ဒီနေ့အချိန်ဟာ နိုင်ငံရေးအမြင်အလွန်ရှုပ်ထွေးတဲ့ ကာလတခုဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါမယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်းဖြစ်ပါတယ်။ ဒီမိုကရေစီသမားပါလို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ် မေတ္တာထားပြီး ဦးဂမ္ဘီရ သော့ရိုက်ချိုးတာကို သဘောထားတင်းမာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလဖြစ်ပါတယ်။ အတွေးအခေါ်ရှုပ်ထွေးရင် နိုင်ငံရေးရှုပ်ထွေးပြီး ညီညွတ်ရေးပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေးပြိုကွဲရင် ရန်သူဘက်က အနိုင်ရအသာစီးရသွားတတ်ပါတယ်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျပါလိမ့်မယ်။
တချို့က ညီညွတ်ရေးရှေးရှုပြီး အပျော့ကလည်း အပျော့၊ အမာကလည်း အမာ နည်းမျိုးစုံနဲ့ တပြိုင်တည်း လုပ်သွားကြမယ်လို့ ဆိုပါတယ်။ ဒီသဘောထားဟာ အမြော်အမြင်ကြီးမားတဲ့ အမြင်ပါ။ ဒါပေမယ့် တကယ် လက်တွေ့ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိလာပါတယ်။ ဘာ့ကြောင့် သံသယဖြစ်မိပါသလဲ။ ကျနော် ပြောပါမယ်။
ဒေါ်နော်အုန်းလှက လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားတော့ Weekly Eleven က မီဒီယာပီပီ မီဒီယာနေရာမနေဘဲ ဒီအချိန်မှာ ပွဲဖျက်နှောက်ယှက်လာရင် ဘယ်သူ့မှသည်းမခံဘူးလို့ ပြောလာပါတယ်။ ဆရာဦးစိန်ဝင်းကလည်း ဒီအချိန်ဟာ လူကြီးလူကောင်းဆန်ဆန်လုပ်ရမယ့်အချိန်လို့ ဆိုလာပါတယ်။ ဒီမိုကရေစီဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဆရာဦးစိန်ဝင်းလိုပုဂ္ဂိုလ်မျိုးကတောင် လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လူကြီးလူကောင်းမဟုတ်သလိုမျိုး ပြောထွက်လာတာကိုတွေ့ရပါတယ်။ ၈၈ မှာ တနိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြလို့ ဒီနေ့ ဒီလောက် ဒီမိုကရေစီစကားပြောခွင့်ရလာတယ်ဆိုတာကိုတော့ သတိမေ့သွား သယောင်ယောင်ပါပဲ။ ဒါဟာ ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နမူနာပါ။
မန္တလေးမှာ ဦးသောပါက ခေါင်းဆောင်တဲ့ ဆန္ဒပြသူသံဃာတော်ငါးပါးကို ကြံ့ဖွံ့စစ်အစိုးရက ဖြိုခွဲတဲ့ကိစ္စမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီဘက်တော်သားများဟာ သူတို့ဘက်(သံဌာတွေဘက်)ကနေအားပေးကူညီမှု မပြုခဲ့ရုံသာမက အစိုးရဘက်ကိုကူညီပြီး ဆန္ဒပြသံဃာတော်တွေရဲ့ရည်ရွယ်ချက်ပျက်ပြားအောင် လုပ်ဆောင် ခဲ့ပါတယ်။ သံဃာတော်တွေကို မစိုးရိမ်တိုက်ဟောင်းကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စာနာစကားကလေးမှပြောဖော်မရဘဲ နှာစေးနေခဲ့ပါတယ်။ ဒါဟာလည်း ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက တိုက်ခိုက်ထိုးနှက်ခဲ့တာနဲ့ လျစ်လျူရှုခဲ့တာရဲ့ နောက်ထပ် နမူနာပါ။
တောင်သူလယ်သမားတွေနဲ့ ကိုဖိုးဖြူတို့က လယ်သမားအခွင့်အရေးအတွက် ဆန္ဒပြကြတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှာစေးပြန်ပါတယ်။ ဘာမှ အကူအညီမပေး။ ထောက်ခံမှု မပေးခဲ့ပါ။ ဖမ်းဆီးသူတွေ၊ တရားစွဲသူတွေကိုတောင်မှ တချက်ကလေး ဝေဖန်ဖော်မရပါ။ ဒီမိုကရေစီအခွင့်အရေး အတွက် ထောက်ခံပြောဆိုဖို့ရာ ဒီချုပ် ဘာကြောင့် ပျက်ကွက်ခဲ့ပါသလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှုပျက်ပြား မှာစိုးလို့ နှုတ်ဆိတ်နေတာပါလား။ အသေးကလေးလို့ တွေးသူတွေ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီခေါင်းဆောင်တွေ ဒီမိုကရေစီအတွက်စကားမပြောရဲရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီနောင်ရေးဟာ ရင်လေးစရာဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒေါ်စုနဲ့ NLD အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့အဖြစ်ဟာ မသင့်တော်ပါဘူး။ အချောင်ဆန်တဲ့အပြုအမူဖြစ်ပါတယ်။ တာဝန်မဲ့တဲ့အပြုအမူ ဖြစ်ပါတယ်။ လယ်သမားနဲ့ အစိုးရဖြစ်တာ ငါတို့နဲ့မဆိုင်ဆိုပြီး ဘေးထွက်ထိုင်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ ကိုဖိုးဖြူတို့လုပ်ရပ်ကို မကြိုက်လို့ မထောက်ခံနိုင်ဘူးဆိုရင်လည်း မထောက်ခံနိုင် ကြောင်း ဘာ့ကြောင့်မလုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ထောက်ခံတယ်ဆိုရင်လည်း ထောက်ခံကြောင်း ပြသသင့်ပါတယ်။ ဒီကိစ္စမျိုးမှာ ကြားနေလို့မရပါ။ လူထုခေါင်းဆောင်ဆိုတာ လူထုအရေးကို မသိချင်ယောင်ဆောင်နေရင် လည်း မသင့်တော်ပါ။ ဒီဖြစ်စဉ်ဟာလည်း ပျော့ပျောင်းသူတွေက ပြတ်သားသူတွေဘက်ကမရပ်ဘဲ ဦးသိန်းစိန်ဘက်ကရပ်ခဲ့တဲ့ နောက်ထပ်ဥပမာတခု ဖြစ်ပါတယ်။
ထောင်ကျခံ တန်းကျခံပြီး ဟုတ်တိုင်းမှန်ရာကို ရဲရဲပြောခဲ့ကြသူတွေလည်း ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အရိပ်အကဲကို အရိပ်တကြည့်ကြည့် ကြည့်ပြီး မပြောရဲမဆိုရဲ ဖြစ်ကုန်ကြပါပြီလား။ ဒုက္ခခံစားကြရသူတွေကို ဥပေက္ခာပြုမှပဲ ဒီဆွေးနွေးရေးက အလုပ်ဖြစ်တော့မှာပါလား။ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ပါးစပ်လိုက်ပိတ်မှသာ ပြောင်းလဲရေးရှေ့ဆက်နိုင်မှာပါလား။ ဒါဆိုရင် သူတို့ပြောနေတဲ့ ပြောင်းလဲရေးဆိုတာ ဘယ်လိုပြောင်းလဲရေးပါလဲ။ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
ဆရာတော် အသျှင်ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်ကို သော့ရိုက်ချိုးပြီးဝင်နေခဲ့ပါတယ်။ နောက်ထပ် မတရား ချိတ်ပိတ်ခံထားရတဲ့ ကျောင်းနှစ်ကျောင်းကိုလည်း သော့ရိုက်ချိုးခဲ့ပါတယ်။ ဒါကိုလည်း ကျနော်တို့ရဲ့ ဒီမိုကရေစီသမားများဆိုသူတွေက ဥပဒေချိုးဖောက်ရကောင်းလားဆိုပြီး အပြစ်တင်ကြပါတယ်။ မတရားတဲ့ ဥပဒေကိုလိုက်နာဖို့ တောင်းဆိုနေကြပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီအရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်နေကြသူတွေဖြစ်ပါတယ်။ စစ်အစိုးရထုတ်သမျှဥပဒေကို လိုက်နာနေမယ်ဆိုရင် ဘာမှ တိုက်ပွဲဝင်နေ စရာမလိုတော့ပါဘူး။ စစ်အစိုးရထုတ်ပြန်တဲ့ဥပဒေတွေနဲ့ ကိုယ့်ကိုယ်ကိုယ်တုပ်နှောင်ထားပြီး တိုက်ပွဲဝင်မယ် ဆိုရင် ကျနော်တို့ဟာ စစ်အစိုးရလက်ထဲမှာ ကလေးကစားစရာအရုပ်ကလေးတွေလို ဖြစ်နေပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ ကျနော်တို့ကိုဟန့်တားဖို့အတွက် ဘာမှ ကြိုးစားအားထုတ်နေစရာမလိုဘဲ ဥပဒေတမျိုးပြီး တမျိုး ထုတ်နေရုံပါပဲ။ ဥပဒေကို လေးစားလိုက်နာမှုမရှိတဲ့ ဆရာစံကို ဗြိတိသျှနယ်ချဲ့အစိုးရက ပုန်ကန်သောင်းကျန်းသူ၊ သူခိုးဓားပြတွေလို့ ခေါ်ပါတယ်။ ဆရာစံကို ကြိုးမိန့်ပေးသတ်ဖြတ်ခဲ့သူ ဒေါက်တာ ဘဦးကိုတော့ လူကြီးလူကောင်း ဥပဒေသမား တရားသူကြီးလို့သဘောထားပါတယ်။ ပြည်သူတွေရဲ့သမိုင်းက ဆရာစံနဲ့ ဒေါက်တာဘဦးကို ဘယ်လိုဆုံးဖြတ်သလဲဆိုတာကိုတော့ ပြည်သူအားလုံး သိကြတဲ့အတိုင်းပါပဲ။
တကယ်တော့ ဆရာတော် ဦးဂမ္ဘီရကို ငြိုငြင်ကြတာဟာလည်း အပျော့သမားတွေရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရဲရဲတောက်အပြုအမူတွေဟာ စစ်တပ်အတွင်းက သဘောထားတင်းမာသူတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေလေမလား။ သဘောထားတင်းမာသူတွေက စိုးရိမ်ပူပန်ကြရင် အပျော့သမားဆို တဲ့ သမ္မတဦးသိန်းစိန် ဒုက္ခရောက်မလား။ ဒေါ်စုရဲ့တွေ့ဆုံဆွေးနွေးရေးကို အနှောက်အယှက်ဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့စဉ်းစားကြဖို့က အပြောင်းအလဲဖြစ်လာဖို့အတွက် သူတို့ စိတ်ကောက်မှာကို စိတ်ပူနေကြရတယ်ဆိုရင် ကျနော်တို့ မျှော်လင့်နေကြတဲ့ အပြောင်းအလဲဆိုတာဟာ ဘယ်လောက်ခိုင်မာသလဲဆိုတဲ့ အချက်ပါ။ သူတောင်းစားလို လက်ဖြန့်တောင်းခံနေလို့ ဒီမိုကရေစီရမယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ သူတို့ စေတနာ သဒ္ဓါ ပေါက်မှပေးမယ့် ဒီမိုကရေစီမျိုးကို ကျနော်တို့ မမျှော်ကိုးပါ ဘူး။
အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ကြပါ။ ကျနော်တို့ သိပ်ကြိုးစားကြလို့ နောက်ဆုံးတနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်တောင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်ရင် တချက်ပါပဲ။ အခြေခံဥပဒေက သူတို့အတွက် ဒီလောက်အာမခံချက်ရှိလို့ စစ်အစိုးရဟာ အခုလို ဖွင့်ကစားနေတာပါ။
ခေါင်းမာတဲ့သူတွေ စိတ်ကောက်မှာစိုးလို့ ကိုယ်လူ့အချင်းချင်းကို ဟို့လူ့ပါးစပ် လိုက်ပိတ်၊ ဒီလူ့ပါးစပ် လိုက်ပိတ်လုပ်နေတာဟာ ဘယ်သူတွေ အကျိုးရှိနေပါသလဲ။ ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ်မှာရော တရားပါရဲ့လား။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်နောက်ကလူထုတရပ်လုံးမှာ အတွေးအခေါ်တွေ ဘယ်လောက် ရှုပ်ထွေးကုန်ပါပြီလဲ။ လူထုကြားမှာ ဘယ်လောက် အငြင်းအခုန်ဖြစ်ကုန်ကြပါပြီလဲ။ ဘယ်လောက် တွေဝေကုန်ပါပြီလဲ။
ဘယ်လောက် တွေဝေကုန်ပြီလဲဆိုရင် လမ်းပေါ်ထွက်ဆန္ဒပြဖို့ပြောရင် ပြောတဲ့သူကို ခေတ်မမီတဲ့သူ၊ ငပေါငကြောင်လို့တောင် ထင်လာပြောလာကြတဲ့ အထိပါပဲ။ လူထုအဖွဲ့အစည်းတွေဟာ ကျနော်တို့ရဲ့ အင်အားဖြစ်ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတာဟာ လူထုအင်အားကိုပြသတာ ဖြစ်ပါတယ်။ လမ်းပေါ် ထွက်ဆန္ဒပြတာလောက် ဘာကိုမှ စစ်အစိုးရက အရေးမလုပ်ဘူးဆိုတာကို ကျနော်တို့ အကြိမ်ကြိမ် တွေ့ခဲ့ကြပြီးပါပြီ။ ဘယ်လို အာဏာရှင်စနစ်မျိုးပဲ ဖြစ်ပါစေ၊ လူထုရဲ့သဘောထား၊ လူထုရဲ့ဆန္ဒကို လုံးဝလျစ်လျူရှုပစ်ပယ်ပြီး ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တနည်းနည်းနဲ့ လူထုထောက်ခံမှုကိုရယူဖို့ ကြိုးစားကြ ပြသကြရတာချည်းပါပဲ။ ကြံ့ဖွံ့တွေက လူထုသဘောထား ဆန္ဒခံယူပွဲဆိုပြီး အတုအယောင်ပွဲကြီးတွေဖန်တီးခဲ့တာတွေဟာ အဲသလို ကြိုးစားမှုတွေရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။
တကယ်တမ်း စစ်အစိုးရကို ရွေ့လာအောင် လှုပ်လာအောင် လုပ်နိုင်တာဟာလည်း လူထုလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးကြောင့်သာ ၁၉၉၀ ခုနှစ်မှာ ဒီချုပ်မဲနိုင်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက် လာတာပါ။ ၂၀၀၇ ခု သံဃာ့အရေးအခင်းကြီးကြောင့်သာ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရဟာ မလွဲမရှောင်သာ ရွေးကောက်ပွဲကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင် ထောင်ကလွတ်လာတော့ ဓားအိမ်ကိုကြည့်လို့ ဓားကောင်းမှန်းမသိရင်၊ ဓားကို ထုတ်ပြရဲတဲ့ သတ္တိရှိသလားလို့ မေးခဲ့ပါတယ်။ လူထုက တခဲနက်ထောက်ခံပါတယ်။ ကိုမင်းကိုနိုင်က အရပ်သားအစိုးရကို သံသယရှိပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါးစပ်ပိတ်ထားပေးမယ်လို့ ဆိုပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမယ့်အကြောင်း ဝန်ခံလက်မှတ်ရေးထိုး ချင်စိတ် ရှိပုံမရပါဘူး။ ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာကို ထောက်ခံရ တာဟာ အင်မတန် စွန့်စားရတဲ့ထောက်ခံမှုလို့ ဆိုပါတယ်။ ဒါပေမယ့် ၈၈ မျိုးဆက်ထဲမှာ ဒေါ်စု ရွေးကောက်ပွဲ ဝင်တာကို နှစ်နှစ်ကာကာ ထောက်ခံသူတွေလည်း ရှိကြပါတယ်။
အပျော့သမားတွေက ကိုမင်းကိုနိုင်ရဲ့ဓားကိုလည်း စိုးရိမ်ပုံရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူထုထောက်ခံမှု ပမာဏကလည်း သိပ်ကြီးမားလို့ အတိအလင်း ဝေဖန်ပြောဆိုသံမျိုးကိုတော့ သိပ်မကြားရပါဘူး။
ဒါပေမယ့် မစန္ဒာမင်းကို ထောင်ကလွတ်အလာ စောင့်ပြီး ရွေးကောက်ပွဲဝင်ဖို့နေရာချန်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေကိုတော့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာမျိုး မတွေ့ရပါဘူး။ (ကျနော် မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ၈၈ မျိုးဆက် ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားသလဲဆိုတာကတော့ အလွန်စိတ် ဝင်စားဖို့ကောင်းပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင်ဦးဆောင်ပါဝင် ခဲ့ကြသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးကြမလဲဆိုတာဟာ အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့အရာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဥပမာတွေကို ထောက်ထားကြည့်ရင် ဒီမိုကရေစီသမားတွေအကြားမှာ အပျော့အမာလက်တွဲပြီး တအုပ်စုနဲ့တအုပ်စုအကြားမှာ အကူအညီပေးချီတက်ကြဖို့ဆိုတာဟာ အပြော လွယ်သလောက် လက်တွေ့သိပ်မလွယ်လှဘူးဆိုတာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သံသယဖြစ်မိတယ်လို့ ကျနော်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ နည်းမျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံနဲ့ ချီတက်ရေးလမ်းကြောင်း ဟာ ကျနော်တို့အနေနဲ့ မလွဲမရှောင်သာ သွားရတော့မှာပါ။ ဒီတော့ မလွယ်လှဘူးဆိုတဲ့ကိစ္စကို ဖြစ်အောင် လုပ်ကြရပါတော့မယ်။ တကယ်တမ်း ဒီလို သွားရတော့မယ်ဆိုရင် တဘက်နဲ့တဘက် စည်းစောင့်ကြဖို့ တတ်နိုင်သမျှ တဘက်နဲ့တဘက်ကူညီကြဖို့၊ အတွေးအခေါ်အရရော၊ လက်တွေ့အရပါ တဘက်ကိုတဘက် အနှောက်အယှက်မပေးကြဖို့ဟာ သိပ်အရေးကြီးပါတယ်။
ပြတ်သားသူတွေဘက်က ရွေးကောက်ပွဲဝင်သူတွေကို မဝင်ပါနဲ့လို့မတားရုံသာမက သဘောထားကြီးကြီးနဲ့ ဝန်းရံပေးပါမယ်လို့တောင် ဆိုခဲ့ကြပါပြီ။ ပါးစပ်ပိတ်ပေးသူတွေကလည်း ပိတ်ပေးခဲ့ကြပါပြီ။ ပြတ်သားသူတွေ ဘက်က ဒီလို သဘောထားကြီးကြသလို ပျော့ပျောင်းသူတွေဘက်ကလည်း သဘောထားကြီးကြဖို့လိုပါ တယ်။ ဆန္ဒပြတာ ဒေါ်စုကို နှောက်ယှက်တယ်လို့ မပြောပါနဲ့။ ဒေါ်စုကို ဆန္ဒပြတာမဟုတ်၊ စစ်အစိုးရကို ဆန္ဒပြနေတာဆိုတာကို နားလည်ပေးဖို့လိုပါတယ်။
ပြတ်သားသူတွေနဲ့ဦးသိန်းစိန်ကြားမှာ ပျော့ပျောင်းသူက ကြားကဝင်လာတာမျိုးဟာ ပြတ်သားသူတွေ အတွက် အခက်တွေ့စေနိုင်ပါတယ်။ ဦးသိန်းစိန်ရှေ့မှာ ပျော့ပျောင်းသူတွေက ဒိုင်းလုပ်ပြီး အကာ အကွယ်ပေးနေရင် ပြတ်သားသူတွေအခက်တွေ့စေနိုင်ပါတယ်။ အဲသလိုအခက်တွေ့ရင် စိတ်ဝမ်းကွဲပြား မှုတွေတိုးပွားလာပြီး ညီညွတ်ရေးပျက်ပြားမှာကို စိုးရိမ်ရပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရှိနေသမျှမှာ လူထုဆန္ဒပြပွဲတွေဖြစ်မှာကို စိုးရိမ်စရာမလိုဘူးလို့ ဗိုလ်သန်းရွှေကပြောကြောင်း သတင်းတခုထွက်ခဲ့ဖူးပါတယ်။ ဒီသတင်း မှန်နေသလား ဆိုတာ အခု ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ လူထုတွေ ဆန္ဒမပြဖို့၊ လူထုလှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဆိုတာမျိုးတောင် စဉ်းစားစရာဖြစ်လာပါပြီ။ လူထုဆန္ဒပြပွဲ၊ လူထုလှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည် တခါမှ ဦးမဆောင်ခဲ့ဖူး၊ မပါဝင်ခဲ့ဖူးပါဘူး။ ၁၉၈၈ ခု၊ ၂၀၀၇ ခု လူထုလှုပ်ရှားမှုတွေဟာ ဒေါ်စု မပါတဲ့ လူထုလှုပ်ရှားမှုတွေဖြစ်ပြီး ဒေါ်စုကတော့ အဲဒီ လူထုလှုပ်ရှားမှုတွေရဲ့ အောင်သီးအောင်နှံကို စားသုံးခွင့်ရသူသာ ဖြစ်ပါတယ်။ တကယ်တမ်း ဒေါ်စုကသာ ခေါင်းဆောင်မယ်ဆိုရင် လူထုက နောက်ကလိုက်ဖို့အဆင်သင့်ပါ။ ဒါပေမယ့် ဒေါ်စုဟာ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှအားမပေးခဲ့ပါဘူး။ ဦးမဆောင်သလို ကိုယ်တိုင်လည်း မပါဝင်ဖူးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ရင်လည်း ရှိပါစေ။ လူထုရဲ့အားပေးယုံကြည်မှု ရထားသူ ခေါင်းဆောင်တယောက်အနေနဲ့ သူယုံကြည်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်တာကို တလေးတစား စောင့်ကြည့်သည်းခံပါ့မယ်။ ဒါပေမယ့် လူထုလှုပ်ရှားမှုတွေကို မဟန့်တားစေချင်ပါ။ ဒေါ်စုကိုယ်တိုင် ဟန့်တားတာမျိုးကို ကျနော် တွေ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်စုလုပ်သမျှထောက်ခံသူတွေက လူထုလှုပ်ရှားမှုကို ဟန့်တားကန့်ကွက် ရှုတ်ချလာတာမျိုးတွေ၊ တိုက်ခိုက်ထိုးနှက်လာတာမျိုးတွေရှိနေလို့ ပြောတာပါ။ ဒီရှုတ်ချမှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေဟာ ဒေါ်စု နှုတ်ဖျားကနေ တိုက်ရိုက်ထွက်မလာပေမယ့် ဒေါ်စုရဲ့ဆန္ဒ၊ ဒေါ်စုရဲ့အမြင်ကို တိုက်ရိုက်ထင်ဟပ်နေပါတယ်။
ဒီအချိန် ဒီအခါမှာ ညီညီညွတ်ညွတ် ချီတက်ကြဖို့ဆိုရင် ကိုယ့်တပ်ကိုယ် ပြန်မနင်းကြဖို့လိုပါတယ်။ ကိုယ့်လူပါးစပ်ကိုယ် လိုက်မပိတ်ဖို့လိုပါတယ်။ သမ္မတကြီး အထင်လွဲမှာစိုးလို့၊ ခေါင်းမာဂိုဏ်းတွေ ကြောက်ပြီး နောက်ပြန်ဆုတ်သွားမှာစိုးလို့ ပြတ်သားသူတွေကို ငြိမ်ငြိမ်နေကြလို့ တားဆီးတာမျိုးမလုပ်ဖို့ လိုပါတယ်။
နောက်ထပ် ပြောချင်တာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျနော် ဝေဖန်ခဲ့ပါတယ်။ ခုလည်း ဝေဖန်နေဆဲပါ။ ဒါပေမယ့် ဒါဟာ တိုက်ခိုက်တာမဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်ပါတယ်။ ဒေါ်စုနဲ့ NLD ကို ဒီမိုကရေစီအရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်စေချင်လို့သာ အခုလို ဝေဖန်တာဖြစ်ပါတယ်။ ဆက်ပြီးလည်း ဝေဖန်ဦးမှာပါ။ ဒီလို ဝေဖန်တာဟာ မျှော်လင့်ချက်ထားနေသေးလို့သာ ဖြစ်ပါတယ်။ ညီညွတ်ရေးပျက်ပြားအောင် ဝေဖန်တာမဟုတ် ပါဘူး။ ညီညွတ်ရေးမပျက်ပြားစေချင်လို့ ဝေဖန်တာဖြစ်ပါတယ်။
အခုထိ ပြောခဲ့တာဟာ ဒီမိုကရေစီအင်အားစုတွေအကြားမှာ ညီညွတ်ရေးမပျက်ပြားမထိခိုက်ဘဲ သူ့လမ်းသူလျှောက် ကိုယ်လမ်းကိုယ်လျှောက် နည်းအမျိုးမျိုးနဲ့ချီတက်နိုင်ရေးအတွက် ညှိနှိုင်းတဲ့သဘောပါ။
ကျနော်တို့အကြားမှာ အမြင်ကွဲတွေရှိနေတာကိုတော့ အရှိကိုအရှိအတိုင်း လက်ခံကြပါစို့။ ဒီနေ့ အချိန်မှာ ကျနော်တို့ လက်မခံလို့မရတော့ပါဘူး။ ဒါကို လက်ခံမှလည်း ကျနော်တို့ ရှေ့ဆက်လို့ရမှာပါ။ အမြင်ကွဲတာကို လက်ခံပြီး ကျနော်တို့ လမ်းခွဲလျှောက်ကြရအောင်ပါ။ ဒါပေမယ့် လမ်းခွဲ လျှောက်ကြတဲ့အခါ ရန်သူတွေလို မခွဲဖို့၊ သူစိမ်းတွေလို မခွဲဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။ မိတ်ဆွေတွေလို ခွဲဖို့၊ ရဲဘော်ရဲဘက်တွေလို ခွဲဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ညင်သာပျော့ပျောင်းတဲ့ ခွဲလျှောက်နည်း ကတ္တီပါလမ်းခွဲ ခွဲကြဖို့ဖြစ်ပါတယ်။
နောက်တပတ်ဆက်ရေးမယ့် ဆောင်းပါးမှာတော့ ရွေးကောက်ပွဲမှမဝင်ရင် ဘာဆက်လုပ်မလဲ၊ ဒါကလွဲပြီး တခြား ဘာဆက်လုပ်စရာရှိသေးလို့လဲလို့ မေးခွန်းထုတ်ကြသူတွေအတွက် ကျနော်တို့ ဘာဆက်လုပ်ကြမယ် ဆိုတာကို ပြောပါမယ်။ သဘောထားပြတ်သားသူ၊ ရွေးကောက်ပွဲလမ်းကြောင်း မလိုက်လိုသူတွေအတွက် ရှေ့ဆက်လုပ်ကြရမယ့်အပိုင်းကို ဆက်ပြီးဆွေးနွေးချင်ပါတယ်။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
(ယူတာက) http://drlunswe.blogspot.com/2012/01/blog-post_1624.html
(ယူတာက) http://drlunswe.blogspot.com/2012/01/blog-post_1624.html
0 comments:
Post a Comment