Thursday, January 12, 2012

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၅) (မျိုးမြင့်ချိ)

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၅) ဇန်နဝါရီ ၁၁ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေကထုတ်လွှင့်ပြီးဖြစ်ပါတယ်။

            ကျနော်တို့မြို့ကလေးရဲ့ စုဖွဲ့စအင်န်အယ်လ်ဒီဟာ ပဋိပက္ခတွေကြားမှာ လူးလူးလွန့်လွန့်ဆိုပေမယ့် အင်အားကြီးထွားလာမှုနဲ့လူထု ထောက်ခံပါဝင်မှုကတော့ မယုံနိုင်စရာကောင်းအောင်ကိုပဲ တမဟုတ်ခြင်းအရှိန်အဟုန်ကြီးထွားမြန်ဆန်လာပါတယ်။ ဒီနေရာမှာ ကျနော်ဆိုလိုတဲ့ ပဋိပက္ခဆိုတာက အာဏာပိုင်လို့ဆိုသူများနဲ့တင်မကပဲ အချင်းချင်းကြားကကိစ္စတွေလည်း ပါပါတယ်။ လူကြီးနဲ့လူငယ်ကြားမှာ၊ မြို့နယ်နဲ့မြို့ကလေးနဲ့ကြားမှာ တခါတခါညံညံစီစီတွေ ဖြစ်တတ်ကြပါတယ်။ ကျနော်တို့မှာ တခုထူးခြားတာကတော့ တခြားနေရာဒေသတွေမှာလို ဘောင်းဘီချွတ်နဲ့ အရပ်သားကြားကပြဿနာတွေ ရှေ့တန်းရောက်မလာတာပဲဖြစ်ပါတယ်။ ဒါကလည်း နယ်က တပ်နယ်ဖြစ်နေတာနဲ့၊ လုပ်ကိုင်နေသူတွေထဲမှာ တပ်ထွက်တွေပါနေတာ အပြင် တပ်ဆွေတပ်မျိုးမကင်းတာတွေကြောင့်လို့လည်း တွေးမိပါတယ်။

            ဆော်သြသူအဆင့်ကနေ မြို့နယ်စည်းရုံးရေးကော်မတီပြောင်းဖွဲ့တော့ ဗိုလ်မှူးဟောင်းတယောက်က ဥက္ကဋ္ဌဖြစ်လာပါတယ်။  ရိုးရိုးအေးအေး၊ မွန်မွန်ရည်ရည်နဲ့စိတ်ကောင်းရှိတယ်လို့ ဆိုရမှာပါပဲ။ တခြားအရေးပါတဲ့နေရာတခုကိုလည်း စစ်ဗိုလ်လူထွက် တယောက်ကိုပေးထားပြီး ရုံးခန်းကိုလည်းသူ့အိမ်မှာဖွင့်ဖြစ်သွားပါတယ်။ ၁၉၇၄ ဦးသန့်ဈာပနကိစ္စနဲ့ထောင်ကျခဲ့ဖူးတဲ့ ကျောင်းသားခေါင်းဆောင်တယောက်လည်းပါပါတယ်။ မြို့နယ်လူကြီးအလုပ်အဖွဲ့ထဲမှာတော့ သူက နိုင်ငံရေးနောက်ခံနဲ့လုပ်တတ် ကိုင်တတ်လည်း ရှိသူလို့ပြောရမယ်ထင်ပါတယ်။ လူငယ်အလုပ်အဖွဲ့ ဖွဲ့ကြမယ်ဆိုပြီးပြင်ကြဆင်ကြတော့ သူ့အကြံဉာဏ်နဲ့ဦးဆောင် မှုကို ယူကြရတာများပါတယ်။ ဒါကြောင့်လည်း ဖွဲ့လိုက်တဲ့ မြို့နယ်လူငယ်အလုပ်အဖွဲ့တာဝန်ခံဟာ သူ့သြဇာညောင်းသူဖြစ်လာတော့ တာပါပဲ။ ဒီမှာတင် ကျနော်တို့မြို့ကလေးကလူငယ်တွေနဲ့မြို့နယ်ကြားမှာ အဖုအထစ်လေးတွေလည်း စဖြစ်လာပါတယ်။

            ကျနော်တို့ဆီကလူငယ်တွေက တခုခုလေးလုပ်ချင်လို့ မြို့နယ်လူငယ်အလုပ်အဖွဲ့မှာတင်တိုင်း၊ မဲခွဲဆုံးဖြတ်တိုင်း ကျနော်တို့အဆိုတွေ အတည်ဖြစ်မလာတာများတော့ ကျနော်တို့လည်း ပုံစံပြောင်းလုပ်ရေးကို စဉ်းစားရပါတော့တယ်။ ပထမဆုံးက လူငယ်ကိစ္စအစည်းအဝေးတွေမှာ လူကြီးတွေတက်မလာရေးနဲ့ လူကြီးသြဇာကင်းကင်းလုပ်ရေးဖြစ်ပါတယ်။ အဲဒါကို ကျနော်က စလုပ်ရပါတယ်။ ဒီမှာတင် ကျနော်ကိုယ်တိုင် မြို့နယ်လူကြီးအလုပ်အဖွဲ့ကနေ နှုတ်ထွက်လိုက်ရပါတယ်။ ဒါမှ လူငယ်ကိစ္စကို လွတ်လွတ်လပ်လပ်လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။  နောက်ဆုံးတော့ ကျနော် လူကြီးထဲကနေထွက်လိုက်တာသာ အဖတ်တင်ပြီး ဒီတခါလည်း မအောင်မြင်ဘူးဖြစ်သွားပါတယ်။ သူတို့တွေက ရှေ့သာထွက်မလာပေမယ့် နောက်ကနေကိုင်ထားပြီး စေစားလို့ ရနေတာတွေကြောင့်ပါပဲ။ တခြားမြိ့နယ်တွေမှာ လူငယ်တွေအုံးအုံးကြွက်ကြွက်နဲ့လှုပ်လှုပ်ရှားရှား ဖြစ်နေသလောက် ကျနော်တို့ဆီမှကတော့ အာဏာပိုင်တွေမငြိုငြင်ရေးနဲ့၊ ထောင်နှုတ်ခမ်းနင်းမယ့် နိုင်ငံရေးအခင်းအကျင်းနဲ့ ကင်းကင်းနေရေးဆိုပြီး ခတ်ငြိမ်ငြိမ်ဖြစ်နေခဲ့ပါတယ်။

            ဒါနဲ့ ကျနော်တို့လည်း ပိုပြီးတက်တက်ကြွကြွလှုပ်သာရှားသာမယ့် နည်းလမ်းရှာတွေတော့ မြို့ကလေးမှာလူငယ်အလုပ်အဖွဲ့ ထားရှိရေး၊ အဲဒီအလုပ်အဖွဲ့ရဲ့တာဝန်ခံဟာ မြို့နယ်လူငယ်အလုပ်အဖွဲ့ တာဝန်ခံ ၃ ဦးအနက်တဦးဖြစ်ရေး ဆိုတာတွေကိုသွားတွေ့ပါ တယ်။ ဒါနဲ့ ဒီအတိုင်းလုပ်ကြမယ်ဆိုပြီးတင်တော့ မြို့နယ်ကကန့်ကွက်ပါတယ်။ ဒီတင် ကျနော်တို့လည်း တိုင်းနဲ့ဗဟိုကလူငယ်အလုပ် အဖွဲ့တွေဆီ ကျနော်တို့အခြေအနေကိုတင်ပြရပါတော့တယ်။ တိုင်းနဲ့ဗဟိုလူငယ်တွေက သဘောတူကြပေမယ့် အဆုံးအဖြတ်ပေးနိုင်မယ့်ပုံမပေါ်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီထပ်တင်ပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့ဆိုပြီး ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်လ်ဒီတခုလုံးရဲ့ လူငယ်တာဝန်ခံဖြစ်နေတာကြောင့်ပါပဲ။

            အဲဒီအချိန် ကျနော်တို့မြို့မှာ မြို့နယ်ခွဲထွက်ရေးဆိုတဲ့ သည်းခြေကြိုက်စကားလုံးတွေနဲ့ လူထုကိုရုံးခန်းထဲကနေစည်းရုံးနေတဲ့ ပုဂ္ဂိုလ်တွေလည်း အချင်းချင်းအကွဲအပြဲတွေဖြစ်ပြီး ပဲ့ထွက်လာတဲ့တစုက ကျနော်တို့ဘက် ပြေးလာရပ်လိုက်ပါတယ်။ ကျနော်တို့မှာက ရုံး အဆောက်အဦးရယ်လို့သတ်သတ်မှတ်မှတ်မရှိပေမယ့် လူငယ်ထုအားက အထိုက်အလျှောက်ရှိလာနေပါပြီ။ ဆရာဝန်လင်မယား၂ ယောက်က ခွင့်ပြုလို့သူတို့အိမ်ရှေ့ခန်းလေးမှာ ဆိုင်းဘုတ်လေးလည်း ထောင်ထားနိုင်ပါပြီ။ လူထုကြားထဲမှာလည်း အသိများလာပါပြီ။ ကျနော်တို့မှာက လူတွေရှိတာမှန်တယ်။ ဒါပေမယ့် ငွေမရှိပါဘူး။ လူငယ်တွေရှိတာမှန်တယ်။ ဒါပေမယ့် မြို့မျက်နှာဖုံးဆိုသူတွေ မရှိကြသေးပါဘူး။ ဆိုတော့ ကျနော်တို့လည်း လူထုအမြင်တင့်တယ်ရေးနဲ့ ရေရှည်လုပ်သွားနိုင်ရေးကိုပါ စဉ်းစားရပါတော့တယ်။ နောက်တခုက ကျနော်တို့လုပ်ချင်တဲ့ မြို့ကလေးရဲ့လူငယ်အလုပ်အဖွဲ့ပေါ်ပေါက်ရေးအတွက်ကလည်း နောက်ကနေ ပံ့ပိုးပေးမယ့်အားလည်း လိုနေပါပြီ။ ဒါနဲ့နောက်ဆုံး အဲဒီ ပဲ့ထွက်လာသူတွေနဲ့ညှိ၊ လူကြီးလူငယ်အလုပ်အဖွဲ့ ဖွဲ့စည်းပြီး မြို့နယ်နဲ့ပေါင်းစည်းလုပ်နိုင်ရေးကိုပါ ကျွဲကူးရေပါလုပ်ရပါတော့တယ်။

            ဒီလိုတွေတဘက်မှာလုပ်နေရင်း တဘက်မှာလည်း တိုင်းလူငယ်၊ ဗဟိုလူငယ်တွေနဲ့လည်း အချိတ်အဆက်မပြတ်အောင် လုပ်နေရပါတယ်။ တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ လုပ်ကိုင်နိုင်အားက ပိုကောင်းလာပါတယ်။ လူကြီးအလုပ်အဖွဲ့ရဲ့ပံ့ပိုးအားတွေကြောင့် လည်း မြို့ကလေးနဲ့သာဆိုင်တဲ့ကိစ္စတွေမှာ မြို့နယ်ကိုထားခဲ့ပြီးလုပ်လို့ကိုင်လို့ဖြစ်လာပါတယ်။ တိုတိုပြောရရင်တော့ တိုင်းနဲ့ဗဟိုလူငယ်တွေက မြို့နယ်ထက် ကျနော်တို့အပေါ် ပိုအလေးထားစဉ်းစားလာရပါတော့တယ်။ အဲဒီအခြေအနေထိရောက်လာဖို့ မြို့ကလေးကလူငယ်တွေ အတော့်ကိုရုန်းခဲ့ကြရတာဖြစ်ပါတယ်။ နောက်ဆုံး တိုင်းနဲ့ဗဟိုကလူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ကျနော့်ကိုတွေ့ဖို့ စီစဉ်တဲ့အထိရောက်လာပါတယ်။ ကျနော်လည်း နောက်အားကရှိနေတော့ လုပ်ရကိုင်ရတာအားတက်မိတာအမှန်ပါပဲ။ ဂျိုင်းထောက်တကားကားနဲ့ ဘစ်ကားတိုးစီးပြီး မြို့ထဲမသွားတဲ့နေ့ မရှိသလောက်ကိုဖြစ်ခဲ့ရပါတယ်။ တိုင်းနဲ့ဗဟိုကလူကြီးလူငယ်တွေနဲ့လည်း အထိအတွေ့တွေပိုများလာသလို အားပေးစကားတွေလည်း ပိုပိုကြားလာရပါတယ်။

တဘက်မှာ အဲဒါတွေကိုလုပ်ရင်း တခြားတဘက်မှာလည်း ကျနော် ယာယီအရေးမစိုက်နိုင်အားခဲ့တဲ့ ဖန်မီးအိမ်စာဖတ်ဝိုင်းလေးကို သမင်လည်ပြန်ကြည့်မိလိုက်ပါတယ်။ ကျနော်တို့ ဟိုတဘက်မှာဇောင်းပေးပြီး လုပ်နေခဲ့ကြတဲ့အတွက် စာဖတ်ဝိုင်းလေးဟာ သွေသွေ့ခြောက်ခြောက်ကြီးမဟုတ်တောင် စည်စည်ပင်ပင်တော့ မရှိတော့ပါဘူး။ ၈၈ အပြီးမှာ လူငယ်တွေရဲ့နိုင်ငံရေးအသိနိုးကြားလာမှုနဲ့အတူ နိုင်ငံရေးစာပေ၊ အထုပ္ပတ္တိစာပေ၊ ဒဿနဆိုင်ရာစာပေတွေလည်း သိသိသာသာကြီးကို အဖတ်များလာကြပါတယ်။ အရင်တုန်းကဆို ငြင်းခုံတာနဲ့ဆွေးနွေးတာကိုတောင် ခွဲခွဲခြားခြားမရှိတတ်သေးတဲ့အရွယ်လေးတွေဟာ ခုဆိုရင် အမျိုးသားလွတ်မြောက်ရေးသမိုင်းနောက်ခံ စာအုပ်စာတမ်းတွေ၊ ဝတ္ထုကြီးတွေနဲ့လူပုဂ္ဂိုလ်တွေအကြောင်း မေးမြန်းဖတ်ရှူလာကြတာတွေလည်းတွေ့ရတော့ ဖန်မီးအိမ်ကိုအသက်ပြန်သွင်းဦးမှဆိုတဲ့ စိတ်ကူးလေးဟာ ကျနော်တို့ကြားမှာ အလေးထားပြောစရာဖြစ်လာပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်။

0 comments:

Post a Comment