Monday, July 6, 2015

၂ဝဝ၈ အခြေခံဥပဒေဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား (တူမောင်ညို)

0 comments
၂ဝဝ၈ အခြေခံဥပဒေဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား (တူမောင်ညို)
(၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် )

၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းများနဲ့ပတ်သက်ပြီး အမတ်လောင်းရွေးချယ်မယ့် ဒီချုပ်ပါတီရဲ့ အခြေခံမူနဲ့သဘောထားကို ကြားရပါတယ်။  သိပ်ကောင်းမွန်တဲ့ အခြေခံမူနဲ့သဘောထားလို့မြင်ပါတယ်။

            တိုင်းပြည်နဲ့လူထုက “လူ့စည်းနဲ့သူခိုးစည်း” ရှင်းရှင်းပြတ်ပြတ်မြင်နိုင်ပြီး ပိုင်ပိုင်နိုင်နိုင်ရွေးချယ်ဆုံးဖြတ်နိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ ဆင်းရဲမွဲတေလှတဲ့တိုင်းပြည်ထဲမှာ ဘယ်သူတွေဘယ်လိုနည်းနဲ့ ဘယ်လိုချမ်းသာကြွယ်ဝလာကြတယ်ဆိုတာ ပြည်သူတွေက ကောင်းကောင်း သိပါတယ်။ သမာအာဇီဝလား၊ မသမာအာဇီဝလားဆိုတာ ခွဲခွဲခြားခြားသိကြပါတယ်။ အာဏာဆုပ်ကိုင်ထားသူတွေက အာဏာနဲ့ချမ်းသာမှု ရှာခဲ့ကြသလို ငွေကြေးရှိသူတွေကလည်း အာဏာရှိသူတွေနဲ့အပြန်အလှန်ပေါင်းဖက်ကြပြီး သူတို့ဥစ္စာဓနကို တိုးပွားအောင်၊ တိုးလာသမျှကို ခိုင်မာအောင် ကြံစီကြတယ်။ ဘယ်သူသေသေ ငတေမာဖို့၊ ငတေချမ်းသာဖို့ပဲ။ ငတေအာဏာမြဲဖို့သာအဓိက။

            အာဏာကိုင်ထားသူတွေက ငွေကြေးရှိသူတွေအတွက်  ဂွင်တွေဖန်တီးပေးမယ်။ ငွေရှိတဲ့သူတွေက အာဏာရှိတဲ့သူတွေကို ငွေနဲ့ပြန်ဝယ်တယ်။ ဒီလိုနဲ့ခရိုနီလက်သစ်တွေဟာ မကြုံဖူးမကြားဖူးတဲ့ ပမာဏတွေနဲ့ ကြီးထွားလာတယ်။ အာဏာရှိစစ်ဗိုလ်ထိပ်သီးတွေရဲ့ သားသမီးတွေလည်း သူဋ္ဌေးသူကြွယ်တွေဖြစ်လာကြတယ်။ ကုမ္ပဏီတွေထောင်လာကြတယ်။ တိုင်းပြည်ရဲ့အသက်သွေးကြောစီးပွားရေး  လုပ်ငန်းမှန်သမျှ အုပ်စီးဝါးမျိုထားကြတယ်။ သူတို့ချည်းအုပ်စီးထားတာတွေရှိသလို သူတို့နဲ့အမြှီးစားဖက်ခေါင်းစားဖက် ခရိုနီတွေနဲ့ဖက်စပ် ပိုင်တာတွေလည်းရှိပါတယ်။

 ဒီတော့ “ပွင့်လန်းလာတယ်” ဆိုတဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီခေတ်” မှာ အာဏာရစစ်ဗျူရိုရက်လူတန်းစားနဲ့ စစ်ခရိုနီ တစ်သိုက်ဟာ  စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားရုံတင်မက ပုံနှိပ်နဲ့ ရုပ်သံမီဒီယာလုပ်ငန်းတွေကိုပါ တဆင့်တိုးချုပ်ကိုင် လာခဲ့ကြတယ်။ ဒါ့အပြင် သူတို့လက်တံတွေကို နိုင်ငံရေးလောကထဲပါ ဖြန့်ကျက်လာပြီး နိုင်ငံရေးပါတီတွေကို ဘောလုံးအသင်းထောင်သလို လုပ်လာခဲ့ကြတယ်။ ဒီလိုနဲ့စပွန်ဆာနိုင်ငံရေးပါတီတွေ၊ စပွန်ဆာနိုင်ငံရေးသမားတွေ၊ စပွန်ဆာအမတ်တွေပေါ်ပေါက်လာတယ်။ စပွန်ဆာပါတီတွေ၊ စပွန်ဆာနိုင်ငံရေးသမားတွေ၊ စပွန်ဆာအမတ်တွေကို ၂ဝ၁၅  ရွေးကောက်ပွဲမှာ ဝင်ပြိုင်စေမှာပဲဖြစ်တယ်။

၂ဝ၁၅ ဇွန် ၃ဝ ရက်နေ့အထိ မှတ်ပုံတင်ပြီးတဲ့နိုင်ငံရေးပါတီပေါင်း ၈၁ ပါတီရှိပါတယ်။ ဒီကနေ့ကာလ နိုင်ငံရေးပါတီ ထူထောင်တာမှာ ဝါဒတွေ၊ ယုံကြည်ချက်တွေ၊ အယူအဆတွေထက် စပွန်ဆာကောင်းကောင်းရဖို့သာ အဓိကဖြစ်ပါတယ်။ ဒီလောက်ပေါများနေတဲ့ပါတီတွေဟာ ဒီချုပ်ကိုဝန်းရံဖို့၊ ဒီချုပ်နဲ့မဟာမိတ်ဖွဲ့ဖို့ မဟုတ်ပါဘူး။ ညှပ်ပူးညှပ်ပိတ်လုပ်ဖို့ပါ။ ဖျက်မြင်းလုပ်ဖို့ပါ။  ပြည်သူတွေ ဝေဝါးစေဖို့၊ မဲတွေပြားစေဖို့ပါ။ ဘာသာ၊ သာသနာ၊ လူမျိုးရေးခုတုံးလုပ်ဖို့၊ မှိုင်းတိုက်သွေးခွဲဖို့ စတဲ့ အောက်လမ်းနည်းမျိုးစုံက သူတို့ရဲ့မိုက်ဖော်ဆိုးဖက်တွေပဲဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေဖန်တီးဖို့ဟာ သူတို့ရဲ့အဓိကတာဝန်ပါ။

ဒီလိုအခြေအနေတွေအောက်မှာ ဒီချုပ်ပါတီက အမတ်လောင်းရွေးချယ်မယ့် အခြေခံမူနဲ့သဘောထားက လူနဲ့သူခိုးကို ထင်ရှားအောင် စည်းသားပေးလိုက်သလိုဖြစ်ပါတယ်။ ဒါကြောင့် သိပ်ကောင်းပါတယ်လို့ပြောတာပါ။

ဒါပေမယ့် လူ့စည်း/သူခိုးစည်းပြတ်သားရုံနဲ့ ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလိုအနိုင်ရဖို့မလွယ်သေးပါဘူး။ ဖြတ်သန်းရမယ့် ရှေ့ခရီးမှာ အခက်အခဲတွေ၊ ကောက်ကျစ်ညစ်ပတ်မှုမျိုးစုံက ရှေ့မှာကြိုဆိုစောင့်ဆိုင်းနေပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ ဘယ်နေ့ဖြစ်မလဲ၊ တကယ်ဖြစ်လာမှာလား၊ စတဲ့ မရေရာမသေချာမှုတွေ ပြည့်နှက်နေပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးနိုင်ရုံတစ်ခုထဲနဲ့ အနိုင် မရနိုင်ပါဘူး။ ဒီအတွက် သာဓကကို ရှည်ရှည်ဝေးဝေး မပြတော့ပါဘူး၊ ထင်ရှားတဲ့သာဓက နှစ်ခု ပြပါ့မယ်။

၁။  “၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်” ကိုကြည့်ပါ။
 ပြည်သူတွေက “စုနဲ့ခမောက်”ကို တခဲနက်မဲပေးခဲ့တာပဲ။ ဒါပေမယ့် ဒီချုပ် အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။

၂။  “ပုဒ်မ ၄၃၆” ပြင်ဆင်ရေး လက်မှတ်ငါးသန်းနီးပါးကိစ္စကိုကြည့်ပါ။
 “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” လို့ ဆိုပေမယ့်  လွှတ်တော် အသိအမှတ်မပြုပါဘူး။ ဒါ့အပြင် ပုဒ်မ ၄၃၆ ကို မပြင်ဆင်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းထားဖို့ ဇွန်လ ၂၅ ရက်မှာ လွှတ်တော်ကြီးက စိမ်းစိမ်းကားကား ဆုံးဖြတ်ခဲ့တယ်မဟုတ်ပါလား။ စစ်သားအမတ်များက လွှတ်တော်ထဲမှာ တညီတညာထဲ မဲပေးကြရုံ မျှမက အူမြူးဂျိုကြွပြီး လက်ခုပ်လက်ဝါးတီးခဲ့ကြတယ် မဟုတ်ပါလား။

ပြည်သူ့ဆန္ဒကို လွှတ်တော်ကလည်း အသိအမှတ်မပြုသလို၊ စစ်တပ်ကလည်းအရေးမထားဘူးဆိုတာ သိပ်ထင်ရှားပါတယ်။
ဒါကြောင့်  ပြည်သူတွေအောင်နိုင်ဖို့၊ နိုင်ငံအောင်နိုင်ဖို့ဆိုတာ “၂ဝဝ၈ အခြေခံဥပဒေ”ဘောင်ထဲမှာ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ “၂ဝဝ၈ အခြေခံဥပဒေ”ဆိုတာ ပြည်သူ့ဆန္ဒကို စစ်အုပ်စုနဲ့စစ်တပ်က ထာဝစဉ်ဗိုလ်ကျအနိုင်ယူထားတဲ့ဥပဒေ ဖြစ်ပါတယ်။ ဒီအချက်ကို ဇွန်လ ၂၅ ရက်နေ့ မှာ အထင်အရှားသက်သေပြခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခုအခါမှာ ရွေးကောက်ပွဲကော်မရှင်ကလုပ်ဆောင်နေတဲ့ ဗြောင်အကျဆုံးညစ်ပတ်မှုနဲ့မသမာမှုဖြစ်တဲ့ “အခြေခံ မဲစာရင်း မှားယွင်းမှု” ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ တမင်တကာလုပ်ကြံထားတဲ့၊ ကောက်ကျစ်ဖန်တီးထားတဲ့မှားယွင်းမှု ဖြစ်ပါတယ်။ ဒါဟာ အခြေခံ မဲစာရင်းပဲ ရှိပါသေးတယ်။ အမှားရဲ့ပမာဏဟာ အနည်းဆုံး ၃ဝ ရာခိုင်နှုန်းကနေ အများဆုံး ၈ဝ ရာခိုင်နှုန်းထိရှိတယ်လို့ ဆိုပါတယ်။ မွေးနေ့ သက္ကရာဇ်တွေထပ်နေတာ၊ ကွယ်လွန်သူတွေ မဲစာရင်းထဲပါနေတာ၊ ဒီချုပ်ပါတီဝင်တွေ မဲစာရင်းထဲမပါတာ စသဖြင့် နည်းစုံလမ်းစုံနဲ့ညစ်ပတ် ထားတဲ့ မှားယွင်းမှုတွေ တသီတတန်းကြီးဖြစ်နေပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ မားစ်ရောဂါဖြစ်ပွားနေတာကို စိုးရိမ်ထိတ်လန့်နေကြရ သလို၊ ကျနော်တို့တိုင်းပြည်မှာတော့ အခြေခံမဲစာရင်း တမင်လုပ်ကြံမှားယွင်းမှုကပ်ရောဂါဆိုးကြီး  နိုင်ငံနဲ့အဝှမ်း ပေါ်ပေါက်ဖြစ်ပွားနေပါတယ်။ ပြောထားသလိုသာ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ကြားမှာ ၄ လ ခန့်သာ လို ပါတော့တယ်။

တမင်လုပ်ကြံမှားယွင်းထားမှုကြီးကို အချိန်မီ ပြီးစီးအောင်ဘယ်လို ပြင်ဆင်ကြမလဲ။ မဲပေးခွင့်ရှိသူတိုင်း၊ အသက်၁၈ ပြည့်ပြီးသူတိုင်း မဲပေးနိုင်ခွင့် ရရှိပါ့မလား။

ဒါ့အပြင် နောက်ထပ် အကွက်ချ ဇယားရှုပ်ဖို့ ဖန်တီးလာချက်တစ်ခုက၊ “ပုဒ်မ ၅၉(ဃ)” အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တပေါင်းထဲတပြိုင်ထဲလုပ်ဖို့ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်း လှမ်းလိုက်တဲ့ခြေလှမ်းပဲဖြစ်ပါတယ်။ ဒီခြေလှမ်းက ရွေးကောက်ပွဲမှာ လူထုက ပါတီတစ်ခုထဲကို အာရုံစုစည်းနေမှာကို အကြံယုတ်နဲ့ တမင်ရှုပ်ထွေးအောင်လုပ်လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲနဲ့ဆန္ဒခံယူပွဲကို သီးသန့်လုပ်သင့်တာပါ။ အခုတော့ မဲပေးတာကို ဆန္ဒခံယူပွဲတွဲလုပ်မယ်ဆိုတော့ ပြည်သူများ အတွက် ဝေဝါးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ချုချာရူပါနဲ့လိုက်ဖက်တဲ့ ဗျူဟာယုတ်/ဗျူဟာစုတ်တွေကိုချနေတာတော့ မကောင်းပါဘူး။

“၂ဝဝ၈အခြေခံဥပဒေ”မပြင်ဆင်ဘဲ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ချင်လွတ်လပ်မယ် တရားမျှတမှုတော့ရှိမှာ မဟုတ်ဘူးဆိုတဲ့ ဒီချုပ်ဥက္ကဋ္ဌပြောထားဖူးတဲ့စကားရှိပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲဆိုတာ “ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ ၄၃၆”  တို့ကို နေမြဲအတိုင်းရှိတဲ့အနေအထားအောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီကိုမဲထည့်ရမယ်ဆိုတာ ကြိုတင်အမိန့်ပေးပြီးသားဖြစ်မှာပါ။ အထူးသဖြင့်ဗိုလ်မှူးအဆင့်နဲ့ အထက်တွေပေါ့။

ရွေးကောက်ပွဲမှာ ဘယ်လိုပဲအနိုင်ရပါစေ၊ လွှတ်တော်ထဲမှာ သပိတ်ဝင်အိတ်ဝင် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က  ထာဝစဉ် အနိုင် ယူထားပြီးသားဖြစ်ပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်း (၄၉၈ နေရာ) ကို နိုင်ငံရေးပါတီ (၈၁) ပါတီက ယှဉ်ပြိုင်ကြရမှာပါ။

ဒါကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ  ဒီချုပ်ပါတီက ဇကာတင်ပြီးရွေးသန့်ထားတဲ့ အမတ်လောင်းလူပုဂ္ဂိုလ်တွေဟာ သူခိုးတွေနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီပဲ မဲထည့်ရမယ်လို့ ကြိုတင်အမိန့်ပေးပြီးသား ဖြစ်မှာပါ။ အထူးသဖြင့်ဗိုလ်မှူးအဆင့်နဲ့ အထက်အဆင့်တွေကတော့ ဘယ်ပါတီမဲပေးရမယ်ဆိုတဲ့ အမိန့်ရပြီးသားဖြစ်နေလောက်ပါပြီ။

အနူးအညွတ်တောင်းပန်ခြင်တာကတော့ (ခံနေရတဲ့) အတွေ့အကြုံတွေလည်းများလှပါပြီ။ ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ နာကျင်မှုတွေကလည်း ခါးသီးလှပါပြီ။ ၁၉၉ဝ မှာ ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးခဲ့ကြတယ်။ အစိုးရမဖွဲ့နိုင်ခဲ့ဘူး။ ၂ဝ၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးပြန်ပါတယ်။ “အခြေခံဥပဒေ”လည်း မပြင်နိုင်၊ “ ငြိမ်းချမ်းရေးက ဘယ်ဆီဘယ်ဝယ်မသိ” ၊ “တရားဥပဒေစိုးမိုးရေး”ဆိုတာက ဗလာနတ္တိ၊ “ပုဒ်မ၄၃၆” ပြင်ဆင်ရေး လက်မှတ်ငါးသန်းကလည်း အဟောသိကံ ဖြစ်ခဲ့ရပြီ။ ဒီတော့ ရွေးကောက်ပွဲဝင်တမ်း ကစားသလို၊ ဆန္ဒခံယူပွဲလုပ်တမ်း ကစားသလိုမျိုးတော့ ဆက်မဖြစ်စေချင်တော့ပါဘူး။

အကယ်၍  ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီက မဲရလဒ်ပမာဏတစုံတရာနဲ့ အနိုင်ရခဲ့ရင်လည်း  “၂ဝဝ၈ အခြေခံဥပဒေ” တည်မြဲ နေသမျှ စစ်တပ်၊ ကြံ့ဖွံ့ပါတီနဲ့မဟာမိတ်များက  ဒီချုပ်ကို လွှတ်တော်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ထိန်းကျောင်း ထားနိုင်အုံးမှာလို့ပဲမြင်ပါတယ်။ လွှတ်တော်ထဲမှာ ဒီချုပ်ပါတီရဲ့တိုင်းပြည်နဲ့လူထုအတွက်အကျိုးရှိမယ့်အဆိုတွေဟာ ကန့်ကွက်မှုမျိုးစုံနဲ့ ရင်ဆိုင်မြဲရင်ဆိုင်နေရမှာပဲဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေ မဖျက်သိမ်းနိုင်သမျှ ရွေးကောက်ပွဲတွေမှာအနိုင်ရနေလည်း အနိုင်ရသူဟာ ထာဝစဉ်တစ်ဖက်သတ် ရှုံးမြဲ ရှုံးနေပါလိမ့်မယ်။ သူခိုးတွေဘက်မှာ သူခိုးတွေကို ဘက်စုံအကာအကွယ်ပေးထားတဲ့ “ဥပဒေ”တွေအခိုင်အခံ့ရှိနေတယ်၊ သူခိုးတွေဟာ မိတ်ကပ်ကောင်းကောင်း လိမ်းနိုင်တယ်၊ မိတ်ကပ်စားတယ်၊ သူခိုးတွေကို ပြည်တွင်းပြည်ပ မိတ်ကပ်ဆရာတွေက သူမတူအောင် လိမ်းခြယ် ပုံသွင်းပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း သတိထားပါ။ အခြေခံဥပဒေမရှိတာထက်စာရင် ရှိတာကပိုကောင်းတယ်၊ ရေမရှိတာထက် ရေတစ်ဝက်ရှိတာက ပိုကောင်းတယ်ဆိုတဲ့ လောဂျစ်နဲ့ ဒီထောင်ချောက်ထဲရောက်ခဲ့/တိုးဝင်ခဲ့ကြတာပဲ။ အဝင်ရှိရင် အထွက်ရှိပါတယ်။ ထွက်ပေါက်မရှိရင် ဖောက်ထွက်ကြရမှာပေါ့။ ဆရာဦးဝင်းတင်ရဲ့ အရေးတော်ပုံစိတ်ဓါတ် ကိုင်စွဲနိုင်ကြပါစေ။


0 comments:

Post a Comment