Tuesday, January 17, 2012

သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၂) (မျိုးမြင့်ချို)

0 comments
သော့အိမ်ကရက်စွဲများ၊ လူများ၊ အတွေးစများ(၂) 
ကျနော် ဆိုင်ကအထွက်မှာ နောက်ပြန်တချက်လှည့်ကြည့်လိုက်မိ၏။ အမေကား ကျနော့်ကိုကြည့်နေဆဲ။ သို့သော်မြင်ဟန်မတူ။ ဆိုင်ထဲဝင်လာစကတည်းက လူစိမ်းများ ပါလာသည်မို့ ဆိုင်နီးနားများနှင့်ဆိုင်ရှေ့မုန့်ဟင်းခါးဆိုင်တွင် စားနေကြသူများကလည်း ကျနော်တို့ကို ကွက်ကြည့်ကွက်ကြည့်။ ဘာမှန်းတော့ သူတို့ သေချာသိကြသေးဟန်မတူ။ ကျနော်က သိစေလိုစိတ်ဖြင့် အသံနည်းနည်းမြှင့်ပြီး “အမေ..ကျနော် သွားမယ်နော်. သိတ်လည်းစိတ်မပူပါနဲ့” ဟု လှမ်းပြောလိုက်၏။ မုန့်ဟင်းခါးရောင်းသည့် ကလေးမလေး ထံမှ “ဟယ်.. ဦးမျိုးမြင့်ကြီးကို လာဖမ်းတော့”ဟု အာမေဋိတ်သံထွက်လာ၏။ ထိုတော့ မှ စောစောကမသိမသာ အကဲခတ်နေသူများထံမှ တယောက်တပေါက်တီးတိုးသံတွေ ထွက်လာတော့၏။ ကျနော် တချက်ပြုံးမိလိုက် ၏။ ကျနော့်ရည်ရွယ်ချက် အောင်မြင်သွားသည်ကိုး။

ကျနော့်ကိုလာဖမ်းတာဖြစ်ကြောင်း လူတွေသိထားဖို့၊ မြင်ထားဖို့လို၏။  တယောက်က “မျိုးမြင့်ရေ.. လိုက်သာသွား၊ ဘာမှ မပူနဲ့၊ လုပ်စရာရှိတာ ငါတို့ဆက်လုပ်မယ်” ဟု လှမ်းအားပေး၏။ ဘယ်သူမှန်းသိဖို့ ကျနော်လှည့်ကြည့်ဖို့အလုပ်မှာ ကျနော့်ပခုံးတင်း ကနဲဖြစ်သွားပြီး ဇက်နောက်ပြန်လှည့်မရအောင် ဖမ်းထိန်းလိုက်မှန်းခံစားသိ သိလိုက်၏။ လှည့်ကြည့်လို့မရသဖြင့် ဘယ်သူမှန်း မသိခဲ့။
ကျနော့်ဆိုင်နှင့်ရဲစခန်းသည် ကိုက် ၄ဝဝ ခန့်ရှိလိမ့်မည်။ လျှောက်လာရင်း ဆိုင်နှင့် ကိုက် ၁ဝဝ လောက်ရောက်တော့မှ ဘေးက တယောက်က “အေးအေးဆေးဆေးလိုက်ခဲ့၊ မဟုတ်ရင်နာမယ်” ဟု နား နားကပ်လည်းပြော၊ ဇက်ပိုးကော်လံစကိုလည်း ခတ်တင်း တင်းဆွဲချလိုက်၏။ ကျနော် ဘာမှမပြော။ အသာပဲနေလိုက်၏။ တဖြည်းဖြည်းလျှောက်လာကြရင်း လမ်းပေါ်မှာ တယောက်စကား တယောက်နားဖြင့် ဟိုနားကကွက်ကြည့်ကွက်ကြည့် ဒီနားကကွက်ကြည့်ကွက်ကြည့်တွေ များများလာ၏။ ကျနော့်ကိုဖမ်းလာသူ တို့အား ဘာမှပြန်မပြောမိသော်လည်း ချိုင်းထောက်ကိုတင်းတင်းဆုပ်ပြီး ကိုယ်ကိုခတ်မတ်မတ်အနေအထားဖြင့် မှန်မှန်လျှောက် ရင်း ကြည့်နေသူတွေကို ပြန်ပြုံးပြဖြစ်၏။ ထိုအခိုက်အတန့် ကျနော့်စိတ်တွင်းဖြစ်နေသည်ကို အမှန်အတိုင်းပြောရလျှင် “ငါ့ကို လာဖမ်းတာလူတွေသိကုန်ကြပြီ” ဆိုပြီး ကျေနပ်နေမိသလိုလို၊ အဖမ်းခံရတာပဲ ပျော်စရာကောင်းနေသလိုလို၊ ကိုယ့်ကိုယ်ကို လည်း သူရဲကောင်းလိုလိုဘာလိုလို၊ ထီမထင်စိတ်ကလေးကလည်း ကြွနေမိသည်။ အမှန်က မကြာမီကြုံရတော့မည့်ကြမ္မာဆိုးကို ကြိုမသိခဲ့တာကြောင့် ထိုသို့ဖြစ်ရသည်ကို နောက်မှနားလည်တော့၏။ 

သို့နှင့် ကျနော်တို့ရဲစခန်းထဲရောက်လာကြ၏။ စခန်းပေါက်ဝတွင် စစ်ရောင် T-2000 ကားတစီးရပ်ထားတာကိုလည်းမြင်၏။  စခန်းမှူးရှေ့ရောက်တော့ သူ့မျက်နှာတွင် အမျိုးအမည်မကွဲသည့်အရိပ်တချို့ ဖြတ်ကနဲပေါ်လာပြီး ခတ်လျော့လျော့အပြုံးတချက် လက်ကနဲပွင့်သည်ကို မြင်လိုက်မိသေး၏။ သူတို့ ကျနော့်ကို ဘာမှမပြောပဲ နောက်နားကအခန်းကျဉ်းလေးထဲ ခဏထည့်ထားကြ ၏။ အခန်းကလေးမှနေ၍ အပြင်ကိုလှမ်းမြင်နေရ၏။ ရဲစခန်းဝင်းရှေ့တွင် အင်န်အယ်လ်ဒီလူငယ်တချို့ပါအဝင် လူတချို့က ရပ်စောင့်နေကြတာကိုမြင်ရ၏။ “ငါ့ဘက်မှာ လူတွေရှိနေကြပါလား” ဆိုသည့်အတွေးဖြင့် ကျနော်အတော်လည်းအားတက်မိ၏။ စခန်းမှူးနှင့်လာဖမ်းသူများလည်း စာရွက်တွေထုတ်လိုက်၊ ဖေါင်တွေဖြည့်လိုက်၊ လက်မှတ်တွေထိုးလိုက်နှင့် ကျနော်လည်းဘုမသိ ဘမသိ ထိုင်သာကြည့်နေမိ၏။ 

ခဏနေတော့ အခန်းလေးထဲမှ ကျနော့်ကိုလာထုတ်ကာ စခန်းမှူးရှေ့မှာထိုင်ခိုင်းပြီး လက်မှတ်ထိုးရမည့်နေရာတွေမှာ လက်မှတ် ထိုးခိုင်း၏။ ကျနော်က “ဘာဖြစ်လို့လဲ၊ ကျနော့်ကိုဖမ်းတာလား၊ ဘာဖြစ်လို့၊ ဘာပုဒ်မနဲ့ဖမ်းတာလဲ” ဟု စခန်းမှူးကိုမေးတော့ သူက “မောင်မျိုးမြင့်ရေ..ဆရာတို့လည်း တာဝန်အရလုပ်ရတာပါကွာ၊ နောက်တော့မင်းကို ရှင်းပြပါ့မယ်၊ အခုတော့ ဒီမှာထိုးကွာ” ဆိုပြီး စာရွက်တွေသာ တွန်းပေးနေ၏။ ကျနော်က “ရှင်းပြမယ်ဆိုတာ ဘယ်သူရှင်းပြမှာလဲ၊ ဦး..လား၊ သူတို့လား” ဆိုတော့ “မင်းကလည်းကွာ၊ မင်းကိုဖမ်းတာ ငါတို့မဟုတ်ပါဘူး၊ နောက်တော့ သိလာမှာပါ” ဆိုပြီး မရေမရာပြော၏။ ကျနော့်ကိုပြန်ဖြေသည့် အချိန်တွင် သူ ကျနော့်မျက်နှာကို တည့်တည့်မကြည့်။ မျက်လုံးကိုတမင်လွှဲထားရမှန်းလည်း ထင်ရှားနေ၏။ ကျနော်သူ့ကို အားနာ သလိုလိုလည်း စိတ်တွင်ဖြစ်မိ၏။ သူကား ၈၈ အရေးတော်ပုံ ကြီးတွင် လူထုဘက်ကရပ်ခဲ့သူ။  ကျနော်တို့နှင့်အတူ ရပ်ရွာလုံခြုံရေး အတွက် ကင်းအတူလှည့်ခဲ့သူ။ မဆလကိုဆန့်ကျင်ခဲ့သူ။ ခဏတဖြုတ် ပြည်သူ့ဘက်သားဖြစ်ခဲ့ဖူးသူ။ နောက်ပြီး ကျနော့် အကိုကြီးနှင့် အထိုက်အလျှောက်သိကျွမ်းသူ။ သူမျက်နှာပူနေမှန်း၊ အဖြေရကျပ်နေမှန်း ကျနော်ရိပ်မိလိုက်၏။ ထို့ကြောင့် ဘာမှဆက်မမေးတော့ပဲ “အင်းလေ.. ဒါဆိုလည်းပြီးတာပါပဲ” ဟု ဆိုကာ စာရွက်တွေပေါ်မှာ လက်မှတ်ထိုးပေးလိုက်၏။ 

အားလုံးပြီးတော့မှ ကျနော်တို့နှင့်မလှမ်းမကမ်းတွင် လမ်းလျှောက်စကားပြောစက်ဖြင့် အသံခတ်အုပ်အုပ်သတင်းပို့နေသူထံ ကြည့်ပြီး “ပြီးပြီဆရာ၊ ကျနော်တို့ခေါ်ထားရမှာလား” ဟု လှမ်းမေး၏။ ထိုသူက ခဏလေးဆိုသည့်ဟန်ဖြင့်လက်ကာပြပြီး သူ့စက်ဖြင့်သူ အလုပ်ရှုပ်နေပြန်၏။ စခန်းမှူးက ကျနော့်ကိုမကြည့်ပဲ “မင်း..ဘာစားပြီးပြီလဲ၊ တခုခုစားမလား” ဟုမေးတော့ ကျနော်က “ရေတခွက်လောက်၊ နောက်ပြီး ဆေးလိပ်လည်း သောက်ချင်တယ်” ဆိုတော့ ရေအိုးကိုလက်ညှိုးထိုးပြကာ သူ့ရှေ့ ကဆေးလိပ်ဗူးကို ထိုးပေး၏။ ကျနော်က အိပ်ထဲမှဆေးလိပ်ဗူးကိုပုတ်ပြပြီး ရေအိုးဆီသွား၏။ ရေသောက်ရင်းအပြင်ကို မသိမသာ အကဲခတ်ကြည့်၏။ လူတွေက စောစောကထက်ပင်ပိုများလာသည်ကိုတွေ့ရ၏။ အားလည်း ပိုတက်လာမိသလိုဖြစ်နေ၏။ ဘယ်သူတွေမှန်း သေချာသိချင်နေမိ၏။ တချို့ကိုမှန်းကြည့်ပြီး ဘယ်သူဘယ်ဝါထင်သော်လည်း လူလုံးတော့မကွဲ။ နည်းနည်းတိုး ကြည့်လျှင်သိရမည်တွက်ပြီး ဆေးလိပ်မီးခြစ်ထုတ်ကာ စခန်းရှေ့လှေကားထစ်များပေါ် နင်းလိုက်သည်ဆိုလျှင် “ကဲ.ဟေ့ကောင်၊ ဆေးလိပ်နောက်မှသောက်၊ အချိန်မရှိဘူး၊ သွားမယ်” ဆိုသံနှင့်အတူ ပခုံးပေါ်လက်တဘက် ခတ်ပြင်းပြင်း ကျလာ၏။ ကျနော် နောက်မလှည့်ခင်ကလေးမှာပဲ စခန်းပြင်ကလူအုပ်ထဲ တချက်ကြည့်ဖြစ်အောင်ကြည့်မိလိုက်တော့ ရပ်ထား သည့်ဆိုက္ကားတစင်းပေါ်မှာ တင်ပါးလွှဲထိုင်ပြီး ကျနော့်ကိုကြည့်နေသည့် မောင်မောင်သင်ကိုတွေ့လိုက်ရ၏။ ကျနော်လှမ်းကြည့် လိုက်တော့ မျက်နှာကိုတဘက်သို့ရုတ်ကနဲလွှဲလိုက်၏။ ဘာလို့ပါလိမ့်ဆိုပြီး ကျနော့်စိတ်တွင်ဇဝေဇဝါ။ ကျန်သူတွေက လက်ပြနေချိန်မှာ သူက မျက်နှာတဘက်လှည့်ထား၏။ ဘာလို့ပါလိမ့်…ဘာလို့ပါလိမ့်ဆိုသည့် မတင်မကျအတွေးနှင့်အတူ ကျနော့်စိတ်များလေးလံနေခဲ့၏။
မျိုးမြင့်ချို
ဒီဇင်ဘာ ၁၆ ရက် ၂ဝ၁၁
(ဆက်ရန်)

0 comments:

Post a Comment