Thursday, January 19, 2012

ကြယ်တွေကြွေနေတဲ့တိုင်းပြည်(ခင်ငြိမ်းသစ်)

0 comments
ကြယ်တွေကြွေနေတဲ့တိုင်းပြည်(ခင်ငြိမ်းသစ်)
(မြန်မာပြည်ကို လူညွန့်တုံးအောင်လုပ်ခဲ့တဲ့ ဗိုလ်ခင်ညွန့်ရဲ့လုပ်ရပ်တွေထဲ သမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ်)
ကြယ်ဆိုတာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်။ သူတို့ရဲ့နေရာဟာ မြင့်မား တဲ့ကောင်းကင်ကြီးပဲ။ ရာသီဥတုကြည်လင်တဲ့ညတွေဆိုရင် အရောင် လက်နေတဲ့ကြယ်တွေဟာ စိန်တွေလိုပဲတဖျပ်ဖျပ်လက်နေတယ်ဆိုတာ လူတိုင်းသိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။ စစ်အာဏာသိမ်းခဲ့ သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထား တဲ့ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာစောလွင်နှင့်ဒေါက်တာမင်းသိန်း၊ ကျမတို့ တိုင်းပြည်မှာရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြ တယ်။ ဉာဏ်ပညာထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာက အဲ့ဒီကြယ်တွေဟာ တဖြုတ်ဖြုတ်နဲ့ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေကြွေနေတဲ့တိုင်းပြည်လို့ နာမည်ပေးထားတယ်။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့ကအဖြစ်အပျက်တွေကိုပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသားဖြစ်တဲ့ ဓာတ်ပုံတပုံအကြောင်း ပြောပြချင်ပါတယ်။ အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီးဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ်ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါတယ်။
ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကိုဆွဲမထားတဲ့ဆရာဝန်ရဲ့နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကို မထားတဲ့ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။ ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်းကျွန်းတမြို့နယ်လုံးမှာ ပထမရခဲ့ပါတယ်။ သူ့အစ်မကလည်း ဆရာဝန်ပါပဲ။ ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန်တယောက်ပါပဲ။ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) မှာ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်း ကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေ အနေနဲ့ န၀တကို သတင်းပို့ဖို့လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာရှင်းလင်း ပွဲကနေပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်း ကြားခဲ့ပါတယ်။ စစ်ဆေးဖို့မခေါ်ခင်မှာ ဒေါက်တာမင်းသိန်းက ဒေါက်တာစောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီသေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာမင်းသိန်းတယောက် ခြေလက်တွေ ဖောယောင်ပြီး ဆီးမသွားနိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့မောင်နှမကို အကြောင်းကြားခဲ့ပါတယ်၊ ဒေါက်တာစောလွင်ရောက်လာတော့ ဒေါက်တာမင်း သိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေးက ဆေးတလုံးထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆို တာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှူရတာကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
ဒေါက်တာစောလွင်နဲ့ကိုဝင်းသိန်းက ဆေးရုံတင်ဖို့စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေးရုံတင်မယ်ဆို ရင် စစ်ဆေးရုံကိုပဲတင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာမင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒေါက်တာစောလွင်နဲ့ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။
ဒေါက်တာမင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်းမရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါ တယ်။ ဒေါက်တာမင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာစောလွင်နဲ့ကိုဝင်းသိန်းတို့က သူတို့ရဲ့ဆရာ ဆရာဝန် ကြီးတဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်။ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွားတာတဲ့။ ဒေါက်တာစောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ထောက်လှမ်းရေးက ရင်ခွဲစစ်ဆေးတဲ့ဆရာဝန်ကြီးကို မပေါက်ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုး ခိုင်းခဲ့လို့ထိုးခဲ့ရပြီး ဒေါက်တာစောလွင်ကတော့ ထွက်ပြေးခဲ့ရပါတယ်။
ဒေါက်တာစောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြ ရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ပါတယ်။ ဆင်းရဲတဲ့ လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခအကုန်ခံပြီး ဆေးကုသပေးခဲ့တာ ကျမရှေ့တင်ပါ။ ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေ နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက်လာခဲ့ပါတယ်။
ဘာမှ ထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်။ အစပိုင်းမှာဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေးက မကြာခဏစစ်ဆေးမေးမြန်းခဲ့ ပါတယ်။ ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်။ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တလွတ်မြောက်စဉ်မှာတွေ့ရအောင် ခွင့်ယူပြီး ရန်ကုန်တက် လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။
ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်းရေးမှူးကခေါ်လို့သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ရပါတယ်။ အဲဒီနောက် ဒေါက်တာစောလွင် တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။ အတူနေသူတွေရဲ့ပြောပြချက်အရ ဒေါက်တာစောလွင် ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံရပါတယ်။ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင် လည်းစကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင် လို့ မပြောတာလို့ယူဆရပါတယ်။
အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာစောလွင်အခန်းက တိတ်ဆိတ်နေပြီးလှုပ်ရှားသံမကြားရလို့ အတူနေသူတွေကစိုးရိမ်ပြီး တံခါးဖျက် ၀င်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချသတ်သေနေခဲ့ပါတယ်။
ဆရာ သေဆုံးရခြင်းအတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။ ကျမတို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အဖိုးတန်သားတွေဆုံးရှုံး ရတဲ့ မိဘတွေရဲ့ခံစားချက်က ဘယ်လောက်များ နာကျင်နေမလဲ။ ကျမတို့ရဲ့ အဖိုးတန်လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ။ ဒီဆောင်းပါးနဲ့ အညတြသူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
(ယူတာက)http://www.naytthit.net/?p=23487

0 comments:

Post a Comment