Monday, July 27, 2015

၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)
(ခေါင်းစည်းနီနဲ့ ငှက်ပျောသီး)
သစ်ကောင်းအိမ်နဲ့ မနေ့ညနေက စကားပြောရင်း မင်းလောင်းမျှော်နဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဘက်ရောက်တော့ သူက “............ဟေ့လူရာ လူတွေက ကိုးကွယ်စရာမရှိရင် မနေနိုင်ကြတာဗျ။ ဘာမှကိုးကွယ်စရာမရှိရင် ကိုယ်အိပ်တဲ့အိမ်ခန်းထဲမှာ အုန်းသီးတွေ ငှက်ပျောသီးတွေ ချိတ်ထားတယ်။ ခေါင်းစည်းအနီတောင် ပတ်ပေးထားသေးတယ် အုန်းသီးကို”လို့ပြောတော့ ကျနော်က “ပြီးတော့ အဲ့ဒီအုန်းသီးနဲ့ ငှက်ပျောသီးကို ပြန်ကြောက်နေရ ပြန်ပူဇော်ပသနေကြသေးတာဗျ”လို့ပြောလိုက်တယ်။
ကျနော်တို့လည်း ခေါင်းဆောင်ဆိုပြီး ငှက်ပျောသီးတွေအုန်းသီးတွေကို ခေါင်းစည်းအနီများ ပတ်ပေးမိလိုက်ကြသလား မပြောတတ်ပါဘူး။
မေ ၃၁ ၂ဝ၁၅

(အာဇာနည်တွေနေတဲ့တိုင်းပြည်)
ဒီပဲယင်းနိုင်ငံရေးလုပ်ကြံမှုမှာ အကြမ်းဖက်သတ်ဖြတ်ခံရသူတွေကိုရည်စူးပြီး ဖို့တ်ဝိန်းရောက် မသေကြွင်းကျန်ဒေါ်ညွန့်ညွန့်က ဓမ္မရက္ခိတကျောင်းမှာ ဘာသာရေးအလှူဒါနနဲ့ နိုင်ငံရေးအာသီသဖြည့်မယ်ပြောတယ်။ မနေ့ကတွေ့တော့ ဖိတ်လိုက်တယ်။ ဘုန်းကြီးဆွမ်းကပ်တာ တရားနာတာ ရေစက်ချသာဓုခေါ် အမျှဝေချိန်ပြီးလောက်မှာ သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်ထားတယ်။ ဘာလိုလိုနဲ့ ၁၂ နှစ်မြောက်ပါရောလား။
နိုင်ငံရေးလုပ်ကြံမှုမှန်သမျှ ကျနော် ဆန့်ကျင်တယ်။ အလုပ်ကြံခံရတာခြင်းအတူတူ အသတ်အဖြတ်ခံရတာခြင်းအတူတူ အာဏာနဲ့သေနတ်ရှိနေချိန်မို့အာဇာနည်ဖြစ်တဲ့ အစဉ်အလာကိုလည်း မနှစ်မြို့ဘူး။
အာဏာရတွေရဲ့ဖိနှိပ်မှုကိုဆန့်ကျင်တော်လှန်ရင်း ထောင်ထဲမှာ မြို့ပြလမ်းမတွေထက်မှာ လူသူမနီးကျေးလက်ဒေသတွေမှာ တောကြီးမျက်မည်းစစ်မြေပြင်တွေမှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတဲ့လူတွေမှနည်းလား။ ဒီ စစ်အုပ်စုဖိနှိပ်မှုအောက်မှာပေါ်ခဲ့တဲ့ အာဇာနည်တွေမှနည်းလား။
လူတန်းစားတိုင်းမှာ အလွှာတိုင်းမှာ လူမျိုးစုတိုင်းမှာ အာဇာနည်တွေရှိတယ်။
ကျနော်တို့ဟာ အခြားသူတွေကိုလိုက်ပြီး ကိုယ့်အာဇာနည်ကိုပဲ အတင်းနည်ခိုင်းနေတာ နိုင်ငံရေးကျင့်ဝတ်အရ မှန်သလား။ ဖိနှိပ်ခံခြင်းမို့ ဘက်တဘက်တည်းရှိကြောင်း မပြနိုင်တာဟာ အတွေးအခေါ်သီလကြောင်ရာ မကျဘူးလား။ ဇူလိုင်(၁၉)ကြ သူတို့ကိုလာစေချင်ပြီး စောဘဦးကြီးနေ့အထိမ်းအမှတ်ပြုတာကြ ဘာလို့ အသိအမှတ်ပြုမသွားတာလဲ။ ဘာသဘောလဲ။ ဘာနိုင်ငံရေး ရေချိန်လဲ၊ ဖိနှိပ်ခံရသူခြင်း အတူတူ ဗမာလူမျိုးကြီးဝါဒကို အာဇာနည်နေ့ထဲထိအောင်တောင် သွပ်သွင်းနေတာလား။
ဖိနှိပ်မှုတွေရှိနေသမျှ တွန်းလှန်ဖယ်ရှားတိုက်ပွဲဝင်တာတွေလည်းရှိနေမှာပဲ။ အောင်ပွဲဟာလည်း အနှေးနဲ့အမြန် ရ ရမှာပဲ။ ဖိနှိပ်သူကလည်း လုပ်ကြံသတ်ဖြတ်မှုကို ဖိနှိပ်ရေးနည်းနာတခုအနေနဲ့ သုံးနေဦးမှာပဲ။ အလုပ်ကြံအသတ်ဖြတ်တွေလည်း ခံနေရဦးမှာပဲ။ အာဇာနည်တွေလည်း ပေါ်နေဦးမှာပဲ။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူမျိုးစုအားလုံး တန်းတူရည်တူသွေးစည်း ညီညွတ်မှုရှိတဲ့လူ့အဖွဲ့အစည်းဖြစ်မှ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဖိနှိပ်မှုမျိုးစုံကင်းမှ အာဇာနည်တွေ မပေါ်တော့မှာပဲ။ ဒါမှ အာဇာနည်တွေမနေတဲ့တိုင်းပြည်ဖြစ်မှာပဲ။ အာဇာနည်တွေနေတဲ့တိုင်းပြည် ဆိုတာ သံနဲ့သွေး တော်လှန်ရေးနဲ့စစ်ပွဲ သေကွဲရှင်ကွဲ မျက်ရည်နဲ့ငိုညည်းသံတွေလွှမ်းနေတဲ့ ဖုန်းဆိုးမြေပဲ။
ကျနော်ကတော့ “အာဇာနည်နေတဲ့တိုင်းပြည်”ဆိုတဲ့ စစ်ကျိန်စာမိဘဝကနေ ဗမာပြည်ကို လွတ်စေ့ချင်တာပဲ။ မေ ၃၁ ၂ဝ၁၅

(လူထုမနာမယ့်သောက်နည်း)
အရက်အကောင်းစားတွေကို ဘယ်လိုလေး ဘာအမြည်းနဲ့ ဘယ်နည်းသောက်ရတယ်ပြုရတယ်ဆိုတာ ကြာဖူးနားဝတွေတော့ ကျနော့်မှာ အတော်များပါတယ်။
အဲ့ဒါ ဒီမနက် မိတ်ဆွေတယောက်နဲ့ တောပြောတောင်ပြောပြောကြရင်း စကားက ဝီစကီသောက်တဲ့ဆီရောက်သွားတော့ ကျနော်က “ဝီစကီကို ဘာနဲ့မှမရောဘဲ သူ့အတိုင်းလေး ပါးစပ်ထဲအရက်ကလေးကိုငုံထားပြီးအရသာကို တစိမ့်စိမ့်ခံရင်း မျှဉ်းပြီးသောက်တဲ့နည်၊ ရေရိုးရိုး အေးအေးလေးနဲ့ အနေတော်စပ်ပြီးသောက်တဲ့နည်း၊ ရေခဲထဲအရက်ထည့်သောက်တဲ့နည်း အရက်ထဲရေခဲထည့်သောက်တဲ့နည်း၊ ဆော်ဒါနဲ့ရောသောက်တဲ့နည်း စသည်ဖြင့်ပေါ့ဗျာ ရှိကြတယ်။ ခင်ဗျားကရော လုပ်ပါဦး ဘာနည်းနဲ့သောက်မှာလဲဗျ” ဆိုတော့
သူက “လူထု မနာမယ့်နည်းပေါ့ဗျ”တဲ့။
ကျနော်လည်း ဘာပြောရမှန်းမသိတော့။ မေ ၂၉ ၂ဝ၁၅

(လကျော် ဒွေးတော်လွမ်း)
“အမေ့သားသမီးတချို့” ဇွန် တလလုံးကိုကျော်ပြီး အာဇာနည်နေ့ကို လှမ်းအောက်မေ့ခိုင်းနေတာ အလကားမဟုတ်ပါ။ မတော်တဆနဲ့ အမှတ်တမဲ့မဟုတ်ပါ။ မသိလို့ မဟုတ်ပါ။
ဇွန် ၆ ရက်လို အုတ်ကျင်း၊ ဆင်မလိုက်၊ ပုလိပ်ချည်မျှင်နဲ့အထည်စက်အပါအဝင် မဆလခေတ် အလုပ်သမားသပိတ်တွေအရေးအခင်းတွေ အသတ်အဖြတ်ခံအကြမ်းဖက်ဖြိုခွဲခံရတာတွေကို ချန်ခဲ့တာမပြောနဲ့ ဇူလိုင်ဆဲဗင်န်းလို စစ်အာဏာရှင်စနစ်ကို အဦးဆုံးဆန့်ကျင် ဖီဆန်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးကိုပါကျော်ခွပြီး “အာဇာနည်နေ့ တို့မမေ့”လုပ်နေတာ တခြားမဟုတ်ဘူး။
စစ်အာဏာရှင်စနစ်ကို ရင်မြေကတုတ်လုပ်ပြီး ကာကွယ်နေတဲ့ခြေလှမ်းတွေထဲက တခုမျှသာပဲ။
ကျွန်ဝါး အလုအယက် ဝ လှချည်လား
သဘောက်မသားတွေ။ မေ ၂၈ ၂ဝ၁၅

(ကြောင့်ကြဗျာပွေ)
ကျနော် အမေရိကားရောက်စက "ခင်ဗျား နိုင်ငံရေးမလုပ်တော့ဘူးလား။ ကြာရင် ခင်ဗျားနိုင်ငံရေးသေသွားမယ်နော်"လို့ စိုးရိမ်တကြီးမေးဖူးသူက
ဟိုတလောကတွေ့တော့
"ခင်ဗျား ခုထက်ထိ ဒီနိုင်ငံရေးကို စိတ်မကုန်သေးဘူးလား"လို့ ကြောင့်ကြောင့်ကြကြပြောပြန်ရှာတယ်။ မေ ၂၂ ၂ဝ၁၅


၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၂ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ  ၂ (မျိုးမြင့်ချို)
(သရဲခြောက်တာများ အဆန်းလုပ်လို့)
ကျနော် သရဲအခြောက်ခံရဖူးတဲ့အကြောင်း လံကြုပ်ဇာတ်လမ်းဆင်ပြီး လူ ဆယ်ယောက်လောက်ကိုပြောကြည့်တာ သရဲရှိတာလုံးဝမယုံဘူးဆိုတဲ့လူတောင် “ခင်ဗျားဟာက ဟုတ်ရော ဟုတ်ရဲ့လားဗျာ”လို့ သူ့ကိုယ်သူ သံသယပြန်ဝင်တဲ့အထိပဲ။
ဗုဒ္ဓမြတ်စွာကို God ကို ယုံသလိုယုံသူ မဟုတ်ဘူးလို့ကြွေးကြော်သူတယောက်ကတော့ မနက်ဖြန် စီရင်ချက်ချတော့မယ်လည်းဆိုရော သူ့လက်နဲ့သူကိုယ်တိုင်ထုထားတဲ့ ရွှေဝါဆပ်ပြာ ဆင်းတုတော်လေးရှေ့မှာ ပုဆစ်တုပ်ထိုင်ပြီး တတွတ်တွတ်တွေ လုပ်တာတွေ့တော့ မေးကြည့်မိတယ် “ခင်ဗျား ဘာဆု့တွေတောင်းနေတာလဲဗျ”ဆိုတော့ “ဆုတောင်းတာ မဟုတ်ပါဘူး၊ ဘုရားရှေ့မှာ သစ္စာပြုတာပါ။ ကျနော်ဟာ တသက်လုံး အရက်သေစာ မသောက်စားခဲ့ဖူးပါဘူး ဤသစ္စာမှန်သောကြောင့် မနက်ဖြန်စီရင်ချက်ချတာမှာ ကွင်းလုံးကျွတ်လွတ်ပါရစေလို့ သစ္စာဆိုတာ”လို့ပြောတယ်။
ဘာမှမဟုတ်ပါဘူး နတ်မြင်းပျံဆိုလည်း ပျံလိုက်
နဂါးဆိုလည်း ဂါးလိုက်တွေ များသထက်များများလာတာတွေ့လို့ပါ။
နောက်မှပြောဦးမယ်ဗျာ။

(ရိုဟင်ဂျာမလေး နစီမာ)
ဖို့တ်ဝိန်းကို ဒုက္ခသည်လူဝင်မှုအဆင့်အတန်းနဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာမိသားစုတိုင်းမှာ ရင်နာစရာအဖြစ်ဆိုးတွေ နာကျင်ကြေကွဲစိတ်ထိခိုက်စရာတွေ ကိုယ်စီပါလာကြတယ်။ (ကျနော်တို့လည်း ထို့နည်းတူပါပဲ) လွန်ခဲ့တဲ့ ၅ လကျော်လောက်က ၈ လသမီးအရွယ် ကလေးလေးတယောက်ကို ခါးထစ်ခွင်ချီလို့၊ အရောင်လွင့်အဆင်မပေါ်တော့တဲ့ ပါတိတ်ထမိန်ဟောင်းလေးကို ကျစ်ကျစ်ပါအောင်စည်းလို့၊ ကြွပ်ကြွပ်အိပ်လေးတလုံးကို လက်တဖက်ကလျော့တိလျောရဲဆွဲလို့၊ အားငယ်စိုးရွံ့မျက်လုံးအစုံနဲ့ လောကကိုကျီးကြည့်ကြောင်ကြည့် ကြည့်ရင်း လေဆိပ်ရိုးရိုးလှေကားပေါ်ကဆင်းချလာတဲ့ ရွက်ကြမ်းရည်ကျိုရုပ်ရည်နဲ့ ပိန်ပိန်ပါးပါးအသားညိုညို အသက် ၃ဝ ဝန်းကျင် မိခင်ငယ်တယောက်ကို ကျနော်တို့ဇနီးမောင်နှံ သွားကြိုခေါ်လာပြီး ပြန်လည်နေရာချထားရေးပရိုဂရမ်က လုပ်ပေးရမယ့်ကိစ္စမှန်သမျှ တခုမှအလစ်ဟင်းမရှိရအောင် လုပ်ပေးခဲ့ကြတယ်။ (ကျနော်က စေတနာ့ဝန်ထမ်းအနေနဲ့ဖြစ်ပါတယ်၊ အဲ့သလို လုပ်ခဲ့တဲ့စေတနာ့ဝန်ထမ်းအကြိမ်ပေါင်းဟာ ရာဂဏန်းနဲ့ချီနေပါပြီ။)
ခုတော့ အဲ့ဒီ ရိုဟင်ဂျာမလေးမှာ အားမန်နဲ့ခွန်အားသစ်တွေ၊ မျှော်လင့်ချက်နဲ့စိတ်ကူးတွေ၊ သူ့သမီးငယ်အတွက် အနာဂတ်ရောင်ခြည်တွေ လင်းလက်ယှက်သန်းနေပါပြီ။ သူ အလုပ် လုပ်နေပါပြီ။ သူ့ဝင်ငွေနဲ့သူ့ခြေထောက်ပေါ် သူရပ်တည်နေနိုင်ပါပြီ။ ဘယ်သူ့အမှီအခိုမှ မလိုတော့ပါ။ သိတ်မကြာခင်မှာ သူ့ခင်ပွန်းသည်လည်း ရောက်လာတော့မယ့်အကြောင်း မနေ့က သတင်းကောင်းသွားပါးတော့ သူ့မျက်ဝန်းအစုံမှာ မျက်ရည်တွေပြည့်လို့။ အကြိမ်ပေါင်းများစွာ မျက်တောင်ခပ်ရင်း ကျမလာအောင် မနည်းအားတင်းထိန်းနေတဲ့ကြားကပဲ မျက်ရည်ကြည်တွေ ပေါက်ကနဲပေါက်ကနဲကျလာတာမြင်တော့ ကျနော့်ဇနီး အသံတွေတုန်ပြီ။ သူပါ ရော မျက်ရည်လည်ပြီ။
ခနတဖြုတ်ထိုင် အားပေးစကားပြောပြီး ပြန်မယ်လုပ်တော့ ကျနော့်ဇနီးကို “ယောင်းမကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး”လို့ပြောတော့ ဇနီးက “ရဘာဒယ်”လို့ အမေရိကန်အသံထွက်ဗမာစကားနဲ့ ပြန်ပြောတယ်။ သူရောက်ပြီး နောက်နေ့ 24 hours home visit သွားကတည်းက သူက ကျနော့်ကို “အကိုကြီး”တဲ့ ကျနော့်ဇနီးကိုကြ “ယောင်းမ” တဲ့။
အခုလာမယ့် ဇွန်လ ၂ဝ ရက်နေ့ ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugee Day ကို Catholic Charities Refugee Department က ကျင်းပတဲ့အခါ ဒီရိုဟင်ဂျာမလေးတက်ပြီး သူ့ဘဝဇာတ်လမ်းအကျဉ်းချုပ်လေး ဗမာလိုပြောလိမ့်မယ်။ အင်္ဂလိပ်လို တယောက်ယောက်က ဘာသာပြန်ပေးရမယ်။ မိတ်ဆွေတို့လည်း စိတ်ဝင်စားရင်လာပြီးနားထောင်ကြည့်စေချင်ပါတယ်။ ထုံးစံအတိုင်း ဗမာ၊ အာဖရိကန်နဲ့ လက်တီနို.အကတွေ အတီးအမှုတ်တွေအပြင် အမေရိကန်စာ ဗမာစာနဲ့အာဖရိကန်စာတချို့လည်း အခမဲ့စားကြမြည်းကြတာပေါ့။
အဲ့ဒါပြီးတော့မှ သူ့ဘဝအကြောင်း သူ့ခွင့်ပြုချက်တောင်းပြီး ရေးမယ်လို့စိတ်ကူးထားပါတယ်။ ဇွန် ၉ ၂ဝ၁၅

(ဖိတ်တာလား တောက်တာလား)
အင်န်အယ်လ်ဒီဟာ ဒီမိုကရေစီရေးတပ်ဦးက အလံကိုင်အဖွဲ့အစည်းကြီးဖြစ်နေသေးတယ်ဆိုရင်
ဒေါ်စုဟာ
လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဖြစ်နေသေးတယ်ဆိုရင်
ခုလို တွေ့ချင်တယ်ဆိုပြီး လူကြုံပါးတဆင့်ခံနှုတ်နဲ့ဖိတ်တာမျိုးမပြောနဲ့ ကိုယ့်ဘက်ကတောင် တွေ့ပါရစေလို့ မရမကတောင်းဆိုပြီးတွေ့ရမှာပဲ။
တွေ့လည်းတွေ့ခဲ့တာ အထင်အရှားရှိခဲ့တာပဲ။
ခုက အင်န်အယ်လ်ဒီဟာ နိုင်ငံရေးပါတီတခုပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီပါတီရဲ့ဥက္ကဌပဲ။
နိုင်ငံရေးပါတီတခုခုက ခုလိုမျိုး ဖိတ်တာမျိုးမပြောနဲ့ စာနဲ့ပေနဲ့တရားဝင်ထုတ်ပြီး ဖိတ်တယ်ဆိုရင်တောင် ဗကသလို လွတ်လပ်တဲ့ကျောင်းသားအဖွဲ့အစည်းမှာ သွားတက်ဖို့အခက်အခဲရှိတာ
သွားတက်ဖို့မဖြစ်နိုင်တာတွေရှိတယ်။
ဗကသအနေနဲ့မဟုတ်ပဲ ဗကသကိုကိုယ်စားပြုမှုမပါပဲ
ဗကသဝင်တွေ ကိုယ့်ဆန္ဒအလျှောက်သွားတွေ့တာကတော့ တပိုင်းပဲ။
ခု(ဖိတ်တယ်ပဲထားပါဦး) ကျနော့်အမြင်ပြောရင် လုပ်တဲ့ပုံစံက
ဖိတ်တယ်ဆိုတာထက် ဘာသံထွက်လာမလဲလို့ တောက်ကြည့်တဲ့သဘော တို့ကြည့်တဲ့သဘောပဲ။ ဇွန် ၇ ၂ဝ၁၅

(ငါးပိသံနဲ့ ဘိုလိုမှုတ်)
ကျနော်တို့ စကားပြန်တို့ ဘာသာပြန်တို့သာလုပ်နေတာ ကျနော်တို့ပြောတဲ့ အမေရိကန်အသံထွက်အင်္ဂလိပ်စကားက ဘယ့်နှယ်လို့ နေးတစ်ဗ်တွေလို ပီပါ့မလဲ။ ငါးပိသံဆားသံတွေ ကဲနေတာပေါ့။ ဝဲနေတာပေါ့။ ဒီကို ငယ်ငယ်ကလေးနဲ့ရောက်လာတဲ့ ဒါမှမဟုတ် ဒီမှာမွေးတဲ့ဗမာကလေးတွေပြောတဲ့အင်္ဂလိပ်စကားက လူသာမမြင်ရလို့ကတော့ တကယ့် အမေရိကန်တွေပြောတဲ့အတိုင်းပါပဲ။ လေယူလေသိမ်းရော ဝေါဟာရရွေးချယ်တာရော အစစအရာရာဆိုပါတော့။ ကျနော်တို့အင်္ဂလိပ်လိုပြောရင် သူတို့နားထဲ သိတ်အစပ်မတည့်လှသလို တခါတလေ သိတ်လည်း နားလည်ပုံမပေါ်ပါဘူး။
နားလည်တာမလည်တာ အစပ်တည့်တာမတည့်တာက ပြဿနာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့ဗမာစကားကလည်း ကျနော်တို့ပြောတဲ့ အင်္ဂလိပ်စကားလိုပဲမဟုတ်လား။ ဒါပေမယ့် လူတဖက်သားရဲ့အားနည်းချက်ကို လှောင်တာပြောင်တာသရော်တာဟာ မယဉ်ကျေးတဲ့အပြုအမူမှန်း က ကညစ်ပေမှာခြစ် အရွယ်ကတည်းက ခေါင်းထဲရိုက်သွင်းခံရတဲ့လူ့အဖွဲ့အစည်းမှာ ကျနော်တို့ရဲ့ ငါးပိသံဆားသံကို လှောင်မိသရော်မိတဲ့ ဗမာမိဘများကမွေးတဲ့ကလေး ၂ ယောက်အဖို့ အပြစ်ထက် အဖြစ်ပိုကြီးသွားတာလေး ပြောမယ်တွေးထားပါတယ်။
ပရိုက်ဗေစီလို့ဆိုတဲ့ တပါးသူ့အတွင်းရေး အပြင်မပေါက်ကြားအောင် ထိန်းသိမ်းပေးရမယ့်အခြေခံကနေ ပြောပါမယ်။ မနက်ဖြန်လောက်ပေါ့။
ဇွန် ၃ ၂ဝ၁၅

(ရိုဟင်ဂျာတွေနေတဲ့တိုင်းပြည်)
ဗမာပြည်ဘယ်နားမှန်းမသိပေမယ့် အောင်ဆန်းစုကြည်နေတဲ့တိုင်းပြည်လို့ပြောရင် “သြော်...သိပြီ သိပြီ” ဆိုတဲ့ခေတ်တခေတ် အမေရိကားမှာဖြစ်ခဲ့ဖူးတယ်။
ခုများမှာတော့ “ရိုဟင်ဂျာတွေနေတဲ့တိုင်းပြည်”လို့ပြောပြော “ဘာသာရေးအစွန်းရောက် အကြမ်းဖက်ဘုန်းကြီးတွေနေတဲ့တိုင်းပြည်” လို့ဆိုဆို သိသူများတဲ့ခေတ်ဖြစ်လာတယ်။
ရိုဟင်ဂျာကိစ္စကို ကျနော်တို့က စကားလုပ်ပြောရုံတင်မကဘူး အသံကျယ်နိုင်သမျှကျယ်အောင် ပြောရမှာပဲ။ ဒါဟာ လူတဦးတယောက်အပေါ်ကျူးလွန်တဲ့ သာမန်ရာဇဝတ်မှုမျှမဟုတ်ပဲ လူမျိုးတမျိုးပေါ် နှစ် ဆယ်နဲ့ချီပြီး စနစ်တကျသုတ်သင်သတ်ဖြတ်နေတဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုကြီးဖြစ်နေလို့ပဲ။
လက်သည်ဟာ အစွန်းရောက်အမျိုးသားရေးအတွေးအခေါ်နဲ့ ဗမာလူမျိုးကြီးဝါဒကို ဘုံအကျိုးစီးပွားအဖြစ်အလံတင်ထားတဲ့ စစ်အာဏာရှင်စနစ်ဖြစ်နေလို့ပဲ။ ဒါဟာ အစွယ်အပွားပြဿနာမျှမဟုတ်ဘူး။
ကျနော်တို့ အချိန်ကုန်ခံသင့်တဲ့ကိစ္စဖြစ်တယ်။ လက်သည်ကို မျက်ချေမပြတ်ဖို့ သတိပြုရမယ်။ ဇွန် ၃ ၂ဝ၁၅

(လက်နဲ့ကန်တဲ့ဘော)
အသက် ၂ဝ အောက် ဘောလုံးကန်ပွဲမှာ ဗမာအသင်းကရှူံးပြီး အမေရိကန်အသင်းက နိုင်သွားတယ်လို့ ဇနီးကိုပြောတော့ ဘယ်တုန်းက ဘယ်မှာကန်တာလဲလို့မေးတယ်။ နူးဇီလန်မှာ ဟိုနေ့ကလို့ပြောတော့ သြော်..တဲ့။ ခနနေတော့ "ခြေထောက်နဲ့ချည်းပဲကန်တဲ့ Soccer မှာတောင် နိုင်တယ်ဆိုတော့ လက်ရောခြေရော တကိုယ်လုံးရောပါတဲ့ American Football သာဆို အမေရိကန်တွေ ဘယ်လောက် ဗိုလ်လုပ်လိုက်မလဲမသိဘူးနော်"တဲ့။ ဒီတခါ မ အင်းဘဲ "သြော်"လိုက်ရတာက ကျနော်။ မေ ၂ဝ၁၅

(ပူဒီနာနဲ့ဒီပဲယင်း)
ဒီပဲယင်း နိုင်ငံတော်နိုင်ငံရေးလုပ်ကြံမှု ၁၂ နှစ်မြောက် အကျဉ်းရုံးပွဲလေးသွားတော့ မိုးကစရွာပြီ။ ရာသီပဲအေးလို့လား နိုင်ငံရေးပဲသွေးမနွေးကြတော့လို့လားမပြောတတ် လာတဲ့လူက လက်ဆယ်ချောင်း မပြည့်တတ်ပြည့်တတ်။ ဒီပဲယင်းကိစ္စ လောလောလတ်လတ် ဦးတင်ဦးပြောတဲ့အကြောင်းလေး ပြန်ပြောပြတော့ ဒေါ်ညွန်ွှညွန့်က ကျမနားမထောင်ရသေးဘူးလို့ အစချီပြောရင်း ဒီပဲယင်းကိစ္စ နောက်ကြောင်းနည်းနည်းပြန် လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်က အကြမ်းဖက်မှုမှန်သမျှ ရာဇဝတ်မှုမှန်သမျှ ဇွတ်အတင်း တဘက်သတ်သင်ပုန်းချေပြနေရတဲ့ မျက်ရည်ရည်ခံထိုး နိုင်ငံရေးဘဝတွေအကြောင်းပြောဖြစ်ကြတယ်။ "အထဲမှာလည်း ဒီမှာလိုနေမှာပါပဲ ကိုမျိုးမြင့်ရယ်"ဆိုတဲ့ သူ့စကားက ရင်ဝကို လှံသွားမြမြနဲ့ ဇွပ်ကနဲဇွပ်ကနဲ ထိုးထိုးချခံနေရသူရဲ့ နာကျင်ကြေကွဲသံတွေစွက်ဖက်နေလေရဲ့။
အတွေးတွေ အနာအကျင်တွေနဲ့ အိမ်ပြန်ရောက်တော့ မိုးကတော့တိတ်ပြီ။ မြေတင်ရေနဲ့ မြက်ခင်းကစိုစိစိ။ ဒါနဲ့ အိမ်ရှေ့က သပျစ်ပင်တွေဘက် ပြူတင်းကနေလျမ်းကြည့်တော့ အသိုက်အမြုံလေးထဲက မွေးချင်းငှက်ပေါက်စတွေ တတီတီတတျာတျာနဲ့ အမေမျှော်နေကြလေရဲ့။ ခနနေတော့ အမေလာပြီး နှုတ်သီးနဲ့ကိုက်ချီရုံမက လည်ဇလုပ်ထဲမြိုထားတဲ့ အင်းဆက်ပိုးမွှားလေးတွေ အန်အန်ချပြီး တကောင်ချင်းစီကို အလှည့်မကျန်ရလေအောင် အစာခွံ့နေလေရဲ့။ ကြည့်ကောင်းကောင်းကြည့်နေတုန်း ဇနီးက "ဦးဦးဖျားဖျား စထရော်ဘယ်ရီမှည့်နေတာလေးတွေ သွားခူးလိုက်မယ် ပူဒီနာတွေလည်း နည်းနည်းညှပ်ဦးမှ"ဆိုပြီး အနားလာ လော တယ်။ သူ စထရော်ဘယ်ရီ သွားဆွတ်နေတုန်း ကျနော်က ပူဒီနာလေးတွေညှပ်တယ်။
ပူဒီနာဆိုလို့ ရီစရာပြောချင်လာတယ်။ တကယ်ဖြစ်ခဲ့တာပါ။ ကျနော်တို့ အတူနေစက တနေ့ သူက စမူဆာလုပ်နည်း ကျနော့်ညီမဆီကသင်လာပြီး လက်စွမ်းပြချင်တယ်။ အာလူး၊ မဆလာ ဘာညာတွေစပ်နေတုန်း ကျနော်က "ပူစီနံလေးနည်းနည်းထည့်ရင် ပိုမွှေးတယ်"လို့ပြောတော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ပြောရင်း"ဘာ..ပူစီနံ..."ဆိုပြီး စကားတန်းလန်းနဲ့ အူကြောင်ကြောင်ဖြစ်သွားတယ်။ ဒီတော့မှ ကျနော် သဘောပေါက်သွားပြီး"မဟုတ်ပါဘူး
ဒို့ဗမာပြည်သားတွေက ပူဒီနာကို ကိုယ့်အသံထွက်နဲ့ကိုယ် ပူစီနံလို့ခေါ်တာပါ"လို့ရှင်းပြတော့မှ "တော်သေးတာပေါ့"ဆိုပြီး မချိုမချဉ်မျက်နှာပေးနဲ့ စပ်ဖြဲဖြဲလုပ်နေတယ်။ တော်ပါသေးရဲ့ ကျနော်လည်း အချိန်မီလေး အလျှောက်ကောင်းလို့ နို့မို့ဆို "နင်က အစားအသောက်အကြောင်း အကောင်းပြောလည်း ညစ်တီးညစ်ပတ်တွေကပါသေး"ဆိုပြီး အကလိခံရဦးမှာ။
အဲ့ဒီကစ ကျနော်လည်း ဗမာဗမာချင်းပြောတောင် ပူစီနံလို့မပြောတော့ဘူး။ မေ ၃၁ ၂ဝ၁၅

(ဘာသာဖျက်တဲ့ကောင်)
ဟိုနေ့က မင်္ဂလာဆောင်တခုသွားရင်း အမေရိကန်မွေး/ကြီးတဲ့ အာဂျင်တီးနားတယောက်နဲ့ စကားလက်ဆုံတယ်။
သူ့အဖေက အာဂျင်တီးနားအာဏာရှင်ဆန့်ကျင်ရေးလုပ် ထောင် ၈ နှစ်ကျ၊ ထောင်ကလွတ်တော့ အိမ်နီးခြင်းနိုင်ငံကို ထွက်ပြေး။ ပြည်ပနိုင်ငံရေးကို ပြည်ပြေးဘဝနဲ့အကြာကြီးလုပ်။ ဟိုနိုင်ငံဒီနိုင်ငံတွေမှာ နိုင်ငံမဲ့ဘဝတလည်လည်နဲ့ နှစ်တွေအတန်ကြာပြီးမှ အမေရိကန်ကို နိုင်ငံရေးခိုလှုံခွင့်နဲ့ရောက်လာ။ ဒီရောက်တော့ ဘဝတူ ယုံကြည်ချက်တူ အာဂျင်တီးနားမလေးတယောက်နဲ့ အိမ်ထောင်ကျ။ သူ့ကိုမွေး။
သူက ဒီမှာ ဘွဲ့ရပြီးကတည်းက ကျောင်းဆရာလုပ် ခုတော့အထက်တန်းပြဆရာ။ စာဖတ်တယ်။
ပြောရင်း ဗမာပြည်က ဘာသာရေးအစွန်းရောက် အကြမ်းဖက်သတ်ဖြတ် လုယက်မှုတွေဆီရောက်လာတော့ ဂျပန်က ဥုံရှင်ကျူရီ၊ ဗမာပြည်က ၉၆၉ ဂိုဏ်း၊ မဘသဂိုဏ်း၊ သီရိလင်္ကာက Bodu Bala Sena (BBS or Buddhist Force Militia)တို့လို ဂိုဏ်းတွေကိုထောက်ပြပြီး “ကမ္ဘာပေါ်မှာ ခုဆို ဗုဒ္ဓဝါဒီအကြမ်းဖက်သမားတွေလည်း မနည်းတော့ဘူးနော်"လို့ မှတ်ချက်ချလေရဲ့။ မေ ၃၁ ၂ဝ၁


၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၃ (မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မေအကုန်ဇွန်နဲ့ဇူလိုင်လတွေက တိုနန့်နန့်လေးတွေ ၃ (မျိုးမြင့်ချို)
(ဘောချစ်တွေမျိုးချစ်တော့)
ဘယ်သူနိုင်မယ်ရှူံးမယ်လည်း မပြောတတ်ပါ။ ဘောလုံး ဝါသနာ လုံးဝမပါပါ။ ဒါပေမယ့် ထိုင်းနဲ့ကန်လို့ ဗမာအသင်းနိုင်ခဲ့ရင် ထိုင်းက ဗမာအလုပ်သမားနင်းပြားတွေရဲ့ဘဝတော့ မတွေးဝံ့စရာပဲ။ ဘောလုံးရှူံးလို့ ရိုးရိုးဖြစ်တာမျိုး မဟုတ်ဘူး။ ပါးစပ်သရမ်းလက်သရမ်းမယ့်လူတွေကြောင့် ဖြစ်လာမယ့်အကျိုးဆက်မျိုးကိုဆိုလိုတာပါ။
အဲ့သလို လက် ပါးစပ်သွားသရမ်းရင် ရှူံးရတဲ့ကြားထဲ ရှူံးမဲ မဲမှာကတမျိုး မနိုင် နိုင်ရာလက်စားချေမှာကတမျိုးတွေနဲ့ သွေးပျက်စဖွယ်ကြောက်ခမန်းလိလိ အဖြစ်ဆိုးတွေကြားရမှာသေချာတယ်။ စင်္ကာပူက ပညာတတ်ဗမာဆိုသူတွေတောင် စင်္ကာပူကိုနိုင်တုန်းကလည်း တက်ထောင်မောင်းနင်းတွေပြောကြတယ် မဟုတ်လား။ စင်္ကာပူကဥပဒေအောက်မှာ လူတိုင်းအညီအမျှလိုလိုဆိုတော့ ပြန်ပြောတာ ပြန်နှိမ်တာလောက်ပဲရှိတယ်။ ဗီယက်နမ်ကိုနိုင်တော့လည်း သွေးကြွေးဆပ်လိုက်နိုင်ပြီလို့ လူရမ်းကားစကားတွေထွက်လာတယ်။
အားကစားပဲ သူ့ဟာသူ နိုင်ချင်နိုင် ရှူံးချင်ရှူံးမှာပေါ့။ လောင်းထားတာရှိလည်း ကြွေတလက်ကြက်တခုန်ပေါ့။ နိုင်လို့ပျော်တဲ့အရသာလည်း ခနပဲ။ ရှူံးလို့မှိုင်လည်း ခနပဲဟာ။ ပြီးတော့လည်း ကိုယ့်နေ့စဉ်လူမှုဘဝတွေထဲက စားဝတ်နေရေးတွေနဲ့ ပြန်လုံးလည်ချာလည် လိုက်ကြတာပဲမဟုတ်လား။ ဒီ ခနတာခံစားမှုလေးကို အမျိုးသားရေးတို့ ဘာရေးတို့ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးလုပ်ချင်လည်း လုပ်ပေ့စေပေါ့။ စီးပွားရေးသမားတွေကတော့ အဲ့ဒါတွေပေါ်တည်ပြီး သိန်းသန်းချီ အမြတ်ကြီးမြတ်ကြတာပဲ မဟုတ်လား။ ဘောလုံးဟာ နိုင်ငံရေးသမားအတွက် နိုင်ငံရေး၊ စီးပွားရေးသမားအတွက် စီးပွားရေးဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ အရှူံးအနိုင်ကို ရိုးရိုးမခံစားပဲ အမျိုးသားရေးတွေ ရာဇဝင်ကြွေးတွေ အငုံ့စိတ်နဲ့အလွဲမာနတွေကပ်ကပ်ပြီး သွေးနားထင်ရောက်ကြတော့ ခက်တယ်။
ထိုင်းက နဂိုကမှ လူမပြောနဲ့ သူတို့အိမ်မွေးခွေးလေး ခြေနဲ့သွားခတ်မိရုံနဲ့တင် ဗမာအိမ်စေမလေးကို လျှပ်စစ်မီးပူနဲ့ကပ် အက်ဆစ်နဲ့မျက်နှာကိုပက်တာမျိုး၊ လုပ်ခပိုတောင်းရကောင်းလားဆိုပြီး ရာဘာခြံကဗမာအလုပ်သမားကို လက်ပြန်ကြိုးတုပ်ပြီး အရှင်လတ်လတ် ကားတာယာကွင်းစွပ် မီးရှို့သတ်တာမျိုးမဟုတ်လား။
ကျနော်တော့ ရင်လေးတယ်။ အောင်ဇေယျတို့ ဝါးရင်းတုတ်တို့က ပြည်တွင်းကနေ လှမ်းသရမ်းတာ။ ခံရတော့ ဟိုက ဗမာပြည်သားတွေ။
ကျနော်တော့ စိတ်ပူတယ်။ တွေးရင်း ကျောချမ်းတယ်။ ဇွန် ၁၃ ၂ဝ၁၅(ရေလောင်သီး)
မနေ့နဲ့ တနေ့က ၂ နေ့လုံး မိုးစွေတယ်။ ညကဆို သည်းတောင်သည်းတယ်။ ဖားလက်တက်လို ကျော်စံကေးလိုအကောင်လေးတွေ အော်လိုက်ကြတာလည်း တညလုံးကို ကြွက်ကြွက်ကိုညံရော။ လေလည်း ပါတယ် မိုးတင်မကဘူး။ ကြက်သွန်ပေါင် လေကာတွေက ဟိုနေ့ကမှဖြုတ်လိုက်တာဆိုတော့ အင်း သူတို့ခမျာ မိုးနဲ့လေထဲ အတုန်းအရုန်း ကျဆုံးနေကြမလား၊ စထရော်ဘယ်ရီခင်းလေးဘက် သွားကြည့်ရမှာတောင် ဝန်လေးနေတယ်။ ၂ ရက်ဆက်တိုက်မိုးရွာလို့ မဆွတ်ဖြစ်တဲ့ ပင်မှည့် စထရော်ဘယ်ရီတွေလည်း ရေလောင်ပြီး ယော်ကုန်ကြရော့မယ်လို့တွေးပြီး ဆင်း ဆွတ်တော့ မဆိုးပါဘူး အတော်လေးတော့ကျန်သေးသားပဲ။ ဒါ ၄ ကြိမ်မြောက်ဆွတ်တာပဲ။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်က ဒီ့ထက်အများကြီးပိုများတယ်။ အိမ်လာသူတွေချကျွေး ဖျော်တိုက် လက်ဆောင်လေးဘာလေးလည်းပေး၊ ဦးဖေအောင်ဆို အခင်းဘေးတင် မြေကြီးပေါ်ဖင်ချထိုင်ပြီး ဘီယာမော့လိုက် စထရော်ဘယ်ရီအမှည့်တွေ ခေါင်းကောက်ရွေးဆွတ်စားလိုက်နဲ့။ ပြောသေးတယ် ဒါမှ တကယ့်သဘာဝဗျ တယ်ကောင်းဆိုပဲ။ သူပြောနေတုန်း ကြက်ဖကြီးက အနားလာတွန်တော့ အင်း..အမေရိကန်ကကြက်လည်း ဗမာပြည်ကလိုပဲတွန်တာပဲနောလို့ အရွှန်းဖေါက်သေးရဲ့။ ခု ရလိုက်သလောက်စထရော်ဘယ်ရီရဲ့ ၃ ပုံ တပုံလောက် ရေလောင်သီးတွေကတော့ ကြက်စာဖြစ်ကုန်တာပဲ။ ကြက်သွန်ဖြူ/နီတွေကြည့်တော့ တော်သေးတယ် ဘာမှ သိတ်မဖြစ်လိုက်ဘူး။ တပင်စနှစ်ပင်စလောက်ပဲ ခါးကျိုးတာရှိတယ်။ ကြက်သွန်ဖြူအမိတ် ဦးဇောက်ဆင်းတာကြည့်ရင်း ထူးထူးခြားခြား နှလုံးသားပုံ ဦးဇောက်ဆင်းတာလေးလည်းတွေ့ခဲ့တယ်။ ဇွန် ၁၃ ၂ဝ၁၅

(ကစ်ချင်န်းကက်ဘိနက်)
ဒေါ်စု ပါတီတည်ဆောက်နေတဲ့ပုံစံက သူမရှိတော့တဲ့နောက် အင်န်အယ်လ်ဒီပါ မရှိရတော့အောင် သေသေချာချာအကွက်ချစီမံနေသလိုပဲ။ ခု သူ ပစားပေးနေတဲ့သူတွေဟာ ထမိန်ခေါက် ဖိနပ်ကိုင် ထီးမိုး ထမင်းချိုင့်ဆွဲနဲ့ သူ့စိတ်သာယာမှုဖြည့်ဆည်းပေးမယ့်သူတွေချည်းလို့ အသံထွက်တယ်။ အဲ့လူတွေကို နိုင်ငံရေးတန်းအရ ဘယ်သူကမှ လူလူသူသူသူ မထားတဲ့သူတွေချည်းလိုလိုပဲတဲ့။ သူမရှိရင် ဘယ်သူကမှ အဲ့ဒီလူတွေကို နိုင်ငံရေးအရဆေးဖော်ကြောဖက်လုပ်ကြဖို့ မဖြစ်နိုင်ဘူး..တဲ့။ ကြည့်တော့ကြည့်ချင်သား မီလည်းမီချင်သား ဒေါ်စုမရှိတော့တဲ့အင်န်အယ်လ်ဒီနဲ့ ဇေယျာသော် ဖြိုးမင်းသိမ်း မိုက်ကယ်လ်မိုးမြင့်မိန်းမနဲ့ တင်မာအောင်တို့ဘဝတွေ။ ဇွန် ၁၁ ၂ဝ၁၅

(လာပါ လားမားလုပ်ချင်ပြီ)
တရုတ်ကို တဇောင်းစေးလုပ်ပြနေတုန်းက ဘုန်းတော်ကြီးဒလိုင်လားမားဟာ အမေရိကန်အတွက် အလွန်တန်ဖိုးကြီးတဲ့လာဘ်ကောင်ဖြစ်ခဲ့တာပဲ။ ဈေးခေါ်ကောင်းတဲ့ ဇီးကွက်ရုပ်ပဲ။ ပွဲထုတ်ရတာလည်း အမောပဲ။
နောက်ပိုင်း “တိဘက်ခြေကုပ် တရုတ်ဆန့်ကျင်ရေးလိုင်း” အလုပ်မဖြစ်တော့တဲ့အခါ ဘုန်းတော်ကြီးလည်း သိတ် ပွဲအထုတ်မခံရတော့ဘူး။ အလုပ်မဖြစ်တော့တာကလည်း ကမ္ဘာ့အခင်းအကျင်းကြီးတခုလုံး ပြောင်းသွားတာအပြင် အန်ကယ်လ်ဆမ် အထည်ကြီးပျက်သလိုလိုဖြစ်နေချိန်မှာ လူငယ်ခြေတက်စီးပွားရေသမားဖြစ်လာတဲ့တရုတ်ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနဲ့စီးပွားရေးရင်းနှီးမြှုတ်နှံမှုက ဒုကြီးထည်ကြီးဖြစ်လာလို့ပဲ။
တရုတ်သြဇာဖြန့်ကျက်မှုကြီးလာသလို တရုတ်ထီးရိပ်ခိုနိုင်ငံငယ်တွေ မှိုလိုပေါက်လာတာကြောင့်ပဲ။
နောက်တခုက တရုတ်ရဲ့ ၂၁ ရာစုပေါ်လစီပဲ။ သူ့ပေါ်လစီက ၂၁ ရာစုဟာ “ဖွံ့ဖြိုးရေးနဲ့ငြိမ်းချမ်းရေးရာစု”ဖြစ်တယ်လို့ဆိုတာပဲ။ ကမ္ဘာ့ပြဿနာတွေကို ငြိမ်းချမ်းအေးဆေးငြင်သာတဲ့နည်းနဲ့ ချဉ်းကပ်ဖြေရှင်းရေးပဲလို့ဆိုတယ်။ ကမ္ဘာ့နိုင်ငံတွေ ချမ်းသာဖွံ့ဖြိုးဖို့ပဲလို့ဆိုတာပါပဲ။ စစ်ဖြစ်နေတဲ့တိုင်းပြည်တွေကို လက်နက်ရောင်းတာမျိုး ပြည်တွင်းပဋိပက္ခတွေမှာ တဘက် ဘက်ကနေအပြတ်ဝင်ရပ် ကျားကန်ပေးတာမျိုးကိုရှောင်လာတာပဲ။ လက်တွေ့မှာ ဘယ့်အထိဖေါ်နိုင်မနိုင်ခနထား လူတိုင်း သည်းခြေခိုက်တဲ့ပေါ်လစီပဲ။ ဒါကလည်း တိန့်ရှောင်ဖိန်အမွေ ဆက်ခံလာမှုလို့ ဆိုရမယ်ထင်တယ်။
ဒီကိစ္စမှာ တခြားမကြည့်နဲ့ နှစ်ပေါင်းများစွာ ပါတီပါတီခြင်းဆက်ဆံရေး အလွန်ကောင်းခဲ့ရုံမက တရုတ်-ဗမာအရေးအခင်းအကြောင်းခံလို့ လက်နက်ငွေကြေးပါ ပုံအောထောက်ပံ့ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလို ပါတီကိုတောင် အထောက်အပံ့မှန်သမျှဖြတ်ချခဲ့တာပဲ။
ဆိုတော့ နိုင်ငံတချို့အဖို့ တရုတ်ကွန်မြူနစ်တွေကိုမကြိုက်ဦးတောင် စီးပွားရေးအရ မှီခိုလာရတော့ နိုင်ငံရေးမှာပါ နဂါးမျက်စောင်းအထိုးမခံနိုင်ကြတော့ဘူး။ နတ်နဲ့နဂါးမလှည့်စားနဲ့တို့ နဂါးမျက်စောင်းအကြောင်းသုံးပါမရွေးဘူးတို့ ဘယ်လိုပဲရှိရှိ တကယ့်လက်တွေ့ခေတ်ပြိုင်သမိုင်းမှာ တရုတ်ဟာ ကျူးကျော်နယ်ချဲ့သူဆိုတဲ့ အမည်းစက်ကင်းနေတာအမှန်ပဲ။ ဗီယက်နမ်နဲ့ကိစ္စကိုလည်း သေချာပြန်ဆန်းစစ်ကြည့်။ နယ်ချဲ့သမားလို့ပြောလို့ရတဲ့ အကြောင်းချက်လက်မတွေ့ရဘူး။
စစ်အေးကာလများတွေဆီက ဘုန်းတော်ကြီးဒလိုင်လားမားဟာ နဂါးမျက်စေ့ထဲစိုက်နေတဲ့ ဆူးပဲ။ နဂါးနှလုံးသားထဲ စူးဝင်နေတဲ့ မြားတစင်းပဲ။ အခြားနိုင်ငံတွေက တရုတ်ငြိုငြင်မှာစိုးပြီး ပြည်ဝင်ခွင့်ဗီဇာအငြင်းခံရတဲ့အကြိမ်ပေါင်းမှ နည်းလား။ အလားတူပဲ ဒေါ်စုဟာလည်း တရုတ်အတွက် ရတက်မအေးဖွယ်ရာ အနာဂတ်ဗမာပြည်ရဲ့ခေါင်းဆောင် ဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးမျိုး အခိုင်အမာရှိခဲ့တာပဲ။
မိုင်သောင်းချီဝေးတဲ့အမေရိကန်ကတောင် ဗမာပြည်မှာ သူ့လိုလားတဲ့အစိုးရနဲ့ ခေါင်းဆောင်မျိုးလိုချင်သေးတာပဲ။ မိုင်ထောင်ချီနယ်နမိတ်ခြင်းထိစပ်နေတဲ့တရုတ်က သူအိမ်နီးခြင်းနိုင်ငံမှာ သူ့ဆန့်ကျင်တဲ့အစိုးရမျိုးခေါင်းဆောင်မျိုးဖြစ်လာမှာမကြိုက်တာကို နားလည်လို့ရနိုင်တာပဲ။ ဒါပေမယ့် (၉ဝ)ရွေးကောက်ပွဲပြီးပြီးခြင်း အောင်ပွဲခံအင်န်အယ်လ်ပါတီဌာနချုပ်ကို အဦးဆုံးလာပြီး နိုင်ငံရေးအသိအမှတ်ပြုခဲ့တာ တရုတ်သံအမတ်ကြီးပဲ။ ဒီအချိန်ကတည်းက သူ့မှာ တစုံတရာမျှော်လင့်ချက်နဲ့ ချဉ်းကပ်ခဲ့တာမှန်ပေမယ့် ဒေါ်စုအပေါ် ဒွိဟစိတ်ကတော့ ရှိနေခဲ့မှာသေချာတယ်။ သတိကြီးကြီးထားပြီး အဝင်အထွက်အဆက်အဆံနဲ့ အသွားအပြန် လုပ်နေခဲ့တာတွေလည်းရှိတယ်။
အခုခရီးစဉ်မှာ တရုတ်နိုင်ငံအကြီးအကဲတွေက (ပါတီခေါင်းဆောင်ခြင်းတွေ့ကြတာပါလို့ ဘယ်လိုပြောပြော) ဒေါ်စုကို နိုင်ငံတော်ဧည့်သည်သဖွယ် လက်ခံတွေ့ဆုံတယ်ဆိုကတည်းက ဒွိဟစိတ်လျော့လာတဲ့လက္ခဏာလို့ယူဆတယ်။ လက်ပန်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေါ်စုကို ယုံကြည်မှတ်တိုးပေးတာ ခုလို ဖိတ်တာဆိုတဲ့အမြင်ကိုတော့ လက်ခံလို့မရဘူး။ ၂ဝ၁၅ မှာ အင်န်အယ်လ်ဒီနိုင်ပြီး အစိုးရများဖြစ်လာခဲ့ရင် မြစ်ဆုံပြန်စလို့ရတန်ကောင်းရဲ့ဆိုပြီး ဖိတ်တာပါကွာဆိုတဲ့ ခတ်နုတ်နုတ်ကောက်ချက်လည်း လက်ခံဖို့မဖြစ်နိုင်ဘူး။ ၂ဝ၁၅ အလွန် ဗမာ့နိုင်ငံရေးအရွေ့ကိုတွက်တာမှာ တရုတ် အဲ့သလောက်မညံ့ဘူး။ လက်ပန်းတောင်းတို့ မြစ်ဆုံတို့တို့တာ တရုတ်စီးပွားရေးကြီးနဲ့ယှဉ်ကြည့်တော့ သဲတပွင့်စာတောင်ရှိလှတာ မဟုတ်ဘူး။
ခုတော့ ကမ္ဘာ့နိုင်ငံရေး စီးပွားရေးအနေအထားနဲ့ အခင်းအကျင်းတွေ အလှည့်အပြောင်းဖြစ်ချိန် တကြော့ပြန်ဝင်လာပြီ။ အမေရိကန်ရဲ့နိုင်ငံခြားရေးပေါ်လစီဖိုးကပ်စ်ဟာ စစ်အေးပြီးကတည်းက အရှေ့ဥရောပတို့ အရှေ့အလယ်ပိုင်းတို့ကနေ အာရှ-ပစိဖိတ်ဒေသဘက် ခြေဦးလှည့်ချင်နေတာ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်နွံထဲ နစ်နေလို့သာ မလှည့်အားတာ။ ခုတော့ လှည့်လာပြီ။ တရုတ်ကလည်း ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကြီးဖြစ်လာပြီ။ အာရှပစိဖိတ်ဒေသကလည်း စီးပွားရေး လုပ်အကောင်းဆုံးဂွင်ကြီးဖြစ်လာပြီ။ တရုတ်နဲ့ ပတ်လည်နိုင်ငံတွေမှာလည်း နယ်မြေဆိုင်ရာ မီးပွားလေးတွေရှိနေပြီ။
ဒီလို အနေအထားမျိုးမှာ ဘုန်းတော်ကြီးဒလိုင်လားမားဟာ အန်ကယ်လ်ဆမ်အတွက် ဈေးခေါ်ကောင်းတဲ့ဇီးကွက်ရုပ်ဘဝကနေ စုတေစပြုပြီဖြစ်သလို တရုတ်အတွက်လည်း အရင်လို မျက်လုံးထဲကဆူး နှလုံးသားထဲကမြားအနေအထား သိတ်မဟုတ်တော့ဘူး။ တိဘက်အရေးဟာ ကြီးတဲ့ကိစ္စထဲမပါတော့ဘူး။
တခါ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် တပြားတချပ်မှမကုန်ပဲ အခါခါရခဲ့တဲ့စစ်အုပ်စုဟာ အမေရိကန်အတွက်တော့ ရွှေပဲ။ အခြေအနေတရပ်ကြောင့်သာ ငေါက်လားငန်းလား လုပ်ခဲ့ရပေမယ့် ခုတော့ ရွှေလမ်းငွေလမ်းပြန်ဖေါက်နိုင်ခဲ့ပြီ။ စစ်အုပ်စုဟာ ကွန်ုမြူနစ်ဆန့်ကျင်ရေးအတွက် အမေရိကန်အဖို့ လုံးဝစိတ်ချရတဲ့ အိပ်ထဲက တမတ်ပဲ။ ဒေါ်စုကြတော့ သေချာမချာ ဘယ်သူအာမခံနိုင်မလဲ။ ဆိုတော့ ခုသွားနေတဲ့အခင်းအကျင်းမှာ တရုတ်ရန်လုပ်ရေးအရင်းခံနဲ့ပေါင်းကြမယ့် အမေရိကန်-ဗမာ့စစ်အုပ်စုဆက်ဆံရေးနဲ့ နိုင်ငံရေးကစားပွဲမှာ ဒေါ်စုမပါလည်း စခန်းဆက်သွားလို့ရပြီလို့ အန်ကယ်လ်ဆမ်သိသွားပြီ။ ဒေါ်စုကကလည်း သူ့ကိုယ်သူ“ကျမ နိုင်ငံရေးသမား”လို့ဆိုကာ လူထုခေါင်းဆောင်ဘဝ ဒီမိုကရေစီခေါင်းဆောင်ဘဝကို အတိအလင်းခဝါချပြီး “လိမ္မာရင်ကိုယ့်အတွက်ချည်းပဲ” ပေါ်လစီ ပြောင်းကိုင်လိုက်ပြီမဟုတ်လား။
ဆိုတော့ ဘုန်းတော်ကြီးဒလိုင်လားမားလည်း ဘယ်နိုင်ငံဝင်ဝင် ပြည်ဝင်ရေးမှာ တရုတ်အငြိုအငြင်ခံစရာ သိတ်မလိုတော့ပြီ။ ဗမာပြည်ဝင်မယ်ဆိုတောင် ပြည်ဝင်ခွင့်ပေးလို့ရပြီ။ ဒေါ်စုလည်း တရုတ်ပြည်ဖိတ်လို့ရပြီ။
တကယ်တော့ မိမိကြမ္မာ မိမိဘာသာဖန်တီးရေးလို့ ဘယ်လိုပဲကြွေးကြော်ကြွေးကြော် နိုင်ငံငယ်တွေရဲ့ ကံကြမ္မာဟာ နိုင်ငံကြီးတွေရဲ့ကစားကွက်အောက်ကနေသာ ဖြစ်ထွန်းနေကြရတာပဲမဟုတ်လား။ ခုလည်း ဒီအတိုင်း စခန်းသွားနေတုန်းမဟုတ်လား။
ဇွန် ၁၁ ၂ဝ၁၅

(သိပ္ပံနည်းကျချင်သလား)
နေပါဦး ဘာလို့ ကိုယ်ယုံကြည်ရာဘာသာကို “သိပ္ပံနည်း”ကျချင်ရတာတုန်း။
ကိုးကွယ်ယုံကြည်မှုဆိုတာ “မဖြစ်နိုင်စရာမရှိ”ဆိုတဲ့အခြေခံကနေ ဖြစ်ရတာမဟုတ်လား။
ကိုးကွယ်ယုံကြည်မှုမှာ ပရောဖက်မိုဟာမက် ကောင်းကင်ခရီးသွားတာပဲဖြစ်ဖြစ်၊ မြတ်ဗုဒ္ဓ မယ်တော်မိနတ်သားကို တာဝတိံသာ သွားတရားသွားဟောတာဖြစ်ဖြစ်၊ သခင်ယေရှု ပြန်လည်ရှင်သန်ထမြောက်တာဖြစ်ဖြစ် အကုန်ဖြစ်နိုင်တာပဲမဟုတ်လား။
သိပ္ပံပညာဆိုတာ “မဖြစ်နိုင်ဘူးနဲ့တူတယ်”ဆိုတဲ့အခြေခံကနေ အကြောင်းခံတာမဟုတ်လား။
သိပ္ပံပညာမှာ ဘုရားသခင်က လူနဲ့တကွ အလုံးစုံသောစင်္ကြဝဠာကို ဖန်ဆင်းတယ်ဆိုတာ၊ ၃၁ ဘုံဆိုတာ၊ ကောင်းကင်ကျကျမ်းဆိုတာတွေအကုန် ဖြစ်နိုင်ပါ့မလားလို့ စတွေးတာမဟုတ်လား။
ကိုယ့် “မဖြစ်နိုင်စရာမရှိ”တွေကို “ဖြစ်နိုင်ပါ့မလား”ဆိုပြီး ဂွတိုက်နေတဲ့ကောင်တွေကိုများ မျက်နှာလုပ်လို့ “သိပ္ပံနည်းကျ ဘာ ဘာသာ၊ ဘာ ဘာသာ”ဆိုပြီး အတင်းလိုက် နသားပါယား လုပ်နေတာတော့ တဆိတ် လွန်လွန်းတယ်ထင်တာပဲ။
မှတ်ထား
“သိပ္ပံနည်းကျ”မှဆို
ခင်ဗျားဘုရား
တရားတောင်မရဘူး။ ဇွန် ၁ဝ ၂ဝ၁၅

(ဆပ်မကုန်နိုင်ကျေးဇူးများ)
ငယ်ငယ်ကတည်းက လယ်သမားတွေကို ကျေးဇူးရှင်ဘာညာနဲ့ပြောသံကြားတိုင်း ဘာလို့များပါလိမ့်လို့တွေးမိတယ်။ ဒါပေမယ့် မမေးတတ်တာရယ် ကြောက်တာရယ်နဲ့ပေါင်းပြီး မမေးမိခဲ့ဘူး။ မေးရမှာကြောက်တယ်ဆိုတာက ထစ်ကနဲရှိ “ကျေးဇူးရှင်ကို မပြစ်မှားနဲ့“ ဆိုတဲ့ခြိမ်းခြောက်ရန်ပြုသံကြီး အဆီးအတားမရှိ ထွက်တတ်လွန်းတဲ့လူ့အဖွဲ့အစည်းမဟုတ်လား။
အမေ့ဘက်က အမျိုးရင်းတချို့နဲ့ ရပ်ဆွေရပ်မျိုးတွေထဲမှာ လယ်သမားတွေမှ အများကြီးရယ်။ မဆလခေတ်မတိုင်မီက မြေရှင်အလတ်စားလောက် (အမေရိကန်အနေအထားနဲ့ “လယ်သမားလေးလို့” ခေါ်မယ်ထင်တယ်) တွေတောင် မနည်းဘူး။ ငယ်ငယ်လေးက သူတို့ဆီသွားလည်တိုင်း ပျော်တာပါပဲ။ မြို့နဲ့မှမတူတာကိုး။ ပျော်ရလို့ ကျေးဇူးတော့ တင်မိတာပါပဲ။
နောက်တခါ လယ်သမားကြီး ဦးသာအောင် စပါးစိုက်ကာပြည်ကျိုးဆောင်ဆိုတာကိုလည်း အလွတ်ကျက်ပြီး စာမေးပွဲမှာဖြေအောင်ခဲ့တာမှန်ပေမယ့် သိတ်နားမလည်တာ ခုချိန်ထိပဲ။
မဆလခေတ်ကဆို တာဝန်ကြေစပါးသွင်းတာ မပြည့်လို့ဆိုပြီး ကန်သင်းရိုးပေါ် နေလှန်းလား လှန်းရဲ့၊ လယ်ပြန်သိမ်းလား သိမ်းရဲ့၊ ဖမ်းလား ဖမ်းရဲ့၊ ထောင်ချလားချရဲ့၊ ဘဝဖျက်လား ဖျက်ရဲ့လုပ်ပေမယ့် လယ်သမားကို “ဦးကြီး”များလို့ အစည်းအဝေးတွေမှာခေါ်တာပါပဲ။ တခါတလေများ “ကျေးဇူးရှင် ဦးကြီးများ”ဆိုပြီးတောင် နာမဝိသေသနလေးကွန့်ပြီး အာလုပ်သံကြီးနဲ့ပြောကြသေးတာပဲ။
တနေ့တော့(၁၉ နှစ်သားလောက်လို့ထင်တယ်) လုပ်သားပြည်သူ့နေ့စဉ် သတင်းစာဆောင်းပါးတစောင်မှာ သစ်ထုတ်လုပ်ရေးကသစ်ဆွဲဆင်ကြီးတွေကို “ဆင်လုပ်သားကြီးများ”လို့ ရေးထားတာတွေ့လိုက်တော့မှ လယ်သမားတွေကို ဘာ့ကြောင့် “ကျေးဇူးရှင်”လို့ခေါ်ကြမှန်း သဘောပေါက်သွားတော့တာ။
ဆင်ကို ကုန်ထုတ်လုပ်ရေးမှာသုံးတယ်ဆို အဲ့ဒီဆင်ဟာ ဖြစ်ခြင်းဖြစ် ကုန်လုပ်ကိရိယာပဲဖြစ်ရမယ် မဟုတ်လား။ နည်းနည်းချဲ့ချင်ရင် “သက်ရှိ ကုန်လုပ်ကိရိယာ“လို့သာ ခေါ်ထိုက်တယ်မဟုတ်လား။ ဆင်လုပ်သားကြီးများလို့ တင်စားခေါ်ပြီး ဆင်ကို မဝရေစာကျွေး ချွန်းနဲ့ပေါက် ဦးကင်းကို ဓားမြာင်နဲ့ထိုးကြက်သားသိပ် နံပါးကိုလှံနဲ့ထိုးဆွကြပြီး မသေမချင်းခိုင်းကြတယ် မဟုတ်လား။ ဒါပေမယ့် သူတို့လည်း “လုပ်သား”အမည်တပ်ကြတာပဲ မဟုတ်လား။
ဗမာပြည်က လယ်သမားတွေဘဝကရော သစ်ထုပ်လုပ်ရေးကဆင်တွေနဲ့ ဘာထူးလဲ။ ခုခေတ်မှာဆို ပိုတောင်ဆိုးသေးတာပဲ။ ဓားမဦးချလက်ငုတ်လယ်လေး စစ်တပ်ကသိမ်း ခရိုနီကသိမ်း၊ ပြီးတော့ ကိုယ့်လယ်မှာ ကိုယ်ပြန်လယ်ကူလီလုပ်ရတဲ့ဘဝ၊ အကြားလှအောင် သီးစားချတယ်ဆိုသေးတာပဲ။ မတရားသဖြင့် လယ်သိမ်းခံရလို့ထွက်ဆန္ဒပြတော့ ဖမ်းချုပ် ထောင်ချ ပစ်သတ်တွေကလည်း ဒုနဲ့ဒေး။ ဒါပေမယ့်လည်း ကျေးဇူးရှင် နေရာမှာတော့ တင်ထားနေတာပါပဲ။
ကျနော်တို့တွေးရမှာက ဗမာပြည်သားတွေဆန်စားလို့ စပါးစိုက်သူကို ကျေးဇူးရှင်ခေါ်ရမယ်ဆိုတာ မဟုတ်သေးဘူးဆိုတာပဲ။ လယ်သမား စပါးစိုက်တာ သူ့အသက်မွေးမှုဖြစ်သလို စက်ရုံမှာ လူတယောက် အလုပ်လုပ်တာလည်း သူ့အသက်မွေးမှုပဲ။ အလားတူပဲ ရုံးဝန်ထမ်း ရုံးအလုပ်လုပ်တာ၊ စစ်သား စစ်တိုက်တာ၊ ဘုန်းကြီး ဆွမ်းခံစားတာတွေလည်း ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပဲ မဟုတ်လား။ ကိုယ့်အသက်မွေးမှု ကိုယ်ပြုနေကြတာပဲ မဟုတ်လား။ ကိုယ့်အသက်မွေးမှုကိုယ်ပြုနေတာကို ကျနော်တို့က ဘာကိစ္စ “ကျေးဇူးရှင်”ခေါ်ရမှာတုန်း။ သူတို့စိုက်လို့ စားနေရတာဆိုတဲ့ ပေါက်ပန်းသေးလောဂျစ်လောက်နဲ့တော့ ဆင်ခြေပေးလို့မရဘူး မှတ်တာပဲ။ လူဟာ မိမိ အသက်မွေးမှုနယ်ပယ်မှာ ကျွမ်းကျင်အောင်အားထုတ်ဖို့နဲ့ စေတနာကောင်းထားပြီးလုပ်ဖို့သာ အဓိကမဟုတ်လား။ ခက်တာက ကျန်တဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေကြတော့ ကျေးဇူးရှင်စာရင်းမဝင်ပဲ စစ်သား၊ ဘုန်းကြီးနဲ့ လယ်သမားမှ ကွက်ပြီး ကျေးဇူးရှင်စာရင်းသွင်းထားတာရော ဆန်းတယ်မထင်ဘူးလား။
ကျေးဇူးရှင်အခေါ်ခံရတာခြင်းအတူတူ စစ်သားနဲ့ဘုန်းကြီးက လယ်သမားလို ဘယ်ကုန်ထုပ်လုပ်ငန်းမှာမှလည်းမပါ တိုင်းပြည်အတွက် ဘာဝင်ငွေမှလည်းရှာမပေး ဘာအခွန်မှလည်းမဆောင်တဲ့နိုင်ငံ့ဝန်ထုံ့ဝန်ပိုကြီးတွေက လူထုနဲ့တိုင်းပြည်ဂုတ်ခွစီးထားပြီး အနေအစားချောင်သလောက် တိုင်းပြည့်ပုံရိပ် လူမျိုးပုံရိပ် ဘာသာပုံရိပ်စတာတွေကို တရားဝင်ဖျက်ဆီးခွင့်ရနေပြီး လယ်သမားတွေကြ ဖိနှိပ်မှုမခံနိုင်တော့တဲ့အဆုံး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေပြရတဲ့ဘဝရောက်မှတော့ ဒီတိုင်းပြည်မျိုး ကောင်းနိုင်စရာရှိပါဦးမလား။
ဇွန် ၁ဝ ၂ဝ၁၅