အိပ်ရာမှနိုး၍ ရေချိုးခန်းမှန်ရှေရပ်ကာ မျက်နှာ သစ်ရန်ပြင်ဆင်သောအခိုက်ကျမှ ကျွန်တော့်တွင် ခေါင်းမရှိတော့သည့်အဖြစ်ကို ရုတ်ခြည်း တွေ့သိလိုက်ရခြင်းဖြစ် သည်။
လက်ထဲတွင်သွားပွတ်တံကိုကိုင်ကာ ကျွန်တော်ကြောင်ငေး နေမိသည်။ မနေ့ညကပင် တယ်လီဗေးရှင်းရှေ့တွင် ထိုင်ကာ အစီစဉ်ပြီးဆုံးသည်အထိ ကြည့်ရှုနေခဲ့သေးသည် မနက်မိုးလင်းကျမှ ကျွန်တော့် ခေါင်းက ဘယ်ရောက် သွားရသလဲ။
အိပ်ရာမှအထ အိပ်ရာထဲတွင်ပင် မေ့ကျန်ရစ်ခဲ့လေသလား၊ ခုတင်ရှိရာသို့ သွားကြည့်မိ၏။ တွန့်ကြေနေသော အိပ်ရာခင်းပေါ်တွင် တွားသွားနေသော ကြမ်းပိုးတစ်ကောင်ကို တွေ့ရ၏။ ကျွန်တော့်ခေါင်းက ကြမ်းပိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသလား။ မနေ့ညကပင် အိမ်အပြန် လမ်းထိပ်စတိုးဆိုင်က မျက်နှာသစ်ရန် မွှေးဆပ်ပြာအသစ်တစ်တုံးကို ကျွန်တော် ဝယ်ခဲ့သေးသည်။ ယခု ဤဆပ်ပြာကိုလွှင့်ပစ်ရတော့မည်လော၊ ခန္ဒာကိုယ်တွင် ခေါင်း မရှိနေခြင်းမှာ ထူးထူးခြားခြားထိခိုက်စရာဟု မထင်ရသော်လည်း အတော်အသင့် ကသိကအောက်နိုင်စေတာက အမှန်ပင်ဖြစ်သည်။ ဥပမာ ကျွန်တော့်မျက်မှန်ကိုဘယ်နေရာတွင် တပ်ဆင်ရပါမည်နည်း၊ ခြေမျက်စေ့တွင် တပ်ဆင်၍လည်း မတင့်တယ်။
ပြတင်းတံခါးကို ကျွန်တော် တွန်းဖွင့်လိုက်၏ အဝေး သစ်တောအုပ်တို့အထက်မှ တဖြည်းဖြည်းထွက်ပေါ် လာသော လုံးဝန်းသည့်အရာဝတ္တုတခုကိုတွေ့လိုက်ရသဖြင့် ပျောက်ဆုံးနေသော ကျွန်တော့်ခေါင်းဟုထင်ကာ ဝမ်းသာသွားသည်။ သို့သော် ထိုအရာမှာနေလုံးကြီး ဖြစ်နေလေသည်။ ကျွန်တော် အိမ်က ထွက်ခဲ့သည်။ အမေက ဘယ်လဲ ဟု မေးသည်။ ကျွန်တော်က
“ခေါင်းကို သွားရှာလိုက်အုံးမယ် အမေ” ဟုပြောခဲ့သည်။ ကားဂိတ်တွင် ကားရပ်ထားအခိုက် စပယ်ယာက လူခေါ်နေသည်။
“လာနော်..ကတ္တရာလမ်း အတိုင်းသွားမယ်..ခေါင်းရောကိုယ်ပါလိုက်မှ မြန်မာငွေနဲ့ ၂၀ဝ ပဲပေးရမယ်”
“ဒါဆိုရင် ငါက ကိုယ်ပဲလိုက်မယ်ကွာ ၁၀ဝ ပဲယူ” ကျွန်တော် ပြောလိုက်သည်ကို စပယ်ယာက ပြုံးကြည့်ရင်း
“အစ်ကိုကြီးက တော်တော် နောက်တတ်တာပဲ” ဟုဆိုလေသည်။
ခက်သည်က ကျွန်တော့်ခန္ဓာကိုယ်မှ ခေါင်းပျောက်ဆုံးနေသည်ဆိုခြင်းက ကြားရသူတို့အနေဖြင့် လက်သင့်ခံ ရန်အသင့်မရှိခြင်းပင်ဖြစ်သည်။ ဖြစ်ရိုးဖြစ်စဉ်ကိစ္စများဖြင့်အသားကျနေသူတို့အဖို့ ဤကိစ္စမှာ ရှားပါးသောပြက်လုံးတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။ သို့သော် ကျွန်တော့်ခေါင်းကတော့ အမှန် တကယ်ပင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်လေသည်။
ရန်ကုန်ရောက်သောအခါ ကျွန်တော့်ခေါင်း ကျက်စားတတ်သောနေရာများတွင် လိုက်ရှာကြည့်သည်၊ ပထမ မြို့လည်ရုပ်ရှင်ရုံများတဝိုက်ဆီသို့ ရောက်ရှိသွား၏။ နောက်မှ လုပ်ကြံထားသည့် အပေါစားဇာတ်လမ်းများ ကိုသာ တခမ်းတနားတင်ပြနေသည့်ရုပ်ရှင်ရုံများဆီသို့ ကျွန်တော်မရောက်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သတိရလာ၏။ နောက် စာကြည့်တိုက်များဆီသို့ ရောက်သွားသည်။ စာကြည့်တိုက်များမှာ ခြောက်ကပ် တိတ်ဆိတ်၍နေသည်။ ဖတ်လိုသောစာအုပ်များ မရှိ။ စင်ထောင့်တစ်နေရာတွင်တွေ့ရသော ဖုံတက်နေသည့် အနောက်တိုင်း ဒဿနသမိုင်းဆိုသောစာအုပ်ကြီးကို တရွက်ချင်းလှန်ကာရှာဖွေပါသော်လည်း ခေါင်းကို ရှာမတွေ့။
မိတ်ဆွေများထိုင်တတ်သော လက်ဖက်ရည်ဆိုင်များဆီသို့ ရောက်ပြန်၏။ သူတို့က ကပ်ဖလာအကြောင်း ဗဟုဝါဒအကြောင်း ပို့စ်မော်ဒန်အကြောင်း အိတ်ဇစ်စတယ်ရှယ်လစ်ဇင်းအကြောင်း ကူရိုးဆားဝါးအကြောင်း ရိုဇင်ဘက်၏ ပန်းချီကားများအကြောင်း ရက်ပ် ဂီတအကြောင်း တယောက်တပေါက် ပြောဆိုနေကြသည်။
“မနက်ကတည်းက ခေါင်းပျောက်သွားလို့ လိုက်ရှာနေတာ” ဟုပြောတော့ သူတို့က ဝိုင်းရယ်ကြသည်။
တစ်ယောက်က...“ခင်ဗျားကတော့ စိတ်ရောဂါကုဆရာဝန်နဲ့ သွားတွေ့သင့်ပြီ...”
တစ်ယောက်က...“ဂျာနယ်တခုခုမှာ ကြောငြာထည့်လိုက်ပေါ့”
တစ်ယောက်က...“အတု တပ်ဆင်ရေးဌာနတခုကို သွားလိုက်ပါ၊ အဆင်ပြေသွားလိမ့်မယ်”
ထိုသို့ပြောသောသူမှာ မတော်တဆထိခိုက်မှုတွင် ခြေထောက်တစ်ဖက်ဆုံးရှုံးသွားသဖြင့် ခြေတုတပ်ဆင် ထားသောသူတစ်ဦးဖြစ်သည်။ သို့သော် ခေါင်းကို အတုတပ်ဆင်၍ ရ မရတော့ သူသေသေချာချာ မသိဟု ဆိုသည်။
ဂျာနယ်တစောင် ရုံးထိုင်ရာသို့သွား၍...
“မနေ့က ကျွန်တော်ခေါင်း ကျပျောက်သွားတယ်၊ ကောက်ရသူပြန်ပေးပါက ထိုက်သင့်သလို ကျေးဇူးဆပ်ပါ မည်”
ဤစာသားကိုရေးကာ အယ်ဒီတာကို ပေးလိုက်သည်။ အယ်ဒီတာက...
“ခင်ဗျား ခေါင်းထဲမှာ ဘာတွေပါသလဲ” ဟုမေးပါသည်။
သူက..“ဥပမာဗျာ... ပိုက်ဆံအိတ်တစ်အိတ်ကို ကောက်ရတယ်ဆိုရင် အထဲမှာ ပိုက်ဆံ၊ လက်ဝတ်လက်စား၊ ကားလိုင်စင်၊ မှတ်ပုံတင်၊ အရေးကြီးသော စာရွက်စာတမ်းများ စသဖြင့် ပါတတ်သလိုပေါ့ဗျာ” ဟုပြောသည်။ စေ့စပ်သေချာသောအယ်ဒီတာနှင့် ကျွန်တော် တွေ့နေရသည်ထင်ပါရဲ့။
“အင်း... ကျွန်တော့်ခေါင်းထဲမှာ ဟုတ်လား၊ ကျွန်တော့် ခေါင်းထဲမှာပါတာတွေက မနာခံတတ်မှု၊ မုန်းတီးမှု၊ စံသွေမှု ပြီးတော့ (လေသံ...အနည်းတိုး၍)ကြီးကျယ်မြင့်မြတ်မှု၊ ပြီးတော့... အဲ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု လည်း ပါမယ်ထင်ပါတယ်”
အယ်ဒီတာက လက်ကာပြလိုက်သည်။
“တော်ပါပြီ...ဒီလောက်ဆို ရပါပြီ... ခင်းဗျား ခေါင်းကတော့ အဝိုင်းပါနော်”
“အဝိုင်းပါပဲ... လေးထောင့်မဖြစ်ခဲ့တာကို အခုမှ နောင်တရနေပါတယ်”
ကျွန်တော် အယ်ဒီတာ ရုံးခန်းမှာ ထွက်လာခဲ့သည်။ သူငယ်ချင်းတစ်ယောက်က ညွှန်လိုက်သလို သူ နောက်ပြောင်ပြောခဲ့တာလည်း ဖြစ်နိုင်ပါသည်။ စိတ်ရောဂါကုဆရာဝန်ထံ ရောက်သွားပြန်သည်။
“ကျွန်တော် ဘာကူညီရမလဲ”
“ကျွန်တော့်ခေါင်း ပျောက်သွားလို့ပါ”
“ဘယ်တုန်းကလဲ”
“ဒီမနက်ပဲ”
“သေချာရဲ့လား”
“အင်း... မသေချာလှဘူး..။ ဒီထက်မက စောစောကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဒီနေ့မနက်ကျမှ ကျွန်တော် သတိပြုမိတာလဲ ဖြစ်နိုင်ပါတယ်”
ဆရာဝန်က ကျွန်တော့်ကို သတင်းစာတစ်စောင် ထိုးပေးသည်။
“ခေါင်းစဉ်တွေကို ဖတ်ပြပါ”
ကျွန်တော် သေသေချာချာ ဖတ်ပြလိုက်၏။
“ခင်းဗျားမှ ခေါင်းရှိနေသားပဲ”
“မရှိပါဘူး ဒေါက်တာ”
“ခင်ဗျား...အစာစားနိုင်သလား”
“သကြားအုပ်ထားတဲ့ အစားအစာကလွဲရင် အကုန်စားတယ်”
“အသံဗလံတွေရော အကုန်ကြားလား”
“မသူတော်ခုနှစ်ပါးရဲ့ အသံတွေကလွဲရင် အကုန်ကြားတယ်”
ဆရာဝန်က ကျွန်တော့်ကို မေးခွန်းအတော်များများမေးခဲ့သည်။
“ခင်ဗျားဟာ သာမန်လူတွေနဲ့ဘာမှမထူးခြားပါဘူး။ ခင်ဗျားခေါင်းကလဲ ခင်ဗျားကိုယ်မှာပဲ နဂိုအတိုင်းရှိနေပါ တယ်”
“မရှိပါဘူး ဒေါက်တာ”
ဆရာဝန်ထံမှ လုံလောက်သောအဖြေမရပဲ ကျွန်တော်ပြန်လာခဲ့ရသည်။ ကျွန်တော့်ခေါင်း ဘယ်ရောက်သွား သနည်း၊ လမ်းလျှောက်ရင်း စဉ်းစားလာခဲ့သည်။ လမ်းတွင် ကျပျောက်ခဲ့သည်ထားဦး ကျွန်တော့်ခေါင်းက လိမ္မော်သီးလိုအခွံခါ စား၍ရသည်မဟုတ်။ ပန်းတစ်ပွင့်လို ဧည့်ခန်းတွင် အလှပြင်ထား၍ မတင့်တယ်။ ထိုမျှ အသုံးမကျသောအရာကို မည်သူက ကောက်သွားနည်း။ သို့မဟုတ် ကျွန်တော့်ခေါင်းသည် အိပ်မက်တခုခု နောက်သို့ အလည်လိုက်သွားလေသလား၊ သို့မဟုတ် ကောက်ကျစ်သော ည တစ်ညကပင် ပြန်ပေးဆွဲ သွားလေသလား၊ သို့မဟုတ် နွေလယ်စမ်းအိုင် တခုလို ဘာသာ တစ်စတစ်စခန်းခြောက်ပျောက်ဆုံး သွားခဲ့လေသလား သို့မဟုတ်...
ကျွန်တော် စိတ်ပျက်အားလျော့သောခြေလှမ်းများဖြင့် အိမ်ပြန်လာခဲ့သည်။ လမ်းထိပ်အရောက်တွင် ကျွန်တော့်ဆီသို့လိမ့်လာသော လုံးဝန်းသည့်အရာဝတ္တုတစ်ခုကို တွေ့လိုက်ရသဖြင့် ကျွန်တော့် ခေါင်းဟု ထင်ကာ ဝမ်းသာသွားသည်၊ သို့သော် ထိုအရာမှာ လမ်းထဲကကလေးများ ကန်လိုက်သော ဘောလုံးတစ်လုံး ဖြစ်နေလေသည်။ အိမ်ထဲသို့ ဝင်သွားသော ကျွန်တော့်ကို အမေက..
“မင်း...တစ်နေ့လုံး ဘယ်သွားနေလဲ၊ ဒီမှာ မင်း ဦးထုပ်၊ အိမ်မှာ မေ့ကျန်ခဲ့တယ်…”
အမေ့စကားကြောင့် ကျွန်တော် တုန်လှုပ်အံ့သြသွားသည်။ အမေပြသော ဦးထုပ်ကို ကိုင်ကြည့်ရင်း...
“အမေ… ဒါ ကျွန်တော့် ဦးထုပ်လား”
“ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ ”
အမေ့မေးခွန်းကို ဖြေစရာ မလိုပါ၊ ကျွန်တော် ဝမ်းသာသွားသည်၊ ယခု ဆောင်း၍ မရသော်လည်း ကျွန်တော့် တွင် ဦးထုပ်တစ်လုံးရှိနေခြင်းမှာ ကျွန်တော့်တွင်ခေါင်းရှိကြောင်း သွယ်ဝိုက်ကာသက်သေပြရာ ရောက်သောကြောင့် ဖြစ်လေသည်။
သစ္စာနီ
ဆရာသစ္စာနီ၏ FaceBook စာမျက်နှာမှ တဆင့်ပြန်လည်ဖေါ်ပြပါသည်။
ဝတ္ထုသရုပ်ဖေါ်ပန်းချီထိန်လင်း။
ဒီနေရာကယူပါတယ်http://www.kaungkin.com/index.php?option=com_content&view=article&id=616:story&catid=36:2009-04-17-01-30-11&Itemid=67
0 comments:
Post a Comment