Wednesday, January 4, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၄) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၄)ဇန်နဝါရီ ၄ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ပြီးခဲ့အပတ်က ဖွဲ့စည်းစ အင်န်အယ်လ်ဒီထဲရောက်လာကြတဲ့အောက်ခြေထုပါတီဝင် အနေ အထားကို အထိုက်အလျှောက်တင်ပြခဲ့ပြီးလို့ ဒီတပတ်တော့ မြို့နယ်အဆင့်ဆော်သြ သူတွေကြားက အခြေအနေလေးကိုတင်ပြပါ့မယ်။ ရှေ့ပိုင်းတွေမှာပြောခဲ့သလို ကျနော် တို့မြို့ကလေးဟာ တပ်မြို့ဖြစ်တာ၊ တပ်ထွက်တွေများတာ၊ တပ်နဲ့မကင်းရာ မကင်းကြောင်းတွေရှိတာအပြင် ရန်ကုန်တိုင်းမှာလည်း အထိုက်အလျှောက်ကျယ်တဲ့ မြို့နယ်တွေထဲမှာပါနေပါတယ်။

            မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာရုံးတွေအကုန်လုံးလိုလိုက ကျနော်တို့မြို့ကလေးမှာမရှိတော့ ရုံးကိစ္စပေါ်တိုင်းပေါ်တိုင်းမြို့နယ်ကိုသွားနေရတာလည်း တဒုက္ခလို့ဆိုရမလိုပါပဲ။ နောက်တချက်က မြို့နယ်အဆင့်အာဏာပိုင်တွေထဲ မှာလည်း ကျနော်တို့ဆီကလူဆိုတာ အလွန်နည်းပါတယ်။ မဆလ ခြင်းအတူတူ၊ စစ်ဗိုလ်လူထွက်ခြင်းအတူတူတောင် နေရာရကြတာ မှာမတူပါဘူး။ လက်သင့်ရာစားတော်ခေါ်တယ်ဆိုတဲ့အမြင်တွေလည်း ကျနော်တို့ဆီမှာရှိနေပါတယ်။ ကြိုးနီစနစ်တခုတည်းအောက် မှာနေကြရတာခြင်းအတူတူ ဘာလေးဖြစ်ဖြစ် မြို့နယ်ကလူတွေဆီသွားပြီး အရင်ဆုံးသံတော်ဦးတင်ရ၊ သူတို့ခွင့်ပြုမှအထက်ကို ဆက်တင် ဆိုတာတွေကလည်း တကယ့်လက်တွေ့မှာဖြစ်နေတာ ငြင်းလို့မရပါဘူး။ ဆိုတော့ မြို့ကလေးမှာ အခွင့်သာတဲ့အခါ ဒို့လည်းမြို့နယ်အဆင့်ရအောင်တော့လုပ်မှဆိုတဲ့ စိတ်အခံကရှိနေပြီးဖြစ်ပါတယ်။ တချို့လည်း မဆလခေတ်မှာ ကြိုးစားခဲ့ကြဖူးတယ် လို့ဆိုပါတယ်။

            ပါတီတွေထောင်ကြဟေ့ဆိုတော့ ဆိုင်းဘုတ်တင်ပြီး သတ်သတ်မှတ်မှတ်ရုံးခန်းသဘောမျိုး ဖြစ်ဖို့လိုလာပါပြီ။ ရုံးခန်း မရှိသေးရင် တအိမ် အိမ်မှာ အလံထောင်၊ ဆိုင်းဘုတ်တင်ပြီး လုပ်မယ်ဆိုလည်းဖြစ်ပါတယ်။ ကားလမ်းဘေးလို လူမြင်ကွင်းလည်းဖြစ် မယ်၊ အိမ်ရှင်ကိုယ်တိုင်ကလည်းကြည်ဖြူမယ့်အိမ်မျိုး ရှာရပါတယ်။ လုပ်ပါဆိုပြီးခွင့်ပြုသူတွေရှိပေမယ့်  နေရာမကြိုက်တာနဲ့ မရနိုင်ပဲဖြစ်နေကြပါတယ်။ ကျနော် တို့က ၈၈ မှာလုပ်မယ့်သာလုပ်ခဲ့ကြတာ။ တကယ်က ဘာဝင်ငွေမှမယ်မယ်ရရ မရှိကြသူတွေ လည်းများတော့ အခန်းနေရာငှားပြီးဖွင့်ဖို့ ဆိုတာကလည်း ဖြစ်နိုင်ခြေမရှိပြန်ပါဘူး။ မိဘအိမ်မှာဖွင့်မယ်ဆိုပြန်တော့လည်း မိသားစု ထဲမှာအစိုးရဝန်ထမ်းတွေကရှိနေတာနဲ့ လုံးလည်ချာလည်ရိုက်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်က အန်င်အယ်လ်ဒီဝင်ပြီး မြို့နယ်အဆင့်ဆော်သြသူဖြစ်ရေးအတွက် အဖွဲ့ဝင်စုဆောင်းပါ့မယ်သာဆိုထားတာ၊ တကယ်က ဘာအဖွဲ့ဝင်သစ်မှလည်း စုဆောင်း မပေးဖြစ်သလို ထဲထဲဝင်ဝင်လည်း ဝင်မလုပ်ဖြစ်သေးပါဘူး။ ဒါပေမယ့် ကျန်သူတွေနဲ့ တတွဲတွဲနဲ့ နေရင်း ကိုယ်နိုင်တာရှိကူခဲ့တာပါပဲ။

            ထဲထဲဝင်ဝင်မလုပ်ချင်သေးတာမှာ အကြောင်းတွေရှိပါတယ်။ တကြောင်းက လုပ်ငန်းလမ်းစဉ်ဆိုင်ရာကိစ္စလို့ ပြောရမှာဖြစ်ပါ တယ်။ စုဖွဲ့လိုက်တဲ့အင်န်အယ်လ်ဒီဟာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စတာတွေလုပ်မယ်ဆိုတာ သံသယရှိစရာ မလိုတာမှန်ပေမယ့် တိုင်းပြည်ကိုချပြဖို့ တိကျတဲ့လမ်းစဉ်တခုခု ပီပီပြင်ပြင်မထွက်လာနိုင်သေးပါဘူး။ နောက်တကြောင်းက ငွေကြေးကိစ္စနဲ့ဒုက္ခိတဖြစ်နေခြင်းလို့ဆိုရမှာပါပဲ။ အသစ်ဖြစ်ထွန်းလာတဲ့ နိုင်ငံရေးသဏ္ဍန်မှာ ငွေကြေးကိစ္စက အဓိကကျတဲ့အချက်တခု ဖြစ်နေပါတယ်။ ကျနော်က ငွေသုံးနိုင်သူမဟုတ်ပါဘူး။ တခါကိစ္စရှိလို့ မြို့ထဲကိုသွားရမယ်ဆိုလည်း ဂျိုင်းထောက်တဖက်နဲ့ကျနော့်မှာ လိုင်းကားတိုးစီးရမယ့်ဒုက္ခကလည်း မသေးလှပါဘူး။ နောက်တကြောင်းက လူကိစ္စအားပြိုင်မှုဖြစ် ပါတယ်။ အဲဒီအချိန်က အင်န်အယ်လ်ဒီထဲကို စစ်ဗိုလ်လူထွက်တွေ၊ မဆလ ဟောင်းတွေနဲ့ ဓနအင်အားရှိသူတွေ သူ့ထက်ငါ အလုအယက် တိုးဝင်လာကြပါတယ်။  သူတို့က ကျနော်တို့ကို ငချွတ်တွေ၊ မိုက်ရူးရဲတဇောက်ကန်းတွေ၊ အမြော်အမြင်မရှိ သူတွေလို့မြင်ပြီး အထင်မကြီးသလို၊ ကျနော်တို့ကလည်း သူတို့ကို အချောင်သမားတွေ၊ သာကူးတွေ၊ လှေကြုံစီးတွေလို့မြင်ပြီး သူတို့လိုချင်တဲ့အရိုအသေ မပေးနိုင်ကြပါဘူး။

ကျနော်တို့က လူထုကြားကုန်းကြောင်းလျှောက်နေချိန်မှာ  သူတို့ကရုံးခန်းနဲ့ဘာနဲ့ ဟန်ကျပန်ကျဖြစ်နေပါပြီ။ ကျနော်တို့က ရပ်ကွက် ကျေးရွာတွေဆီသွားနေချိန်မှာ သူတို့ကအဖွဲ့ချုပ်ဗဟိုနဲ့ လမ်းပေါက်နေကြပါပြီ။ ကျနော်တို့က မီးချောင်းဟောင်းမင်သုတ်ပြီး စက္ကူထုတ်ဝယ်ဖို့ ငွေစုနေချိန်မှာ သူတို့က ထွက်သမျှစာစောင်တွေအလကားဝေပြီး ရံပုံငွေတွေဟောကနဲထည့်နေကြပါပြီ။ ကျနော်တို့ က အခြားလူငယ်တွေနဲ့တွဲပြီး လှုပ်ရှားမှုတွေဖော်ဖို့လုပ်နေချိန်မှာ သူတို့က မြို့နယ်အဆင့်ဆော်သြသူများ ဖွဲ့စည်းပြီးသွားပါပြီ။ ကျနော်တို့က နီးစပ်တဲ့မြို့နယ်တွေစုပြီး မြို့နယ်စုတွေ ဖွဲ့ဖို့လုပ်နေချိန်မှာ သူတို့က ဒီမိုကရေစီခေတ်မှာ မြို့ကလေးမြို့နယ်ဖြစ်ရေးဆိုတဲ့ သည်းခြေကြိုက်စကားတွေ ကြွေးကြော်နေကြပါပြီ။  ကျနော်တို့က လက်ဘက်ရည်တခွက် ၂ယောက်မျှသောက်ပြီး ကမ္ဘာမကြေဘူး သီချင်းဆိုနေချိန်မှာ သူတို့က အာဏာပိုင်သစ်တွေနဲ့ ယမကာချောင်းစီးရင်း နဂါးနီသီချင်းဆိုနေကြပါပြီ။ ကျနော်တို့က ၈၈မှာ မွေးဖွားသူချင်း ဒီမိုကရေစီဆွေမျိုးစပ်နေချိန်မှာ သူတို့က ဘယ်သူနဲ့ဘယ်တုန်းက ဘယ်နေရာမှာဘာတွေလုပ်ခဲ့စတာတွေနဲ့ ဆရာတပည့်ပြန်တဲ့သွားကြပါပြီ။ ကျနော်တို့ ဘယ်သူ့သွေးပိုနီကြောင်းနဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးပြောနေချိန်မှာ သူတို့က စစ်အစိုးရကတိကိုစောင့်ကြည့်ဖို့နဲ့ ပါတီစုံရွေးကောက်ပွဲအကြောင်း ပြောနေကြပါပြီ။

ကျနော်လည်း အဲဒီအားပြိုင်မှုတွေကြား  စုန်ချီဆန်ချီပါနေခဲ့ပါတယ်။ ကျနော်တို့မြို့ကလေးက အားပြိုင်ပွဲလိုမျိုးတွေဟာ အခြားမြို့နယ်တွေ ဒေသတွေမှာလည်းဖြစ်နေခဲ့တယ်ဆိုတာကို နောက်ပိုင်းကျမှသိလာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က အဲဒီအားပြိုင်ပွဲမှာ ကျနော်တို့ ရှူံးခဲ့တာမှန်ပေမယ့် ခုနေချိန် နောက်ကြောင်းပြန်လှည့်ကြည့်လိုက်တော့ သူတို့လည်းမနိုင်ခဲ့ဘူးဆိုတာ ပီပီပြင်ပြင်မြင်လာရပါတယ်။ ဘဝမှာ မကြုံဖူးတဲ့ပဋိပက္ခတွေနဲ့ဆုံရတာ၊ အသက်အရွယ်ငယ်ရွယ်တာ၊ အတွေ့အကြုံနုနယ်သေးတာ၊ ပင်ကိုယ်ဗီဇသဘောအရ စိတ်ပျက်လွယ်တတ်တာနဲ့ ဆုံးဖြတ်ချက်မြန်တတ်တာတွေကြောင့် ကသိကအောက်ဖြစ်ခဲ့ရတာတွေလည်း ကျနော့်မှာရှိခဲ့ပါတယ်။ ဒါပေမယ်လို့ ဘေးထွက်ထိုင်နေလိုက်တော့မယ်ဆိုတဲ့စိတ်ကူးကတော့ ဘယ်တုန်းကမှမပေါ်ခဲ့ပါဘူး။

အဲဒီအချိန်က အင်န်အယ်လ်ဒီမှာ ဘာ့ကြောင့် ထဲထဲဝင်ဝင်မလုပ်ဖြစ်သေးတာလဲဆိုတာရဲ့ အဓိကအကျဆုံးနဲ့ နောက်ဆုံး အချက်ကတော့ ဖန်မီးအိမ်လို့ဆိုတဲ့ ကျနော်တို့စာဖတ်ဝိုင်းလေး ကိစ္စပဲဖြစ်ပါတယ်။ ကျနော် အဲဒီအချိန်မှာ တကယ်ကျနေတဲ့အာရုံက အင်န်အယ်လ်ဒီမဟုတ်သလို ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှလည်း မဟုတ်ခဲ့ပါဘူး။ ကျနော်တို့စာဖတ်ဝိုင်းလေး ပြန်အသက်သွင်းရေးနဲ့ တိုးချဲ့နိုင်ရေးပဲဖြစ်ခဲ့ပါတယ်။ ကျနော်တို့တတွေဟာ တဘက်မှာလည်း ကိုယ်အားသန်ရာလှိုင်းတွေမှာ ဝင်စီးနေကြပေမယ့် ၈၈ ကာလ တလျှောက်လုံး လှည့်မကြည့်နိုင်အားခဲ့တဲ့ စာဖတ်ဝိုင်းလေးဘက်ကို ခုတော့ ကျနော်တို့တတွေ ဦးပြန်လည်ကြပြီလို့ ဆိုရမှာဖြစ် ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment