Monday, January 2, 2012

နို့ဖိုး၊ မျိုးမင်းအောင်နဲ့စိန့်ဖရန့်စစ်ကအကြွေစေ့လေးတွေ (မျိုးမြင့်ချို)

0 comments
ကျနော်နဲ့Katrina Boedeker
(အောက်တိုဘာ ၁၉ ၊ ၂ဝ၁၁ ကတည်းကရေးပြီးတင်ပြီးသားဆောင်း ပါးဖြစ်ပါတယ်။ ဒါပေမယ့် သိလိုသူရှိလာလို့ပြန်တင်ရတာပါခင်ဗျား။ ဖတ်ပြီးသူတွေ ခွင့်လွှတ်ပါ)
လွန်ခဲ့သည့် ၃ လလောက်က ကျနော်နှင့်မျိုးမင်းအောင် ဖေ့စ်ဘွတ်ခ်တွင်ဆုံမိ၏။ စကားစမြည်ပြောရင်း သူဘယ်သူဘယ်ဝါ၊ ဘယ်မှာနေ ဘာတွေလုပ်တွေ တစတစသိလာ၏။ သူက ထိုင်းဗမာနယ် စပ် နို့ဖိုးဒုက္ခသည်စခန်း ပီအေဘီကျောင်းလေးက ကလေးတွေကို စာသင်နေသည့်ဆရာ။ ဆရာမိဘအသင်းတွင် ဘဏ္ဏာရေးရှာဖွေပေးရ သူ။ အတွင်းသိအစင်းသိဟု ဆိုရမည်ထင်၏။ ကျောင်းလေးနှင့်စပ်၍ သူပြောပြသမျှကိုနားထောင်ရင်း စိတ်မောလူမောဖြစ်နေမည့် ဆရာ ဆရာမများ၊ မိဘများကိုစိတ်တွင်ထင်လာ၏။ ကျနော်ကိုယ်တိုင်လည်း ဒုက္ခသည်အဖြစ် ဖြတ်သန်းခဲ့သူ ဆိုတော့ သူတို့သောကကို ပိုစာနာမိတာလည်းပါမည်ထင်၏။ နို့ဖိုးစခန်း ပီအေဘီကျောင်းလေးက မျိုးမင်းအောင်အား ဘဏ္ဏာရှာဖွေသူအဖြစ်တာဝန်ပေးခြင်းမှာ အတော်လူရွေးကောင်းသည်ဟု ဆိုရမည် ထင်၏။ တဖွဲ့တနွဲ့ပြောတတ်သူမဟုတ်သော်လည်း သူဘာလိုချင်၊ ဘာဖြစ်ချင်သည်ကို တိတိကျကျပြောတတ် သူဟုထင်၏။ သို့ဖြင့် ကျနော်တဦးတည်းအနေနှင့် တတ်နိုင်သမျှကူညီမည်ဖြစ်ကြောင်း ကတိပေးလိုက်သော် လည်း ဘာမှမယ်မယ်ရရမကူဖြစ်ခဲ့။ ထိုတလောတွင် ထွက်ရသည့်ခရီး နည်းနည်းစိတ်နေတာလည်းပါ၏။  ကျနော် ဖို့ဝိန်းပြန်ရောက်တော့ သူနှင့်အွန်လိုင်းတွင် စကားပြောဖြစ်ပြန်၏။ ကျနော်က သူ့အားစာရွက်စာ တမ်း၊ အထောက်အထားနှင့် ဓါတ်ပုံလေးတွေပို့ပေးနိုင်လျှင်ပိုကောင်းမည်ဟု ပြောလိုက်ဖြစ်၏။ သို့နှင့် သူက လိုအပ်မည့်အထောက်အထားနှင့် ဓါတ်ပုံလေးတွေပို့လာ၏။

သူ့ဆီက အထောက်အထားများနှင့် ဓါတ်ပုံလေးတွေရောက်မလာခင်တပတ်လောက်ကပဲ ဖို့ဝိန်းက 
စိန့်ဖရန့်စစ်ယူနီဗားစတီး (University of Saint Francis) နှင့် စီနီမာစင်န်တာ (Fort Wayne Cinema Center) တို့ပူးပေါင်း၍ ကျနော့်မှတ်တမ်းရုပ်ရှင်ကားကို မြို့ခံပရိသတ်အား အခမဲ့ ၂ ပွဲပြပေး၏။ အောက်တို ဘာ ၁၃ ရက်နေ့တွင် စိန့်ဖရန့်စစ်မှကျောင်းသားများချည်း တပွဲထပ်ပြဖို့လည်းရှိသေး၏။ စိန့်ဖရန့်စစ်နှင့် ကျနော်က ရေစက်ပါသလားမပြောတတ်။ ကျနော် အမေရိကားရောက်ပြီး ၂ လအတွင်းမှာပင် ကျနော့်အား “ဗမာပြည် လူ့အခွင့်အရေးအခြေအနေနှင့် ဘာ့ကြောင့် ဗမာပြည်သားတွေဒီကိုဒုက္ခသည်အဖြစ်ရောက်” ခေါင်းစဉ်ဖြင့် လာရောက်ဟောပြောပေးရန်ဖိတ်၏။  နောက်ပိုင်းလည်း မကြာမကြာဆိုသလို ဖိတ်၏။ ကျနော်လည်းသွား၏။ ထို့ကြောင့် ကျနော်နှင့်စိန့်ဖရန့်စစ်သည် မစိမ်းတော့။

စီနီမာစင်န်တာမှာပြတော့ တာဝန်ခံအမျိုးသမီးကလာကြည့်သူတွေကို “ဘာ့ကြောင့်ဒီကားပြ”ကို အကျဉ်းချုပ် ကလေးရှင်းပြပြီး စေနာရှင်များအနေဖြင့် ဒါနပြုလိုကပြုနိုင်ကြောင်း၊ ရမည့်ငွေကို ဖို့ဝိန်းမြို့ရှိ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့်အေဂျင်စီတခုခုအား လှူမည်ဖြစ်ကြောင်းပြောပြ၏။ ထိုအစီအစဉ်ကို ကျနော် ကြိုတင်သိမထား။ မသိလည်း ကိစ္စမရှိ။ သူတို့အစီအတွက် ကျနော့်မှာကန့်ကွက်စရာ ဘာအကြောင်းမှလည်း မရှိ။ ကြိုဆိုပင်ကြိုဆိုအပ်၏ဟု ထင်သည်။ ပွဲပြီးတော့ ထုံးစံအတိုင်း ပရိသတ်နှင့်အမေးအဖြေ။ သည်လိုနှင့် ပွဲပြီးသွား၏။

မျိုးမင်းအောင် ပို့လိုက်သည့်ဓါတ်ပုံတွေကို ပြန်ကူး၊ စာရွက်စာတမ်းတွေပရင့်ထုတ်၊ ကာဗာအမာဖိုလ်ဒါ လေးနှင့်ဓါတ်ပုံအယ်လ်ဘမ်လေးထဲထဲ့။ ပြီးတော့ အဲဒါလေးတွေပြပြပြီး ဆန်ရင်းတွေကိုဖွပ်၏။ လူတိုင်းကို လည်းမပြောချင်။ မပြောရက်။ ဒီကအခြေအနေကလည်း ကိုယ့်ဝမ်းနာကိုယ်သာသိဖြစ်၏။ လူ ၇ ဦးခန့် ဝိုင်းထည့်သဖြင့် ဒေါ်လာ ၂ဝဝ ကျော်လောက်ရလာ၏။ ကမ့်ထဲလှမ်းပို့မည်စိတ်ကူးပြီးမှ အကြံတခုထပ်ရ၏။ အောက်တိုဘာ ၁၃ စိန့်ဖရန့်စစ်ပွဲတွင် ကျောင်းသားတွေဆီက အလှူခံကြည့်ရန်။ 


တာဝန်ခံပရော်ဖက်ဆာကို ကျနော့်စိတ်ကူးပြောပြတော့ ဝမ်းပမ်းတသာလက်ခံသည်။ ဓါတ်ပုံလေးတွေပို့ပေး ပါ။ သူ ပါဝါပွိုင့်ဆလိုက်ရှိုးလေးလုပ်ထားမည်။ ကျနော့် ဟောပြောမှုအပြီးသတ်ခါနီးတွင် ဒုက္ခသည်စခန်းက ကျောင်းလေးကိစ္စ ၅ မိနစ် လောက်စကားပြောပါ။ ကျနော်ပြောနေချိန်မှာ ဆလိုက်ရှိုးကို နောက်ခံအနေနှင့် ထိုးပြမည်။ ပြီးတော့ စီနီမာစင်န်တာတွင်ပြတုန်းက ကောက်ခံရထားသည့် ပိုက်ဆံကလေးကိုလည်း ဒီကအေဂျင်စီတွေကိုမလှူတော့ပဲ နို့ဖိုးကိုပဲလှူဖို့ဆုံးဖြတ်လိုက်သည်ဆို၏။  စိတ်ကူးနှင့်ဆုံးဖြတ်ချက်အတွက် ကျနော်လည်းဝမ်းသာ၏။ ကျေးဇူးလည်း ကြိုတင်နေမိ၏။

အောက်တိုဘာ ၁၃ စိန့်ဖရန့်စစ်ကိုသွားတော့ အမေရိကန်မိတ်ဆွေတချို့နှင့်ဆုံ၏။ အတန်း ၂ တန်းကပေါင်း ကျောင်းသားများဖြစ်သဖြင့် လူတရာခန့်ရှိမည်ထင်၏။ ကျနော့်ကား Burma Soldier ကိုပြ၏။ ပြီးတော့ ထုံးစံအတိုင်း အမေးအဖြေ။ အမေးအဖြေပြီးတော့ ကျနော်က နို့ဖိုးစခန်းက ပီအေဘီကျောင်းလေးအကြောင်း ဆလိုက်ရှိုးပြပြီးအတိုချုပ်ပြောပြ၏။ ပွဲပြီးတော့ ကျနော်နှင့်စကားပြောလိုသူအချို့နှင့် စကားစမြည်ပြောပြီး ပြန်ကာနီးမှ တာဝန်ခံဆရာမ Katrina Boedeker က ပိုက်ဆံထည့်ထားသည့်စာအိပ်လေး ကျနော့်ကိုကမ်း ၏။ ဘယ်လောက်ရမှန်း သူလည်းမသိ။ ကျနော်လည်းမသိ။ ကျေးဇူးတင်ကြောင်းပြောပြီး ပြန်အလာလမ်းမှာ ကတည်းက ပိုက်ဆံတွေရေကြည့်ချင်နေ၏။ အိပ်ကြည့်လိုက်တော့လည်း ဖေါင်းကားနေ၏။

အိမ်ပြန်ရောက်ရောက်ခြင်း အိပ်ကိုဖွင့်ပြီး စားပွဲပေါ်သွန်ချလိုက်တော့ ဟောကနဲ အရင်ဆုံးကျလာသည်က အကြွေစေ့များ။ တမတ်စေ့၊ ဆယ်ပြားစေ့တွေလည်းပါသည်။ ငွေစက္ကူတွေကလည်းတထပ်ကြီး။ တူရာတူရာ တန်ဖိုးအလိုက်ထပ်လိုက်တော့မှ တဒေါ်လာတန်တွေက အများဆုံး။ အကြီးဆုံးအရွက်က ဒေါ်လာ ၂ဝ။ ကျောင်းသားတွေ မုန့်ဖိုးလေးတွေကနေ နိုင်သလောက်ထည့်လိုက်ကြတာပါလားဟုတွေးကာ စိတ်ထဲခံစားမှု တမျိုးဖြစ်မိသေး၏။ ဘာလဲတော့မပြောတတ်။ ဒီနေ့ သူတို့လှူသည့်ငွေနှင့် စီနီမာစင်န်တာမှာရသည့်ငွေ ၂ ခုပေါင်းက ၅ဝ၇ ဒေါ်လာ။ ကျနော်တို့ဇနီးမောင်နှံနှင့် ဆန်ရင်းတွေကိုဖွပ်လို့ရတာက ဒေါ်လာ ၂၆ဝ။ ပေါင်းတော့ ၇၆၇ ဒေါ်လာ။ ဘတ်ငွေနဲ့လွှဲတော့ ၂သောင်း ၃ထောင် ၁၁၃ ဘတ် ပြား ၅၀(၂၃၁၁၃.၅ဝ)။ တတ်နိုင်သူတွေအဖို့ ငွေ ၇ဝဝ ရာသည် မပြောပသော်လည်း နို့ဖိုးဒုက္ခသည်စခန်းက ကလေးတွေအတွက် တော့ ထိုပမာဏသည် ပညာသက်ဆက်ရေးအတွက် အထိုက်အလျှောက်အကျိုးများပေမည်။  

မျိုးမင်းအောင်နှင့်ဆရာတွေဆီလှမ်းပို့ရင်း ကျောင်းတံဆိပ်တုံးလေးထုပြီး ကျေးဇူးတင်စာကလေး ထုတ်ပေးပါ ဆိုတော့လုပ်ပေး၏။ သို့နှင့် ဒါနလေးတခုမြောက်သွားတော့၏။ အမေရိကန်ကျောင်းသားလေးတွေ၏မုန့်ဖိုး သည် နို့ဖိုးဒုက္ခသည်စခန်းက ဗမာပြည်သားကလေးငယ်တွေအတွက် စာအုပ်၊ စာရေးကိရိယာနှင့်ကျောင်း သုံးပစ္စည်း။ (မျိုးမြင့်ချို) အောက်တိုဘာ ၁၉ ၊ ၂ဝ၁၁ 


(မှတ်ချက်= ကိုချိုတူးဇော်ရဲ့နှိုးဆော်မှုကြောင့် ကျနော်လည်း ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ထပ်ဆင့်နှိုးဆော်လိုက် တာပါ။ ကူနိုင်သလောက်ဝိုင်းကူသူတွေ နိုင်တဲ့ဖက်ကနေဝိုင်းဝန်းသူတွေအားလုံးကိုလည်း ကျေးဇူးစကား ဆိုပါတယ်ဗျာ။ လှူချင်တန်းချင်သူများအနေဖြင့် ဆက်သွယ်လိုပါက ကျနော့်အီးမေးလ် myomyint63@gmail.com ကိုဆက်သွယ်စေလိုပါသည်။ ဆရာမျိုးမင်းအောင်နှင့်တိုက်ရိုက်ဆက်သွယ် လိုပါကလည်း သူ့ကိုမေးပြီး သူ့အီးမေးလ်ကိုပေးပါမည် ။ကျနော်က အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမှာနေပါတယ်။ Burma Soldier (http://vimeo.com/21435257) အဲဒီလင့်ခ်ကနေကြည့်လို့ရပါတယ်။ အဲဒီကားက Subject ဖြစ်ပါတယ်

0 comments:

Post a Comment