပ်ကိုမရပ်မနားလုပ်လို့ အလုပ်စွဲနေသူ (Workaholic) လို့လည်း အောင့်သက်သက်နဲ့ချီးမွမ်းတာခံရသူဖြစ်တယ်။ သူဟာ ‘ဇာတ်ကောင်’ ကနေ ‘ဇာတ်ဆရာ’ အထိ ဖြစ်လာတယ်။
၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ထိပ်တိုက်ရင်ဆိုင်ရေး စလိုက်ချိန်ကစပြီး ခင်ညွန့်ဟာသူရဲ့ မက္ခီယာဗဲလီ ယန်း (Machiavellian) စတိုင် နိုင်ငံရေးကြောင့် “စစ်တပ်ကလုပ်တဲ့ နိုင်ငံရေး” ရဲ့ ပင်ရင်း (author of military politics) ဖြစ်လာတယ်။ ကနေ့ အောင်မင်းတို့ အောင်သောင်းတို့ အောင်ကြည်တို့ သိန်းဇော်တို့ လူတွေအများကြီးခွဲပြီးကြိုးစားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေးပြန် ရရေးဟာ ခင်ညွန့်တစ်ဦးတည်း လုပ်ပြခဲ့ပြီးသားဖြစ်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း 
(၁/၉၀)နဲ့ ဖွဲ့စည်းပုံဥပဒေသစ်/ ရွေးကောက်ပွဲသစ်လမ်းကြောင်းချပြီး တဘက်က ပုံစံတကျအသွင် ကူးပြောင်းရေးကိုချခင်းပြီး တဘက်ကလည်း တိုင်းပြည်ကိုဖွံ့ဖြိုးရေး (Developmental state) လမ်းကြောင်း ပေါ်တင်ပေးခဲ့တယ်။ SLORC ကနေ SPDC (၁၉၉၂/ ၂၀၁၀) ဖြစ်လာတယ်။ ဒီကနေ့ ဦးသိန်းစိန်အစိုးရသစ် ကလုပ်နေတာတွေဟာ ခင်ညွန့်ရဲ့လုပ်ငန်းစဉ် (seven steps ‘Roadmap’ to democracy) ကို ခင်ညွန့်မပါဘဲ ဆက်လုပ်နေတာသာဖြစ်တယ်။ ဒီနေရာမှာ ‘သိန်းစိန်က ခင်ညွန့်ထက်သာတယ်၊ သူက အောင်ဆန်းစုကြည် ကို ရအောင်စည်းရုံးယူနိုင်တယ်’ လို့ ဆင်ခြေတက်ကောင်းတက်ကြလိမ့်မယ်။
ဒီဆင်ခြေမျိုးကတော့ အင်မတန်နုံချာပါတယ်။ ဦးသိန်းစိန်အစိုးရသစ်က သူ့လမ်းစဉ် (တကယ်က ခင်ညွန့် လမ်းစဉ်) ဘာတစ်ခုမျှအပွန်းအပဲ့ခံပြီး အောင်ဆန်းစုကြည်ကို လျှော့မပေးခဲ့ရပါဘူး။ အချော့ကြိုက်တဲ့သူကို ချော့လိုက်တာလောက်ဘဲရှိပါတယ်။ ဒါမျိုးဟာ အနောက်တိုင်းလူဆိုးလောကက ‘Good cop / bad cop game’ လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ခင်ညွန့်နဲ့သန်းရွှေတို့ရဲ့ ၂၃နှစ် အထုအထောင်းခံခဲ့ရတဲ့ NLD နဲ့ အသက်ရလာပြီဖြစ်လာတဲ့အောင်ဆန်းစုကြည်ဟာ ဆက် တင်းခံမနေနိုင်တော့ဘဲ တဘက်က လူလဲပြလိုက် တာကိုအကြောင်းပြ၊ ‘သူ့ကိုတော့ ယုံတယ်’ ဆိုပြီး ၂၃ နှစ် နိုင်ငံရေးလမ်းစဉ်ကို ‘flip flop’ လုပ်လိုက်ရတာ ဘဲ။ ရန်ကုန်မြို့က ပွဲစားဝေါဟာရနဲ့ပြောရရင် “ပါးပါးကလေး”ပါ။ တဘက်မှာလူထုက NLD မပါဘဲလည်း ဆက်သွားတော့မှာကို ၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေကနေတဆင့် သတိပေးနေပြီလေ။ နိုင်ငံတကာပွဲကြည့်ပရိသတ်တွေကလည်း ဒီ နှစ်ဘက်ပဋိပက္ခ ဘယ်နည်းနဲ့ ပြီးပြီး- ပြီးရင် ပြီးရောဆိုပြီး ၀ိုင်းသာဓု ခေါ်လိုက်ကြရတာပါ။
ယခုအခါ NLD ပါတီက ၁၉၉၀ ခုနှစ်ရလဒ်ကို လက်တွေ့နိုင်ငံရေးလိုအပ်ချက်အရမေ့ပြစ်လိုက်ပြီး ပါတီကို မှတ်ပုံအသစ်ပြန်တင် အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ဘို့ စိတ်အားထက် သန်နေတော့ ခင်ညွန့်ချပေးခဲ့တဲ့လမ်းစဉ်ကို သိန်းစိန်က ဆက် အကောင်အထည်ဖေါ်နေပြီး အောင်ဆန်းစု ကြည်က ပါဝင်ပူးပေါင်းခြင်းအားဖြင့် တရားဝင်အောင်ပြုပေး (legitimize) နေပြီဖြစ်တယ်။ တစ်ချိန်က ‘အောင်ဆန်းစုကြည်ရဲ့ အသက်ကိုတောင်အန္တရယ်ပြုတာပါဆိုတဲ့’ ဒီပဲယင်းလုပ်ကြံမှုကြီးဆိုတာကို တကမ္ဘာ လုံးကြားအောင် အကြီးအကျယ်အော်ဟစ်ခဲ့ကြတာတွေကို NLD က မေ့ပစ်လိုက်ပြီဖြစ်တယ်။ ဒါဟာ တကယ် မဟုတ်ဘဲ လုပ်ြကံစွပ်စွဲခဲ့တာမို့ ဒီလောက်အလွယ်တကူ အသံတွေတိတ်ကုန်တာလား။
ဘာဘဲဖြစ်ဖြစ် အတိုက်အခံနဲ့အစိုးရသစ် နိုင်ငံရေးအရတလှေတည်းစီးပြီး တစ်ခရီးတည်းသွားဖို့ပြင်နေတဲ့ ယ္ခုအချိန်မှာ ဒီ လမ်းပြမြေပုံနိုင်ငံရေးလမ်းစဉ်ရဲ့ဗိသုကာဖြစ်ခဲ့တဲ့ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သူ့ရဲ့နိုင်ငံရေး နောက်လိုက် (အာဏာရှိ/ အတိုက်အခံ) အားလုံးကိုလည်းခွင့်လွှတ်နိုင်စရာမမြင် ဖြစ်နေလိမ့်မယ်။
လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ မြန်မာပြည်မှာ အာဏာရှင်စံနစ်ကြီးစတင်ကတည်းက စခဲ့တာဖြစ်တယ်။ ခင်ညွန့် မတိုင်ခင်ကလည်းဖြစ်၊ ခင်ညွန့် လက်ထက်မှာလည်းဖြစ်၊ ခင်ညွန့် မရှိတော့တဲ့နောက်ပိုင်းမှာလည်း ဆက်ဖြစ်နေတာဘဲ။ ထိပ်ဆုံးကပုဂ္ဂိုလ်ကတော့ ဘယ်သူဘဲဖြစ်နေနေ ယန္တယားသဘောအရ တာဝန်ရှိ မှာပေါ့။ (institutionally, structurally responsible)။ သူဟာ ဘော်လရှီဗစ်ခေါင်းဆောင်လီနင်က ဇာဘုရင်မိသားစုတစ်ခုလုံးကို ပစ်သတ်ကွပ်မျက်ပြစ်ဘို့ ကိုယ်တိုင်လက်မှတ်ထိုးအမိန့်ချမှတ်တဲ့အထိ ရက်စက်တာမျိုးတွေတော့ မကျူးလွန်ခဲ့လောက်ဘူးလို့တော့ အောက်မေ့ရတာပဲ။ ဒါကြောင့် ဗမာနိုင်ငံရေး သမားတစ်ချို့ကိုးကားတဲ့ တောင်အာဖရိကနမူနာအတိုင်းဆိုရင် “အမှန်တရားမှတဆင့် ကြေးအေးရေးကော် မရှင်တွေ” (Truth and Reconciliation Commissions) ဖွဲ့ပြီး ဖြေရှင်းနိုင်တာပဲ။ ဒီလို မဖြစ်ချင်ရင်လည်း နောင်သင့်တော်တဲ့အချိန်ကျမှ တကယ်လက်တွေ့အပြစ်ရှိခဲ့သူတွေကို တိတိကျကျဖေါ်ထုတ်ပြီး due process နဲ့ စစ်ဆေးစီရင်လို့ရတာပဲ။ အခု ပြောနေကြသလို ယိုသမျှချေး ပုဇွန်ဆိပ်ခေါင်း စုပေးတာမျိုးလုပ်ဖို့ကြိုးစား ကြရင် မဆိုင်တဲ့သူတွေကလက်မခံဘဲ သူတို့တတ်တဲ့နည်းနဲ့ဟန့်တားကြ လက်တုန့်ပြန်လာကြလိမ့်မယ်။ နိုင်ငံရေးသံသရာ တပါတ်ကျော့လာနိုင်တယ်။
၇ နှစ်ကြာ အကျယ်ချုပ်နဲ့နေခဲ့ရတဲ့ခင်ညွန့်ဟာ အခုအချိန်မှာ မာန်စွယ်ကျိုးပြီး အရပ်သားတွေရဲ့ဘ၀ကို စာနာလာပုံပေါက်နေတယ်။ ဒါတကယ် မဟုတ်ရင်တော့ တော်တော် ဟန်ဆောင်ကောင်းတယ်လို့ ဆိုရမယ်။ သူဟာ တစ်ချိန်က နေ၀င်းနဲ့အောင်ကြီးပဋိပက္ခလို နိုင်ငံရေးကွဲလွဲမှုကြောင့် အရာကျတာမဟုတ်ဘဲ သူများ ထက်တော်နေလို့ ခြေလှမ်းကျဲသွားလို့ လုပ်ဖေါ်ကိုင်ဘက်တွေက သူတို့ကိုချနင်းကျော်တက်သွားမှာစိုးလို့ ဆွဲချခံရတာဖြစ်တယ်။ အကျဉ်းကျခံ ၇ နှစ်က သူ့ကို အရပ်သားစိတ်ထည့်ပေးလိုက်ြပီ (civilianized)ဆို တာသေချာရင် သူ့ကို ဒီအတိုင်းလွှတ်မထားဘဲ သင့်တော်သလိုပြန်အသုံးချတာက တိုင်းပြည်အတွက်ကော သူ့အတွက်ပါကောင်းလိမ့်မယ်။ တာဝန်မဲ့ ပေါက်ပန်းဈေး ပြောနေရေးနေကြတာတွေဟာ အစိုးရသစ်နဲ့ အောင်ဆန်းစုကြည်ကိုပါ အဖျားခတ်နေတယ်။ တင်းမာတဲ့သဘောထားရှိသူတွေကို ပိုတင်းမာသွားစေလိမ့် မယ်။
http://padaukmyay.blogspot.com/2012/01/blog-post_8903.html (မြန်မာသံတော်ဆင့်ရဲ့သုံးသပ်ချက် ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းသလို အတော် အငြင်းအခုန်ဖြစ်မယ့် ဆောင်းပါးဖြစ်ပါတယ်။)မြန်မာသံတော်ဆင့်
Posted by ပိတောက်မြေ at 2:01:00 AM

0 comments:

Post a Comment