Tuesday, January 10, 2012

ဘရောက်ဒါဝါဒ ပြန်လည်ဆန်းစစ်ချက်(ညီစောလွင်)

0 comments
Earl Browder
သမိုင်းဆိုတာ သင်ခန်းစာယူဖို့ပဲကောင်းတယ်လို့ ခံယူပါတယ်။ သမိုင်းမှာဒါတွေ ဒီလိုဖြစ်ခဲ့လို့ အခုလည်း ဒီလိုဖြစ်လာမယ်၊ သမိုင်းမှာဒီလိုလုပ်လို့ အခုလည်း ဒီလို လုပ်ရမယ်ဆိုတဲ့ တရားသေစဉ်းစားချက်တွေဟာ ရိုးလွန်းအားကြီးတယ်လို့ အခိုင်အမာယုံကြည်ပါတယ်။


ဘရောက်ဒါဝါဒအကြောင်းကို မြန်မာပြည်သမိုင်းလေ့လာသူတိုင်း သိကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်ကွန်မြူနစ်ပါတီခေါင်းဆောင် ဘရောက်ဒါ (Earl Browder) ရဲ့ အယူအဆဖြစ်ပြီး၊ အိန္ဒိယကွန်မြူနစ်ပါတီက တဆင့် မြန်မာပြည်ကို ရောက်ခဲ့ပါတယ်။
အနှစ်သာရအားဖြင့် စစ်ကြီးပြီးသွားတဲ့နောက်မှာ အရင်းရှင်နှင့်အလုပ်သမား လူတန်း စားတို့ရဲ့နောက်ထပ်တိုက်ပွဲတွေ မလိုတော့၊ ဆိုရှယ်လစ်စနစ်ကြီး ကမ္ဘာကိုလွှမ်းမယ်၊ ငြိမ်းချမ်းစွာအသွင် ကူးပြောင်းသွားမယ်ဆိုတဲ့သဘောဖြစ်ပါတယ်၊ (၁၉၉၀ အလွန် ဆိုဗီယက်ပြည်ထောင်စု ပြိုသွားတဲ့အခါမှာ ဖူကူးယားမားဆိုတဲ့ပညာရှင်တဦးကလည်း ဘရောက်ဒါဝါဒနဲ့ပြောင်းပြန် ကမ္ဘာမှာဆိုရှယ်လစ်စနစ်ကို လစ်ဘရယ်ဒီမိုကရေစီကအနိုင်ရသွားလို့ သမိုင်းနိဂုံးချုပ်ပြီလို့ ဆိုခဲ့ပါတယ် - စကားချပ်)
မြန်မာပြည်လွတ်လပ်ရေးမတိုင်ခင်အနှစ် ၅၀ တ၀ိုက်မှာ နိုင်ငံရေးစနစ်တွေ အဆင့်ဆင့်ပြောင်းလဲခဲ့သည်ကို တွေ့နိုင်ပါတယ်။ ဒိုင်အာခီခေတ်၊ ၉၁ ဌာနခေတ်၊ ဖဆပလ ကြားဖြတ်ယာယီအစိုးရခေတ်၊ လွတ်လပ်ရေး စသဖြင့် မျဉ်းဖြောင့်ဆွဲလျှင် အဆင့်ဆင့်တိုးတက်လာတယ်လို့ ယူဆနိုင်ပါတယ်။
တိုးတက်မှုတိုင်းမှာ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ သို့မဟုတ် နှစ်မျိုးစလုံး ရှိခဲ့ပါတယ်။ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲကလည်း တလှည့်စီဖြစ်ခဲ့တာဖြစ်ပါတယ်။ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ ဆရာစံ တောင်သူလယ်သမားသူပုန်၊ ဒို့ဗမာအစည်းအရုံးခေတ်၊ ဖက်ဆစ်တော်လှန်ရေးတို့တလှည့်စီဖြစ်ခဲ့ပြီး နောက်ဆုံး ဖဆပလ တပ်ပေါင်းစုကြီးဦးဆောင်တဲ့ လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲနည်းလမ်းတွေနဲ့ လွတ်လပ်ရေးရခဲ့တယ်လို့ ဆိုနိုင်ပါတယ်၊
အောင်ဆန်းအက်တလီ၊ နုအက်တလီစာချုပ်တို့နှင့် လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းစွာ
အသွင်ကူးပြောင်းတဲ့နည်းနဲ့ (တနည်းအားဖြင့် ဘရောက်ဒါဝါဒအရ) လွတ်လပ်ရေးရခဲ့တယ်လို့ ကောက်ချက်ဆွဲရင် တဖက်သတ်အမြင်ပဲဖြစ်ပါလိမ့်မယ်။
စစ်ကြီးအပြီး ဘုရင်ခံရဲ့အမှုဆောင်ကောင်စီကို ကြားဖြတ်ယာယီအစိုးရပုံစံဖြစ်အောင်လုပ်ဖို့ ဒေါ်မန်စမစ်နဲ့ ဆွေးနွေးပွဲတွေပျက်သွားတဲ့သာဓက ရှိပါတယ်၊ ဒါကို မကျေနပ်လို့ လူထုလူတန်းစားအားလုံးပါဝင်တဲ့ စက်တင်ဘာ အထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့တာကြောင့် အင်္ဂလိပ်ဘက်ကအလျှော့ပေးပြီး ဘုရင်ခံရဲ့ ကောင်စီမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ နေရာရခဲ့တာဖြစ်ပါတယ်။ဒါတောင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံ ပြီး လွတ်လပ်ရေးကို နှောင့်နှေးဖို့ကိုးစားခဲ့တာ၊ လူထုရဲ့ နိုင်ငံရေးနိုးကြားမှုကိုမဟန်တဲ့အဆုံးမှာ နု-အက် တလီစာချုပ်နဲ့ လွတ်လပ်ရေးပေးခဲ့တာဖြစ်ပါတယ်။ ပြန်ချုပ်လိုက်ရင် မြန်မာပြည်လွတ်လပ်ရေးခရီးမှာ ငြိမ်း ချမ်းစွာအသွင်းကူးပြောင်းခဲ့တဲ့အချိန် မရှိခဲ့ပါဘူး၊ စာလေးမှာစိုးတဲ့အတွက် အသေးစိတ်တွေကိုမပြောတော့ ပါ။
မြန်မာပြည်မှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲတွေဟာ (၉၁)ဌာနခေတ်အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲတို့အဆင့်ပဲရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကို နောက်တဆင့်တက်လှမ်းနိုင်ဖို့ကိစ္စမှာ တိုင်းပြည်မှာသွေးထွက်သံယိုမှုတွေမရှိဘဲ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းဖို့အတွက် ပြည်သူတွေအများစုက လိုလားပါတယ်။ ကမ္ဘာအသိုင်းအ၀ိုင်းကလည်း  ဒီအတိုင်းဖြစ်လာဖို့ မျှော်လင့်နေတာထင်ရှားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာမှာ အာရပ်နွေဦးလို အာဏာရှင်တွေတယောက်ပြီး တယောက်ပြုတ်ကျနေတာ ကိုလည်း မြင်နေရပါတယ်။ ဒီလိုအရပ်ရပ်အခြေအနေကိုအကြောင်းပြုလို့ မြန်မာပြည်မှာ ငြိမ်းချမ်းစွာအသွင် ကူးပြောင်းမှု ဖြစ်နိုင်မလား၊ စစ်ပြီးခါစ ဘရောက်ဒါဝါဒနှင့်စိတ်ကူးယဉ်သလို စိတ်ကူးနေကြတဲ့ အခြေအနေဖြစ် ပါတယ်။
ဒါပေမယ့် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 
ဝင်တာဟာ သမ္မတအကြံပေးရဲ့စကားအရ အခြေအနေပေးရင် အစိုးရအဖွဲ့ထဲမှာပါဝင်လာခဲ့ရင်တောင် စစ်ပြီးခေတ်ဖဆပလထဲ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘုရင်ခံအမှုဆောင်ကောင်စီထဲပါတဲ့ အခြေအနေမျိုးနဲ့ အပုံကြီးကွာခြားပါတယ်၊ ဒါလည်း လူတိုင်းသိနေတဲ့ ကိစ္စပါပဲ။
နိုင်ငံရေးအပြောင်းအလဲမှာ အစိုးရအဖွဲ့ထဲက သဘောထားပျော့ပျောင်းသူတွေကိုဆွဲဆောင်ဖို့ ပြောသံတွေ ကျယ်ကျယ်လောင်လောင် ကြားရပါတယ်။ ဒီလိုပဲ အတိုက်အခံလှုပ်ရှားမှုမှာ၊ ပြည်သူလူထုထဲမှာရော အစိုးရ ကိုမယုံကြည်တဲ့လူတွေကို ယုံကြည်အောင်လုပ်ဖို့ အစိုးရမှာတာဝန်ရှိနေပါတယ်။အခု အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးအယူအဆ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တဲ့အတွက် လောလောဆယ် အတိုက်အခံအင်အားစုတွေထဲမှာ သဘောထားပျော့ပျောင်းသူတွေ အားကောင်းနေတာမှန်ပါတယ်။  ဒါပေမယ့် လက်ရှိအစိုးရလုပ်ပုံကိုင်ပုံတွေအရ ပြည်သူတွေ ဘယ်လောက် သည်းခံနိုင်မလဲမသေချာပါဘူး၊
သမိုင်းကြောင်းပြန်ကောက်ရရင် စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလရဲ့လုပ်ပုံကိုင်ပုံတချို့ကို အားမရလို့ သခင်ကိုယ်တော်မှိုင်းကြီးကိုယ်တိုင် အားမရခဲ့တဲ့အချိန်တွေရှိပြီး၊ စစ်ကြိုခေတ် ဒို့ဗမာအစည်း အရုံးကို ပြန်လည်အသက်သွင်းဖို့စဉ်းစားခဲ့တဲ့ သမိုင်းရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလက ကာကွယ်ရေး၊ ပြည်ထဲရေးကိုတောင်းလို့ရမှ ဘုရင်ခံရဲ့ ကောင်စီထဲပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက -၁၀ ရက်အတွင်း ပြည်သူ့လွတ်လပ်မှုချုပ်ချယ်တဲ့ ဥပဒေ ဖျက်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွတ်ပေးရေး၊ လအတွင်း တင်းပြည့်ကျပ်ပြည့် အမျိုးသားအစိုးရအခြေအနေဖြစ်ရေး၊ တနှစ်အတွင်းလွတ်လပ်ရေးစတဲ့ကတိတွေကို ဗိုလ်ချုပ်အောင်ဆန်းတို့ ပေးနိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပြည်သူတွေက နိုင်ငံရေး၊ ကာကွယ် ရေးနှင့်ပည်ထဲရေးဌာနကို အစိုးရကအပိုင်စီးထားတာကိုဖျက်သိမ်းဖို့မတောင်းဘဲနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရကလွတ်မပေးပါဘူး၊ 
လက်ရှိအစိုးရလုပ်ပုံကိုင်ပုံတွေအရ ပြည်သူတွေဘယ်လောက်သည်းခံနိုင်မလဲ မသေချာပါ။ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီထဲကိုဝင်တဲ့အချိန်မှာ ဖဆပလအဖွဲ့အတွင်း သဘောတူခဲ့တာရှိပါတယ်။
အကယ်၍ ဘုရင်ခံရဲ့အမှုဆောင်ကောင်စီထဲမှာ လွတ်လပ်ရေးအတွက် အလုပ်လုပ်လို့မရဘူးဆိုရင် ဖဆပလ ဦးစီးအဖွဲ့က ထွက်ခဲ့လို့ခေါ်တဲ့နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရောတဖွဲ့လုံးထွက်ရမယ်ဆိုတဲ့ ကတိပါ။  ဒေါ်အောင် ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အလားတူကတိက၀တ်မျိုး လုပ်သင့်မလုပ်သင့်စဉ်းစား သင့်တယ်လို့ ယူဆပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရွေးတဲ့လမ်းက တိုင်းပြည်အတွက်ရော၊ အစိုးရအတွက်ပါ ကောင်းပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးဖြစ်ဖို့ အစိုးရဆီကအကူအညီလိုပါတယ်။ အစိုးရက အကူအညီမပေးတဲ့ အဆုံးမှာ ပြည်သူက သူ့လမ်းသူရွေးရပါလိ့မ်မယ်။ဒီလိုဖြစ်လာရင် လူထုတိုက်ပွဲနှင့်လက်နက်ကိုင်တိုက်ပွဲတွေ ရှေ့တန်းပြန်မထွက်လာလို့ မဆိုနိုင်ပါ၊ မြန်မာပြည်သမိုင်းမှာ ဒီအတိုင်းဖြစ်ခဲ့ပါတယ်။
စက်တင်ဘာသပိတ်ဖြစ်တော့ ဆာဒေါ်မန်စမစ်တယောက် ၀မ်းကိုက်တယ်ဆိုပြီး အင်္ဂလန်ပြန်သွားပါတယ်။ မြန်မာပြည်မှာ လူထုတိုက်ပွဲတွေဖြစ်လာရင် အစိုးရခေါင်းဆောင်တွေအတွက် ပြေးစရာမြေမရှိ၊ စစ်တပ်အား ကိုးတဲ့အာဏာရှင်တွေ တယောက်ပြီးတယောက် ဇာတ်သိမ်းမကောင်းလှပါ။   
တိုင်းပြည်ကိုမနာစေချင်တဲ့ ပြည်သူတယောက်အနေနဲ့ လက်ရှိအပြောင်းအလဲမှာ ဘရောက်ဒါဝါဒ အောင်မြင်ဖို့ဆုတောင်းပေးချင်ပါတယ်။ညီစောလွင်
(ဇန်န၀ါရီ ၉၊ ၂၀၁၁)
(ဒီကယူပါတယ်) http://www.maukkha.org/index.php/feature-article/1730-earl-browder-maukkha

0 comments:

Post a Comment