(ငါဟာ
အတောင်ညှပ်ခံရတဲ့ ငှက်တကောင်ဖြစ်တယ်
ငါ့စိတ်ကတော့
ပင်လယ်ကူးသင်္ဘောကြီး တစင်းဖြစ်တယ်
ဘယ်လိုသင်္ဘောလဲဆိုတော့
ဆိပ်ကမ်းပျောက်နေတဲ့ သင်္ဘောကြီးပေါ့)
ပေါ်ပီ
မင်းညီလုပ်ရတာ ငါရှက်တယ်
“လူတွေဟာ
လိုအပ်လို့ရူးနေကြတာ
ငါ အရူးမဟုတ်ဘူး”
ဒါ မင်းပြောနေကျပဲ
ဒီစကားပြောပြီဆို
ကြိုးခိုင်ခိုင်တုပ်
ကားငှား ဆေးရုံပို့စို့။
ကားမှားစီးတဲ့လူလို
မင်းဟာလည်းမှားယွင်းပြီး
ဒို့မိသားစု
ဒို့ကမ္ဘာထဲရောက်လာတာ
ပေါ်ပီ
မင်းကို ငါမုန်းတယ်။
မင်းကို ငါမုန်းတယ်။
နေပူကြီးထဲ လမ်းတကာလှည့်
ဆံပင်က အုန်းဆံခွံ
သွားကြိုသွားကြားထဲ
အစာဟောင်းတွေနဲ့ပြည့်လို့
ရယ်လိုက်ရင်
အနံ့က တထောင်းထောင်း
မင်းကိုယ်ဟာ ရောဂါပိုးမွှားတို့ရဲ့အသိုက်ပဲ
မင်းရောက်ခဲ့တဲ့ ရပ်ကွက်တိုင်း
လေထဲပိုးမွှားတွေ ပျံ့လို့
လူတွေ နာမကျန်းဖြစ်ကြ
ကလေးငယ်တွေ အသက်ဆုံးရှုံးကြ
ကာကွယ်ဆေးတွေသုံးကြရ
ပေါ်ပီ
မင်းဟာ ဒို့နဲ့အတူ မနေသင့်တော့ဘူး
ဒါဟာ
ငါတို့ရဲ့ လွတ်လပ်ခွင့်ပဲ
ငါတို့ရဲ့ လွတ်လပ်ခွင့်ပဲ
တရားမျှတတဲ့လူ့အဖွဲ့အစည်းရဲ့ မေတ္တာတရားပါပဲ။
ပေါ်ပီ
နှလုံးသွေးရဲ့အရောင်နဲ့ ပေါ်ပီ
ကမ္ဘာသားတွေမမြင်ဖူးတဲ့ကကြိုးနဲ့
ဖျော်ဖြေဖို့ဆင်းလာသူ ပေါ်ပီ
ဖျော်ဖြေဖို့ဆင်းလာသူ ပေါ်ပီ
အခုတော့
နတ်ဆိုးကိန်းလို့
လူတကာရဲ့အမုန်းနဲ့
လောင်တိုက်သွင်းခံရပြီ
မင်းတို့သတ်လေ
ငါ နာကျင်လေ
ငါ့ အပွင့်လှလေ။
ကဲ အာမက်
ငါ့ညီဖြစ်ရလို့ မင်းရှက်တယ်ပေါ့
ထားခဲ့ပါ
ငါ့ကို
ဒီကျွန်းပေါ်မှာ ထားခဲ့ပါ
ဒီကျွန်းပေါ်မှာ ထားခဲ့ပါ
မင်းတို့ကမ္ဘာထဲနေလည်း
ငါဟာ တယောက်တည်းပါပဲ
တယောက်တည်း ရယ်မောခွင့်မရှိ
တယောက်တည်း စကားပြောခွင့်မရှိ
သတ္တိနဲ့ခွန်အား ကောတဲ့မြေ
မင်းတို့ ထမင်းပွဲဟာ စစ်ပွဲ
မင်းတို့ဟာ
တနေ့နှစ်ကြိမ်
တိုက်ပွဲဝင်သူတွေ
ပြီး
မင်းတို့ဟာ
စစ်ရှုံးသူ သုံ့ပန်းတွေ။
အံ့သြစရာ
မင်းတို့ ငါ့ကို
အထူးအဆန်းလိုကြည့်တယ်
အထူးအဆန်းလိုကြည့်တယ်
အဆိပ်ရှိတဲ့ သတ္တဝါလိုကြည့်တယ်
မင်းတို့ရဲ့အကြည့်ဟာ
ငါ့စိတ်ကို နာကျင်စေတယ်
တယောက်တည်း ခိုကိုးရာမဲ့စေတယ်
ကလေးတွေက စကြတယ်။
လူကြီးတွေက ရိုက်ကြတယ်။
မင်းတို့
“အရူး” လို့အော်ကြတဲ့အချိန်မှာတော့
ငါဟာ တကယ်ပဲ ရူးချင်မိတယ်
မင်းတို့ကို ငါကြောက်တယ်
ငါကြောက်ပြီး အော်ဟစ်မိတော့
ဖမ်းချုပ်ကြတယ်။
ဖမ်းချုပ်ကြတယ်။
ကျွန်းပေါ်ခေါ်လာကြတယ်။
ထားခဲ့ပါ
ရဲရဲသာ ပစ်ချခဲ့ပါ
ကန်ထဲ ခဲကလေးပစ်ချသလို
ရဲရဲသာ ပစ်ချခဲ့ပါ
ဂယက်ကလေးတချက်
ရေပွက်ကလေးတပွက်သာ
ငါမျှော်လင့်မိရဲ့
ငါမျှော်လင့်မိရဲ့
ထားခဲ့ပါ
မင်းတို့ထားခဲ့တဲ့ အစာတွေကုန်ပြီးနောက်
ငါ့အစာအိမ်ဟာ အလွန်ပဲကိုက်ခဲလို့
ငါ့လည်ချောင်းတွေဟာ အက်ကွဲလို့
ရေ
ရေဆိုတဲ့ အသံမှုန်ကိုတောင်
မမှုတ်တင်နိုင်တဲ့နောက်
ဒီ့ထက်ပြည့်စုံတဲ့ကမ္ဘာသစ်ကို
ရှာဖွေဖို့ရာ
ငါ
ထွက်ခွါသွားပါ့မယ်။ ။
(ရေးတာက) နေလအောင်
(ယူတာက) http://www.naytthit.net/?p=23361
(မှတ်ချက်) ကဗျာဘာသာပြန်လို့ ယူဆပါတယ်။ ဟုတ်မယ်ဆိုရင် မူရင်းကဗျာနဲ့စပ်တဲ့ အချက်အလက်တွေပါ ဖော်ပြပေးနိုင်ရင်ကောင်းပါမယ်။
0 comments:
Post a Comment