နို့ဖိုး၊ မျိုးမင်းအောင်နဲ့စိန့်ဖရန့်စစ်ကအကြွေစေ့ကလေးတွေ(ဆောင်းပါး ၂)
ဟိုတလောက Facebook မှာ ချိုတူးဇော်က နို့ဖိုးဒုက္ခသည်စခန်း အထက်တန်းကျောင်းလေးအတွက် ဖြစ်နိုင်ရင်ဝိုင်းဝန်းကူညီစေချင်ကြောင်း စေတနာထားပြီးပြောပြလိုက်တာလေးကို မှတ်မှတ်ထင်ထင်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ကျနော်လည်းစိတ်ကူးရပြီး ကျနော့် Facebook ပေါ်ကနေ အလှူရှင်ရှာ ရကောင်းမလားတွေးမိပါတယ်။ ဒါပေမယ့် ပြောဖို့အရေး လက်တော့နည်းနည်း တွန့်နေမိတာအမှန်ပါပဲ။ ချီတုံချတုံစိတ်နဲ့ပဲ သူ့ရေးသားချက်ကလေးအောက်က Comments တွေကို ဂရုတမထားပြီး လိုက်ဖတ်ဖြစ်ပါတယ်။ သူ့ စေတနာနဲ့ လှုံ့ဆော်ပေးမှုအတွက် သာဓုအနုမောဒနာ ပြုကြသူတွေလည်း မနည်းတွေ့ပါ တယ်။ စိတ်ထဲလည်း ကြည်နူးမိတာအမှန်ပါပဲ။ ကိုယ်က လက်မရောက်နိုင်သေးတောင် သူတပါးပြုတဲ့ ကိစ္စကောင်းတခုကို သာဓုခေါ်ပေးနိုင်စွမ်းတယ်ဆိုတာမျိုးက နှလုံးသားနူးညံ့ပြီးစာနာစိတ် လက်ကိုင်ထားတတ်သူတွေမှာ ရှိတတ်ကြရဲ့မဟုတ်လား။ တချို့တော့ အဲသလို သာဓုခေါ်ချင်ပေမယ့် ဘဝအရေးတွေအတွက် ပေးရတဲ့အချိန်တွေကများလွန်းပြီး အချိန်ကအစ ဆင်းရဲနေရတာလည်းရှိတတ်ကြ ပါတယ်။ ဒီတော့ ဖတ်မိပြီး ကြည်နူးစိတ်နဲ့ခေါ်လိုက်တဲ့သာဓုသံဟာ Comments အဖြစ်နဲ့ ချရေးတဲ့ဆီကို ရောက်မလာတာတွေလည်း ဖြစ်ကြမယ်ထင်ပါတယ်။ ဆင်းရဲမွဲတေပြီး စားဖို့တောင်အနိုင်နိုင် ကုန်းရုန်းနေကြ ရရှာသူတွေကျပြန်တော့လည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတာမျိုးတွေ ရှိနေတတ်ကြတာမဟုတ်လား။ အင်တာနက်တို့ဘာတို့ဆိုတာ ဘာမှန်းတောင်သိခွင့်မရရှာကြတဲ့ သူတွေခမျာတော့လည်း တပါးသူပြောပြ လို့သိရပြီး သူတို့ကြည်နူးပီတိနဲ့ သာဓုခေါ်သံတွေရှိဦးတောင် ကျနော်တို့ ဘယ်လိုလုပ် ကြားနိုင်မြင်နိုင်ပါ့ မလဲပေါ့။ သူတို့မလည်း အချိန်တင်မက အစစအရာရာဆင်းရဲချို့တဲ့နေကြရသူတွေဖြစ်နေတယ်မဟုတ်လား။ ဒါဆို ချမ်းသာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့ တိုင်းနိုင်ငံတွေမှာနေကြသူတွေရော ဘယ်လိုရှိလိမ့်မလဲဆိုပြီး ကိုယ်နဲ့အနီးဆုံးဝန်းကျင်ကို စေ့ငုကြည့်ဖြစ်ပါတယ်။
ဒုက္ခသည်အနေအထားနဲ့ ရောက်လာကြသူအများစုဟာ (ဒီက သတ်မှတ်အဆင့်နဲ့) ပညာတတ်တွေမဟုတ်ကြပါဘူး။ အင်္ဂလိပ်စကားပြောတတ်ကြသူက တကယ့်ကိုအနည်းစုလေးဖြစ်ပါတယ်။ ဆိုတော့ ဒီရောက်လို့ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်တွေရကြတော့လည်း သာမန်အလုပ်ကြမ်းတွေကများပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ ဟိုတယ်လ်နဲ့တည်းခိုခန်းတွေမှာ အောက်ခြေသိမ်းအလုပ်တွေ လုပ်နေကြရတာဖြစ်ပါတယ်။ တချို့ မိသားစုများပြီး ဝင်ငွေတခုနဲ့မလောက်သူတွေဆို အလုပ် ၂ ခု အထိတောင် ထွက်လုပ်ကြရပါတယ်။ ရတဲ့ဝင်ငွေဟာ လကုန်ပြီဆိုတာနဲ့ အိမ်လခ၊ မီးခ၊ ဖုန်းခ၊ ကားဖိုး၊ အိမ်စားစရိတ်တွေအပါအဝင် တောက်တိုမယ်ရတွေအတွက် ပြန်ကုန်ရတာနဲ့ဆို လောက်တယ်ဆိုရုံပဲလို့ ပြောရမယ်ထင်ပါတယ်။ လင်ကိုယ်မယား ၂ ယောက်လုံးလည်း အလုပ်ကိုယ်စီလုပ်၊ အလုပ်ဝင်ငွေလေးလည်းကောင်း၊ မိသားစုလည်းနည်း၊ ခြိုးခြိုးချန်ချန်လည်းနေတတ်လွန်းပါမှ အပိုအလျှံဆိုတာလေးက ထွက်တာပါ။ ကလေးငယ်တွေအတွက်၊ မသန်မစွမ်းသူတွေအတွက်၊ သက်ကြီးရွယ်အိုတွေအတွက်၊ အလုပ်လက်မဲ့တွေအတွက် စသည်ဖြင့်ပေါ့လေ ရတဲ့ထောက်ပံ့ကြေးဆိုတာကလည်း ဒီက လူနေမှုပုံစံ၊ စားသောက်မှုနှုန်းထား၊ လူနေမှုစားရိတ်တွေနဲ့ စနစ်တကျတွက်ချက်ပြီး ကွက်တိဖြစ်အောင်ပေးထား တာဖြစ်ပါတယ်။ အဲဒီအထောက်အပံ့ရထားတဲ့ မြန်မာပြည်သားတွေအနေနဲ့ ဘဝတူအမေရိကန်တွေ စားသလို၊ နေသလို၊ သုံးသလိုသုံးမယ်ဆိုရင်တော့ မပိုတဲ့အပြင် ထောက်ပံ့ရေးအေဂျင်စီတွေဆီသွားပြီး အထောက်အပံ့တွေ ထပ်လျှောက်ကြရပါတယ်။ စားတာသောက်တာကျပြန်တော့လည်း မြန်မာပြည်သားအားလုံးလိုလိုဟာ ဆိုင်မှာဝယ်စားတာထက် အိမ်မှာချက်ပြုတ် စားကြတာဖြစ်ပါတယ်။ အပြင်မှာဝယ်စားလို့ တယောက်စာအတွက်ကုန်ရမယ့် ၁၀ ဒေါ်လာလောက်ဟာ အိမ်မှာ အချိန်ကုန်ခံပြီး ဗမာစာပဲချက်ပြုတ်စားမယ်ဆိုရင် လင်မယား၂ယောက်စာ ကောင်းကောင်းမွန်မွန်စားရပါတယ်။ ဒါ မီးဖိုချောင်ကိစ္စကိုပြောတာပါ။ အခြားနေရာတွေမှာလည်း ဖျစ်ဖျစ်မြည်အောင် ချွေတာရတာတွေရှိပါတယ်။ ပြောမယ်ဆို အများကြီးပါပဲ။ ထားပါတော့။
နောက်တခုက ဒီကိုရောက်လာကြသူ အားလုံးလိုလိုနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီရောက်လာပြီး မတူခြားနားတဲ့ဘဝအနေသစ်နဲ့ အံဝင်ဂွင်ကျဖြစ်အောင်လုပ်ရင်း တဘက်မှာလည်း ကိုယ်နဲ့ကိုယ်ဆိုင်ရာဆိုင်ရာ အသိုင်းအဝိုင်းတွေနဲ့ မကင်းမကွာဖြစ်ဖို့အတွက် ဘာသာရေး၊ လူမှုရေး၊ လူမျိုးစုဆိုင်ရာအရေး၊ နိုင်ငံရေးတွေမှာလည်း တပိုင်တနိုင်တယောက်တလက် ပါကြတာဖြစ်ပါတယ်။ သူ့ယဉ်ကျေးမှုမှာ အလိုက်အထိုက်ပျော်ဝင်နေနေရင်းကပဲ ကိုယ့်ယဉ်ကျေးမှုကို မယိုယွင်းရအောင် စွမ်းနိုင်သရွေ့ ထိန်းသိမ်းနေကြရတာဖြစ်ပါတယ်။ အဲသလို ဝိုင်းကြဝန်းကြတယ်ဆိုရာမှာလည်း လူအားနဲ့ချည်းမပြီးပါဘူး။ နောက်က ငွေအားလည်းလိုက်မှဖြစ်ပါတယ်။ ငွေအားလိုက်ကြရာမှာလည်း အကန့်အသတ်တွေကရှိနေပြန်ပါတယ်။ တခုက ဝင်ငွေနည်းပါးတဲ့အကန့်အသတ်ဖြစ်ပြီ နောက်တခုက လိုက်ရတဲ့နေရာများတာနဲ့ ဆိုင်ပါတယ်။ တချို့ဝင်ငွေအကန့်အသတ်ကြောင့် နေရာတိုင်းမှာ စိတ်သွားတိုင်းလက်မပါနိုင်ကြရှာပါဘူး။ ဒါ့ကြောင့် တစ်နေရာနှစ်နေရာလောက်မှာပဲ ဇောင်းပေးထည့်ဝင်နိုင်ကြပါတယ်။ တချို့ကျတော့ ဝင်ငွေနည်းတဲ့ကြားက နေရာတော်တော်များများမှာ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်းနဲ့ ဖြန့်ပြီးထည့်ကြပါတယ်။ တချို့ကျတော့လည်း ဝင်ငွေများတာတော့ မှန်ပါတယ် ဒါပေမယ့် ကျားကြီးခြေရာကြီးဆိုတာမျိုးလည်း ဖြစ်နေပြန်ပါတယ်။ ဝင်ငွေ နည်းနည်းများများပါ။ ကိုယ်နဲ့တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်သက်ဆိုင်ရာ အသင်းအပင်းတွေ၊ အဖွဲ့အစည်းတွေမှာတော့ ထည့်ဝင် ကြတာပါပဲ။ အသင်းအပင်းတွေ၊ အစုအဖွဲ့တွေ၊ Communities တွေဆိုတာကလည်း ဒီမှာက မရှိလို့ မဖြစ်ပါဘူး။ ဒီက အနေအထားကလည်း ကိုယ့်အချင်းချင်း၊ ယဉ်ကျေးမှုနဲ့သမိုင်းနောက်ခံတူသူချင်း ယိုင်းပင်းမှလည်းဖြစ်မှာကိုး။ နောက် တချက်ကလည်း ကိုယ်က ဒီရောက်နေတယ်ဆိုပေမယ့် နောက်မှာကျန်နေခဲ့သူတွေ၊ မိသားစုဝင်တွေ (မြန်မာပြည်နဲ့နယ်စပ်ဒုက္ခသည်စခန်းတွေက) ဆီကိုလည်း နိုင်သလောက်လေး လှမ်းလှမ်းထောက်ရတာလည်း ရှိနေတတ်ကြပါတယ်။ ဒါ့အပြင် ပြည်တွင်းကလူမှုရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်စွမ်းစွမ်းတမံလုပ်နေကြသူတွေ၊ အဖွဲ့အစည်း တွေကိုလည်း စေတနာအလျှောက် ဝိုင်းကြဝန်းကြတာတွေ။ ပြည်တွင်းက စိတ်တူရာ၊ ယုံကြည်ရာတူရာ၊ ဝါသနာတူရာ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဘက်တွေကိုလည်း နာရေးလိုကိစ္စမျိုးတွေရှိတဲ့အခါမယ် လှမ်းကူကြပြုကြတာတွေလည်း ရှိပါတယ်။ ဒီလိုဆိုတော့ ညည်းပြနေတာလားလို့ ထင်မှာလည်း စိုးရပါတယ်။
အနီးဆုံးဝန်းကျင်ကိုစေ့ငုလိုက်တိုင်းမှာ ကိုယ့်ထက်ပို ဒုက္ခရောက်နေရရှာတဲ့ဒုက္ခသည်စခန်းက ကလေးတွေပညာရေးအတွက်အလှူခံဖို့ရာ လက်လည်းတွန့် ပါးစပ်လည်းဆွံ့ဆိုသလိုပါပဲ။ ဒါနဲ့ပဲ ဖေ့စ်ဘွတ်ခ်ပေါ်က ချိုတူးဇော်စာအောက်က Comments တွေကိုဆက်ဖတ်နေရင်း ကွန်မန့်တခုမှာ ကိုကြိုင်ထွန်း Oakland,California, USA က အဆက်အသွယ်ရှိရင်အသိပေးဖို့ သူလည်းလှူချင် ကူချင်ကြောင်းလေး ရေးထားတာတွေ့ပါတယ် ဒါနဲ့ သူ့ပေ့ဂ်ျက အင်ဖိုထဲဝင်ရှာတော့ သူ့အီးမေးလ်လိပ်စာတွေ့ပါတယ်။ ကျနော် အဲဒီမေးလ်လိပ်စာကို သူ့ဆီကနေခွင့်တောင် တောင်းမနေတော့ပဲယူလိုက်ပြီး အီးမေးလ်တစောင်ပို့လိုက်ပါတယ်။ ကမ့်ထဲ့က ဒုက္ခသည်ကလေးတွေအတွက် ပထမအကြိမ် ကျနော် ကြိုးစားစိုက်ထုတ်ခဲ့တာလေးလည်း သူ့ကို အကျိုးအကြောင်းလေးရှင်းပြခဲ့ပါတယ်။ နောက်တရက်မှာပဲ အီးမေးလ်ပြန်ဝင်လာပြီး Skype နဲ့စကားပြောဖြစ်သွားပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်လည်း ဒုက္ခသည်အဖြစ်နဲ့ ဒီရောက်လာသူဖြစ်ရုံမက အဲဒီ နို့ဖိုးက ဒုက္ခသည်ကျောင်းကလေးမှာ ဆရာအဖြစ်နဲ့ကလေးတွေကိုစာသင်ခဲ့ သူဖြစ်နေပါတယ်။ ကျနော် အံ့သြဝမ်းသာမိတာပါပဲ။ တခြားအကြောင်းအရာလေးတွေလည်း ပြောဖြစ်ခဲ့ပါတယ်။ ဒါနဲ့ တိုတိုချုပ်ရရင်တော့ သူ လောလောဆယ်မှာ ဒေါ်လာ တစ်ရာ $ 100.00 ကျနော့်ဆီ ချက်လက်မှတ်ပို့လိုက်မယ်။ နောင်လည်း လစဉ်ပုံမှန်လိုမဟုတ်ပေမယ့် တတ်နိုင်သမျှကြိုးစားပြီး ပံ့ပိုးကူညီသွားမယ်လို့ အားတက်သရောဆိုပါတယ်။
သူ့ဆီက ငွေရောက်လာပြီး နောက်တနေ့မှာပဲ စိန့်ဖရန့်စစ်တက္ကသိုလ်ကဆရာမ Katrina Boedeker တယောက်တည်းအနေနဲ့ သတ်သတ်လှူထားတဲ့ ဒေါ်လာ ၄၀ ($ 40.00) နဲ့ပေါင်း၊ ပို့ခလေးကျနော်ကစိုက်ပြီး နို့ဖိုးက စာသင်ကျောင်းလေးဆီထပ်လွှဲခဲ့ပါတယ်။ ထိုင်းဘတ် (THB 4362.96) ၄ ထောင် ၃ ရာ ၆၂ ဘတ်နဲ့ ပြားစွန်းပါတယ်။
ကျနော်တို့ နို့ဖိုးကဒုက္ခသည်ကလေးတွေရဲ့ ပညာရေးအတွက် တတပ်တအားကူကြတာမှာ ၂ ကြိမ်ပေါင်းဆိုရင် ယူအက်စ်ဒေါ်လာ ၉၆၇ ($ 967.00) ဖြစ်ပြီး၊ ထိုင်းဘတ်ငွေနဲ့ဆိုရင် (၂၇၄၇၆. ၅၁) (THB 27476.51) ရှိသွားပါပြီ။ အခုဒီစာလေးကို ဖတ်မိပြီး ဒုက္ခသည်ကလေးငယ်လေးတွေရဲ့ ပညာရေးအတွက် ကူညီချင်ကြမယ်ဆိုရင် ကျနော့် ဖုန်း (၂၆၀) ၅၁၅-၂၈၈၉ ကို ဒါမှမဟုတ် ကျနော့် အီးမေးလ် myomyint63@gmail.com ကို ဆက်သွယ်ကြစေလိုကြောင်းပါခင်ဗျား။
မျိုးမြင့်ချို ဇန်နဝါရီ ၁၅ ရက် ၂၀၁၂
(ဆောင်းပါး ၁ ကိုတော့ http://myo-myo-myintcho.blogspot.com/2012/01/blog-post_02.html
http://www.maukkha.org/index.php/book-store/essay-maukkha/272-2011-10-22-02-18-41
http://www.facebook.com/note.php?note_id=256625891070323 အဲဒီနေရာတွေမှာဖတ်ပါခင်ဗျား)
ကိုမျိုးမြင့် ၊ဆောင်းပါးကိုဖတ်ပြီး၊ကျေးဇူးတင်တယ်လို့ ကျောင်းကိုယ်စားပြောပါရစေ၊ဆက်ပြီးကူညီပေးပါဗျာ၊ခင်ဗျာရဲ့ စာအရေးအသား၊အတွေးအခေါ်တွေသိပ် ကောင်း တယ်။