Thursday, January 12, 2012

ပုဒ်မ(၄၀၁)အပိုဒ်(၁)နှင့်စပ်၍သိသမျှပြောရမယ်ဆိုရင် (မျိုးမြင့်ချို)

0 comments

ပုဒ်မ(၄၀၁) အပိုဒ်(၁)နှင့်စပ်၍သိသမျှပြောရမယ်ဆိုရင်(မျိုးမြင့်ချို)
            ကျနော် ဒီအကြောင်းလေး ရေးမယ်လို့စိုင်းပြင်းခဲ့တာရှိပါတယ်။ မရေးဖြစ်ခဲ့ပါ။ ခုတလော နိုင်/ကျဉ်းတွေ အကုန်လွှတ်တော့မယ်၊ လွှတ်တော့မယ်ဆိုတဲ့အသံတွေ အဆက်မပြတ်ကြားရသလို အထိုက်အလျှောက် လွှတ်ပေးခဲ့တာတွေလည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တဲ့နေရာမယ် ပြောစရာလေးတွေလည်းရှိနေပါတယ်။ နိုင်/ကျဉ်းတွေကို တရားလက်လွတ် ဖမ်းချင်သလိုဖမ်း၊ နှိပ်စက်ညှဉ်းပမ်းပြီး မမှန်ထွက်ဆိုချက်တွေလုပ်ခိုင်း၊ ဘာတွေရေးလို့ရေးထားမှန်းမသိတဲ့ စာရွက်တွေကိုဖတ်ခွင့်မပေးတဲ့အပြင် မျက်နှာဖုံးစွပ်ထားပြီးလက်မှတ်ထိုးခိုင်း၊ တရားရုံးရောက်တော့ တရားခံ၏ကိုယ်တိုင်ပေးဖြောင့်ချက်ဆိုပြီးတင်၊ တရားသူကြီးဆိုသူက အသင့်ရေးထားပြီး ချိပ်ပိတ်စာအိပ်ပါ စာတွေကိုဖတ်ပြ၊ စိတ်ထင်တိုင်းတရားစီရင်၊ ပြန်ပေးအဆွဲခံထားရသူတွေလို လိုတာရရင်လွှတ်ပေးမယ် ဆိုတဲ့သဏ္ဍန်နဲ့အကျပ်ကိုင်အနိုင်ကျင့်ထားတယ်ဆိုတာတော့ လူတိုင်းသိပြီးသားပါ။ သူတို့လိုချင်တဲ့ အခြေအနေတရပ်ကိုနည်းနည်းရရင် နည်းနည်းအလွှတ်ပြ၊ ကျန်သူတွေနဲ့ဆက်မျှားထားပြီး လိုတာရအောင် တဘက်သတ်လုပ်ယူနေတာကိုပဲ သူတို့ကိုကျေးဇူးတင်ရမယ့်သဘောမျိုး အပြောအဆိုတွေလည်း နားလျှံအောင် ကြားနေရပါတယ်။ အဲသလို ပြောကြသူတွေထဲမှာ နိုင်/ကျဉ်းတွေလွတ်လာပါစေဆိုပြီး ရိုးရိုးသားသားကောင်းတဲ့စေတနာအမြင်နဲ့ ပြောကြသူတွေရှိသလို ကိုယ့်လူသူ့ဘက်သားလိုလို သူ့လူကိုယ့်ဘက်သားလိုလို ပဉ္စမံတပ်သားတွေလည်း ပါနေမလားလို့တွေးမိပါတယ်။
         ဘယ်သူလွတ်လွတ် လွတ်လာတယ်ဆိုတာဟာ ကိစ္စကောင်းပါ။ ကျေးဇူးတင်တယ်/မတင်ဘူး ဆိုတာကတော့ ပြောမယ်ဆိုပြောစရာတွေများလှပါတယ်။ ထားပါတော့။ ခုပြောချင်တာက  ဘယ်ပုံစံနဲ့လွှတ်ပေးတာလဲဆိုတာဖြစ်ပါတယ်။ မကျန်းမာသူတွေကိုရွေးလွှတ်တာဆိုလည်း ထောင်ထဲမှာ အမှန်တကယ်မကျန်းမာသူတွေလည်း ဒုနဲ့ဒေးပါ။ အသက်ကြီးလို့ လွှတ်ပေးတာဆိုလည်း အိုမင်းမစွမ်းတွေ ထောင်ထဲမှာ တပုံတပင်ကြီးပါ။ လိမ္မာရေးခြားရှိလာလို့ စည်းကမ်းကောင်းလာလို့ လွှတ်ပေးလိုက်တယ်ဆိုတာကတော့ နိုင်/ကျဉ်းတွေရဲ့ဂုဏ်သိက္ခာကို အတိအလင်း ထိပါးစော်ကားတာဖြစ်ပါတယ်။ လွတ်လာသူတွေထဲမှာ လွတ်နီးလို့ခေါ်တဲ့ (မဟုတ်လည်းလွတ်ရက်စေ့နေလို့ မဖြစ်မနေလွှတ်ပေးရမယ့်)သူတွေပါသလို လွတ်ဖို့ဝေးသေးပေမယ့် ပုဒ်မ (၄၀၁) အပိုဒ် (၁)နဲ့ လွှတ်ပေးလိုက်သူတွေလည်း ပါနေပါတယ်။ ထောင်တွေထဲမှာ လွတ်ဖို့ဝေးသေးသူတွေကို (၄၀၁)နဲ့ လွှတ်ပေးမယ်ဆိုပြီး အားလုံးကိုကမ်းလှမ်းခဲ့တာ ရှိ/မရှိတော့ ကျနော်လည်းအသေအချာမသိပါဘူး။ ရှိတယ်ဆိုရင်တော့ လွတ်မလာသေးသူတွေဟာ (၄၀၁) ကိုလက်မခံဘူးငြင်းလို့ မလွှတ်ပေးတာများလားလို့ ယူဆစရာရှိပါတယ်။ လွတ်ဖို့ဝေးသေးပေမယ့် (၄၀၁) နဲ့လွှတ်ပေးလိုက်သူတွေကို ဘာ့ကြောင့်လွှတ်ပေး တယ်ဆိုတာလည်း သူတို့အကြောင်းနဲ့သူတို့ ရှိကြမယ်ထင်ပါတယ်။ ကာယကံရှင်တွေက ထုတ်မပြောသရွေ့ အပြင်လူတွေသိဖို့မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် (၄၀၁) ပေးတာခြင်းအတူတူ၊ ပေးသူကိုပေးပြီး ချန်သူတွေကိုချန်ထားတာမှာ မတော်တဆဖြစ်တာမဟုတ်သလို အလွန်တိကျတဲ့အဓိပ္ဗါယ်လည်း ရှိနေပါတယ်။  ခုတလော  နိုင်/ကျဉ်းတွေနဲ့ပတ်သက်လို့ အဲသလို အလှုပ်အရမ်းလေးတွေ အလှည့်အပြောင်းလေးတွေများများလာတော့ ကျနော့်လည်း နိုင်/ကျဉ်းဟောင်းဖြစ်မှန်းသိသူတချို့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးကြတာတွေရှိပါတယ်။ အဓိက သူတို့မေးတတ်ကြတာက ပုဒ်မ ၄၀၁အပိုဒ်ခွဲ (၁) ကိစ္စဖြစ်ပါတယ်။ (၄၀၁) အပိုဒ် (၁) ကို ကျနော့်ကိုယ်တွေ့နဲ့ယှဉ်ပြီး ပြောပြချင်ပါတယ်။
         ထောင်ကလွတ်ရာမှာ သာမန်လွတ်နဲ့ အထူးလွတ်ဆိုတာရှိပါတယ်။ သာမန်လွတ်ရက်နဲ့လွတ်တယ် ဆိုတာက "ထောင်နေသား"စေ့သွားလို့ ဒါမှမဟုတ် "ထောင်ကပေးတဲ့ လျှော့ရက်ခံစားခွင့်"တွေရလို့ လွတ်ချိန်တန်လို့လွတ်တာဖြစ်ပြီး အထူးလွတ်ဆိုတာကတော့(ထောင်အပြော-နိုင်ငံတော်လာလို့) နိုင်ငံတော်ကခွင့်ပြုလိုက်လို့ရတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ လျှော့ပေါ့သက်သာခွင့်တွေရပြီး လွတ်ရက်မစေ့သေးပေမယ့် လွှတ်ပေးလိုက်တာမျိုးတွေဖြစ်ပါတယ်။  လူတယောက် ထောင်ကျလာပြီဆိုတာနဲ့  ဘယ်အကျဉ်းသားဖြစ်ဖြစ် အကျဉ်းထောင်လက်စွဲဥပဒေအရ လျှော့ရက်ခံစားခွင့်ဆိုတာ ရှိပါတယ်။ ချလိုက်တဲ့ပြစ်ဒဏ်ရဲ့ (၃)ပုံ (၁)ပုံအထိ လျှော့ရက်ပေးလို့ရတာဖြစ်ပါတယ်။ ထောင်လက်စွဲဥပဒေအရ အကျင့်စာရိတ္တကောင်းခြင်း၊ အလုပ်ကောင်းခြင်းနဲ့ စည်းကမ်းကောင်းခြင်း ဆိုတာတွေအပေါ်တည်ပြီး ခံစားခွင့်ရှိတယ်ဆိုတဲ့သဘောပါပဲ။ (၃)ပုံ (၁) ပုံလျှော့ရက်ခံစားခွင့်ရှိတယ် ဆိုပေမယ့် အထက်က ၃ ချက်က တချက်ချက်မှာမကောင်းဘူးလို့၊ ဒါမှမဟုတ် ၃ ချက်လုံးမကောင်းဘူးတို့ဆိုတဲ့ မှတ်ချက်တွေအကဲဖြတ် ချက်တွေနဲ့ လျှော့ရက်ခံစားခွင့်တွေကို ထောင်အာဏာပိုင်တွေက အတိုးအလျှော့လုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့်လို့ ၃ ချက်စလုံး ပြောစရာမရှိအောင် ကောင်းနေပေ့စေ (၃)ပုံ(၁)ပုံလျှော့ရက်ခံစားခွင့်ထက်တော့ ပိုပေးလို့မရပါဘူး။ အဲဒါထက် ပိုစောပြီး ဘယ်သူမှ မလွတ်ပါဘူး။ ဆိုတော့ဘယ်လောက်ကောင်းအောင်နေနေ (၃)ပုံ (၁)ပုံထက်ပိုတဲ့ လျှော့ရက်ခံစားခွင့်မရှိဘူးဆိုတဲ့ သဘောပါ။ အဲဒါကို ထားရတဲ့သဘောကလည်း  ထောင်အုပ်ချုပ်ရေးအပိုင်းမှာ လွယ်ကူချောမွေ့စေဖို့မက်လုံးပေးထားတဲ့ ဆုပေးဒဏ်ပေးစနစ်လို့မြင်ပါတယ်။ ကောင်းပါတယ် ဒီစနစ်ကို မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အခြားအကျဉ်းသားနဲ့ နိုင်/ကျဉ်းတွေ ကိုတော့ အဲဒီအကျဉ်းထောင်လက်စွဲဥပဒေနဲ့ တချက်တည်း ဆန်တုတ်တိုက်လို့မရသလို၊ တိုက်လို့မဖြစ်သလို၊ လက်တွေ့မှာ တိုက်လည်းမတိုက်ကြ ပါဘူး။ နိုင်/ကျဉ်းနဲ့ အခြားအကျဉ်းသားတွေကို သီးခြားသဘောထားနဲ့ သီးခြားကိုင်တွယ်တာဖြစ်ပါတယ်။ သီးခြားကိုင်တွယ်တယ်လို့ဆိုလိုက်တော့ နိုင်/ကျဉ်းတွေကို နိုင်/ကျဉ်း တွေပါလို့ တရားဝင်အသိအမှတ်ပြုပြီး၊ သူတို့တွေကို ထားသင့်တဲ့ Class တွေနဲ့ထားပြီး ရထိုက်တဲ့အခွင့် အရေးတွေရနေတယ်လို့တော့ မမှတ်စေလိုပါဘူး။ (သီးသန့်အကျဉ်းသားတို့၊ သီးခြားလုံခြုံရေးအဆင့် သတ်မှတ်အကျဉ်းသား(သီး/လုံ) ဆိုပြီး အခေါ်အဝေါ်တွေတော့ရှိပါတယ်) ဒါပေမယ့် တချို့နေရာတွေမှာ တခြားအကျဉ်းသားတွေထက် ပိုရတာတွေရှိပါတယ်။ ဥပမာ တခုအနေနဲ့ပြောရရင် ကျနော် ထောင်ထဲမှာနေခဲ့တဲ့ကာလတွေထဲကနေ ပထမ ၁၀ နှစ်တာ(၁၉၈၉ -၁၉၉၉ ) အထိ ဘယ်အကျဉ်းသားမှ စာရေးခွင့်စာဖတ်ခွင့်ဆိုတာ တရားဝင်မရှိပါဘူး။ (အကျဉ်းထောင်လက်စွဲဥပဒေအရတော့ ရှိတယ်လို့ ဆိုပါတယ်)။ အကျဉ်းသားတယောက်ယောက်လက်ထဲမှာ ခဲတန်၊ ဘောလ်ပင်၊ စက္ကူစတာတွေမရှိရပါဘူး။ လက်ဝယ်တွေ့ရှိလို့ မိရင်အရေးယူပါတယ်။ နိုင်/ကျဉ်းတွေလည်း အဲသလိုဖြစ်တိုင်း အရေးယူခံရပါတယ်။ ဒါပေမယ့် မတူတာက တခြားအကျဉ်းသားလက်ထဲမှာ အဲဒါတွေမိလို့ ၃ ချက်လောက် အရိုက်ခံရတယ်ဆိုရင် နိုင်/ကျဉ်းတွေကတော့ အနည်းဆုံး ခန့်မှန်းမရနိုင်တဲ့ရိုက်ချက်ရေနဲ့အတူ တိုက်ပိတ်တာ၊ နောက်အမှုဖွင့်ပြီး ထောင်ထပ်ချတာတွေအထိ ဖြစ်ပါတယ်။ ဒါက မတူတဲ့အခွင့်အရေးတွေထဲက တခုပါ။ နောက်တခုကတော့ အခြားအကျဉ်းသားတွေရနိုင်မယ့် ထောင်ကပေးတဲ့လျှော့ရက် ခံစားခွင့်ကိစ္စဖြစ်ပါတယ်။ နိုင်/ကျဉ်းတွေကို ၁၉၉၇ အထိတော့ ထောင်ကပေးတဲ့ လျှော့ရက်ခံစားခွင့်ပေးပါသေးတယ်။ ဒါတောင် မလွှတ်ခင်မှာ စစ်ထောက်လှမ်းရေးကို ကြိုပြီးသတင်းပို့ထားရပါတယ်။ လွှတ်ပြန်တော့လည်း ထောင်ဗူးဝကနေတခါတည်း လွှတ်ပေးလိုက်တာမဟုတ်ပါဘူး သက်ဆိုင်ရာနယ်မြေထောက်လှမ်းရေးလက်အပ်ပြီးမှ လွှတ်ရဲတာ၊ လွှတ်ရတာဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောကြည့်ပါ့မယ်။ ရာဇဝတ်သားတယောက် ထောင်ကျလာပြီးချိန်ကနေ လွတ်ချိန်အထိ ထောင်အာဏာပိုင်တွေရဲ့လက်ထဲမှာရှိပြီး၊ အကျဉ်းထောင်လက်စွဲဥပဒေအရလုပ်ပိုင်ခွင့် ရှိထားပါတယ်။ ဒါတောင် မတူတဲ့အခြေအနေတွေနဲ့ မတူတဲ့လူတွေအပေါ်မှာ အစိုးရပိုင်း(စစ်ထောက်လှမ်းရေး၊ နယ်ဘက်ထောက်လှမ်းရေးနဲ့ အခြားအာဏာပိုင်အဆင့်ဆင့်)က တိုက်ရိုက်ဝင်ရောက်စွက်ဖက် ကိုင်တွယ်တာတွေရှိပါတယ်။ နိုင်/ကျဉ်းတယောက်ကို ထောင်ချလိုက်ပြီးနောက်မှာ ထောင်ကိုလွှဲပေးလိုက် တယ်ဆိုပေမယ့် သူတို့နဲ့ပတ်သက်လို့ တကယ့်လုပ်ပိုင်ခွင့်က ထောင်အာဏာပိုင်တွေလက်ထဲမှာ မရှိပါဘူး။ ထောင်ထဲမှာချုပ်ထားပေးရမယ်၊ ထောင်ပုံစံအတိုင်းနေအောင် လုပ်ထားပေးရမယ်၊ စတာတွေလောက်ပါပဲ။ နိုင်/ကျဉ်းတယောက်ကို ဆေးရုံတက်ခွင့်ပေးမယ်/မပေးဘူး၊ အပြင်ဆေးရုံ ထုတ်မယ်/မထုတ်ဘူး၊ ထောင်ဝင် စာတွေ့ခွင့်ပေးမယ်/မပေးဘူး၊ ဒီထောင်မှာပဲ ဆက်ထားမယ်/မထားဘူး၊ ထောင်ပြောင်းမယ်/မပြောင်းဘူး စတာမျိုးတွေကနေ လျှော့ရက်ခံစားခွင့်ပေးမယ်/မပေးဘူး၊ ထောင်ကလွှတ်မယ်/မလွှတ်ဘူးဆိုတာတွေအထိ အစိုးရ(အုပ်ချုပ်ရေးအာဏာက)က ဆုံးဖြတ်လုပ်ကိုင်တာဖြစ်ပါတယ်။ သာမန်ပြောကြမယ် ဆိုရင်တော့ ထောက်လှမ်းရေးက လုပ်တယ်ပေါ့လေ။ ထောက်လှမ်းရေးဆိုတာက အစိုးရပေါ်လစီအတိုင်းသွားရတာပဲ မဟုတ်လား။ အစိုးရယန္တယားပဲ မဟုတ်လား။ ထားပါတော့။
         ကျနော် ပထမဆုံးအကြိမ်ကျတာက နိုဝင်ဘာလ ၆ ရက် ၁၉၈၉  ခုပါ။ ကျတာက (၁၀) နှစ်ပါ။ ပုံမှန်လွတ်ရမှာက နိုဝင်ဘာလ (၅)ရက် (၁၉၉၉)ဖြစ်ပါမယ်။ ဒါပေမယ့် အဲဒီအချိန်က ထောင်ကပေးတဲ့ လျှော့ရက်ခံစားခွင့် (၂)နှစ် (၉)လနဲ့ (၁၃)ရက်ရခဲ့တာကြောင့်  ဇန်နဝါရီလ (၂၂)ရက် (၁၉၉၇)မှာ လွတ်လာပါတယ်။ (ကျနော်သိသလောက်တော့ နိုင်/ကျဉ်းတွေကို ထောင်ကပေးတဲ့ လျှော့ရက်ခံစားခွင့်ကို (၁၉၉၇)အထိပဲ ခံစားခွင့်ပြုခဲ့တာပါ။ အဲဒီနောက်ပိုင်း ထောင်ကပေးတဲ့လျှော့ရက်ခံစားခွင့်နဲ့ နိုင်/ကျဉ်းနဲ့က ဘာမှမဆိုင်တော့ပါဘူး) နောက်ဆုံးအကြိမ်အဖမ်းခံရတာက ဖေဖေါ်ဝါရီလ (၂၃)ရက် (၁၉၉၇)ဖြစ်ပြီး(အပြင်မှာ တလပြည့်အောင် မနေလိုက်ရပါ) ထောင်ကျတာက ဇွန်လ (၆)ရက် (၁၉၉၇)ဖြစ်ပါတယ်။ ကျတာက (၇)နှစ်တည်းဖြစ်ပါတယ်။ စီရင်ချက်ချတော့ အထူးတရားရုံးတရားသူကြီးဆိုသူက ချုပ်ရက်ခံစားခွင့်ပေးတယ်လို့ အတိအလင်းပြောပါတယ်။ ဆိုတော့ ကျနော် (၇)နှစ်အတိ နေရဦးတောင် (ချုပ်ရက်ခံစားခွင့်ရတဲ့အတွက်) ပြန်လွတ်ရမယ့်ရက်ဟာ ဖေဖေါ်ဝါရီလ (၂၂)ရက် (၂၀၀၄)ဖြစ်ရပါမယ်။ ဒါပေမယ့် မလွတ်ခဲ့ပါဘူး။ တကယ် လွတ်တော့ မေလ(၅)ရက် (၂၀၀၄)မှာပါ။ ထောင်ထဲမှာ (၂)လနဲ့ (၄)ရက် ပိုနေခဲ့ရပါတယ်။ အဲဒါဟာ အခု ပြောနေကြတဲ့ ပုဒ်မ (၄၀၁) အပိုဒ်(၁) ကြောင့်ပါပဲ။
          ဖြစ်ပုံက ဒီလိုပါ။ ကျနော် သာယာဝတီထောင်မှာရှိနေတုန်းကပါ။ တိုက် (၁ ကနေ ၄ အထိရှိတဲ့)တိုက်ဝင်းထဲမှာနေချိန်ပါ။ အဲဒီတလောက နဝတစစ် အစိုးရက (၄၀၁)နဲ့ ထောင်တွေထဲက နိုင်/ကျဉ်းတချို့ကို ခေါင်းခေါက်လွှတ်နေချိန်ဖြစ်ပါတယ်။ ကျနော့်ကိုလည်း စစ်ထောက်လှမ်းရေးက ထောင်အာဏာပိုင်တွေ ကနေတဆင့်ချည်းကပ်ပြီး (၄၀၁)ကို လက်ခံမယ်ဆိုရင် လွှတ်ပေးမယ့်အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ကျနော် လက်မခံနိုင်ကြောင်းပြန်ပြောလို့ နောက်ဆုံး သူတို့နဲ့တိုက်ရိုက်တွေ့ပြီး မေးမြန်းပါတယ်။ ၃ ကြိမ်စလုံး လက်မခံနိုင်ကြောင်းငြင်းလိုက်တာနဲ့ ကျနော့်ကို မဲပြီး တကယ်လွတ်ရမယ့်ရက်တွေထက်ပိုပြီး ချုပ်နှောင်ထား ဖို့ညွှန်ကြားလိုက်ပုံပေါ်ပါတယ်။ ကျနော့် လွတ်ရက်မှာမလွတ်ပဲနေနေရင်းတ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ အင်းစိန်ထောင်လာကြည့်တဲ့အချိန်မှာ ကျနော်ပြောပြဖြစ်ပါတယ်။ ဒါနဲ့ သူတို့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနကို အကြောင်းကြားပေးတယ်လို့(နောက်ကိုင်းကျမှပြန်)သိရပါတယ်။ ဒါနဲ့ နောက်ဆုံး ကျနော် မေလ (၆)ရက် (၂၀၀၄)နေ့မှာလွတ်လာပါတယ်။
         ပုဒ် (၄၀၁) အပိုဒ်(၁)ရဲ့ သဘောကတော့ ရာဇဝတ်သားတယောက်ကို ထောင် (၃)နှစ်ချလိုက်တယ် ဆိုပါတော့။ ဒီလူဟာ ထောင်ထဲမှာ(၃)နှစ်နေ ရမယ့်သဘော။ ဒါပေမယ့် အပေါ်မှာ ကျနော်ပြောခဲ့သလို ထောင်ကသတ်မှတ်တဲ့ ကောင်းခြင်း(၃)ဖြာနဲ့ကိုက်တယ်ဆိုပြီး (၃)ပုံ (၁)ပုံလျှော့ရက်ခံစားပြီး ပြန်လွတ်ရင်လည်း လွတ်လာမယ်။ မလွတ်ရင်လည်း မလွတ်ဘူးပေါ့ဗျာ။ အဲဒါက ထောင်နဲ့ပဲဆိုင်ပါတယ်။ ထောင်ကပဲ ဆုံးဖြတ်ပါတယ်။ (ဒါတောင် ခြွင်းချက်ရှိပါသေးတယ်) နိုင်/ကျဉ်းတွေကျတော့ အဲသလို မဟုတ်ပါဘူး။ (၃) နှစ်ကျတယ်ဆိုပါတော့။ ထောင်ထဲမှာ (၃)နှစ်အပြည့် နေရတော့မယ်ဆိုတဲ့သဘော ဖြစ်သွားပါတယ်။ ထောင်ကပေးတဲ့ လျှော့ရက်ခံစားခွင့်မှ မရှိတာကိုး။ နိုင်/ကျဉ်းတယောက် ထောင်(၃)နှစ်ကျလို့ ထောင်နေသား(၂)နှစ်ရှိပြီဆိုရင် နောက် (၁)နှစ် နေရဦးမယ့်သဘော။ နှစ်ပြည့်နေရမယ့် သဘောပါပဲ။ အဲဒီအချိန်မှာ (၄၀၁) ကိုလက်ခံလို့ လွှတ်ပေးလိုက်တယ်ဆိုရင် နေဖို့ကျန်သေးတဲ့ နောက် (၁)နှစ်ကို အစိုးရက အကြွေးမှတ်ထားလိုက်တယ်ဆိုတဲ့သဘောပါပဲ။ (ဆိုင်းငံ့ထောင်ဒဏ်မဟုတ်ပါဘူး။ ဆိုင်းငံ့ထောင်ဒဏ်နဲ့ တခြားစီဖြစ်ပါတယ်)။ နေဖို့ကျန်သေးတဲ့ (၁)နှစ်ကို အကြွေးနဲ့ထားလိုက်ပြီး နောက်တကြိမ်ထပ်ပြီး အလားတူပုဒ်မတွေနဲ့(နိုင်ငံရေးပုဒ်မတွေကို ဆိုလိုပါတယ်) ထပ်အဖမ်းခံရ၊ တရားစွဲခံရ၊ ထောင်ချခံရမယ်ဆိုရင် အဲဒီကြွေးကျန်တနှစ်ကိုပါ ထပ်ဆောင်းပြီး ပြန်ကျခံရမယ်ဆိုတာပါပဲ။ သဘောက နောက်အမှုထပ်ဖြစ်လို့ ထောင်(၅)နှစ်ကျခံရတယ်ဆိုရင် အရင်ကြွေးကျန်(၁)နှစ်ထပ်ပေါင်းပြီး (၆)နှစ်ဖြစ်သွားတဲ့ သဘောပါပဲ။ (ဒီနေရာမှာ ကျနော့်ကို သိမြင်နားလည်ပေးစေလိုတာကတော့ ကျနော် ဥပဒေသမား မဟုတ်ပါဘူး။ ဒါ့ကြောင့် ဥပဒေဆိုင်ရာဝေါဟာရတွေကို နားမလည်ပါဘူး။ နောက်ပြီး ထောင်အကြောင်း၊ ပုဒ်မ (၄၀၁) အကြောင်းဆိုတာတွေနဲ့ အလှမ်းဝေးသူတွေအတွက် ရည်ရွယ်ပြီးပြော တာဖြစ်တော့ နားလည်သဘောပေါက်လွယ်မယ့် အရပ်သုံးစကားတွေသုံးပြီး ပြောရတာဖြစ်ကြောင်းပါခင်ဗျား)

         အဲဒါ ပုဒ်မ(၄၀၁) အပိုဒ်(၁) အကြောင်း သက်သက်ပါပဲ။ အဲဒါအပေါ် ကျနော့် သဘောထားအမြင်နဲ့ အဲဒါကို လက်ခံခြင်း/မခံခြင်း စတာတွေနဲ့ စပ်တာတွေကို နောက်တော့ဆက်ရေးမယ်လို့ တွေးထားပါတယ်။ ("ဘယ်လိုပဲလွတ်လွတ် လွတ်ဖို့အဓိက၊ လွတ်လာတာကောင်းတယ်" )ဆိုတဲ့ အကောက်အယူနဲ့ပတ်သက်လို့ တော့ လောလောဆယ်မှာ ဘာ သဘောထားမှတ်ချက်မှမပေးလိုသေးပါဘူး)။ နောင်တော့ ပြောချင်ပါတယ်။
မျိုးမြင့်ချို

0 comments:

Post a Comment