၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်ထွက်ခွာခဲ့သော ဗိုလ် ချုပ်အောင်ဆန်းခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာကိုယ်စားလှယ် အဖွဲ့သည်ဘိလပ်၌ ဗြိတိသျှအစိုးရအဖွဲ့နှင့် ဗမာပြည်လွတ်လပ်ရေးကိစ္စ အတွက်ဆွေးနွေးကာ သဘောတူညီချက်ရအောင် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရရှိရန် ရုပ်လုံးအကြမ်းဖျင်းပေါ်လာသည်။ လန်ဒန်ခရီးစဉ် အတွင်း မြန်မာနိုင်ငံအား အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာနိုင်ရေးအတွက် လွတ်လပ်ရေ ပေးအပ်မည့် အချက် (၁ဝ) ချက်ပါ အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် အပြီးသတ် ချုပ်ဆိုနိုင် ခဲ့ကြလေသည်။
လန်ဒန်သွား မြန်မာကိုယ်စား လှယ်အဖွဲ့တွင် -
၁)ဗိုလ်ချုပ်အောင်ဆန်း(အဖွဲ့ခေါင်းဆောင်)
၂)ဦးဘဖေ(ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)
၃)ဦးတင်ထွဋ်(ဘဏ္ဍာရေးဝန်ကြီး)
၎)သခင်မြ(ပြည်ထဲရေးဝန်ကြီး)
၅)သခင်ဗစိန်(သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)
၆)ဂဋ္ဌုန်ဦးစော(ပညာရေးဝန်ကြီး)
၇)ဦးကျော်ငြိမ်း(ဖဆပလအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူး)
၈)သခင်အောင်သန်း(ဗိုလ်စင်္ကြာ)
၉)ဦးဘရင်(မိတ္ထီလာ)
၁၀)ဗိုလ်ထွန်းလှ(ဗိုလ်ချုပ်၏အပါးတော်မြဲ)
၁၁)ဦးရွှေဘော်(အတွင်းဝန်)
၁၂)ဦးအောင်ထွန်း(အတွင်းဝန်)
၁၃)ဦးဘတူ(ဦးဘဖေ၏အပါးတော်မြဲ)
၁၄)သခင်ချစ်(သခင်ဗစိန်၏အတိုင်ပင်ခံ)
၁၅)ဦးလှမြတ်စိုး(ဦးစော၏အပါးတော်မြဲ)
၁၆)ဦးဘသန်း(လက်ရေးတို) တို့ပါဝင်ပြီး လန်ဒန်သို့ လေးသုတ်ခွဲလျက် သွားရောက်ခဲ့ကြလေသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် သမိုင်းဝင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
တစ်နှစ်အတွင်း လွတ်လပ်ရေးရစေမည်
လွတ်လပ်ရေးရရှိဖို့အတွက် အောင်မြင်စွာဆွေးနွေးခဲ့သော လန်ဒန်ပြန်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ မြို့တော်မြူနီစီပယ်အဖွဲ့ဝင်လူကြီးများနှင့် မြို့မိမြို့ဖများက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဂုဏ်ပြု ဧည့်ခံပွဲတစ်ရပ်ကျင်းပခဲ့ရာ ဧည့်ခံပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက -ကျွန်တော်ဘိလပ်က ပြန်လာတော့ ဘာရသလဲမေးလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ယူနီဖောင်းတစ်စုံ ရလာတယ်။(သြဘာသံများ)

တစ်နှစ်ပဲစောင့်ပါ
သွားတောင်းတာ ရသလားဆိုရင် တစ်ရာမှာ တစ်ရာတော့ မရဘူး။ လိုချင်သလောက်နီးနီး ရပါတယ်။ တစ်နှစ် အတွင်း လွတ်လပ်ရေးရမယ် မရဘူးဆိုတာ ကျွန်တော်တို့ ဖဆပလအဖွဲ့ချုပ်လုပ်ငန်းစဉ်ကို ပြန်၍ စစ်ဆေးကြည့်မယ်ဆိုရင် တစ်ဆင့်ထက်တစ်ဆင့် ဘယ်လိုတက်လာသလဲ။ ဘယ်လို အိနြေ္ဒရစွာနဲ့ လုပ်ကိုင်နိုင်တယ်၊ တော်လှန်ရေးမှာ လုပ်လာတဲ့လူတွေဆိုတာ သိတန်သလောက် သိကြတယ်။ အဲဒီလို တစ်ဆင့်တက်၍လုပ်ထားကြတယ်ဆိုရင် လူထုက ဘာပြောပြောနားမယောင်ကြဘဲ ဖဆပလအဖွဲ့ချုပ်၏ ညွှန်ကြားလမ်းပြရာသို့ တစ်သဝေမတိမ်းလိုက်နာရင် တစ်နှစ်အတွင်း လွတ်လပ်ရေးရမယ်လို့ ကတိပေးခဲ့ မယ်။ ဟုတ်တယ် မဟုတ်ဘူး စောင့်ကြည့်ပါ ဟု ဗိုလ်ချုပ်အောင်ဆန်းက တစ်နှစ်အတွင်း လွတ်လပ်ရေး ရအောင် လုပ်ပေးမည်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ကတိပေးခဲ့သည်။ လွတ်လပ်ရေးပန်းတိုင် မရောက်မီလမ်းခု လတ်မှာပင် ဗိုလ်ချုပ်တို့အာဇာနည်တွေ ကြွေလွင့်ခဲ့ကြရရှာသော်လည်း ကျန်ရစ်သူ ခေါင်းဆောင်များ၏ ဆက်လက်ကြိုးပမ်းမှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးလမ်းသို့ အရောက် လှမ်းနိုင်ခဲ့ကြပေသည်။
မြန်မာနိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လုံးဝလွတ်လပ်ရေးရယူရန်ဆုံးဖြတ်ပြီးသည့်နောက်ပိုင်း သတင်းစာများတွင် လွတ်လပ်ရေးနေ့ကောင်းရက်သာရွေးကြပုံကို ဖော်ပြခဲ့ကြသည်။
ထို့အပြင် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ် အတွဲ(၂၁)၊ အမှတ်(၁၈) စာမျက်နှာ(၃) အယ်ဒီတာ့အာဘော်ကဏ္ဍတွင်လည်း လွတ်လပ်ရေးနေ့ရွေးချယ်ခဲ့ပုံအကြောင်းကို ဤသို့ ဖော်ပြခဲ့သည်။

လွတ်လပ်ရေးနေ့ နေ့ကောင်းရက်သာ အခါအမျိုးမျိုးရွေးကြခြင်း
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၅၆ မိနစ်အချိန်တွင် မြန်မာနိုင်ငံတော် အား လွတ်လပ်ရေးပေးရန် မြန်မာနိုင်ငံတော်ဝန်ကြီးအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်လိုက်ပေပြီ။
ထို့အပြင် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီသည်လည်း ယခု လ ၁၆ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်း လမ်း၊ အိမ်နံပါတ် ၁ဝ ၌ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်သခင်နုတို့နှင့် တွေ့ဆုံကြလျက် အာဏာလွှဲပြောင်းရေးနှင့်စပ်လျဉ်းသည့် ပြောဆိုဖွယ်ရာများကိုပြောဆိုပြီး မဟာမိတ်စာချုပ်ကို ချုပ်ဆိုလိုက်ပြီ ဟူ၍လည်း ကျွန်ုပ်တို့ ကြားသိရလေပြီ။
ဤစာချုပ်အရ မြန်မာနိုင်ငံတော်သည် ဓနသဟာယခေါ်သည့် အကျိုးတူပြည်ထောင်စုအပြင်အပ၌ အချုပ် အခြာအာဏာပိုင်နိုင်ငံအဖြစ် တသီးတခြားနေမည်ဖြစ်သော်လည်း ဗြိတိသျှဒိုမီနီယံ ပြည်ထောင်စုကြီးနှင့် အချစ်မပျက်ဘဲ နီးကပ်စွာဆက်ဆံသွားရန် မြန်မာခေါင်းဆောင်များက ပေါင်းသင်းသွားလိုသည့်စိတ်ထားဖြင့် ချုပ်ဆိုကြမည်ဖြစ်ရာ လျော်ကန်သင့်မြတ်သော ခြေလှမ်းဟူ၍ပင်ဆိုရန် အကြောင်းရှိပေသည်။ အကြောင်းမူကား ဗြိတိသျှအုပ်ချုပ်စိုးမိုးမှုတည်းဟူသော လောင်းရိပ်မိခဲ့ရာမှထွက်ခွာပြီးသော် ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ကိုယူစချိန်၌ နေပူတံလျင်၏ဒဏ်ကို ခံနိုင်ရည်ရှိစေရန် ထိုအရိပ်၏အာဝါသကို ကိုယ့်အကျိုးစီးပွားကိုမထိမခိုက်စေဘဲခိုလှုံမည် ဖြစ်သောကြောင့်တည်း” ဟူ၍ ဖော်ပြပါရှိသည်။
ဖော်ပြချက်များအနက် ဆရာ ဒီးဒုတ်ဦးဘချိုမကျဆုံးမီက ဆရာချိုနှင့် ဆရာမောက်တို့ လွတ်လပ်ရေးနေ့ရွေး ချယ်ရန်ဆွေးနွေးခဲ့ကြပုံ ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ် အတွဲ(၂၁)၊ အမှတ်(၁၉)တွင် ယခု လို ဖော်ပြထားခဲ့သည်။
”လွတ်လပ်ရေးနေ့ နေ့ကောင်းရက်သာအခါအမျိုးမျိုးရွေးကြ ခြင်း”
အောက်တိုဘာလ ၁၆ ရက် နေ့က ကြည့်မြင်တိုင် မဟာမြိုင်ကျောင်း၌ ဝန်ကြီးများနှင့်ဗေဒင်ပညာရှိများ စည်းဝေး၍ လွတ်လပ်ရေးနေ့ကောင်းရက်သာအခါကို ရွေးချယ်စိစစ်ကြကြောင်း၊ မဟာမြိုင်ဆရာတော်နှင့် ပုဏ္ဏား ဦးလှမောင်တို့က ဇန်နဝါရီလ ၁ ရက် ကြာသပတေးနေ့ကို ရွေးချယ်ကြကြောင်း၊ ဦးတေဇောသာရက ဇန်နဝါရီလ ၆ ရက်နေ့ကို ရွေးချယ်ကြောင်း၊ ဆရာမောက်တို့က ၁၅ ရက်နေ့ကို ရွေးချယ်ကြကြောင်း၊ ထိုသို့ သုံးမျိုးကွဲနေရာ ဦးတေဇောသာရကလည်း မိမိ ၆ ရက်ကို မလျှော့နိုင်ဘူးဟု ပြောကြောင်း၊ ဒီးဒုတ်ဦးဘချိုနှင့် ဆရာမောက်တွေ့စဉ်တုန်းက ဆရာမောက်က နာမည်ကြီးဗေဒင်ဆရာ ၄-၅ ဦးကိုခေါ်ပြီးအရွေးခိုင်းလျှင် ကောင်းမည်ဟုပြောရာ ”ဒီလိုဆိုရင်မဖြစ်ဘူး။ သူ့ရက်ကောင်းတယ်၊ ငါ့ရက် ကောင်းတယ်ငြင်းခုံနေကြတာနဲ့ ရက်ကောင်းရနိုင်မှာ မဟုတ်ဘူး။ ဆရာဦးသန်းမောင် တစ်ယောက်တည်းကိုသာ တာဝန်လွှဲချင်တယ်”ဟု ပြောဆိုခဲ့လေသည်။ လူ့လောကလူ့သဘာဝကို ကောင်းစွာနားလည်သော ဦးဘချိုကို ကျွန်ုပ်မမေ့နိုင်ဟု ဆရာမောက်ကပြောဆိုကြောင်း၊ လွတ်လပ်ရေးနေ့ကို ဇန်နဝါရီလ ၆ ရက် ၁၁ နာရီ ၅၆ မိနစ်ကို ရွေးချယ် လိုက်ကြောင်း၊ လွတ်လပ်ရေးကြေညာပြီးနောက် ပျဉ်းမနားဦးသန်းမောင်နှင့်ဦးအုန်းသင်တို့၏ နေ့ကောင်း ရက်သာအခါရွေးခြင်းကို နိုင်ငံတော်အစိုးရက သင့်လျော်သည်ဟုယူဆကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကို ကျမ်းသစ္စာပြုရန်ရွေးချယ်လိုက်ပြီဖြစ်ကြောင်း၊ ထို ကျမ်းသစ္စာပြုပွဲ၌ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ကျမ်းသစ္စာကျိန်ဆို၍ လုလင်ပျိုနှင့်ကညာပျို ခုနစ်ဦးက စပါးနှံပါသောကောက်လှိုင်းများကို အထက်သို့မြှောက် ကာ ကောင်းချီးသြဘာပေးကြရန်စီစဉ်ထားကြောင်း စသည်ဖြင့်ဖော်ပြထားရာ မြန်မာတို့၏အတိတ်နိမိတ် ယုံကြည်မှုများကို မှတ်သားခဲ့ရပေသည်။
အဆိုပါ ဒီးဒုတ်ဂျာနယ် အတွဲ (၂၁)၊အမှတ်(၁၉)၊စာမျက်နှာ(၂)တွင်မူ ”၁၉၄၈ ခု ဇန်နဝါရီလ ၁၅ ရက်နေ့ကို နေ့ကောင်းရက်မြတ်အဖြစ် အစိုးရကရွေးချယ်လျက် သမ္မတကြီးနှင့်တကွ ဝန်ကြီးတို့သည် သစ္စာပြုရန် သတ်မှတ်လိုက်ကြပြီဖြစ်ကြောင်း” ဟူ၍ ဖော်ပြခဲ့သည်။
၁၉၄၇ ခုနှစ် အောက်တိုဘာ လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံအား လုံးဝလွတ်လပ်ရေးရရှိစေမည့် သမိုင်းဝင် နု-အက်တလီစာချုပ်ခေါ် မြန်မာ့လွတ်လပ်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။
ဒီးဒုတ်ဂျာနယ် အတွဲ(၂၁)၊ အမှတ်(၂ဝ)တွင် ဗေဒင်ပညာရှိဦးလှမောင်က ဇန်နဝါရီ ၁၅ ရက် (ကြာသပတေးနေ့)သည် လွတ်လပ်ရေးနေ့သတ်မှတ်ရန် ရက်ကောင်းရက်မြတ်မဟုတ်ကြောင်း ဗေဒင်ပညာနှင့်ယှဉ်၍ရေးသားထားသည်ကို ဖော်ပြထားသော်လည်း ဂျာနယ်မှာ နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်လာပြီဖြစ်သဖြင့် ဆွေးမြည့်နေရုံသာမက နာဂစ်မုန်တိုင်းကြောင့် ရေစိုစုတ်ပြဲနေပြီဖြစ်၍ ဖတ်ရှုကိုးကားရန် မဖြစ်နိုင်တော့ပါ။
ဇန်နဝါရီ ၄ ရက်ကို ဘယ်သူတွေရွေးချယ်ခဲ့သလဲ
သို့နှင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ အချိန်တွင် မြန်မာနိုင်ငံသည် လုံးဝလွတ် လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ပြန်လည်ပေါ်ထွန်းလာခဲ့ပေသည်။ ဤနေ့ကို လွတ်လပ်ရေးနေ့အဖြစ် မည်သူတွေရွေးချယ်ခဲ့သည်ကိုမူကား စာရေးသူအနေဖြင့် ရှာဖွေမတွေ့ ရှိတော့ပါ။ အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီ စာချုပ်တို့တွင်လည်း မည်သည့်နေ့တွင် လွတ်လပ်ရေးကြေညာမည်ကိုမတွေ့ရှိရသဖြင့် ပညာရှင်များအနေနှင့် မည်သို့ပြင်ဆင်ရွေးချယ်ခဲ့သည်ကို သုတေသီများရှာဖွေဖော်ထုတ်၍ ရေးသားရန်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
သိန်းအေး
ရည်ညွှန်း -
(၁) မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း (ဖိုးအောင်လေး)
(၂) ၁၉၄၇ ခုနှစ်က ထုတ်ဝေခဲ့သော ဒီးဒုတ်ဂျာနယ် အတွဲ(၂၁)၊ အမှတ်(၁၈)၊(၁၉)၊(၂ဝ)၊(၂၁)စာစောင်များ-
(၃) ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (စာပေဗိမာန်)

(ဒီကနေယူပါတယ်) http://popularmyanmar.com/mpaper/archives/33767
0 comments:
Post a Comment