ဇန်နဝါရီ ၁၉ ရက် ၂၀၁၂ နေ့ကအာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
၈၈ လူထုအုံကြွမှုကာလတလျှောက်လုံးမှာ အလုပ်ပျက်အကိုင်ပျက် အရောင်းအဝယ်တွေလည်းပျက်ခဲ့လေတော့ ဖန်မီးအိမ်ကိုပြန် အသက်သွင်းမယ် သာဆိုတယ် ကျနော်တို့လက်ထဲမှာပိုက်ဆံက မရှိသလောက်ဖြစ်နေကြပါပြီ။ လူငယ်ပိုင်းထဲမှာ နိုင်ငံရေးနဲ့စပ်တဲ့စာတွေ ဖတ်ချင်သူတွေကလည်း တနေ့တခြား တိုးတိုးလာနေပါတယ်။ အဲသလိုပဲ မြို့ထဲကလမ်းဘေးစာအုပ်ဟောင်းဆိုင်တွေ မလည်း လူငယ်တွေတိုးတိုးဝှေ့ဝှေ့နဲ့ဆိုတော့ ရောင်းသူတွေလည်း လက်မလည် နိုင်အောင်ပါပဲ။ ဒါပေမယ့်ခက်နေတာက ကျနော့်တို့အနေနဲ့ အဲဒီ စာအုပ်မျိုးတွေ အများကြီးဝယ်နိုင်တဲ့အခြေအနေမရှိပါဘူး။ စာဖတ်ဝိုင်းကို ဘယ်ပုံရှင်သန်ကြီး ထွားအောင်ပြန်လုပ်ကြမလဲဆိုပြီး နည်းလမ်းစုံရှာကြရင်းနဲ့ မင်္ဂလာဒုံဈေးထဲက ကျနော်တို့စာအုပ်ငှားဖတ်နေကျ ဧရာဝတီစာအုပ်ဆိုင်နဲ့ပြန်ချိတ်မိပါတယ်။ တိုတိုပြောရရင်တော့ ကျနော်တို့လိုချင်တဲ့စာအုပ်တွေ ကို ၂ ဘက် သတ်မှတ် တဲ့နှုန်းထားတခုယူပြီး လစဉ်ငှားယူ၊ ပြန်အပ်စနစ်နဲ့ လိုသလောက်ရလာပါတယ်။
စာဖတ်ဝိုင်းလေးလည်း ခုဆို အရင်ကထက်တောင် စနစ်တကျနဲ့ စည်စည်ပင်ပင်နဲ့ရှင်သန်နေပါပြီ။ မြို့ကလေးက အင်န်အယ်လ်ဒီတွေတင်မက အစိုးရဝန်ထမ်းတွေပါ အားတက်သရောဝင်ပြီး ဖတ်လာကြပါတယ်။ စာဖတ်ဝိုင်း လေး နည်းနည်းပြန်အခြေတည်မိလာပြီဆိုတော့မှ ကျနော် နိုင်ငံရေး ဘက်ခြေဦးပြန်လှည့်ပါတယ်။ အင်န်အယ်လ်ဒီရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(ယာယီ)လည်းထွက်လာပါပြီ။ အဲဒါကို လေ့လာပြီးနောက် လက်မခံနိုင်စရာမမြင်တာနဲ့ ထဲထဲဝင်ဝင် ဝင်လုပ်တော့မယ်ဆိုတဲ့ ပိုင်းဖြတ် ချက်ကိုလည်း ပီပီပြင်ပြင်ချလိုက်ပါတော့တယ်။ ကျနော်တို့အပေါ် တိုင်းနဲ့ဗဟိုကလူငယ်တွေက အရင်ကထက်ပိုအလေးထားလာတွေ လည်းရှိလာသလို စပ်နေတဲ့မြို့နယ်တွေနဲ့ အလုပ် လုပ်ရတာတွေလည်း ပိုသွက်လက်ပြီးအရှိန်ကောင်းလာပါတယ်။ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးတို့က အင်န်အယ်လ်ဒီမှာလုပ်နေကြတဲ့လူငယ်တွေက ၈၈ ကာလတုန်းက အတူလက်တွဲခဲ့ကြသူတွေဆိုတော့ တယောက်ကိုတယောက် ရင်းနှီးနားလည်ရလည်း ပိုလွယ်ကူကြပါတယ်။ ကျနော်လည်း မြို့ကလေးရဲ့လူငယ်တာဝန်ခံအနေနဲ့ အင်န်အယ်လ်ဒီကဦးဆောင်လုပ်တဲ့ နေ့ကြီးရက်ကြီးတွေ၊ အခန်းအနားတွေ၊ လှုပ်ရှားမှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲတွေကိုလည်း အမြဲလိုလိုတက်နေရပါတယ်။
ဒီလိုနဲ့ တနေ့မှာ ဗဟိုနဲ့တိုင်းလူငယ်တာဝန်ခံတို့က ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့မယ့်အကြောင်းနဲ့ အချိန်၊ ရက် စတာတွေကို ပြောလာပါတယ်။ ကျနော် အတော့်ကိုဝမ်းသာကြည်နူးမိတာ အမှန်ပါပဲ။ ကျနော် သူနဲ့ ၂ ဦးထဲ လူချင်း မျက်နှာချင်းဆိုင်စကားပြောချင်၊ သူပြောလာမှာတွေကိုလည်း နားထောင်နေချင်မိတာကလည်း ကြာပြီကိုး။ ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ဘာတွေမေးမယ်၊ ဘာတွေပြောမယ်ဆိုပြီးလည်း ကြိုတင်ပြင်ဆင်နေမိပါတယ်။ ဒါနဲ့ပဲ တွေ့ရမယ့် ရက်ကိုရောက်လာပါပြီ။ သတ်မှတ်တဲ့အချိန်မတိုင်ခင်ကပဲ ကျနော်ကြိုရောက်ပြီး စိတ်စောနေခဲ့ပါတယ်။
ကျနော့်ကို ဗဟိုလူငယ်တာဝန်ခံက ပေါ်တီအောက်ကခုံတန်းလျားလေးအထိ လိုက်ပို့ပေးပြီးပြန်သွားပါတယ်။ ကျနော်စောင့်နေတုန်းမှာပဲ အိမ်တံခါးပွင့်လာပြီး လူကြီးတချို့ထွက်လာကြတာကိုမြင်တာနဲ့ ထိုင်နေရာကနေမတ်တပ်ထရပ်ပြီး နှုတ်ဆက်မလို့လုပ်နေတုန်းမှာပဲ သူတို့ နောက်ဘက်တံခါးဝကနေ ဒေါ်အောင်းဆန်းစုကြည် ပေါ်လာပါတယ်။ ကျနော့်ကိုမြင်တော့ လှေကားထစ်အတိုင်းဆင်းချလာပါတယ်။ အနားရောက်တော့ ပြုံးပြီး “လာ..သား..နေကောင်းလား” လို့ဆိုကာ ကျနော့်ပခုံးကိုကိုင်ပြီး ဖေးဖေးမမဆွဲထူပေးပါတယ်။ ကျနော်စိတ်ထဲ အတော့ကိုကြည်နူးမိပြီး “ဟုတ်ကဲ့..အန်တီကောင်းပါတယ်၊ အန်တီရော” ပြန်မေးဖြစ်ပါ တယ်။ “ကောင်းပါတယ်ကွယ်၊ နည်းနည်းတော့ ပင်ပမ်းတာပေါ့” ရိုးရိုးပဲပြန်ဖြေပါတယ်။ ဒါနဲ့ သူ့နဲ့ယှဉ်ပြီး လှေကားထစ်လေးတွေ အတိုင်းပြန်တက်တော့ ကျနော့်ကို “သတိထားနော်၊ ချော်လဲဦးမယ်”ဆိုပြီး ပြောပါတယ်။ နောက်တော့ ကျနော်နဲ့သူ သူ့ရုံးခန်းထဲ ကိုရောက်လာကြပါတယ်။ ကျနော် သူညွှန်ပြတဲ့ခုံမှာမထိုင်ခင် အခန်းထဲကိုတချက်ဝေ့ဝိုက်ပြီး ကြည့်မိလိုက်ပါတယ်။ အခန်းက ရုံးခန်းတခန်းရဲ့အဆင်အပြင်ဆိုတာထက် စာရေးဆရာတယောက်ရဲ့အခန်းနဲ့ ပိုဆင်နေတယ်လို့စိတ်ထဲ မှတ်လိုက်မိပါတယ်။
ထောင့်က ဗီရိုပုလေးတလုံးပေါ်မှာ ဓါတ်ပုံတချို့နဲ့အတူ ဆုလက်မှတ်လို့ထင်ရတဲ့အရာတွေကို မှန်ပေါင်သွင်းထောင်ထား ပါတယ်။ ဗီရိုလေးထဲမှာနဲ့နံရံက စင်တွေပေါ်မှာတော့ အရွယ်အစားစုံစာအုပ်တွေလည်း အစီအရီတွေ့ရပါတယ်။ အခန်းနံရံတွေမှာတော့ မိသားစုဓါတ်ပုံတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေလည်း သူ့နေရာနဲ့သူချိတ်ထားပါတယ်။ ကျနော့်ကို စားပွဲဝိုင်းကြီးကသူနဲ့အနီးဆုံး ကုလားထိုင်တလုံးမှာထိုင်ခိုင်းပြီးမှ စကားစပြောပါတယ်။ အရင်ဆုံးသူက ကျနော်ဘယ်လိုဒဏ်ရာတွေရခဲ့သလဲဆိုတာမေးလို့ အတိုချုပ်ပြီး ပြန်ရှင်းပြပါတယ်။ သူ တော်တော်စိတ်မကောင်း ဖြစ်သွားဟန်ပေါ်ပါတယ်။ ပြီးတော့မှ သူက “သား..ဘာ့ကြောင့်နိုင်ငံရေး လုပ်ရသလဲ” ဆိုပြီးမေးတော့မှ ကျနော်က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်တာဖြစ်ကြောင်း မကျဉ်း မကျယ်ရှင်းပြပါတယ်။ ကျနော်ပြောပြနေချိန်မှာ သူ တခွန်း မှ ပြန်လှန်မေးတာမြန်းတာမလုပ်တဲ့အပြင် ကျနော့်ကို စကားထောက်ပေး တာတောင်မလုပ်ပါဘူး။ တကယ့်ကို စိတ်ဝင်တစားနဲ့အလေးအနက် နားထောင်နေမှန်းသိသာနေပါတယ်။ ဒါပေမယ့် ကျနော်ပြောတာ ကိုနားထောင်နေရင်း တချို့နေရာတွေမှာတော့ မျက်နှာညှိုးသွားပြီး စုပ်သတ်တာတော့ သတိထားမိပါတယ်။ ကျနော်ပြောတာ ဆုံးတော့မှ “အေး..အန်တီလည်း အဲဒီအတွက်ပဲလုပ်နေတာ၊ တိုင်းပြည်မှာ အရင်ဆုံးလုပ်ရမှာက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပဲ၊ တိုင်းပြည်မငြိမ်းချမ်းပဲနဲ့ ဒီမိုကရေစီနိုင်ငံလို့ပြောလို့မဖြစ်သလို၊ ငြိမ်းချမ်းရေးဆွေးနွေးကြတယ်ဆိုတာလည်း ဒီမိုကရေစီအစိုးရ တခုအောက်မှာ တန်းတူရည်တူအခွင့်အရေးတွေရှိမှဖြစ်တာ၊ အာဏာရှင်စနစ်တွေအောက်မှာ ငြိမ်းချမ်းရေးကိစ္စ အကောင်အ ထည်ဖော်ဖို့ဆိုတာ အလွန်မလွယ်ကူတဲ့ကိစ္စပဲ၊ ဆိုတော့ တိုင်းပြည်ကို အာဏာရှင်စနစ်အောက်ကလွတ်ဖို့၊ ဒီမိုကရေစီနိုင်ငံဖြစ် အောင်လုပ်ဖို့က သိတ်အရေးကြီးတယ်၊ ဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်ဖို့ဆိုတာကလည်း အားလုံးစည်းလုံးညီညွတ်မှဖြစ်မယ်၊ ပါတီတွေအချင်း ချင်းညီညွတ်ရမှာဖြစ်သလို လူထုကိုယ်တိုင်လည်း ညီညွတ်မှဖြစ်မယ်၊ စည်းကမ်းတကျနဲ့ ညီညွတ်တဲ့တိုင်းပြည်နဲ့ လူထုဖြစ်အောင် အရင်လုပ်ရမယ်၊ စည်းကမ်းရှိမှ၊ ညီညွတ်မှသာ ဒီမိုကရေစီနိုင်ငံတည်ဆောက်လို့ရမယ်၊ ဒီမိုကရေစီနဲ့ညီညွတ်ရေး၊ တန်းတူအခွင့်အရေးတွေရှိမှလည်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာ”ဆိုပြီး သူ့အမြင်ကိုတဆက်ထဲတောက်လျှောက် ပြောချလိုက်ပါတယ်။ သူ့စကားမှာ သွယ်ဝိုက်ကွေ့ပတ်ပြီးပြောနေတာ တခုမှမပါသလို၊ တိုတောင်းသလောက် တိကျရှင်းလင်းပြီး အနှစ်သာရအပြည့်နဲ့မို့ နားလည်ရလည်းအလွန့်ကိုလွယ်ကူပါတယ်။ ကျနော်နားထောင်နေရင်း သူ့အကဲခတ်ကြည့်တော့ သူ့မျက်လုံး၊ သူ့အမူအရာနဲ့သူ့စကားလုံးတွေဟာ တထပ်ထဲကျနေသလို အားတက်သရော မာန်နဲ့ဟန်နဲ့ပြောနေတာ ဆိုတာလည်းသိရပါတယ်။ ကျနော် အားလည်းအတော်တက်မိပါတယ်။
ဒါနဲ့ကျနော်လည်း အရဲကိုးပြီး “အန်တီ..တခုတော့ကျနော်ပြောပါရစေ” လို့ခွင့်တောင်းပြီး “အန်တီ့ကိုရော အင်န်အယ်လ်ဒီကို ပါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်မယ်ဆိုတာကျနော်ယုံကြည်ပါတယ်၊ အဲဒီကိစ္စအတွက် ကျနော် ဘယ်သူနဲ့မဆို၊ ဘယ်အဖွဲ့ အစည်းနဲ့မဆို တွဲလုပ်နိုင်သလို လုပ်လည်းလုပ်မှာပါ၊ အဲဒါကိုဆန့်ကျင်လာပြီဆိုရင်တော့ ကျနော်လည်းပြန်ဆန့်ကျင်မှာပဲ။ အင်န်အယ်လ်ဒီဟာ အဲဒါကိုဒီနေ့ ကျောခိုင်းလိုက် နောက်နေ့ အင်န်အယ်လ်ဒီကို ကျနော်ပြန်ဆန့်ကျင်မှာပဲ”လို့ပြောချလိုက်မိပါတယ်။ ကျနော့်စကားဆုံးဆုံးချင်းပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်နေတဲ့ခုံကနေရုတ်ကနဲ ထလိုက်ပါတယ်။ ပြီးတော့ ပြတ်နေတဲ့ကျနော့် ညာဘက်လက်ကလေးကိုကိုင်ပြီး “သား.. အန်တီ တို့လိုချင်တဲ့လူငယ်ဆိုတာ အဲဒါမျိုးပဲ၊ ယုံကြည်တာကိုပြောရဲလုပ်ရဲပြီး၊ မေးခွန်းပြန် ထုတ်ရဲသူဖြစ်ရမယ်”လို့ တလုံးခြင်းပြောချလိုက်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။
0 comments:
Post a Comment