ပန်းချီမုတ်သုန် |
ခု ကျနော်ဖော်ပြမယ့် သမိုင်းနဲ့ပတ်သက်တဲ့မှတ်ချက် ၂ ရပ်ဟာ ကျနော့်ဦးနှောက်ထဲက ကြံ ဆတွေးတောပြီးပေးတဲ့မှတ်ချက်တွေ မဟုတ်ပါဘူး။ ကိုယ်တွေ့စူးစမ်းလေ့လာမှုကပေါ်ထွက် လာတဲ့ မှတ်ချက်များဖြစ်ပါတယ်။ ပထမအချက်။ ။ "တစုံတခုသော အတိုင်းအတာ အရပြောရရင် သမိုင်းဟာအရေအတွက်ဆိုင်ရာကိစ္စဖြစ်တယ်"“သမိုင်းဟာ ကြီးမြတ်သူ ပုဂ္ဂိုလ်ကျော်တို့ရဲ့အတ္ထုပ္ပတိများသာဖြစ်တယ်”ဆိုတဲ့စကားဟာ တော်တော်ဝမ်းနည်းဖို့ကောင်း တဲ့စကား တခွန်းဖြစ်ပါတယ်။ ဒီစကားကိုပြောခဲ့သူကတော့ သမိုင်းဆရာကြီး သောမတ်စ်ကာ လိုင်း(Thomas Carlyel) ပါ။ ဒါပေမယ့် သူရဲ့အပြောင်မြောက်ဆုံး သမိုင်းကျမ်းတစောင်ဖြစ်တဲ့ “ပြသစ်တော်လှန်ရေးသမိုင်း” ဆိုတဲ့ကျမ်းကြီးမှာတော့ ကာလိုင်းက ဒီလိုရေးခဲ့ပါတယ်။
“သန်းပေါင်းနှစ်ဆယ့်ငါးသန်းသောပြည်သူတို့သည် ငတ်မွတ်ခြင်း၊ အစားအစာချို့တဲ့ခြင်း၊ ဖိနှိပ်ခြင်းစသည့်ဒဏ်များကို အလူးအလဲခံနေကြရ၏။ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပွားလာ ရခြင်းသည် အဓိကအားဖြင့် ထိုအကြောင်းများကြောင့်ဖြစ်ပေ၏။ ဒဿနဆရာများ၊ ချမ်းသာ သောဆိုင်ပိုင်ရှင်များ၊ မှူးမတ်များ၏ဂုဏ်သိက္ခာကျဆုံးရခြင်း၊ အယူအဆများရှုပ်ထွေးခြင်း ကြာင့် ပေါ်ပေါက်လာခြင်းမဟုတ်ချေ။ အတိုင်တိုင်းအပြည်ပြည်တွင် အလားတူတော်လှန်ရေးများဖြစ်ပွားလာရခြင်းမှာ ထိုအကြောင်း များကြောင့်သာလျှင်ဖြစ်ပေလိမ့်မည်” လို့ရေးခဲ့ပါတယ်။
လီနင်က”လူတွေရှိတဲ့နေရာမှာ နိုင်ငံရေးရှိတယ်၊ ထောင်ပေါင်းများစွာမျှမက သန်းပေါင်းများစွာရှိတဲ့နေရာမှာ လေးနက်တဲ့နိုင်ငံရေးရှိ တယ်” လို့ ပြောခဲ့ဖူးပါတယ်။ ကာလိုင်းနဲ့လီနင်ပြောတဲ့သန်းပေါင်းများစွာဟာ လူပုဂ္ဂိုလ်သန်းပေါင်းများစွာဖြစ်ပါတယ်။ သူတို့ဟာ “ပုဂ္ဂလိကမဟုတ်တဲ့” လူများမဟုတ်ဘူး။ ဒီပြဿနာဆွေးနွေးတိုင်း “ပုဂ္ဂလိကမဟုတ်တဲ့”ဆိုတဲ့ဝေါဟာရနဲ့ “အညတရ”ဆိုတဲ့ဝေါဟာရ မကြခဏမှားတတ်ကြပါတယ်။ လူတွေရဲ့နံမည်ကိုမသိရုံနဲ့ လူထုဟာလူထုအဖြစ်ကရပ်စဲသွားတာမဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တွေဟာ လူပုဂ္ဂိလ်အဖြစ်ရပ်စဲသွားတာမဟုတ်ပါဘူး။ အဲလိယော့ (T.S Eliot)ပြောတဲ့ “ပုဂ္ဂလိကမဟုတ်တဲ့သူများ”ဆိုတာ တခြားလူတွေမဟုတ် ဘူး။ ပိုပြီးဗြောင်ကျပွင့်လင်းတဲ့ ကွန်ဆားဗေးတစ်တယောက်ဖြစ်တဲ့ ကလာရင်ဒန်(Clarandon)ပြောတဲ့ “အမည်မရှိတဲ့ညစ်ပတ်တဲ့သူ များ”ဖြစ်တယ်။ အမည်မရှိတဲ့ ဒီသန်းပေါင်းများစွာသောလူထုများဟာ စုပေါင်းပြီးသိစိတ်ကင်းမဲ့စွာလုပ်ဆောင်နေကြတဲ့ လူမှုအင်အား စုကြီးတခုဖြစ်တယ်။ သာမန်အခြေများမှာ သမိုင်းဆရာဟာ မကျေမနပ်ဖြစ်နေတဲ့လယ်သမားတယောက်၊ မကျေမနပ်ဖြစ်နေတဲ့ရွာ တရွာကို မြင်နေလို့မဖြစ်ဘူး။ ဒါပေမယ့် ရွာထောင်ပေါင်းများစွာမှာရှိတဲ့ မကျေမနပ်ဖြစ်နေတဲ့သန်းပေါင်းများစွာသော လယ်သမားများ ကိုတော့ထည့်တွက်ရလိမ့်မယ်။
ဂျူန်းဆိုတဲ့လူတယောက် အိမ်ထောင်မပြုနိုင်တဲ့ကိစ္စကို စဉ်းစားစရာမလိုပါဘူး။ ဒါပေမယ့် ဂျူန်းရဲ့မျိုးဆက်မှာရှိတဲ့ ထောင်ပေါင်းများ စွာသောလူငယ်တွေ ဒီလို အိမ်ထောင်မပြုနိုင်ပဲဖြစ်လာပြီဆိုရင်တော့ သမိုင်းဆရာတယောက်အနေနဲ့ ဒီအချက်ကိုထည့်ပြီးမစဉ်းစား လို့မရတော့ဘူး။ လက်ထပ်ထိမ်းမြားမှုနှုန်းလျော့ကျလာတာကို သမိုင်းဆရာအနေနဲ့ စဉ်းစားလာရတော့မယ်။ ဒီအချက်ဟာ သမိုင်း အရအရေးကြီးတဲ့ကိစ္စရပ်ဖြစ်လာနိုင်တယ်။ ကြီးမားတဲ့လှုပ်ရှားမှုတိုင်းဟာ လက်တဆုပ်စာခေါင်းဆောင်တစုကြောင့် ဖြစ်ပေါ်လာတယ် လို့ထင်ပြီး ဒါတွေကို လက်ပိုက်ကြည့်နေလို့မဖြစ်ဘူး။ လှုပ်ရှားမှုကြီးတိုင်းမှာ ခေါင်းဆောင်ဆိုတာ နည်းနည်းကလေးပဲရှိတတ်ပြီး နောက်လိုက်တွေအများကြီးရှိတတ်တာပဲမဟုတ်လား။ ဒါ့ကြောင့်မို့ ဒီလှုပ်ရှားမှုကြီး အောင်မြင်ရေးမအောင်မြင်ရေးဟာ လူထုပါဝင်ဖို့ သိတ်အရေးကြီးတယ်။ သမိုင်းကို ဖန်တီးရာမှာ အရေအတွက်ဟာသိတ်အရေးကြီးတယ်။
ဒုတိယအချက်။ ။ လူပုဂ္ဂိုလ်များရဲ့လှုပ်ရှားမှုဟာ မကြာခဏဆိုသလို ရည်ရွယ်ခြင်းမရှိတဲ့၊ မျှော်လင့်ခြင်းမရှိတဲ့ရလာဒ်တွေ(မျှော်လင့်မထားတဲ့)ကို ပေးလေ့ရှိတယ်လို့ အတွေးအခေါ်ရှင်တော်တော်များများက ယူဆလက်ခံထားကြတယ်။ မိမိရဲ့ကိုယ်ကျိုးစီးပွား အတွက် သိစိတ်ရှိရှိလုပ်နေခြင်းဟာ ဘုရားသခင်ရဲ့အလိုတော်ကို သိစိတ်မရှိပဲလုပ်နေခြင်းဖြစ်တယ်လို့ ခရစ်ယာန်တော်တော်များ များက ယူဆလေ့ရှိတယ်။ ဒီသဘောကို ”ကိုယ့်အတက်အဆိုး၊ သူတပါးအတွက်အကျိုး”ဆိုတဲ့စကားနဲ့ မဲင်ဒယ်ဗီးလ်(Mendeville)က ပြောခဲ့တယ်။ အဒမ်စမစ်(Adam Smith)ပြောတဲ့ “ဝှက်ထားတဲ့လက်”ဆိုတဲ့စကားလုံးတို့၊ ဟီဂဲလ်(Hegel)ပြောတဲ့ “ဆင်ခြင်တုံတရား ၏စဉ်းလဲမှု”ဆိုတဲ့ စကားလုံးတွေဟာလည်း ဒီသဘောပါပဲ။ ကိုယ်ကျိုးအတွက်လုပ်နေတယ်လို့ထင်ရပေမယ့် တကယ်ကျတော့ သူများအတွက်လပ်ပေးနေတာမျိုးဖြစ်နေပါတယ်။ “ကုန်လုပ်ကိရိယာများကို အများစုပေါင်းထုတ်လုပ်ရာတွင် လူသည်မိမိ၏စိတ်ဆန္ဒ များနှင့် သီးခြားကင်းလွတ်ကာ တစုံတခုသောလိုအပ်သည့်ဆက်ဆံရေးများကို ပြုလုပ်ရပေသည်” ကားလ်မာ့က်စ်က သူ့ “နိုင်ငံရေးဘောဂဗေဒဝေဖန်ရေးကျမ်း”မှာ ရေးခဲ့ပါတယ်။ “လူသည် မိမိအတွက် သိစိတ်ရှိစွာအသက်ရှင်နေထိုင်ခြင်းပြုရာ၏။ သို့ရာတွင် လူ့လောကကြီး၏ သမိုင်းဆိုင်ရာရည်ရွယ်ချက်များအတွက် အလုပ်လုပ်ပေးရသော သိစိတ်မရှိသော တန်ဆာပလာတခု လည်းဖြစ်ပေသည်”လို့ တော်လ်စတွိုင်းက “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုကြီးထဲမှာရေးခဲ့ပါတယ်။ “လူတို့ မူလကရည်ရွယ်မှန်းထားခြင်း မရှိသော၊ သမိုင်းလမ်းကြောင်းကိုပြောင်းစေသောသတ္တိတမျိုးသည် သမိုင်းအဖြစ်အပျက်များထဲတွင် ရှိတတ်ပေ၏”လို့လည်း ပါမောက္ခဘတ်တာဖီးက ရေးခဲ့ဖူးပါတယ်။ ကျနော်တို့လူ့လောကရဲ့သမိုင်းမှာ စစ်ပွဲကလေးတွေချည်းဖြစ်ခဲ့တာ နှစ်ပေါင်းတရာလောက် ရှိခဲ့ပါပြီ။ ဒါပေမယ့် ၁၉၁၄ခုနောက်ပိုင်းမှာတင် ကမ္ဘာစစ်ကြီး ၂ ခုဖြစ်ခဲ့ပါတယ်။ လူပဂ္ဂိုလ်တော်တော်များများက စစ်ပွဲကိုလိုလားကြပြီး စစ်မတိုက်ချင်တဲ့လူပုဂ္ဂိုလ်ဆိုလို့နည်းနည်းလေးပဲရှိလို ဒီစစ်ပွဲကြီးတွေဖြစ်ရတယ်လို့ ပြောလို့မရပါဘူး။ ၁၉၃၀ခုနှစ်တဝိုက်က ကမ္ဘာ့ စီးပွားရေးကပ်ကြီးဖြစ်ခဲ့ရတာဟာ လူပုဂ္ဂိုလ်တချို့ကဖြစ်စေချင်လွန်းလို့ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကပ်ကြီးဆိုက်ခဲ့ရတာဟာ ကိုယ့်ရည်မှန်းချက်အသီးသီးတို့ကို သိစိတ်ရှိစွာလုပ်ဆောင်နေကြတဲ့ လူပုဂ္ဂိုလ်များရဲ့လုပ်ဆောင်မှုကြောင့်သာဖြစ်တယ်ဆိုတာကိုတော့ ဘာမှ သံသယရှိစရာမလိုပါဘူး။ ဒီလို ပြောလိုက်တဲ့အတွက် လူပုဂ္ဂိုလ်တို့ရဲ့ရည်ရွယ်ချက်နဲ့ သူ့လုပ်ဆောင်မှုရဲ့ရလာဒ်များဟာ အမြဲ တခြားစီဖြစ်နေတတ်တယ်လို့လည်း တဖက်သတ်ဆိုလိုတာမဟုတ်ပါဘူး။
၁၉၂၇ခုနှစ်တုန်းက သမ္မတဝုဒ်ရိုးဝီလ်ဆင်က စစ်ဗိုလ်ချူက်လော့ခ်ျနဲ့ပတ်သက်ပြီးပြောရာမှာ “သူ့ရည်ရွယ်ချက်ကတော့ စစ်တိုက်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အဖြစ်အပျက်တွေထဲမှာ မျောပါသွားမှာပါပဲ” လို့ ပြောခဲ့ဖူးပါတယ်။ ဒီတော့ ဒါတွေကိုထောက်ပြီး လူတွေရဲ့ရည်ရွယ်ချက်ကိုသိရင် သမိုင်းကိုရေးလို့ရပါတယ်ဆိုတဲ့အမြင်၊ အလုပ်ကိုကြည့်ခြင်းအားဖြင့် သူတို့ရည်ရွယ်ချက်ကိုသိရတဲ့ အတွက် ဒါတွေကိုကြည့်ပြီးရေးရင်ဖြစ်ပါတယ်ဆိုတဲ့အမြင်တွေဟာ သွက်သွက်လည်အောင်မှားနေပြီဆိုတာကို တွေ့နိုင်ပါတယ်။ မှန်ပါတယ်။ သမိုင်းအချက်အလက်များဟာ လူပုဂ္ဂိုလ်တွေရဲ့အချက်အလက်ပါပဲ။ ဒါပေမယ့် တဦးတည်းနေထိုင်ပြီး၊ တဦးတည်းလုပ် ကိုင်နေတဲ့လူပုဂ္ဂိုလ်တွေ၊ လုပ်ဆောင်မှုတွေ၊ သူတို့လုပ်ဆောင်ချက်တွေကို မွေးဖွားပေးလိုက်တယ်လို့ထင်ရတဲ့ရည်မှန်းချက်တွေ၊ စေတနာတွေရဲ့အကြောင်း မဟုတ်ပါဘူး။ သမိုင်းအချက်အလက်ဆိုတာဟာ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်အချင်းချင်းရဲ့ ဆက်ဆံရေးတွေ၊ တခုနဲ့တခုကွဲပြားခြားနားနေတဲ့ တခါတရံမှာ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ လူမှုအင်အားစုတွေရဲ့ အပြန်အလှန်ဆက် ဆံရေးတွေပဲဖြစ်ပါတယ်။
ကိုလင်းဝုဒ်သမိုင်းအမြင်မှာမှားတဲ့အချက်ကတော့ တခြားမဟုတ်ပါဘူး။ လူ့လုပ်ဆောင်မှုရဲ့နောက်ကွယ်မှာရှိတဲ့အတွေးအခေါ်ဟာ လူပုဂ္ဂိုလ်တဦးချင်းရဲ့အတွေးဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ အဲဒီနောက်ကွယ်မှာရှိတဲ့အတွေးကို ရှာဖွေဖို့ဖြစ်တယ်လို့ယူဆတဲ့အမှားပါပဲ။ အမှန်ကတော့ သမိုင်းဆရာကစူးစမ်းရှာဖွေရမယ့်အလုပ်ဟာ အဲဒီလုပ်ဆောင်ချက်နောက်ကွယ်မှာ ဘာရှိသလဲဆိုတဲ့အချက်ပါ။ သူပြောသလို လုပ်ဆောင်သူရဲ့စိတ်ကူး(သို့မဟုတ်)ရည်ရွယ်ချက်ကိုရှာဖွေဖို့မဟုတ်ပါဘူး။ သူပြောသလိုဆိုရင် မေးခွန်းတခြားအဖြေ တခြား ဖြစ်နေပါလိမ့်မယ်။
ဒီနေရာမှာ သမိုင်းမှာပေါ်ပေါက်ခဲ့တဲ့ ဆန့်ကျင်သူ(သို့မဟုတ်)တော်လှန်သူများအကြောင်းကို ကျနော် နည်းနည်းပြောချင်ပါတယ်။ လူ့အဖွဲ့အစည်းကိုဆန့်ကျင်ခဲ့တဲ့(သို့မဟုတ်)တော်လှန်ပုန်ကန်ခဲ့တဲ့လူပုဂ္ဂိုလ်တယောက်ကို အာဇာနည်ကြီးတွေသဖွယ် အကျယ် ချဲ့နေခြင်းဟာ လူပုဂ္ဂိုလ်နဲ့လူ့အဖွဲ့အစည်းကို တခြားစီခွဲခြားကြည့်သလိုဖြစ်နေပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူ့အဖွဲ့အစည်း တခုမှာ လူတွေအားလုံးဟာ တပြေးညီစွာရှိနေကြတာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတိုင်းဟာ ပဋိပက္ခတွေနဲ့ပြွန်းတီးနေတဲ့နေရာကြီး တခုပါ။ အုပ်စိုးသူများဟာ လူ့အဖွဲ့အစည်းရဲ့ထုတ်ကုန်ပစ္စည်းတွေဖြစ်ကြသလို အာဏာကိုဆန့်ကျင်ဖီဆန်သူများဟာလည်း လူ့အဖွဲ့ အစည်းရဲ့ထုတ်ကုန်ပစ္စည်များဖြစ်ကြပါတယ်။ ဒုတဆိယမြောက် ရစ်ချဒ်ဘုရင်ဟာ ၁၄ ရာစုနှစ် အင်္ဂလန်ပြည်မှာအားကောင်းတဲ့လူမှု အင်အားစုများကို ကိုယ်စားပြုသူဖြစ်ပါတယ်။ အလားတူပဲ ကက်သရင်းဘုရင်မကြီးဟာလည်း ဆယ့်ရှစ်ရာစုရုရှားပြည်မှာ အားကောင်းတဲ့လူမှုအင်အားစုများကို ကိုယ်စားပြုသူဖြစ်ပါတယ်။ ဒီအတိုင်းပဲ သူတို့ခေတ်မှာ ပေါ်ပေါက်ခဲ့ကြတဲ့ အင်္ဂလိပ် သူပုန်ခေါင်းဆောင် ဝပ်တိုင်လာ(Wat Tyler)နဲ့ ရုရှားမြေကျွန်သူပုန်ကြီးကိုခေါင်းဆောင်ခဲ့တဲ့ ပူဂါချက် (Puga Chev)တို့ဟာလည်း သူတို့ခေတ်နဲ့ သူတို့တိုင်းပြည်ကသီးခြားဖြစ်တဲ့ လူမှုအခြေအနေများထဲကပေါ်ထွက်လာတဲ့ ထုတ်ကုန်ပစ္စည်းများဖြစ်ပါတယ်။ ဒါ့ကြောင့် ဝပ်တိုင်လာနဲ့ပူဂါချက်တို့ကို လူ့အဖွဲ့အစည်းကိုဆန့်ကျင်တိုက်ခိုက်တဲ့လူပုဂ္ဂိုလ်များအဖြစ်ဖေါ်ပြရင် မှားပါလိမ့်မယ်။ ဒီလိုသာ လူပုဂ္ဂိုလ်တဦးချင်းသက်သက်သာဆိုရင် သမိုင်းဆရာဟာ သူတို့ကို ကြားတောင်ကြားဖူးစရာ အကြောင်းမရှိတော့ပါဘူး။ သူတို့ တတွေသမိုင်းမှာထင်ရှားလာခဲ့ခြင်းဟာ သူတို့ရဲ့ နောက်လိုက်နောက်ပါများကြောင့်သာဖြစ်ပါတယ်။ ကောင်းပြီ၊ ဒီ့ထက်နည်းနည်း သိမ်မွေ့တဲ့အဆင့်မှာရှိတဲ့ တဦးချင်းဆန့်ကျင်သူများကို ကြည့်ကြဦးစို့။ သူ့ခေတ်ကလူ့အဖွဲ့အစည်းကြီးကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ဂျာမန်ဒဿနပညာရှင် နစ်ရှေး(Nietgache)ဟာ ထိပ်တန်းက ပါခဲ့ပါတယ်။ သို့တိုင်အောင် နစ်ရှေးဟာလည်း အဲဒီခေတ်ဥရောပ၊ အထူးသဖြင့် ဂျာမန်လူ့အဖွဲ့အစည်းထဲက တိုက်ရိုက်ပေါ်ထွက်လာတဲ့ ထုတ်ကုန်ပစ္စည်းတခုမျှသာဖြစ်ပါတယ်။ တရုတ်ပြည်လိုနေ ရာမျိုး၊ ပီရူးပြည်လိုနေရာမျိုးမှ မပေါ်ပေါက်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ နစ်ရှေးသေပြီးနောက် မျိုးဆက်တဆက်လောက်ကြာမှသာ လျှင် နစ်ရှေးလိုပုဂ္ဂိုလ်မျိုး၊ နစ်ရှေးလိုအယူအဆမျိုးပေါ်ထွကိစေဖို့အတွက် ဥရောပ အထူးသဖြင့် ဂျာမနီမှာရှိတဲ့လူမှုအင်အားစုများဟာ ဘယ်လောက်အင်အားတောင့်တင်းတယ်ဆိုတာကို သူနဲ့ခေတ်ပြိုင်ပုဂ္ဂိုလ်များ သဘောပေါက်လာခဲ့ကြပါတယ်။ ဒီတော့ နစ်ရှေးဟာ သူ့မျိုးဆက်လက်ထက်မှာထက် နောင်မျိုးဆက်လက်ထက်မှာ ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပါတယ်။
သမိုင်းမှာ တော်လှန်ဆန့်ကျင်သူရဲ့အနေအထားဟာ ကြီးမြတ်သူရဲ့အနေအထားမျိုးနဲ့ အတူတူပါပဲ။ သမိုင်းကို ကြီးမြတ်သူတွေက ဖန်တီးတယ်ဆိုတဲ့သမိုင်းအမြင်(တနည်းပြောရရင် မင်းကောင်းမင်းမြတ်ဖြစ်တဲ့ အဲလိဇဘက်ဘုရင်မကြီးသမိုင်းအမြင်)ဟာ ခေတ် မမီတော့ပါဘူး။ ဒုတိယကမ္ဘာစစ်အပြီးမှာ စာအုပ်တိုက်တတိုက်က အများသုံးသမိုင်းစာအုပ်လေးတွေထုတ်ဖို့ သမိုင်းဆရာများကို ဖိတ်ခေါ်ပြီး ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့အတ္ထုပ္ပတ္တိကိုပြုစုရင်း သမိုင်းသဘောလည်းဝင်အောင် ဆောင်းပါးလေးတွေရေးပေးပါဆိုတော့ သမိုင်းဆရာကြီး ဂျေ၊ ပီ တေလာ(J.P Taylor)က သူ့ရဲ့ဆောင်ါးးတိုလေးတစောင်မှာ “နပိုလီယန်၊ ဘစ်စမတ်၊ လီနင်ဆိုတဲ့ ဧရာမ ပုဂ္ဂိုလ်ကြီး ၃ ယောက်အကြောင်းကိုရေးလျှင် ဥရောပသမိုင်းကုန်ပြီလို့ရေးခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့လေးနက်တဲ့ စာတမ်းများမှာတော့ ဒီသဘောမျိုးရေးတာကို တခါမှမတွေ့ဖူးသေးပါဘူး။ ကောင်းပြီ၊ ဒါဖြင့်ရင် သမိုင်းမှာ ကြီးမြတ်ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့ အခန်းကဏ္ဍဟာဘာလဲ။ ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာဟာလဲ တဦးချင်းပုဂ္ဂိုလ်မဟုတ်လား။ သူဟာ ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် ထင်ရှားတဲ့လူမှုအခြင်းအရာတရပ်ပဲမဟုတ်လား။ သူဟာ ကြီးကျယ်ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတဦးဆိုရင် ကြီးကျယ်ထင်ရှားတဲ့လူမှု အခြင်းအရာတရပ်ပဲပေါ့။ ဒီ့ထက် ဘာပိုရဦးမှာလဲ။ “အာဇာနည်ပုဂ္ဂိုလ်ကျော်များနှင့်ထိုက်တန်သည့်ခေတ်ကြီး ပေါ်ထွန်းလာရတော့ မယ်”လို့ ဂစ်ဘွန်း (Gibbon)ကရေးခဲ့ပါတယ်။ ဒါပေမယ့် “နပိုလီယန်လိုနာပတ်၏ ဒုတိယလ ဆယ့်ရှစ်ရက်”ဆိုတဲ့ ကျမ်းမှာတော့ ကားလ်မာက်စ်က သူနဲ့ပြောင်းပြန်ပြောခဲ့ပါတယ်။ “ပြင်သစ်ပြည်မှလူတန်းစားစစ်ပွဲသည် သာမန်လူပြိန်းအား သူရဲကောင်းဝတ်စုံ ကိုဝတ်နိုင်အောင် အခြေအနေများကိုဖန်တီးပေးခဲ့သည်”လို့ ဆိုခဲ့ပါတယ်။ တကယ်လို့သာ ဘစ်စမတ်ဟာ ၁၈ ရာစုမှာ မွေးခဲ့တယ် ဆိုရင်(တကယ်တော့ ဒီလိုပြောတာတောင်လွန်လှပြီ၊ ၁၈ ရာစုမှာမွေးခဲ့ရင်လည်း ဘစ်စမတ်ရယ်လို့ ဘယ်ဖြစ်လာပါ့မလဲ) ဂျာမနီ ပြည်ကြီးကိုစည်းရုံးနိုင်ခဲ့မှာမဟုတ်ဘူး။ သူဟာလည်း ထင်ရှားတဲ့ပုဂ္ဂိုလ်ကျော်ကြီးတယောက် ဖြစ်လာမှမဟုတ်ဘူး။ ဒါပေမယ့် “ပုဂ္ဂိုလ်ကျော်တို့မည်သည် အဖြစ်အပျက်တို့ကိုနံမည်တပ်ပေးသည့် တံဆိပ်စက္ကူနှင့်အတူတူပင်တကား”လို့ တော်စတွိုင်းလိုလည်း ပုဂ္ဂိုလ်ကျော်ရဲ့အခန်းက ဏ္ဍကိုလုံးဝပစ်ပယ်ရမယ်လို့ ကျနော်မဆိုလိုပါဘူး။ တခါတလေမှာ ပုဂ္ဂိုလ်ကျော်တို့ကို ဆည်းကပ်ကိုးကွယ်မှု ဟာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေကို သက်ရောက်စေခဲ့ပါတယ်။ နစ်ရှေးရဲ့လူလွန်ပုဂ္ဂိုလ်ကျော်(Super Man)ဟာ တော်တော် စက်ဆုပ်စရာကောင်းတဲ့လူမျိုးဖြစ်ပါတယ်။ လောလောဆယ် ပုဂ္ဂိုလ်ကိုးကွယ်မှုကိုထူထောင်ခဲ့တဲ့ ဟစ်တလာတို့၊ စတာလင်တို့ အကြောင်းကိုတော့ ကျနော်မပြောလိုတော့ပါဘူး။ ကျနော်ပြောချင်တာက ပုဂ္ဂိုလ်ကျော်ရဲ့အခန်းကဏ္ဍကို ပိုလည်းမတွက်သင့်ဘူး။ ပုဂ္ဂိုလ်ကျော်ဆိုတဲ့လူတွေဟာ လူဆိုးတွေချည်းပဲလို့လည်း မယူအပ်ဘူးဆိုတဲ့သဘောကို ပြောချင်တာပါ။ ပုဂ္ဂိုလ်ကျော်ကို သမိုင်းရဲ့ အပြင်ဘက်မှာထားပြီး သမိုင်းလမ်းကြောင်းသည်ပင်လျှင် သူပြောင်းလဲလို့ ပြောင်းသွားရတယ်လို့ယူဆတဲ့အမြင်ဟာ မှားတယ် လို့ပြောချင်တာပါ။ ဒီနေရာမှာတော့ ဟီးဂဲလ်ရဲ့အဆိုအမိန့်ဟာ စံထား လောက်တဲ့အဆိုအမိန့်ဖြစ်နေပါသေးတယ်။ သူက.. "ခေတ် တခေတ်၏ပုဂ္ဂိုလ်ကျော်ဆိုသည်မှာ သူ့ခေတ်၏ဆန္ဒကိုထုတ်ဖော်ပြောဆိုနိုင်သူ၊ သူ့ခေတ်၏ဆန္ဒသည် မည်သို့သောဆန္ဒဖြစ်သည်ကို ပြောဆိုနိုင်သူ၊ ထိုဆန္ဒကို အကောင်အထည်ဖော်နိုင်သူသာ ဖြစ်ပေသည်။ သူ၏ အလုပ်တို့သည် သူ့ခေတ်၏စိတ်ဆန္ဒ၊ သူ့ခေတ်၏ အနှစ်သာရဖြစ်ပေသည်။ သူသည် သူ့ခေတ်ကြီးကို ကိုယ်စားပြုရုပ်လုံးဖော်သူဖြစ်သည်” လို့ သူက ရေးခဲ့ပါတယ်။ “စာရေးဆရာ အကျော်အမော်တို့မည်သည် လူတို့၏အသိဉာဏ်ကိုမြှင့်တင်ပေးနိုင်သည့်အတိုင်းအတာအလိုက် ကြီးကျယ်ကြပါပေသည်”လို့ ဒေါက်တာလဲဗစ်ကရေးခဲ့တာဟာလည်း ဒီသဘောပါပဲ။ ဒါကြောင့် ပုဂ္ဂိုလ်အကျော်ဆိုတာဟာ အင်အားစုတွေကိုရင်လည်းကိုယ်စားပြု တယ်။ ဒါမှမဟုတ်လည်း တည်ဆဲအင်အားစုတွေကိုဆန့်ကျင်ပြီး သူကိုယ်တိုင်ပါဝင်ဖန်တီးနေတဲ့အင်အားစုတွေကို ကိုယ်စားပြုနေရ တာချည်းပါပဲ။ ဒီအထဲမှာ ကရွမ်းဝဲလ်တို့လီနင်တို့လို သူတို့ကိုပုဂ္ဂိုလ်ကျော်အဖြစ်ရောက်အောင် သယ်ဆောင်လာတဲ့အင်အားစုတွေကို ပုံသွင်းဖန်တီးပေးနိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒီလိုမဟုတ်ပဲ နပိုလီယန်တို့ဘစ်စမတ်တို့လို တည်ဆဲအင် အားစုတွေရဲ့ကျောပေါ်ကိုတက်စီးပြီး၊ သူတို့ကြီးကျယ်အောင်မှုကိုရအောင် လုပ်သွားတယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကျော်မျိုးဟာ အနိမ့်တန်းစာပုဂ္ဂိုလ်ကျော်လို့ပဲခေါ်ရမှာပါပဲ။ ဒီအထဲမှာ ကိုယ့်ခေတ်ကိုကျော်ပြီး နောင်လာနောင်သားတို့ရဲ့လက်ထက်ကျမှသာ ပုဂ္ဂိုလ်ကျော်အဖြစ် တသသအောက်မေ့သတိရနေကြရတဲ့ပုဂ္ဂိုလ်ကျော်မျိုးတွေကိုလည်း ကျနော်တို့ မမေ့သင့်ပါဘူး။ ကျနော် အဓိကထားပြီး ပြောချင်တာကတော့ ပုဂ္ဂိုလ်ကျော်ဆိုတာ သမိုင်းဖြစ်စဉ်ရဲ့ထုတ်ကုန်ပစ္စည်းနဲ့ကိုယ်စားလှယ်တဦးဖြစ်တယ်။ ကမ္ဘာကြီး ရဲ့ပုံပန်းသဏ္ဍန်နဲ့လူတွေရဲ့အတွေးအခေါ်ကိုပြောင်းလဲစေတဲ့ လူမှုအင်အားစုတွေကို ဖန်တီးသူနဲ့သူတို့ရဲ့ကိုယ်စားလှယ်ဖြစ်တယ် ဆိုတဲ့အချက်ကို ကျနော်ပြောချင်ပါတယ်။
သမိုင်းဆိုတာဟာလည်း လူပုဂ္ဂိုလ်တွေက လူမှုသတ္တဝါများအနေနဲ့ပါဝင်စုပေါင်းနေတဲ့ လူမှုဖြစ်စဉ်တခုသာဖြစ်ပါတယ်။ (စုပေါင်းဖြစ်စဉ်တခုသာဖြစ်ပါတယ်) သမိုင်းဆိုရာမှာလဲ သမိုင်းဆရာရဲ့စူးစမ်းမှုနဲ့ သူစူးစမ်းနေတဲ့အချက်အလက်များ ၂ ခုစလုံး ကိုပြောခြင်းဖြစ်ပါတယ်။ လူပုဂ္ဂိုလ်နဲ့လူ့အဖွဲ့အစည်းရယ်လို့ စိတ်ကူးနဲ့မှန်းပြီးပိုင်းခြားထားခြင်းဟာ ကျနော်တို့အမြင်ကို ရှုပ်ထွေးစေ ပါတယ်။ သမိုင်းဆရာနဲ့အချက် အလက်တို့ဆက်သွယ်မှုဟာ(ဒါကို ကျနော်က အတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့နှီးနှောဖလှယ်မှုလို့ ခေါ်ချင်ပါ တယ်) ဒြပ်မဲ့ပုဂ္ဂိုလ်နဲ့ တသီးတခြားစီဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကြားက နှီးနှောဖလှယ်ပွဲမဟုတ်ပါဘူး။ ဒီနေ့လူ့အဖွဲ့အစည်းနဲ့ မနေ့ကလူ့ အဖွဲ့အစည်းတို့ကြားက နှီးနှောဖလှယ်မှုဖြစ်ပါတယ်။ ဘတ်ဟာ့ရဲ့စကားနဲ့ပြောရရင် “သမိုင်းဆိုတာဟာ ခေတ်တခေတ်က အခြားခေတ် တခေတ်မှာလေ့လာမှတ်သားစရာရှိတာများကို ရေးမှတ်ထားတဲ့မှတ်တမ်းသာ”ဖြစ်ပါတယ်။ ကျနော်တို့ဟာ ပစ္စုပ္ပန်ရဲ့အလင်းရောင်ထဲ မှာကြည့်မှသာလျှင် အတိတ်ကိုနားလည်ပါလိမ့်မယ်။ အလားတူပဲ ပစ္စုပ္ပန်ကိုလည်း အတိတ်ရဲ့အလင်းရောင်ထဲမှာကြည့်မှသာလျှင် နားလည်နိုင်ပါလိမ့်မယ်။ သမိုင်းရဲ့အလုပ်တာဝန် ၂ ခုရှိပါတယ်။ တခုကတော့ အတိတ်လူ့အဖွဲ့အစည်းအကြောင်းကိုနားလည်အောင် လုပ်ဖို့နဲ့ ပစ္စုပ္ပန်လူ့အဖွဲ့အစည်းကို ပိုမိုပိုင်နိုင်စွာနားလည်အောင်လုပ်ဖို့ဖြစ်ပါတယ်။ ဒါဟာ သမိုင်းကလုပ်ရမယ့်အလုပ် ၂ ခုဖြစ်ပါတယ်။
(ဆရာမြသန်းတင့် ဘာသာပြန်သည့်ခေတ်သစ်သမိုင်းဋီကာမှ -လူထုဟာသမိုင်းဖန်တီးသူဖြစ်တယ်- ဆိုတဲ့အခန်းကိုဖော်ပြပေးတာပါ။ ဆက်ပြီးလည်းတင်သွားပေးမယ်တွေးထားပါတယ်။ ပုံနှိပ်မှတ်တမ်း-မူရင်းဟောပြောသူနဲ့ဆိုင်တဲ့ ကိုယ်ရေးအကျဉ်း စတာတွေလည်း အပြည့်အစုံဖော်ပြပေးပါမယ်)
မျိုးမြင့်ချို
ဇန်နဝါရီ ၃ ရက် ၂၀၁၂
0 comments:
Post a Comment