Monday, January 30, 2012

နို့ဖိုး၊မျိုးမင်းအောင်နဲ့စိန့်ဖရန့်စစ်ကအကြွေစေ့ကလေးတွေ မျိုးမြင့်ချို(ဆောင်းပါး ၃)

0 comments
ရတီ့ ဓါတ်ပုံလေးပါ
နို့ဖိုး၊ မျိုးမင်းအောင်နှင့်စိန့်ဖရန့်စစ်ကအကြွေစေ့ကလေးတွေ(ဆောင်းပါး ၃)
စာဖတ်နေတုန်း ဖုံးမြည်လာ၏။ ကြည့်လိုက်တော့ အီလီနွိုင်းပြည်နယ်ကဖုံး။ နံပတ်က မသိသည့် နံပတ်။ ကြော်ညာတွေပဲနေမှာပါထင်ပြီး စာဆက်ဖတ်နေမိ၏။ ၂ မိနစ်လောက်နေတော့ နောက် တကြိမ်ထပ်မြည်လာပြန်၏။ ကြော်ညာဆိုရင် ဒီလောက်ချက်ခြင်းမြန်မြန် ပြန်မခေါ်တတ်။ တခုခုပဲ ဆိုကာ ကောက်ကိုင်လိုက်၏။ မိန်းကလေးတယောက်အသံ။ သူ့နံမည်ရတီဖြစ်ကြောင်းနှင့် ဘယ်က ပါဆိုသည်ကိုပြောပြီး နေ့သစ်ဝက်ဘ်ဆိုက်တွင်တင်ထားသည့် ကျနော့်ဆောင်းပါးများဖတ်ပြီး စိတ် မကောင်းဖြစ်မိသလို နို့ဖိုးဒုက္ခသည်စခန်းက ကျောင်းကလေးကို ကူညီချင်စိတ်လည်းဖြစ်မိကြောင်း တဆက်တည်းပြောလာ၏။ ဤတွင်  ဤစာရေးရန် အတွေးပေါ်၏။
တကယ်တော့ ရတီ၏ချက်မြုတ်က မြန်မာပြည်။ ရတီ ၄ နှစ်သမီးတွင် ဖေဖေကွယ်လွန်၏။ သို့ဖြင့်ဖေ့ဖေ့နေရာ မေမေကအစားထိုးကာ စီးပွားရေး အတွက် ထိုင်းတွင်စအခြေချ၏။ ထိုအချိန်မှ စပြီး မေမေနှင့်ရတီကာလအတန် ကြာခွဲခွဲခွာခွာနေခဲ့ရ၏။ ရတီ ၅တန်းဖြေအပြီး၊ ၁၁ နှစ်သမီး ရောက်တော့ မေမေလှမ်းခေါ်သဖြင့် ရတီနှင့်ဖွားဖွား ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့ကလေးကို ရောက်လာ၏။ မေမေက သူကျွမ်းကျင်သည့်အရောင်းအဝယ်လုပ်ငန်း လုပ်သည်မှန်သော်လည်း ရတီက ကလေးပီပီ သိတ်စိတ်မဝင်စား။ မေမေသည် ဘဝတလျှောက်လုံး ရတီ့အား ပူပန်ကြောင့်ကြကင်းကင်းထားနိုင်ခဲ့သည့် အတွက် ဘဝဆိုသည်မှာရတီ့အတွက် အေးအေးငြိမ်းငြိမ်းဟုသာ အနက်ထွက်ရ၏။  ဘဝတွင်ပူပင်ငြိမ်းသည်မှန်သော်လည်း မဲဆောက်သည်ပျင်းစရာဟု ရတီကထင်၏။  မဲဆောက်နေရင်း ကျောင်းနေဖက်သူငယ်ချင်းတွေကို လွမ်းမိ၏။ သည်လိုနှင့် တနှစ်လောက်ကြာတော့ အမေရိကားကိုရောက်နေသည့်ဦးလေးနှင့် အဆက်အသွယ်ပြန်ရပြီး သူက  “လာခဲ့ပါလား”ဟု လှမ်းခေါ် သဖြင့် ဒုက္ခသည်လျှောက်ပြီး ရတီ၊ မေမေနှင့်ဖွားဖွားတို့ ၃ ဦးသား နို့ဖိုးဒုက္ခသည်စခန်းကို ဝင်ခဲ့ကြ၏။
ကမ့်ထဲရောက်တော့ မေမေက ရတီ့ကိုကျောင်းပို့၏။ သူငယ်ချင်းသစ်တွေရ၍ ပျော်တာမှန်သော်လည်း ရတီကျောင်း မတက်ချင်တော့။ ကျောင်းနှင့်နည်းနည်းဝေးခဲ့ရလို့လားမပြောတတ်။ ကျောင်းတက်ရမှာ ပျင်းသွား၏။ နောက်တချက်က ဘာသာ စကားအခက်အခဲ။ ရတီက ကရင်စကားမတတ်။ သူငယ်ချင်းတွေ အများစုက ကရင်ကလေးတွေချည်း။ သူတို့ စကားကို ကိုယ် မတတ်တော့ သူတို့နဲ့ဝင်ရောပြီး ပျော်ရတာလည်း အရသာမရှိသလိုဖြစ်နေပြန်၏။ ၂ လ လောက်တက်ပြီး ဆက်မတက်ဖြစ်တော့။ မေမေက ဘာမှမပြောသော်လည်း သိတ်ကြိုက်ပုံမရ။ သို့သော် နေ့တိုင်း အိမ်သုံးဖို့ရေသွားခပ်ရင်း ကျောင်းလေးနားကဖြတ်ရတိုင်း၊ သူငယ်ချင်းတွေအသံကြားရတိုင်း၊ ကျောင်းခန်းလေးထဲ ပြေးပြေးဝင်ချင်စိတ်ကတဖွားဖွား။ စာသင်ချင်လို့တော့မဟုတ်။ သူတို့နှင့် အတူ ပြေးလွှားပျော်ပါးကစားချင်၍သာ။ ကမ့်ထဲမှာနေခဲ့သည့် ၂ နှစ် တာကာလသည် ရတီ့အတွက် ပျော်စရာအထိုက်အလျှောက် ရှိသည်မှန်သော်လည်း နေတော့မနေချင်လှ။ သို့သော်မတတ်နိုင်။
နောက်တော့ ရတီတို့ ၃ ယောက် ဒုက္ခသည်ပြန်လည်နေရာချထားရေးအစီအစဉ်ဖြင့် အမေရိကားသို့ရောက်လာ၏။ ရောက်ပြီးချက်ခြင်းဆိုသလိုပင် ရတီ့ကိုလည်း ကျောင်းအပ်၏။ ဒီမှာက အသစ်ရောက်လာသည့်ကလေးများအား အသက်ကိုလိုက်ပြီး အတန်းသတ်မှတ်တော့ ရတီ ၈ တန်းက စတက်ရ၏။ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုပဲသင်တာဖြစ်တော့ စိတ်ကညစ်ရပြန်သည်။ နဂိုကမှ ကျောင်းနေပျင်းသည့်ရတီ၊ အင်္ဂလိပ်စာမတတ်ခဲ့သည့်ရတီ၊ ခုတော့ သူမပျော်သည့်ကျောင်းနှင့် သူမတတ်သည့် ဘာသာ စကားနှင့်မှ တည့်တည့်တိုးတော့၏။ သို့သော် “ဒီနိုင်ငံနေရင် ဒီစာ၊ ဒီစကားတတ်မှရမယ်၊ ဒီပညာသင်မှဖြစ်မယ်”ဆိုသည့် ဘဝပေး အသိက ရတီ့၏ ကျောင်းပျင်းစိတ်ကို အနိုင်ယူသွား၏။ သူများတွေထက် ၂ ဆ ၃ ဆ ပိုပြီးကြိုးစား၏။ ကြိုးစားသည့်ကြားမှ ပညာရေး အဆင့်မမီသေးဟုဆိုကာ ၉ တန်းကို ၂ ခါ ပြန်တက်ရ၏။ သို့သော် စိတ်မပျက်ခဲ့။ ကြိုးစားမြဲကြိုးစားသာနေခဲ့၏။ “ငါ ဒုက္ခသည်စခန်း မှာနေခဲ့တုန်းက ကျောင်းတက်ဖြစ်ခဲ့ရင်  ခုလောက် အခက်တွေ့မှာမဟုတ်၊ အလကားသက်သက် ၂ နှစ်ကြီးတောင် အချိန်ဖြုန်း သလိုဖြစ်သွားပါလား”ဟု တွေးမိပြီး နောင်တလည်းရ၏။ နောက်တော့ အင်္ဂလိပ်လိုလည်း အထိုက်အလျှောက်ပြောတတ်လာ၊ စာလည်းလိုက်မီလာ၊ သူတို့အထာကိုလည်းသိလာ၊ နိုင်ငံတကာက သူငယ်ချင်းသစ်တွေလည်းရလာဆိုတော့ ကျောင်းမှာပျော်လာ၏။ စာသင်ခန်းကို တမ်းတမ်းတတဖြစ်လာ၏။
နောက်တော့ “နူးယော့ခ်စီးတီးမှာနေရတာ စရိတ်စားခတွေကြီးလို့”ဆိုပြီး မေမေက ပြည်နယ်ပြောင်း၍၊ အလုပ်သစ်ရှာ မည်ဆိုကာ အီလီနွိုင်းပြည်နယ်က Loves Park ဆိုသည့် မြို့ကလေးကိုရွှေ့လာကြ၏။ ကျောင်းပြောင်းမြို့ပြောင်းဆိုတော့   ဝန်းကျင်နှင့် သူငယ်ချင်းတွေက အသစ်။ မြို့ကလေးက သေးတာမှန်သော်လည်း ဘယ်လည်လို့ ဘယ်ပတ်ရမှန်းမသိ။ အဆိုးဆုံးက သည်မြို့တွင် မြန်မာပြည်သားတယောက်မျှ မရှိ။ နာရီဝက်ခန့်မောင်းလျှင်ရောက်သည့် အနားကမြို့ကလေးတခုမှာတော့ မြန်မာပြည်သားတချို့ ရှိသည်ဟုသိ၏။ သို့သော် သွားမလည်အား။ အမေတစ်ခု သမီးတစ်ခုဆိုတော့ တခါတခါနည်းနည်းပျင်းသလိုလို။ သည်မြို့လေးရောက် ပြီးသိတ်မကြာလိုက်။ မေမေ သူများဆူရှီးဆိုင်မှာ အလုပ်သင်အလုပ်သမားအဖြစ် စဝင်လိုက်၏။ တလလောက်ကြာတော့ မေမေ လည်း ဆူရှီးကောင်းကောင်းလိပ်တတ်သွားပြီ။ မောလ်ကြီးတခုနားက စတိုးဆိုင်တဆိုင်တွင် အခန်းတခန်းယူပြီး ကိုယ်ပိုင်ဆူရှီး ဆိုင်ဖွင့်၏။ အလုပ်သမား မထား။ ရတီက ကျောင်းတက်။  ကျောင်းဖွင့်ရက်တွေက ဒီလောက်ကိစ္စမရှိ။ ကျောင်းပိတ်ရက်တွေကျတော့ တယောက်တည်းအိမ်မှာနေရတာကို ကြာတော့ပျင်းလာပြန်၏။ ဒါနှင့် မေမေ့ကို ဆိုင်မှာကူလုပ်ချင်တယ်ဆိုကာ နားပူနားဆာတိုက်၏။ ပထမတော့ မေမေက သဘောမတူ။ သဘောမကျ။ နောက်ဆုံး ပြောလွန်းမကပြောဖန်များတော့မှ "လုပ်ချင်လည်းလုပ်ပေါ့၊ သမီးကို မေမေမုန့်ဖိုးအနေနဲ့ တရက်ကို ဒေါ်လာ ၃ဝ ပေးမယ်၊ ဒါပေမယ့် တပတ်ကို ကျောင်းပိတ် ရက် ၂ ရက်ပဲ ခွင့်ပြုမယ်" ဆိုကာ သဘော တူလိုက်၏။ ကျောင်းဖွင့်ရက်တွေမှာ ကျောင်းစာအိမ်စာနှင့်အိမ်အလုပ်များလုပ်ပြီး၊ ပိတ်ရက်တွေမှာ မေမေ့ဆိုင်မှာကူ၏။ စစခြင်း တောက်တိုမယ်ရ။ နောက်တော့ ဆူရှီးနည်းနည်းပါးပါး လိပ်တတ်လာ၏။ ပုံကျပန်းကျတော့ ခုထိမဖြစ်သေး။ သို့သော် အလုပ်လုပ် ရတာကို ပျော်နေ၏။ တပတ်ကို ကိုယ်ပိုင်ဝင်ငွေကလည်း ဒေါ်လာ ၆ဝ။ ကျောင်းပိတ်ရက်တွေအိမ်မှာထိုင်၊ တီဗီကြည့်၊ ဖုံးတလုံး ကွန်ပြူတာတလုံးနှင့် သူငယ်ချင်းတွေနဲ့စကားပြောလိုက်လုပ်ချိန်တွေလည်း လျော့သွား၏။ ဆိုင်မှာ မေ့မေ့ကိုကူရင်း အပြင်က လူတွေကိုလည်း တွေ့နေမြင်နေရ၏။ ပျင်းစရာ သိတ်မရှိတော့။ အလုပ်တဘက်နှင့် ကျောင်းစာလည်းမပျက်။ သည်လိုဆိုတော့ မေမေက ဘာမှမပြော။ ပြုံးပြုံးပြုံးပြုံး။ အလုပ်လုပ်နေပြီဆိုတာ ကမ့်ထဲမှာခင်ခဲ့သည့်သူငယ်ချင်းတွေကိုပြောပြတော့ အံ့သြကြ၏။ ခုထိတိုင်အောင် မေမေသည် ရတီ့အတွက်လိုလေသေးမရှိ ဖြည့်ဆည်းဆဲ။ ရတီလိုအပ်တာမှန်သမျှ ၂ ခါမပူဆာရ။ ဆိုတော့ မေမေပေးသည့်လုပ်ခသည် ရတီ့အတွက် အပိုဝင်ငွေသက်သက်။ ထို့ကြောင့်ပင်ဖြစ်၏။ ပေးချင်ကမ်းချင် လှူချင်တန်းချင်စိတ် အခံလေးကြောင့် ကိုယ့်လက်ကိုယ့်ခြေကိုယ့်ဝင်ငွေလေးနှင့် နိုင်သရွေ့ဝေမျှတော့၏။ ကျောင်းက ဘာကိစ္စ၊ ညာကိစ္စ၊ လူမှုရေး၊ အသင်းအပင်းအဖွဲ့အစည်းတွေအတွက် ရံပုံငွေအလှူခံတိုင်း တခြားသူတွေ ၁ ဒေါ်လာ၊ ၂ ဒေါ်လာ။ ရတီက ၅ ဒေါ်လာ၊ ဆယ်ဒေါ်လာ ထည့်တတ်၏။ သည်တော့သူငယ်ချင်းတွေက ရတီ့ကို “နင်က ATM စက်လား”လို့ မထိတထိလေးတောင် ပြောတတ်ကြ၏။ ကိစ္စမရှိ။ ကိုယ့်လုပ်အားနှင့်ရှာထားသည့်ပိုက်ဆံကို လိုအပ်သည့်နေရာတွေမှာလှူတာပဲဟုသာသဘောပိုက်ပြီး ဘာမှပြန်မပြောဖြစ်။ 
တနေ့ မေမေက မြန်မာပြည်မှာ တရုပ်ပြည်ကစွယ်တော်ပင့်လာပြီး လူတွေဖူးမြှော်ကြ၊ လှူကြတန်းကြသည့်အကြောင်း သတင်းတွေပြတော့ ရတီလည်း တတ်နိုင်သလောက်တော့ လှမ်းလှူလိုက်ဦးမည်ဟုအားခဲထားမိ၏။ သို့သော် မလှူဖြစ်ခဲ့။ နောက် တရက်မှာ မြန်မာဝက်ဘ်ဆိုက်တွေလိုက်ဖတ်ရင်း “နို့ဖိုး၊ မျိုးမင်းအောင်နှင့်စိန့်ဖရန့်စစ်က အကြွေစေ့လေးတွေ”ဆောင်းပါး ၂ ပုဒ်ကို နေ့သစ်ဝက်ဘ်ဆိုက်မှာတွေ့ပြီး ဖတ်ဖြစ်လိုက်၏။ “နို့ဖိုး”ဆိုသည့် ဒုက္ခသည်စခန်းအမည်က သည်ဆောင်းပါးတွေဖတ်ဖြစ်အောင်  ရတီ့စိတ်ကိုစေ့ဆော်လိုက်ခြင်းပင်။ ဖတ်ပြီးနောက် ရတီ ကျနော့်ကိုဆက်သွယ်လာ၏။ အဆက်အသွယ်ရပြီးနောက် သူ့ကိုယ်ပိုင်ငွေ လက်ထဲမှာ ဒေါ်လာ ၄၂ဝ ရှိကြောင်း။ နောက်တပတ်အတွက်လုပ်ခကို သူ့မေမေဆီကကြိုထုတ်ပြီး ဒေါ်လာ ၅ဝဝ လှူချင် ကြောင်းပြောလာ၏။ ကျနော် ဝမ်းသာပီတိဖြင့် မျက်ရည်ပင်လည်မိ၏။ စိတ်တွင်လည်းကြိတ်၍ချီးကျူးရင်း သာဓုလည်းအကြိမ်ကြိမ်။ ပို့ခကို ကျနော်စိုက်ပေးလိုက်မယ်ဟုပြောသည်ကိုပင် နေပေ့စေသမီးပဲပေးမယ် ဟုဆို၏။
ကျနော်က ပိုက်ဆံပို့ပြီးရင် ဆောင်းပါးလေးတပုဒ်ရေးချင်ကြောင်း၊ ပြောပြလို့ရမယ့် ရတီ့အကြောင်းလေးတွေပြောပြပါ လားဆိုတော့ အပေါ်ကအတိုင်း ပြောပြ၏။ စကားဆုံးကာနီး ကျနော်က ကမ့်ထဲက ကလေးတွေကို ဘာပြောချင်သလဲ ဆိုတော့ “သမီးက ကိုယ်တိုင်လည်း ပညာကောင်းကောင်းမသင်ခဲ့ရသလို၊ နည်းနည်းပါးပါးသင်ဖို့အခွင့်အရေးလေးရတုန်းကလည်း ကျောင်းတက်ပျင်းတာနဲ့ မသင်ခဲ့ပြန်ဘူး၊ ဟော..အခု ဒီလည်းရောက်ရော ပညာသင်ခွင့်မရခဲ့တဲ့ ကိုယ့်ဘဝကိုလည်း ဝမ်းနည်းတယ်။ တခါ ဒီမလာခင် ကမ့်ထဲမှာ အင်္ဂလိပ်စာသင်ဖို့ အခွင့်အရေးရတုန်းကလည်း အပျင်းထူ၊ အကြောင်းအမျိုးမျိုးပြပြီး မတက်ခဲ့ပြန်ဘူး။ အဲဒီအတွက် ကိုယ့်ဘာ့သာ နောင်တရမိတယ်လေ။ ဒီလည်းရောက်ရော အခက်တွေ့တော့တာပေါ့။ ဒါ့ကြောင့် အခု ကမ့်ထဲမှာ ရှိနေသေးတဲ့ ပညာသင်နေကြတဲ့ကလေးတွေလည်း နောင်တချိန်မှာအခြားနိုင်ငံတွေဆီ ရောက်ကြဦးမှာပဲ။ အချိန်နဲ့အခွင့် အလမ်းလေးရတုန်း ရသလောက်သင်ထားစေချင်တယ်။ နို့မို့ဆို သမီးလိုအခက်တွေ့မှာ စိုးတယ်လေ" ဟုဆို၏။ ကျနော်ပိုလို့ပင် ချီးကျူးမိ၏။
သို့နှင့်ကျနော် ရတီတို့သားအမိနှင့် ဖုံးဖြင့်၊ အွန်လိုင်းဖြင့်စကားပြောဖြစ်၏။ ကမ့်ထဲကကလေးတွေနှင့်ဆရာတွေကိုယ်စား ကျေးဇူးတင်ကြောင်းလေးပြောပြရ၏။ ငွေလက်ခံရရှိကြောင်း ကျောင်းတံဆိပ်တုံးနှင့် တာဝန်ရှိသူတို့လက်မှတ်ထိုးထားသည့် ဂုဏ်ပြုကျေးဇူးတင်လွှာလေးလုပ်ပေးရန် မျိုးမင်းအောင်ကိုပြောပြတော့ သူလည်းဝမ်းသာပြီး “ကျနော် မိဘဆရာအသင်းကို ထပ်ပြောပြပြီးလုပ်ပေးမယ်၊ အကိုလည်း ဆောင်းပါးလေးတပုဒ်လောက် ရေးပါလား” ဟု တိုက်တွန်း၏။ ထို့ကြောင့် ဤစာ စုလေးရေးဖြစ်သွား၏။
မှတ်ချက်- ယခင် ၂ ကြိမ်ပေါင်းလှူဒန်းငွေမှာ (ယူအက်စ်ဒေါ်လာ ၉၆၇) (ထိုင်းဘတ် ၂၇၄၇၆.၅၁ ဖြစ်ပြီး) ယခု အကြိမ်အတွက် (ယူအက်စ်ဒေါ်လာ ၅၀၀) (ထိုင်းဘတ် ၁၅၂၀၄.၇၀ ဖြစ်သည့်အတွက်) ၃ကြိမ်ပေါင်း (ယူအက်စ်ဒေါ်လာ ၁၄၆၇) (ထိုင်းဘတ်ငွေ ၄၂၆၈၁.၂၁) (၄ သောင်း ၂ ထောင် ၆ ရာ ၈၁ ဘတ်)ရှိသွားပြီဖြစ်ပါသည်။ ထပ်မံလှူဒန်းဒါနပြုလိုသူများ ကျနော့် အီးမေးလ် myomyint63@gmail.com သို့ဖြစ်စေ ကျနော့်လက်ကိုင်ဖုန်း (၂၆၀) ၅၁၅-၂၈၈၉  ကိုဖြစ်စေ ဆက်သွယ်စေလိုပါသည်။ နို့ဖိုးစခန်း PAB High School မှ ဘဏ္ဍာရေး တာဝန်ခံ ကိုမျိုးမင်းအောင်နှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းလိုပါကလည်း ၎င်း၏ခွင့်ပြုချက်ဖြင့် အီးမေးလ်လိပ်စာ ဖုန်းနံပတ်များ ပေးမည် ဖြစ်ပါသည်။
နို့ဖိုးကျောင်းလေးနှင့်စပ်၍ ရေးခဲ့သည့် ရှေ့ဆောင်းပါး ( ၁ နှင့် ၂ ကို) ဤနေရာများတွင် ဖတ်နိုင်ပါသည်။
ဆောင်းပါး (၁) http://myo-myo-myintcho.blogspot.com/2011/10/blog-post_9600.html
ဆောင်းပါး (၂) http://myo-myo-myintcho.blogspot.com/2012/01/blog-post_15.html
ဆောင်းပါး (၂) http://www.naytthit.net/?p=23430
ဆောင်းပါး (၁) http://www.maukkha.org/index.php/book-store/essay-maukkha/272-2011-10-22-02-18-41
ဆောင်းပါး (၂) http://www.maukkha.org/index.php/book-store/essay-maukkha/1751-maukkha-noephoe-refugee-camp-and-children
မျိုးမြင့်ချို ဇန်နဝါရီ၊ ၂၈၊ ၂ဝ၁၂

0 comments:

Post a Comment