Monday, June 22, 2015

သတင်းစာထဲက ငရဲခွေးကြီးတွေနဲ့ အမတ်မင်းများ၏ စိန်ခေါ်ပွဲ (တူမောင်ညို)

0 comments
သတင်းစာထဲက ငရဲခွေးကြီးတွေနဲ့ အမတ်မင်းများ၏ စိန်ခေါ်ပွဲ (တူမောင်ညို)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်)
အစိုးရပိုင်သတင်းစာများထဲတွင် “ငရဲခွေးကြီးတွေလွတ်နေသည်” ဟု ရေးရတော့မည်ဟုထင်ပါသည်။ ဤသို့ရေးပြန်လျှင်လည်း ဖြစ်ရပ်နှင့်မကိုက်ညီသေး။ အဘယ့်ကြောင့် ဆိုသော် ထိုငရဲခွေးကြီးများသည် မတော်တဆ လွတ်ထွက်လာကြခြင်းမဟုတ်၊ အကြံ ယုတ် ဖြင့် တမင်တကာ လှောင်အိမ်ဖွင့်ကာ လွှတ်ပေးလိုက်သောကြောင့်ဖြစ် သည်။ သို့ပါ၍ “အစိုးရပိုင် သတင်းစာများထဲတွင် ငရဲခွေးကြီးတွေ သောင်းကျန်းနေသည်” ဟု ရေးမှ အဖြစ်မှန်နှင့် ဒက်ထိ ကိုက်ညီပေတော့မည်။ ထို့အပြင် ထိုငရဲခွေးကြီးများသည် သာမန်ငစနူ၊ နုံချာငရဲခွေးမျှမဟုတ်  “ဥပဒေ” ဟူသော အမြှီးရှည်ကြီးတွေလည်း တန်းလန်းပါလျက်ရှိကြလေ၏။
           
            သူတို့သည် သတင်းစာထဲ၌ သောင်းကျန်းရသည်ကို အားမရ။ အရှင့်ခြံထွက်များပီပီ လွှတ်တော်ထဲသို့ပါ လက်ရဲဇာတ်ရဲဝင် ရောက်သောင်းကျန်းကြကုန်၏။ ထိုသို့သောင်းကျန်းလာမှုကို အနာပေါ်ဒုတ်ကျသကဲ့သို့ နာကျင်ခံခက် ဒေါသအမြက်ခြောင်းခြောင်း ထွက်ကြကုန်သော  “တဆယ့်ခြောက်သိန်းစား” လွှတ်တော်အမတ်မင်းများသည် မခံနိုင်မရပ်နိုင်ဖြစ်ကြကာ ၄င်းတို့၏ အမတ်ချုပ်ကြီးထံ ဆူပူအော်ပစ်တိုင်တန်းကြသဖြင့် အမတ်ချုပ်ကြီးထံမှ စုံစမ်းပေးမည်ဟူသော ပြောသံဆိုသံကိုလည်းကြားသိရလေ၏။

 ဤဖြစ်ရပ်ကိုမြင်ရကြားရသောအခါ  အမှောင်ထဲမှ ခဲသရမ်းခဲ့ဖူးသော “မောင်ဆိတ်ဖွား” ကို သတိရမိတော့သည်။ အနှီငရဲ ခွေးကြီးများသည် မောင်ဆိတ်ဖွား၏ ကလောင်လက်ပွားများပင်လော။ သို့တည်းမဟုတ် မောင်ဆိတ်ဖွားကဲ့သို့ ရေးဖော်၊ ရမ်းဖက်များပင် ဖြစ်လေသလော။ ကလောင်အမည်လေးတွေက သင်းလှသည်၊ “ရန်ကင်း၊ မောင်သုတ(ဥပဒေ)၊ မောင်မင်းခေါင်၊ မောင်ကို ” စသဖြင့်။

ကလောင်အမည်ကွဲပြားသော်လည်း ဦးတည်ချက်ကားမကွဲကြချေ။ ၂၀၀၈ အခြေခံဥပဒေအား အလေးပြုကာကွယ်ကြသူတွေ သာဖြစ်သည်။ ဤအချက်ကပင် သူတို့ ဘာလဲ၊ ဘယ်လဲဆိုသည့်အချက်ကို မေးစရာတွေးစရာမလိုအောင်  ထင်းနေ၊ ရှင်းနေပါသည်။
-       ၂၀၀၈ အခြေခံဥပဒေ၏ အနှစ်သာရကို မထိနဲ့။
-       ဖွဲ့စည်းပုံကိုပြင်မည်ဆိုလျှင် မူလအခြေခံအုတ်မြစ်ကို မထိနဲ့။
-       အာဏာရှင်လွှတ်တော်စနစ်ဖန်တီးနေသလား။
-       လွှတ်တော်အာဏာရှင်စနစ်ကို လုံးဝမလိုချင်ဘူး။
-       ပါလီမန်စနစ်ကို ပြန်ပြီးအသက်သွင်းချင်တာလား။
-       ပါလီမန်စနစ်ကို ပြန်သွားရင် နိုင်ငံရေးသမားတွေရဲ့ လောဘ၊ အာဃာတတွေကြောင့် တိုင်းပြည်ပြိုကွဲလိမ့်မယ်။
-       စစ်ဘက်အာဏာသိမ်းမှုတွေဘာကြောင့်ဖြစ်ပွားရသလဲ စသဖြင့် လိုရာဆွဲထားသည့် လှန့်လုံးခြောက်လုံးမျိုးစုံသုံးပြီးရေး သားထားတာတွေဖြစ်သည်။

သူတို့ရေးသားကြသည့် အချက်များအနက် ရယ်စရာအကောင်းဆုံးရေးသားချက်မှာ  “ရှေးလူတွေ အမြော်အမြင်ရှိရှိနဲ့ရေးခဲ့တာ ကို နောက်လူတွေက ခြေနဲ့ မဖျက်နဲ့” ဆိုတဲ့ ရေးသားချက်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်နဲ့ရေးခဲ့တဲ့ “၂၀၀၈ အခြေခံဥပဒေ” ကို ခြေနဲ့ မဖျက်ကြလို့ သူတို့ချင်း သတိပေးတာဖြစ်သည်။

 သမိုင်းကိုငဲ့စောင်းကြည့်လျှင် “၁၉၄၇ အခြေခံဥပဒေ နှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် (ဝါ) ပြည်သူ့ဆန္ဒ”ကို  ခြေနှင့်ဖျက်ခဲ့ကြ သူများမှာ  ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်တို့ အုပ်စုပင် မဟုတ်ပါ လား။ ပါလီမန်ဒီမိုကရေစီစနစ်ကို နိုင်ငံရေးသမားတွေ ကျင့်သုံးနိုင်ခဲ့ကြသည်မှာ ၁၄ နှစ် ခန့်သာရှိပါသည်။ ကျန်နှစ်ကာလများ(၁၉၆၂ မှ ယနေ့ကာလအထိ) ၌ တိုင်းပြည်နဲ့လူထုအား ဆင်းရဲမွဲတေမှုနွံထဲဆွဲနှစ်ခဲ့ကြသူများမှာ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)၊ ကြံ့ဖွံ့အစိုးရ အစရှိသော စစ်အစိုးရနှင့် စစ်တပိုင်းအစိုးရတို့ပင်ဖြစ်ပါသည်။

            ထိုကလောင်သောင်းကျန်းသူများ၏ ရေးသားမှုများအပေါ် လွှတ်တော်ဘက်က တုန့်ပြန်လိမ့်မည်။ ထိုတုန့်ပြန်ချက်များ မကြာမီ လွှတ်တော်ထဲ၌ စတင်တော့မည်။ ထိုတုန့်ပြန်ချက်ကို ကြားရသည့်အခါ “ဥပဒေကြမ်း” နှင့်ပတ်သက်၍ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့် စစ်တပ်တို့၏ သဘောထားကိုကြားရမည်။ အတိုက်ခံများ၏ အသံကိုလည်းကြားရလိမ့်မည်။

            ဆွေးနွေးရန် ၇၅ ဦး တင်ပြထားသည်ကို အမတ်ချုပ်ကြီးက ကိုယ်စားလှယ် ၅၃ ဦး၊ တစ်ဦး ၁၀ မိနစ်ကျစီ ဆွေးနွေးရန် ရွေးချယ်သတ်မှတ်ဆုံးဖြတ်ပေးခဲ့သည်။ ထိုသို့ အဆုံးအဖြတ်ပေးခဲ့သော ဆွေးနွေးခွင့်ရသည့် အမတ်စာရင်းထဲတွင် (NLD) ပါတီက အမတ်ဦးရေ (၂၆) ဦးဖြင့် အများဆုံးဖြစ်နေတာတွေ့ရလိမ့်မည်။ ကြံ့ဖွံ့ပါတီက (၁၁) ဦး၊ စစ်သားအမတ်က (၃) ဦးသာဖြစ်သည်။ ကျန် (၁၃) ဦးမှာ တိုင်းရင်းသားပါတီများနှင့်တသီးပုဂ္ဂလအချို့ဖြစ်သည်။ အရေအတွက်မည်မျှပင်ဆွေးနွေးခွင့်ရသည်ဖြစ်စေ၊ လွှတ်တော်ထဲက အမတ်အများစု ရရှိထားသော ပါတီ၏ အဆုံးအဖြတ်သည်အဓိကဖြစ်သည်။ သို့ပါ၍ ထိုအဆုံးအဖြတ်သည်  အမတ်ချုပ်ကြီးလက်ခုပ်ထဲ၌ သာရှိသည်။ကလောင်သောင်းကျန်းသူများက အမတ်ချုပ်ကြီးကို ထိကပါး၊ရိကပါးရေးသားထားတာတွေ ဘယ်သူတွေက အမတ်ချုပ်ကြီး ဘက်ကနေ ဘယ်လို၊ ဘယ်ပုံတုန့်ပြန်မည်ကို စိတ်ဝင်စားမိသည်။

            မည်သို့ပင်ဖြစ်စေ ရှေ့၌ “ပညာရေးဥပဒေမူကြမ်း” အတည်ပြုခဲ့သည့်ဖြစ်ရပ်မှာ ပူပူနွေးနွေးပင်ရှိခဲ့သည်မဟုတ်ပါသလော။ ကျောင်းသားနှင့်“ကျောင်းသားသမဂ္ဂ” ဟူသော စကားလုံးအပေါ်တွင် အာဃာတအလွန်တရာကြီးမားလှသောလွှတ်တော်ကြီးကို ကျနော် တို့တွေ့ခဲ့ရပြီးဖြစ်ပါသည်။ အခြားဘာကိုမျှော်လင့်ကြဦးမည်နည်း။
            အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်တို့သည် ကျနော်တို့ အတိုက်အခံအင်အားစုများအား ခါးသည်းဖွယ်ရာသင်ခန်းစာများကို အကြိမ် ကြိမ်အထပ်ထပ်သင်ကြားပေးခြင်းဖြင့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ၏ အရသာကို ကိုယ်တိုင်ကိုယ်ကျ ခံစားစေတော့၏။


0 comments:

Post a Comment