Sunday, January 8, 2012

လမ်းပေါ်မှသီချင်းသည် (သစ္စာ+မေတ္တာ ကိုကိုအောင်)

0 comments

လမ်းပေါ်မှသီချင်းသည် (သစ္စာ+မေတ္တာ ကိုကိုအောင်)
အစက ဖြူဖြူ၊ ညိုသွားပြီ၊ အခုတော့ ညိုသွားပြီ။ အစ်ကိုမှားပါပြီ ခင်ရယ် ခေါ်လာမိလို့၊ အင်းယားရေတစ်စည်လောက်တော့ လိုချင်ပါတယ်၊ သယ်ချင်ပါတယ်၊ ရွှေမန်းသူတွေ ရေခေါ်ချိုးတော့၊ တမျိုးနော်လှတယ်၊ မိုးပေါ်ကျမယ်။ အင်းယား ရေကိုယူ၊ မီးရထားနဲ့၊ တင်မယ်လို့ကြံတယ်၊ တန်ဆာခက ၃၀၀ လောက်တော့ ယူမှာ ဧကန်၊ ကြံကြံဖန်ဖန် ရန်ကုန်သူ၊ ဘုရားဖူးလာတဲ့ ရန်ကုန်သူရယ်၊ သူ မန္တလေးသွားတော့ အသားမဲပြန်သတဲ့ဆူ ဆိုတဲ့ ကြံကြံဖန်ဖန်ရန်ကုန်သူသီချင်းလေးကို လူတိုင်းလိုလို ကြားဖူးကြမှာပါ။ ဒီ သီချင်းလေးဟာ စစ်ကြိုခေတ်ကပေါ်ခဲ့တဲ့သီချင်း။ တေးရေးသူကတော့ နန်းတော်ရှေ့ဆရာတင်ပေါ့။ စစ်ပြီးလို့ လွတ်လပ်ရေးရပြီးခေတ် နောက်ပိုင်းမှာ ကိုအံ့ကြီး ပြန်ဆိုပါတယ်။ ကိုအံ့ကြီးအသံနဲ့ လူသိပိုများပါတယ်။ မူလ အဆိုတော်ကတော့ မန္တလာမြင့်ပါ။ မြန်မာ့အသံခေတ်ဟောင်းတေးအခန်းက မကြာခဏဆိုသလို ပြန်ကြားရတတ်ပါတယ်။ နောက်ပိုင်းခေတ် အဆိုတော်များလည်း မကြာခဏပြန်ဆိုကြပါတယ်။ သီချင်းရဲ့စာသားနဲ့အကြောင်းအရာလေးက လှပြီးကောင်းလို့ နှစ်သက်ရတဲ့သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကိုသီဆိုခဲ့တဲ့ အသံရှင် အဆိုတော်ကြီးမန္တလာမြင့်ကတော့ ကွယ်လွန်သွားရှာပါပြီ။

 မျက်မမြင်အဆိုတော် တစ်ဦးပေါ့။ လမ်းပေါ်မှာပဲ ၀မ်းရေးကို အဆိုတော်အဖြစ်သီကျူးလို့ မြို့ရဲ့မေတ္တာကိုခံယူပြီး နေထိုင်စားသောက်ခဲ့ရတာကလား။ သူ့ရဲ့ ဇာတိက မန္တလေးပါ။ ဂီတလောကမှာ မျက်မမြင်အဆိုတော်ကြီးတစ်ဦးဟာ ဘ၀ကိုအရှုံးမပေးဘဲ ကိုယ်တတ် တဲ့အနုပညာနဲ့ သက်ဆုံးတိုင်ရပ်တည်သွားနိုင်တဲ့သတ္တိဟာဖြင့် လေးစားထိုက်ပါတယ်။

 အသက် ၈၀ကျော် သည့်တိုင်အောင် မန္တလေးမြို့လေးပြင်လေးရပ်မှာ နေ့စဉ်ကြေးစည်ကလေးတစ်လုံးနဲ့မေတ္တာပို့ရင်း လှည့်လည် သွားလာကာ စားသောက်နေထိုင်ခဲ့ရတဲ့ သူ့ရဲ့ဘ၀ဟာဖြင့် အံ့သြစရာပါ။ တစ်မြို့လုံးကလည်း သူ့ကို သံယောဇဉ်ဖြစ်လို့ သက်ဆုံးတိုင်သနားကြင်နာပြီး ထောက်ပံ့ခဲ့ကြပါတယ်။ တကယ်တော့ အဆိုတော်ကြီး မန္တလာမြင့်ရဲ့ဘ၀ဟာ ကြမ်းတမ်းလှပါတယ်။ ဒါပေမယ့် အသက်အရွယ်နဲ့မမျှအောင် လောကဓံရဲ့ဒဏ်ကို ရင်ဆိုင်ရင်း ဂီတနဲ့ ဘ၀ကိုရပ်တည်ခဲ့တာပါ။ သူ့ရဲ့ငယ်မည် က မငွေ၊ ၁၂၆၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့ဖွား တနင်္လာသမီးပါ။ အဖေကဦးမှင်၊ အမိက ဒေါ်ဆင်။ ကိုလှဖေ၊ ကိုလှရွှေ၊ မငွေ၊ မလှရင်၊ ကိုလေးမောင်ဆိုတဲ့ မောင်နှမငါးယောက် မွေးခဲ့တယ်။ အမေကတော့ မငွေအသက် ၁၀ နှစ်သမီးကတည်းက ဆုံးတာ။ အဖေက မငွေ ၂၃ နှစ်လောက်မှ ဆုံးတယ်။ အဖေဆုံးတော့ ဓာတ်ပြားအဆိုတော်ဘ၀ကရတဲ့ ငွေနဲ့ သင်္ဂြိုဟ်နိုင်ခဲ့ပါတယ်။ မငွေက ၁၈ နှစ်ကတည်းက ဓာတ်ပြားအဆိုတော်လောကထဲရောက်ခဲ့တာ မဟုတ်လား။ 

မငွေ ဓာတ်ပြားလောကထဲရောက်လာပုံက ဒီလိုပါ။ အဆိုတော်မန္တလာမြင့်ဖြစ်လာမယ့် မငွေက မျက်စိမမြင်ပေမယ့် မှတ်ညာဏ်အလွန်ကောင်းပါတယ်။ ငယ်ငယ်ကတည်းက သီချင်းဆိုဝါသနာပါခဲ့သူပါ။ အရွယ်ကလေးရလာတော့ ပွဲလမ်းသဘင်တွေရှိရာ အဖော်တွေနဲ့လိုက်ကြည့်ရတာပါ။ ဒါပေမဲ့ မျက်စိမမြင်ရှာ တော့ အသံကိုနားနဲ့မှတ်ရတာ။ သီချင်းသံလောက်ကိုပဲကြားရတာဆိုတော့ မှတ်ညာဏ်က အလိုလိုကောင်း နေပြီး သီချင်းဆိုဝါသနာပါလာတာပါပဲ။ မန္တလေးဆိုတာကလည်း ပွဲလမ်းသဘင် ပေါတယ်မဟုတ်လား။ စစ်ကြိုခေတ်က နာမည်ကြီးတဲ့အငြိမ့်မင်းသမီး လေဘာတီမမြရင် သီချင်းတွေများဆိုရင် အကုန်နီးပါးအလွတ် ရနေတာ။ 

ဈေးချို ရွှေဆိုင်တန်းကထိန်ဆိုရင် ရှေးတုန်းကတော့ လေဘာတီမမြရင်ပဲ ငှားတာပါ။ မငွေက မမြရင်ပွဲဆိုရင် အမြဲလိုက်နားထောင်တယ်။ တစ်ခါလောက်ကြားလိုက်ရင် မှတ်မိတာပဲ။ မမြရင်နဲ့လည်း ခင်ပါတယ်။ မငွေကို သနားတာလည်း ပါတာပေါ့။ ဈေးချို ရွှေဆိုင်တန်းကဆိုရင် မငွေကို မကြာခဏ သီချင်း ဆိုခိုင်းလေ့ ရှိတယ်။ သူ့အသံက မမြရင်ထက် ကောင်းလို့ဆိုပဲ။ ငွေစကြေးစနဲ့လည်း ဆုချကြတာပေါ့။ ဒီလိုနဲ့ မငွေဟာ အဆိုကောင်း၊ အသံကောင်းတယ်ဆိုပြီး မန္တလေးမှာ ကျော်နေတာ။ နောက်တော့ မန္တလေးမှာရှိတဲ့ ရိုးကုမ္ပဏီမန်နေဂျာက ရန်ကုန်ကိုခေါ်သွားပြီး ကိုလံဘီယာဓာတ်ပြားကုမ္ပဏီနဲ့ ဆက်သွယ်ပေးပါတယ်။

 ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတို့ ရိုးကုမ္ပဏီတို့ဆိုတာ စစ်ကြိုခေတ်က  နာမည်ကြီးကုမ္ပဏီကြီးတွေ။ အင်္ဂလိပ်နယ်ချဲ့ပိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ မဟုတ်လား။ ဓာတ်ပြားလောကမှာတော့ ကိုလံဘီယာ ကုမ္ပဏီဟာ စစ်ကြိုခေတ်က အထင်ရှားဆုံးပေါ့။ မြန်မာ့ဂီတ အနုပညာရှင်တွေကို တွင်တွင်ကျယ်ကျယ်ကြီး ခြယ်လှယ်အသုံးချလို့ စီးပွားဖြစ်ခဲ့တာပါ။ မငွေ ရန်ကုန်မှာ ဓာတ်ပြားစသွင်းရတဲ့နှစ်က ၁၂၉၀ ပြည့်နှစ်ပဲ။ သူ့အသက် ၁၈ နှစ် ရှိနေပြီ။ အမေ ဆုံးပြီးမှ သီချင်းဆိုရတာ။ ရန်ကုန်ရောက်တော့ အဆိုတော်ကြီး ဒေါ်ကြည်အောင်က ဆိုနည်းဆိုဟန်များ သင်ပေးပါတယ်။ မှတ်ဉာဏ်ကောင်းတော့ သီချင်းတစ်ပုဒ်ကို နှစ်ခါလောက် ချပေးလိုက်ရုံနဲ့ရတာပါ။ အခြား အဆိုတော်တွေက တော်တော်နဲ့တိုက်လို့မရနိုင်တဲ့ သီချင်းပေ မယ့် သူက ဘေးကနားထောင်ရင်းရနေလို့ သူနဲ့ဓာတ်ပြားသွင်းလိုက်ရတဲ့ သီချင်းတွေ အများကြီး။

 စစ်ကြိုခေတ်ကတော့ ဓာတ်ပြားကုမ္ပဏီတွေက အပြိုင်အဆိုင်သူ့ထက်ငါကောင်း ဓာတ်ပြားသွင်းရောင်းနေတဲ့ အချိန်ဆိုတော့ ဓာတ်ပြားအဆိုတော်တွေရဲ့ စားဝတ်နေရေးဖွံဖြိုး ဆူဝေခဲ့ပါတယ်။ ဒါပေမယ့် လူမျိုးခြား အင်္ဂလိပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဆိုတော့ သူတို့ရဲ့အကျိုးစီးပွားပဲ အများဆုံးတိုးပွားခဲ့တာပါ။ အနုပညာ သည်တွေရဲ့ဘ၀ကတော့ ရရစားစား ဘ၀ပါ။ အနုပညာသည်တွေဆိုတာကလည်း ဘ၀ကို ပျော်ပျော်နဲ့ရင်ဆိုင် ရဲတာကိုး။ 

မငွေ ရန်ကုန်ရောက်လို့ ဓာတ်ပြားသွင်းတော့ မန္တလာမြင့်ဆိုတဲ့နာမည်ကို နန်းတော်ရှေ့ဆရာတင်နဲ့ ဆရာထာတို့ က မှည့်ပေးပါတယ်။ ဂီတာစိမ်းမောင်ရေးတဲ့ တင်လွှာတော် သီချင်းဟာ မန္တလာမြင့်ရဲ့ ပထမဦး ဆုံး ဓာတ်ပြားသီချင်း တစ်ပုဒ်ပေါ့။ အဲတုန်းက ဓာတ်ပြားသီချင်းတစ်ပုဒ်ကို ၃၀၀ ကျပ် ရခဲ့ဖူးပါတယ်။ ကုလားဗမာအဓိကရုဏ်းဖြစ်တော့ မန္တလေးပြန်လာပြီး နေပါတယ်။

 မန္တလာမြင့်ရဲ့ဓာတ်ပြားသီချင်းတွေ အများကြီး။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ဒဏ်ကြောင့် တချို့လည်း ရှာမရတော့လောက်အောင် ပျောက်ကွယ် ကုန်ပါပြီ။ တင်လွှာတော်၊ ကြံကြံဖန်ဖန် ရန်ကုန်သူ၊ ထမနဲပါတီ၊ လွတ်လပ်ရေး၊ ငါးပွင့်ဆိုင်၊ ရက်ရာဇာ၊ အညာသား-စုံတွဲ (ဥသြ ဘသောင်နဲ့စုံတွဲအဆို) ဘာသာတရား၊ ဖောင်စကြာ၊ ရွှေဟင်္သာ၊ ဘောလယ်သံဆန်း၊ အပျော်ဆုံးနေ့၊ ဝေဿန္တရာ၊ အပျို့ဂုဏ်ရည်၊ မြိုင်တောစွယ် စတဲ့သီချင်းများဟာ မန္တလာမြင့်ဆိုခဲ့တဲ့ သီချင်း တွေထဲက ရှာလို့တွေ့ရသလောက် သီချင်းများပါ။ သူ ဆိုခဲ့တဲ့သီချင်းတွေထဲမှာ ကြံကြံဖန်ဖန် ရန်ကုန်သူ သီချင်းဟာဖြင့် ယနေ့ခေတ်တိုင် မရိုးနိုင်တဲ့သီချင်း၊ ယနေ့ခေတ် အဆိုတော်များလည်း မကြာခဏ ပြန်ဆို ခဲ့ကြပါတယ်။ 

ဒီသီချင်းနဲ့နာမည်ကြီးခဲ့တဲ့ အဆိုတော်ကြီးမန္တလာမြင့်ဟာ သူ မြတ်နိုးတဲ့ဂီတကိုဖက်တွယ်ရင်း အသက် ၉၁ နှစ် အရွယ် ၁၉၉၀ ပြည့်နှစ် မေလ ရက်နေ့ မန္တလေးမြို့ ပြည်ကြီးကျက်သရေ အနောက်၊ မြင်းစာရေးကြီးဝင်း နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

ကြေးစည်လေးတစ်လုံးနဲ့ တစ်မြို့လုံးကို နေ့စဉ်လှည့်လည် မေတ္တာပို့ပြီး မြို့ရဲ့မေတ္တာကိုခံယူကာ ကွယ်လွန်သွားခဲ့တဲ့ လမ်းပေါ်ကသီချင်းသည်တစ်ဦးဘ၀ကို သူဆိုခဲ့တဲ့ ကြံကြံဖန်ဖန် ရန်ကုန်သူ သီချင်းလေးနဲ့ဖော်ပြရင်း မျိုးဆက်သစ်များသိရအောင် ဂုဏ်ပြုတင်ပြရကြောင်း ပါဗျာ။


ကြံကြံဖန်ဖန် ရန်ကုန်သူ

“အစက ဖြူဖြူ၊ ညိုသွားပြီ၊ အခုတော့ ညိုသွားပြီ။ အစ်ကိုမှားပါပြီ ခင်ရယ် ခေါ်လာမိလို့၊ အင်းယားရေ တစ်စည်လောက်တော့ လိုချင်ပါတယ်၊ သယ်ချင်ပါတယ်၊ ရွှေမန်းသူတွေရေ ခေါ်ချိုးတော့၊ တမျိုးနော်လှတယ်၊ မိုးပေါ်ကျမယ်။ အင်းယားရေကိုယူ၊ မီးရထားနဲ့၊ တင်မယ်လို့ ကြံတယ်၊ တန်ဆာ ခက ၃၀၀ လောက်တော့ ယူမှာဧကန်၊ ကြံကြံဖန်ဖန် ရန်ကုန်သူ၊ ဘုရားဖူးလာတဲ့ ရန်ကုန်သူရယ်၊ မန္တလေး သွားတော့ အသား မဲပြန်သတဲ့ဆူ။


ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ၊ ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေးမြို့တော်သူ၊ အိမ်တော်ရာ ထီး ဆောင်းကြရင်ဖြင့် နေပူခံလို့တောင် ဖြူ၊ ကြံကြံဖန်ဖန် ရန်ကုန်သူ၊ ဘုရားဖူးလာတဲ့ ရန်ကုန်သူရယ်၊ မန္တလေးသွားတော့ အသားမည်း ပြန်သတဲ့ဆူ။

 တောမြိုင်ခြေလမ်း၊ မြိုင်တန်းကမူ၊ ဘဲကြားရိုက်လို့ ထူထူ၊ အသားထိအောင် နေမခသူ၊ အင်ယားရေ မချိုးဘဲနဲ့ ဆထမ်းပိုးတိုးလို့ဖြူ၊ ဆရာတင်နန်းတော်ရှေ့က အတွေ့မှန်တာ အဟုတ်ကိုရေးသူ၊ မေပျိုဖြူရယ်လေ၊ ရွှေဘိုသူလိုယဉ်တာ ကမ္ဘာမရှိသူ၊ ပညာ ရှိကြသူဖြင့် သိကြပါလိမ့် အမှန်တွေးယူ၊ အို.... ကြံကြံဖန်ဖန် ရန်ကုန်သူ၊ ဘုရားဖူးလာတဲ့ ရန်ကုန်သူရယ်၊ မန္တလေးသွားတော့ အသားမည်းပြန်သတဲ့ဆူ”    


(ရေးတာက)သစ္စာ+မေတ္တာ၊ကိုကိုအောင်
ဖော်ပြထားတာက(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
(ယူတာက)http://www.shweamyutay.com/index.php?option=com_content&view=article&id=3221%3A2011-06-02-05-03-46&catid=90%3A2008-06-08-19-55-01&Itemid=682

0 comments:

Post a Comment