Wednesday, June 27, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း (၈) မျိုးမြင့်ချို

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း (၈) မျိုးမြင့်ချို ဇွန် ၂၈ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။ သောတရှင်များခင်ဗျား..
၁၉၆၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ဗိုလ်ကျင်ဖေဦးဆောင်တဲ့ ကေအင်န်ယူ၊ မွန်ပြည်သစ်နဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(၃)ပါတီတို့ရဲ့ ပဏာမကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကိုရောက်လာ ခဲ့ကြပါတယ်။ ပဏာမကိုယ်စားလှယ်တွေဟာ သူတို့သက်ဆိုင်ရာ နယ်မြေဒေသတွေကနေတဆင့် တော်လှန်ရေးကောင်စီရဲ့ စီစဉ်ဆောင်ရွက်ပေးမှုတွေကို ယူခဲ့ကြပါတယ်။ ရန်ကုန်ကိုရောက်မလာခင် သက်ဆိုင်ရာနယ်မြေဒေသတွေမှာ ဒေသခံပြည်သူတွေကသာမက ရန်ကုန်ကိုရောက်တော့လည်း ပြည်သူတွေက ပန်းစည်းတွေပန်းကုံးတွေစွပ်ကြ အခမ်းအနားတွေနဲ့ကြိုကြဆိုမို့လို့ တိုင်းပြည်အတွက် အားတက်စရာတွေလို ဖြစ်ခဲ့ရတာလည်းအမှန်ပါပဲ။ ဇရန်ကုန်ရောက်ပြီးနောက်တရက်ဖြစ်တဲ့ 
ဇူလိုင်လ (၃ဝ)ရက်နေ့မှာ တော်လှန်ရေးကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ (၃)ပါတီပဏာမကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံရာမှာ (၃)ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့ကနေ တော်လှန်ရေးကောင်စီထံ တင်ပြတောင်းဆိုချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတင်ပြချက်မှာ သူတို့လာရခြင်းဟာလည်း 
စစ်ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ရန် ပြည့်စုံချောမောအောင်မြင်မယ့်ဆွေးနွေးပွဲ 
ဖြစ်မြောက်ရေးအတွက်ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အနှစ်ချုပ်သဘောနဲ့ပြောရမယ်ဆိုရင်တော့… တော်လှန်ရေးကောင်စီရဲ့ကမ်းလှမ်းချက်ကိုသိရပြီးတဲ့နောက် (၃) ပါတီခေါင်းဆောင်တွေအနေနဲ့ (ဇူလိုင် ၅ ရက်) နေ့မှာ သဘောထားပြန်ကြားခဲ့ပြီး ဖြစ်တဲ့အကြောင်း၊ 
(၃)ပါတီဟာ စစ်ရပ်စဲဖို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တိုင်းရင်းသားလူမျိုးစုံ ဗမာပြည်သူတွေရဲ့ဆန္ဒနဲ့အညီ နှစ်ဦးနှစ်ဘက်မျက်နှာစုံညီ၊ တန်းတူရည်တူဆွေးနွေးဖြေရှင်းဖို့ အစိုးရအဆက်ဆက်ကို အစဉ်တစိုက် တင်ပြကမ်းလှမ်းတောင်းဆိုလာခဲ့တဲ့ကြောင်း၊ ဒါပေမယ့် ခုလိုအဆင့်အထိ အကောင်အထည်ဖြစ်ပေါ် မလာခဲ့ကြောင်း၊ ခုဖိတ်ခေါ်ချက်ဟာလည်း (၃)ပါတီနဲ့တကွ ပြည်သူတစ်ရပ်လုံးရဲ့ အစဉ်တစိုက်တောင်းဆိုချက်တွေကို တော်လှန်ရေးကောင်စီဘက်က လက်ခံလာတာဖြစ်လို့ ဝမ်းသာတဲ့အကြောင်း၊ ဖိတ်ခေါ် ကမ်းလှမ်းချက်ကို (၃)ပါတီလုံးက မူအားဖြင့်လက်ခံကြောင်း၊ ဒါပေမယ့် လက်တွေ့လုပ်ရာမှာ ခုထက် ပြည့်စုံလုံလောက်တဲ့ဆောင်ရွက်ချက်မျိုးဖြစ်ဖို့ မျှော်လင့်တဲ့အကြောင်း၊  ပဏာမအားဖြင့်လိုအပ်တဲ့အချက်တွေ၊ အဟန့်အတားဖြစ်စေမယ့်အချက်တွေကိုဖယ်ရှားပြီး 
ကျယ်ပြန့်တဲ့ဆွေးနွေးပွဲနယ်နမိတ်ဘောင်ကို ပြည့်စုံလုံလောက်စွာ ထပ်မံတိုးချဲ့ဆောင်ရွက်သင့်တယ်လို့ ယုံကြည်ယူဆတဲ့အကြောင်း၊ ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးရာမှာ အဘက်ဘက်ကအဆင်ပြေပြေနဲ့ ကျယ်ပြန့်တဲ့ဆွေးနွေးပွဲဖြစ်မြောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တိုက်ရိုက်အကျိုးပြုနိုင်ရေးအတွက် အချက်(၃)ချက်တင်ပြထားပြီး တော်လှန်ရေးကောင်စီဘက်က လက်ခံစဉ်းစားပေးပါရန်လို့ တောင်းဆိုထားပါတယ်။

တင်ပြတောင်းဆိုချက်တွေကတော့..
(၁) ဤ ပဏာမဆွေးနွေးပွဲပြီးချိန်မှ ထပ်မံ၍တွေ့ဆုံဆွေးနွေးရေးပြီးဆုံးချိန်အထိ တစ်တိုင်းပြည်လုံးတွင် အပစ်အခတ်အတိုက်ရပ်စဲထားရန်။ ယင်းအပစ်အခတ်ရပ်စဲရေးကို တော်လှန်ရေးကောင်စီနှင့် တောတွင်းလက်နက်ကိုင်ပါတ်ီအဖွဲ့အစည်းများမှ နှစ်ဦးသဘောတူ တိုင်းပြည်သို့ထုတ်ပြန်ကြေညာရန်နှင့် အပစ်အခတ်ရပ်စဲထားသည့်အချိန်အတွင်း၊ ဆွေးနွေးနေချိန်အတွင်း ပြည်သူလူထုများအနေဖြင့် 
လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်နှင့် စည်းဝေးဆန္ဒပြခွင့်များရှိစေရန်။

(၂) တောတွင်းလက်နက်ကိုင် တော်လှန်ရေးပါတီအဖွဲ့အစည်းများအနေနှင့် မိမိတို့ပါတီအဖွဲ့အစည်း အနေနှင့်သော်လည်းကောင်း အခြားပါတီအဖွဲ့အစည်းများအနေနှင့်သော်လည်းကောင်း ပြည့်ပြည့်စုံစုံကြိုတင်ညှိနှိုင်းရေးအတွက် လုံလောက်သောအချိန်ရရှိရေးနှင့် သွားလာဆက်သွယ်ခေါ်ယူရေးအတွက် တော်လှန်ရေးကောင်စီမှ လိုအပ်သောလုံခြံမှု၊ ကူညီမှုများပေးပါရန်၊

(၃) တော်လှန်ရေးကောင်စီနှင့် တောတွင်းလက်နက်ကိုင်ပါတီအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဦးနှစ်ဘက်မှ အပြန်အလှန်တင်ပြဆွေးနွေးချက်အပြည့်အစုံကို အသံလွှင့်ဋ္ဌာနမှအသံလွှင့်ပေးရန်နှင့် သတင်းစာကွန်ဖရင့်ပြုလုပ်ရှင်းလင်းခွင့်၊ စာနယ်ဇင်းများတွင်အပြည့်အစုံ ရေးသားဖော်ပြခွင့်များ ရရှိစေရန်တို့ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီတောင်းဆိုချက်တွေဟာ  တွေ့ဆုံဆွေးနွေးရေးကို အချိန်ဆွဲချင်လို့၊ အဟန့်အတားဖြစ်စေချင်လို့၊ အမြတ်ထုတ်ချင်လို့လုပ်တာမဟုတ်ပဲ ဖြူစင်တဲ့စေတနာနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး လက်တွေ့ကျကျပြန်တည်ဆောက်ဖို့ ပြည့်စုံလုံလောက်တဲ့ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက်လို့ ဖော်ပြပြီး...
တစ်အချက်တောင်းဆိုရတာဟာ နှစ်ဘက်သံသယကင်းကင်းနဲ့တွေ့ဆုံနိုင်ဖို့၊ စစ်ရေးအရအကြပ်ကိုင်ခြိမ်းခြောက်မှုမဖြစ်စေဖို့၊ မလိုလားအပ်တဲ့သံသယတွေ ကင်းစင်အောင်ဖြစ်ကြောင်း၊ ဒီလို အပစ်အခတ်ရပ်ထားပြီးဆွေးနွေးနေစဉ်မှာ ပြည်သူတစ်ရပ်လုံးရဲ့ ကျယ်ပြန့်တဲ့ဆန္ဒတွေ အကြံပြုချက်တွေ အထောက်အကူတွေ ရယူဖို့လိုကြောင်း၊ ဒါ့ကြောင့် လွတ်လပ်စွာရေးသားပြောဆို၊ ပုံနှိပ်ထုတ်ဝေ၊ စည်းဝေးဆန္ဒပြတာတွေဟာ မရှိမဖြစ်လိုအပ်တယ်လို့ တင်ပြထားပါတယ်။
နံပတ်နှစ်အချက်ကို တောင်းဆိုရတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဟာ တစ်ဖွဲ့တစ်ပါတီပြဿနာမဟုတ်ပဲ တော်လှန်ရေးကောင်စီနဲ့တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ပြဿနာဖြစ်တဲ့အကြောင်း  ပါဝင်နေတဲ့ဘက်အသီးသီးမှာ အခြေအနေတွေကို ပြည့်ပြည့်စုံစုံဆွေးနွေးဖြေရှင်းနိုင်ဖို့ လုံလောက်တဲ့အချိန်ရဖို့လိုအပ်တဲ့အကြောင်း၊ တစ်ဖွဲ့ခြင်းအလိုက် အတွင်းမှာအကြေအလည်ညှိနှိုင်းဖို့လိုတဲ့အပြင် အခြား တော်လှန်ရေးပါတီအဖွဲ့အစည်းတွေနဲ့လည်း တစ်ပါတည်းဆွေးနွေး ညှိနှိုင်းနိုင်ရေးအတွက်အချိန်ယူပြီး သွားလာဆက်သွယ်ဆောင်ရွက်ရေးဟာလည်း မရှိမဖြစ်လိုအပ်တဲ့ကိစ္စဖြစ်လို့ တောင်းဆိုတင်ပြရတာဖြစ်ကြောင်း ဆိုထားပါတယ်။
သုံးအချက်တောင်းဆိုရတာကိုကတော့.. တောတွင်းလက်နက်ကိုင်တော်လှန်ရေးပါတီအသီးသီးရဲ့ တင်ပြဆွေးနွေးချက်တွေကို ပြည်သူလူထုတစ်ရပ်လုံးသိရှိဖို့၊ လူထုရဲ့ထင်မြင်ယူဆချက်တွေကို ပြန်သိရဖို့အထူးအရေးကြီးကြောင်း၊ ဘက်တဘက်တည်းကနေပဲ တဘက်သတ်တင်ပြဆွေးနွေးချက်တွေကို ဖော်ပြနေတာမျိုးမဟုတ်ပဲ နှစ်ဦးနှစ်ဘက် အပြန်အလှန်တင်ပြဆွေးနွေးချက်တွေကို လူထုကသိရှိနားလည်ပြီး လူထုရဲ့ထင်မြင်ယူဆချက်တွေကို ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်ဖော်ထုတ်နိုင်ဖို့ အထူးလိုအပ်ကြောင်း စတာတွေဖော်ပြထားပါတယ်။

ခုလို တင်ပြတာတောင်းဆိုတာတွေကို တော်လှန်ရေးကောင်စီအနေနဲ့ သဘောတူလက်ခံမယ်ဆိုရင် တိုင်းပြည်ကို တရားဝင်ထုတ်ပြန်ကြေညာပေးဖို့ မေတ္တာရပ်ခံတဲ့အကြောင်း၊ အဲသလို ထုတ်ပြန်ပေးပြီးရင် (၃ပါတီက ဗဟိုကိုယ်စားလှယ်အဖွဲ့လာရောက်ပြီး တော်လှန်ရေးကောင်စီနဲ့ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးဖြေရှင်းသွားမှာဖြစ်တဲ့အကြောင်း၊ ဒါတင်မကသေးပဲ (မဒညတ) လို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုနဲ့ တစ်ပါတည်းဖြစ်စေ၊ အခြား လက်နက်ကိုင်တော်လှန်ရေးပါတီ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့တစ်ပါတည်းဖြစ်စေလာရောက်ပြီးဆွေးနွေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း ပြောဆိုတင်ပြထားတာတွေ့ရပါတယ်။

သောတရှင်များခင်ဗျား..နောက်တပတ်မှာတော့ (၃)ပါတီပဏာမကိုယ်စားလှယ်တွေရဲ့ တင်ပြတောင်းဆိုချက်တွေကို တော်လှန်ရေးကောင်စီဘက်က ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုတာ တင်ပြပေးပါ့မယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

Stereotype လူမျိုးရေးပြဿနာနှင့် ကလေးကွက် (ကောင်းကင်ကို)

0 comments
Stereotype လူမျိုးရေးပြဿနာနှင့် ကလေးကွက် (ကောင်းကင်ကို)(ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ
(၁)
“ကန်စွန်းရွက်ကြော်က ဘာအသားမှ မထည့်နဲ့။ သက်သတ်လွတ်နော်”
“ကြာဇံကြော်ကလည်း သက်သတ်လွတ်နော်”

သက်သတ်လွတ်ဆိုတဲ့စကားလုံးနဲ့ တဖွဖွမှာတယ်။ သက်သတ်လွတ်တွေမှာနေရင်းကနေ နောက်တမျိုး ထပ်မှာလိုက်တဲ့အခါမှာတော့ အကုန်လုံးပွဲကျသွားတော့တယ်။ ထပ်မှာလိုက်တဲ့ အရာက….. ဘီယာ။ တကယ်ဆိုရင်တော့ ရယ်စရာ ဘာမှမပါပါဘူး။ ဒါပေမဲ့ သက်သက်လွတ်စားတာဟာ ဘာသာရေး ကိုင်းရှိုင်းလို့၊ ဘာသာရေးအဲ့လောက်ကိုင်းရှိုင်းရင် အရက်ဘီယာ မသောက်လောက်ဘူးဆိုတဲ့ လူတွေရဲ့ stereotype ဆန်တဲ့ အတွေးကြောင့် ရယ်စရာလိုလို ဖြစ်သွားတယ်။

 သက်သတ်လွတ်သမားဟာ သက်သက်လွတ်စားရခြင်းက ဘာသာရေးကြောင့်မဟုတ်ဘဲ ဒီလိုအတွေးကြောင့်လည်း ဖြစ်နိုင်တာပဲလေ။ “လူတွေဟာအသိဥာဏ်အကြီးဆုံးဖြစ်လို့
 ကိုယ့်လောက်အသိဥာဏ်မရှိတဲ့သတ္တဝါတွေကို ညှာသင့်တယ်”


(၂)
 ဒါပေမဲ့ Stereotype အတွေးတွေဟာ များသောအားဖြင့် ဟာသမမြောက်ဘဲ လူ့လောကကို ပြဿနာဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ပတ်သတ်လာရင်ပေါ့။ Stereotype အတွေးနဲ့သာ ကျဉ်းကျဉ်းမြောင်းမြောင်းတွေးရကြေးဆိုရင် ဥပမာ…ကုလားတွေအားလုံး စိတ်ထားယုတ်ညံ့တယ်လို့ တွေးတယ်ဆိုပါစို့၊ ဒါဆိုရင် ဂန္ဒီဟာ ကုလား၊ ဒီတော့ ဂန္ဒီဟာ စိတ်ထားယုတ်ညံ့သူဖြစ်သွားမယ်။ တရုတ်တွေအားလုံး မိုက်ရိုင်းတယ်လို့တွေးမယ်ဆိုရင်…ကွန်ဖြူးရှပ်တို့ လောက်ဇူတို့ပါ မိုက်ရိုင်းသူတွေဖြစ်သွားမယ်။ ဘင်္ဂါလီအားလုံး အောက်တန်းစားတွေ မုဒိမ်းကောင်တွေဆိုရင် ကမ္ဘာကျော်ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးပါ အောက်တန်းစားမုဒိမ်းကောင် ဖြစ်သွားလိမ့်မယ်။ မွတ်စလင်အားလုံး ခွေးကျင့်ခွေးကြံကောင်တွေဆိုရင် ဦးရာဇတ်တို့၊ စာရေးဆရာ မောင်သော်ကတို့ပါ ခွေးကျင့်ခွေးကြံကောင်တွေ ဖြစ်သွားမယ်။ ဒီလိုပဲ ဗမာတွေအားလုံးသာ အသုံးမကျသူဆိုရင် ဦးသန့်လိုလူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းလိုလူတွေပါ အသုံးမကျသူတွေ ဖြစ်သွားလိမ့်မယ်။
 တဘက်မှာ ဘာသာတိုင်းလူမျိုးတိုင်းမှာ လူတော်လူကောင်းတွေရှိသလို ထောက်ပြစရာ လူဆိုးတွေ၊ မုဒိမ်းကောင်တွေလည်း ရှိနေမှာပဲ။


(၃)
 ဘာသာရှိသူတွေ နည်းတူပါပဲ။ ဘာသာမဲ့တွေထဲမှာလည်း လူကောင်းတွေရော လူဆိုးတွေပါရှိပါတယ်။

တချို့သူတွေက ဘာသာမဲ့ဆိုရင် တရားလုံးဝမရှိတဲ့သူ၊ လူစိတ်ကင်းမဲ့သူလိုမျိုး stereotype အတွေးတွေနဲ့တွေးတတ်၊ Facebook လို နေရာမျိုးတွေမှာ ရေးတတ်ကြတာလည်း ရှိသေးတယ်။ တကယ်တော့ ဘာသာမဲ့ Mark Zuckerberg တည်ထောင်ထားတဲ့ Facebook ကို သုံးပြီး ဘာသာမဲ့တွေကို ပိုးစိုးပက်စက် ပြောနေခြင်းပါပဲ။

 ကျနော်လည်း ဘာသာရေးတွေကို မယုံကြည်သူတယောက်ပါ။ ဒါပေမဲ့ ခရစ်ယာန်တယောက်ကဖြစ်စေ၊ မွတ်စလင်တယောက်ကဖြစ်စေ ကျနော့်အတွက် ဆုတောင်းပေးရင်တော့ ကြိုက်တယ်။ ကိုယ့်ကို မေတ္တာပို့တယ်လို့ပဲ ခံစားရပါတယ်။


(၄)
 နောက်ထပ် ခွဲခြားဆက်ဆံခံရလေ့ရှိတာက ကပြားတွေပါပဲ။ လူတော်တော်များများရဲ့ အခေါ်အဝေါ်အရဆိုရင်တော့ မျိုးမစစ်တွေပေါ့။ နှစ်ဘက်လုံးကို ဘက်မျှတွေးနိုင်သူ၊ (များသောအားဖြင့်) နှစ်ဘက်လုံးကိုနားလည်ပေးနိုင်တဲ့အတွက် ယဉ်ကျေးမှုအရ စိတ်ပိုင်းဆိုင်ရာအရ ပိုကြွယ်ဝနိုင်ခြေရှိသူတွေအဖြစ်မြင်မပေးကြပဲ မျိုးမစစ်ဆိုပြီးဆဲရေးတိုင်းထွာကြတာက များပါတယ်။ ဗမာ-တရုတ် ကပြားကိုဖြစ်စေ၊ ဗမာ-ကုလား ကပြားကိုဖြစ်စေ ဗမာအဖြစ်နွေးထွေးစွာလက်မခံဘဲ မျိုးမစစ်ဆိုပြီး ခွဲခြားဆက်ဆံလိုက်တာဟာလည်း သိမ်းသွင်းရမယ့်အစား တခြားတဘက်ကိုတွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။

 လူမျိုးခြားနဲ့ယူပြီဆို များသောအားဖြင့် မေးခွန်းတွေထုတ်လေ့ရှိပါတယ်။ အဲဒီ့လို မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အမေးခံခဲ့ရတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်စုက “လူမှာ လူကောင်းရယ် လူဆိုးရယ်ပဲ ရှိတယ်။ ကိုယ်ယူတဲ့သူက ကိုယ်နဲ့စိတ်တူသဘောတူ လူကောင်းတယောက်ဖြစ်နေရင် ပြီးပြီ” ဆိုတဲ့ အဖြေမျိုးကိုတော့ မဖြေခဲ့ပါဘူး။ လူမျိုးမခွဲခြားတဲ့အဖြေမျိုး အစား အင်္ဂလိပ်တွေကြားမှာနေရင် အင်္ဂလိပ်တွေနဲ့ရဖို့များတယ်ဆိုတဲ့သဘောမျိုးပဲ ဖြေသွားတော့…မေးခွန်းထုတ်သူက အပြစ်ရှိတယ်ဆိုတဲ့အမြင်နဲ့မေးခွန်းထုတ်လာရာမှာ နိုင်ငံခြားသားနဲ့ယူခြင်းဟာအပြစ်မရှိဘူးလို့ဖြေမယ့်အစား အဲလိုလုပ်ရတာဟာ အခြေအနေတွေက တွန်းပို့လို့ဆိုတဲ့သဘောမျိုးပဲ ဖြေသွားခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးမှာလူထုထောက်ခံမှုနည်းသွားမှာစိုးရိမ်လို့ လို့ နားလည်လိုက်မိပါတယ်။

 Racists တွေဟာ လူမျိုးခြားနဲ့ယူခြင်းကို အကြောင်းများစွာပြပြီး ပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်လေ့ရှိပါတယ်။ အတွေးအခေါ်ကျယ်ပြန့်သူတယောက်အတွက်ဆိုရင်တော့ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါ။ [လူမျိုးရေးခွဲခြားတတ်တဲ့ နိုင်ငံတွေမှာဆိုရင်တော့] လူမျိုးခြားကိုမယူသင့်တဲ့အကြောင်းရင်းကို မရမကရှာဖွေကြည့်မယ်ဆိုရင် တခုတည်းပဲရှိပါတယ်။ မွေးလာမယ့်ကလေး ခွဲခြားဆက်ဆံခံရမှာ၊ အပယ်ခံရမှာကြောင့် ကလေးကိုဒဏ်မခံစေချင်လို့ပါပဲ။ မြန်မာနိုင်ငံလို နိုင်ငံမှာ လူတယောက်ယောက်က ဆိုးဝါးတဲ့အပြုအမူကို လုပ်ပြီဆိုရင် “မင်း…ဗမာမှ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းမျိုး၊ “မင်း…အမျိုးမှ စစ်ရဲ့လား” ဆိုတဲ့မေးခွန်းမျိုးဟာ တခြားလူမျိုးမှန်သမျှကို၊ ကပြားမှန်သမျှကို ယုတ်မာသူ၊ ဆိုးသွမ်းသူ၊ ဗမာအားလုံးသည်သာလျှင်ယဉ်ကျေးသူဆိုတဲ့အတွေးတွေမှာ အခြေခံနေပါတယ်။ ဥပမာပေးရရင်တော့ ဗွီဒီယိုတခုထဲမှာ ဗမာအမျိုးသားတွေက ဗမာအမျိုးသမီးတွေကို ဗမာလိုတွေပြောပြီး ရက်ရက်စက်စက်ရိုက်နှက်နေကြတဲ့ဟာမျိုးကိုမြင်ရတာတောင် ဗမာတွေဟုတ်ရင်ဒီလိုမလုပ်ဘူးလို့ မှတ်ချက်ပေးထားတာမျိုး ဖတ်ခဲ့ရဖူးပါတယ်။ လူအများစုရဲ့အယူအဆကိုလေ့လာကြည့်ရင်လည်း ခွဲခြားချင်တဲ့သူတွေပိုများနေတာကြောင့် အနာဂတ်မှာလည်း အဲဒီ့သဘောမျိုးတွေပဲ ဆက်လက်ကြီးစိုးနေဖို့များတာမို့ လူမျိုးခြားကိုမယူသင့်တဲ့အကြောင်းရင်းတခုကို မပေးမနေရ ပေးရမယ်လို့ဆိုလာခဲ့ရင် မွေးလာမယ့်ကလေးကို လှောင်ပြောင်မယ့်ဒဏ် မခံစားရစေချင်လို့ပါပဲ။ ဒါပေမဲ့ ဒီပြဿနာရဲ့တကယ့်အဖြေအစစ်ကတော့ လူမျိုးရေးခွဲခြားမှုကင်းရှင်းတဲ့ပတ်ဝန်းကျင်တခုဖြစ်လာမှသာ ပြဿနာတွေအားလုံးပြေလည်သွားမှာပါ။


(၅)
 လူမျိုးရေးပြဿနာတွေနဲ့ပတ်သတ်ပြီးပြောရရင် ကမ္ဘာ့နိုင်ငံတွေရဲ့နယ်စပ်တွေမှာ အချိန်မရွေး ထထပေါက်ကွဲတတ်တဲ့ မီးတောင်တလုံးစီရှိတတ်တယ်။ အဲဒီ့ မီးတောင်တွေဟာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေအတွက် စားကျက်တခု၊ မီဒီယာတွေအတွက် ကုန်ကြမ်းနဲ့ NGO တွေအတွက် အလုပ်ရုံတွေဖြစ်တတ်တယ်။

 နယ်စပ်ဒေသကမြို့တွေ ရွာတွေမှာ လူမျိုးတွေရောယှက်နေလေ့ ရှိကြတယ်။ တဘက်ဘက်မှာ လူမျိုးရေးပဋိပက္ခတွေ သွေးထွက်သံယိုတွေဖြစ်တဲ့အခါမျိုးမှာ တခြားတဘက်ကို ထွက်ပြေးလေ့ရှိတယ်။ အဲဒီ့အခါမှာ တဘက်နိုင်ငံက လက်ခံပေးတဲ့အခါတွေရှိသလို လက်မခံဘဲပြန်မောင်းထုတ်တဲ့အခါတွေလည်း ရှိတတ်တယ်။

 ထားပါတော့။ သေချာတာကတော့ ဒီလူတွေဟာ နယ်နိမိတ်စည်းမျဉ်းရဲ့တဘက်ဘက်က မြေကြီးပေါ်မှာမွေးဖွားခဲ့တာတော့ သေချာတယ်။ သူတို့မွေးတဲ့နေရာက ကောင်းကင်ဘုံတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလေ။ ဒီတော့ မြေကြီးပေါ်ကတနေရာမှာမွေးပါလျက် ဘယ်နိုင်ငံကမြေကြီးကမှ သူတို့နဲ့မဆိုင်ဘူး၊ သူတို့ကို လက်မခံဘူးဖြစ်နေတယ်။ မဆိုင်တဲ့မြေကြီးပေါ်မှာနေထိုင်ရခြင်းကို “ကျူးကျော်သူ” လို့ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ သူတို့ဘဝက “မွေးရာပါ ကျူးကျော်သူ”၊ သူတို့မွေးလာခြင်း၊ လူဖြစ်လာခြင်းကိုက ကျူးကျော်ခြင်း၊ ဥပဒေချိုးဖောက်ခြင်းလို ဖြစ်နေတယ်။ ကမ္ဘာမြေကြီးပေါ်မှာမွေးဖွားလာသူတယောက်ဟာ ကမ္ဘာပေါ်ကဘယ်နိုင်ငံရဲ့မြေကြီးပေါ်မှာမှ တရားဝင်လူဖြစ်ခွင့်မရခြင်းဟာ ကမ္ဘာ့စနစ်ကြီးဟာ ဘယ်လောက်ချွတ်ယွင်းနေသလဲဆိုတာကို ပြနေတယ်။ ကမ္ဘာ့စနစ်ကြီး ဘယ်လောက်အထိတောင်ချွတ်ယွင်းနေသလဲဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ဒုက္ခသည် ဦးရေဟာ ၁၂ သန်းလောက်ရှိနေတယ်လို့ ဆိုတယ်။

 တချို့ကတော့ အကြံပေးကြတယ်။ အဲလိုလူတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေက အကုန်ခွဲပြီးယူလိုက်ဖို့။ အဲဒါဟာ ဖြစ်နိုင်ချေမရှိပေမဲ့ အဲလိုတကယ်တမ်းလုပ်မယ်ဆိုရင်တောင် ဒုက္ခသည်အတုတွေ ပေါ်လာလိမ့်မယ်။ ဒုက္ခသည်အတုတွေ မှိုလိုပေါက်လာကြလိမ့်မယ်။ နောက်ဆုံးမှာ ဒုက္ခသည်အစစ်တွေက ပိုနေမြဲ ကျားနေမြဲနဲ့ နိုင်ငံဆက်မဲ့နေပြီးတော့ ပိုက်ဆံတတ်နိုင်တဲ့ဒုက္ခသည်အတုတွေပဲ နိုင်ငံကြီးတွေကို ရောက်သွားဖို့ရှိတယ်။ အဲဒီ့အခါမှာတော့ ကောင်းစားသွားတဲ့ဒုက္ခသည်အတုတွေက ဒုက္ခသည်အစစ်တွေကို ဝိုင်းနှိမ်ကြတော့မယ်။

 ကမ္ဘာအရပ်ရပ်က သနားစရာကောင်းတဲ့ ၁၂ သန်းသောဒုက္ခသည်တွေဟာ အခွင့်အရေးမျိုးစုံ ဆုံးရှုံးနေပါတယ်။ အဲဒီ့ထဲမှာ အဆိုးဆုံးကတော့ ဒုက္ခသည်ကလေးငယ်အများစုဟာ ကောင်းမွန်တဲ့ပညာရေး မရရှိခြင်းပါပဲ။ သူတို့တွေ ပညာသင်ကြားခွင့်မရလို့ ပညာမတတ်သူတွေ များပြားလာတဲ့အခါ၊ အတွေးအခေါ်တွေ အစွန်းရောက်လာကြပြီး အဲဒီ့ ဒေသအတွက်လည်း အန္တရာယ်တွေပိုမိုများပြား လာနိုင်ပါတယ်။


(၆) 
မကြာခင်က မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာလည်း လူမျိုးရေးမီးတောင် ပေါက်ကွဲခဲ့ပါတယ်။ အဲဒါကို ကြည့်ပြီး တချို့လူတွေက ပြောကြတယ်။ နိုင်ငံတနိုင်ငံဟာ ပြည်သူတွေနဲ့ထိုက်တန်တဲ့အစိုးရပဲ ရတတ်တယ်တဲ့။ အဲဒါက မှန်သလိုလိုရှိပေမဲ့ တကယ်တော့ မဟုတ်သေးပါဘူး။ “မင်းတို့နဲ့ ဒါပဲ တန်တယ်၊ ဒါပဲယူ” ဆိုရင်တော့ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ပါဘူး။ နိုင်ငံတော်တော်များများမှာ သာမန်ပြည်သူတွေဆိုတာဟာ နေရာတကာမှာတော့ ဗဟုသုတတွေပြည့်စုံနေကြတာ မဟုတ်ပါဘူး။ သူလိုကိုယ်လို ပါပဲ။ အဖြူထည်တွေပါပဲ။ ကွာသွားတာက ခေါင်းဆောင်နေရာရယူနေကြတဲ့ အလွှာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ မီဒီယာ၊ အင်တာနက်သုံးနိုင်သူ၊ တခုခုနဲ့ပတ်သတ်ပြီး ပြောရေးဆိုခွင့်ရှိသူ၊ ပရိသတ်ရှိသူ အဲလိုလူတွေအားလုံး အကျုံးဝင်ပါတယ်။ ခြုံငုံပြီးအပေါ်ယံအလွှာလို့ ကျနော်သုံးလိုက်ပါမယ်။ နိုင်ငံတနိုင်ငံဟာ အဲဒီ့ အပေါ်ယံလွှာအင်အားစုကြီးရဲ့ ပျမ်းမျှအရည်အချင်းနဲ့ထိုက်တန်တဲ့ဟာကို ရနေတာလို့။ ပြည်သူဆိုတာက မှန်ချင်တဲ့အခါ မှန်မယ်။ လမ်းလွဲကိုပို့ခံရရင် မှားချင်တဲ့အခါ မှားသွားနိုင်တယ်။ ဥပမာ ပြည်သူအချင်းချင်း သတ်ဖြတ်နေတာမျိုး၊ ပြည်သူကပြည်သူကို အနိုင်ကျင့်နေတဲ့အခါမျိုးတွေမှာ မှားတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ ပြည်သူကို အပြစ်တင်လို့တော့ ရမှာမဟုတ်ပါ။ ထူးလာမှာလည်း မဟုတ်ပါ။ ဥပမာ..အပေါ်ယံလွှာကလူတွေက အမှန်တရားကိုမပြောပဲ အမှားတွေဆီကိုပဲတွန်းပို့နေမယ်ဆိုရင် ပြည်သူတွေဟာ လမ်းကြောင်းအမှားပေါ်ရောက်သွားနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ အပြစ်တင်သင့်တာက ပြည်သူမဟုတ်ပါ။ ပြည်သူတွေက ဒီမိုကရေစီနဲ့မတန်ခြင်းမဟုတ်ပါ။ ပညာတတ်လူတန်းစားတွေရဲ့ပျမ်းမျှအရည်အချင်းကသာ ဒီမိုကရေစီနဲ့မတန်ခြင်းဖြစ်ပါတယ်။


(၇)
 ပညာတတ်ဆိုသူတွေရဲ့ ကလေးကွက် တခုလည်းရှိပါသေးတယ်။ ကိုယ်က ကချင်ဘက်ကစာနာပြီး ပြောပေးလိုက်ရင် ကချင်ထင်သွားကြတာမျိုး။ ချင်းဘက်ကမှန်တယ်ထင်လို့ရပ်လိုက်ရင် ချင်းထင်သွားကြတာမျိုး။ တရုတ်ကိုမုန်းတာကိုမကြိုက်လို့ ကိုယ်ကကန့်ကွက်မိရင် တရုတ်၊ ကုလားဘက်က ဝင်ပြောမိသူတွေကို တရုတ် ကုလား၊ Gay တွေရဲ့အခွင့်အရေးကို ပြောမိရင် Gay ထင်ကြတော့တာ။

 တကယ်တော့ အဲလိုတံဆိပ်လိုက်ကပ်သူတွေဟာ သူတို့စိတ်နဲ့သူတို့ နှိုင်းလိုက်ကြတာပါ။ သူတို့မှာ ကိုယ့်အတ္တအတွက်ပဲအမြဲတွေးနေတော့ သူများက အမြင်ကျယ်ကျယ်နဲ့ ကချင်မဟုတ်ဘဲ ကချင်အကြောင်းပြောတာမျိုး၊ ချင်းမဟုတ်ဘဲ ချင်းတွေဘက်ကစာနာပြီးပြောတာမျိုး၊ Gay မဟုတ်ဘဲ Gay rights ကို ပြောတာမျိုး၊ ထိုင်းတယောက်က ဗမာဘက်က ဝင်ရပ်လိုက်တာမျိုး အဲဒါတွေကို သူတို့ဘယ်လိုမှ တွေးတတ်မှာမဟုတ်ဘူး။ သူတို့ရဲ့ကျဉ်းမြောင်းတဲ့စိတ်နဲ့ပဲ လိုက်တွေးပြီး “မင်းက မြန်မာမှဟုတ်ရဲ့လား” “မင်းက…ကချင်မို့လို့ ဒီစကားမျိုးပြောတာ” “ကုလားပါးစပ်က ဒီစကားမျိုးပဲ ပြောမှာပဲ” စသည်ဖြင့် စကားရဲ့တန်ဖိုးနဲ့မှန်မမှန်ကို မစဉ်းစားတော့ဘဲ အိုးနင်းခွက်နင်းတုံ့ပြန်ကြပါတယ်။

 တဘက်မှာ သူတို့ ထင်တဲ့အတိုင်း ကချင်က ကချင်ဘက်က ပြောတော့ရော၊ ချင်းက ချင်းဘက်က ပြောတော့ရော၊ တရုတ်က မြန်မာပြည်ဖွားတရုတ်အရေး၊ ကုလားက မြန်မာပြည်ဖွားကုလားအရေးပြောတော့ရော ပြောခွင့်မရှိတော့ဘူးတဲ့လား။ ဗမာဟာ ဗမာတယောက်ဖြစ်လို့ မြန်မာပြည်မှာဖြစ်ဖြစ်၊ တခြားနိုင်ငံတခုခုမှာဖြစ်ဖြစ် ဗမာ့အရေးေုပြာခွင့်မရှိတော့ဘူးလား။ ပြောတဲ့စကား မှန်မမှန်၊ တန်ဖိုးရှိမရှိပဲ အရေးကြီးတာမို့ အဲလိုလူတွေရဲ့မေးခွန်းတွေ၊ တံဆိပ်ကပ်မှုတွေဟာ သူတို့ မရင့်ကျက်သေးတာကို ပြနေပါတယ်။


(၈)
 အဲလို ပညာတတ်ဆိုသူတွေရဲ့ ကလေးကွက်တွေကို တခုချင်းလိုက်ဖြေရှင်းနေရင်တော့ ဘယ်တော့မှပြီးမှာ မဟုတ်ပါဘူး။ အဲဒါတွေအတွက် အကောင်းဆုံးနည်းကိုတော့ ခရေငယ်က ကျနော့်ကို ပြောပြထားပါတယ်။ “Debate လုပ်တဲ့နေရာမှာ…ကိုယ့် Comment အောက်မှာ တခြားလူ Comment တခု ရောက်လာတိုင်း ရှုံးတာမဟုတ်ဘူး ဦးကိုရဲ့။ သူပြောတဲ့အကြောင်းအရာက ကိုယ်အပေါ်မှာပြောထားတဲ့ အကြောင်းအရာကို ချေဖျက်နိုင်မှ . . .သူက မချေဖျက်နိုင်ဘဲနဲ့ ရေးလာရင်၊ သူရေးလာတာက ဆွေးနွေးတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုရင် ကိုယ်ပြန်ရေးနေလည်း စကားတွေဖောင်းပွတာကလွဲလို့ ဘာမှမထူးဘူး အဲဒီ့တော့ ဘာမှထပ်ရေးပေးဖို့ မလိုဘူး”
(ကောင်းကင်ကို....ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ)
(ယူတာကဒီနေရာကပါ) http://kaungkinko.blogspot.sg/2012/06/stereotype.html
http://www.khitmaung.com/ တွင်လည်း ခေတ်မောင်းဂျာနယ်မှ စာများအား ဖတ်ရှု နိုင်ပါသည်။

ကြက်တူရွေးရဲ့နှုတ်သီးဖြတ်ပြီးရင် လက်ဇပ်ကားစီးကြတာပေါ့(မောင်သာချို)

0 comments
ကြက်တူရွေးတွေရဲ့နှုတ်သီးဖြတ်ပြီးရင် လပ်ဇက်ကား စီးကြတာပေါ့.
ရေးသားသူ-မောင်သာချို   

(တစ်)
ကျွန်တော်စိတ်ဝင်စားသည့် လူပုဂ္ဂိုလ်နာမည်များထဲ၌ ''၀င်းဖေများ''လည်း ပါဝင်ပါသည်။ မှန်ပါသည်။ ပရိသတ်စိတ်ဝင်စားစေရန် ''၀င်းဖေများ''ဟု လုပ်လိုက်ခြင်းမဟုတ်ဘဲ တကယ့်ကို  ''၀င်းဖေ'' တွေက ''များ''နေသောကြောင့် ''၀င်းဖေများ'' လုပ်လိုက်ရခြင်းဖြစ်ပါသည်။
ပထမ၀င်းဖေက ကျွန်တော်နှင့်အရင်းနှီးဆုံးဝင်းဖေဟု ဆိုရပါမည်။ ထိုဝင်းဖေ၏ အနုပညာအမည်က ဆရာမောင်စွမ်းရည်။ ''အမေ့ခေါ်သံ''လိုကဗျာမျိုး ''ဗမာစာပေဘာလဲဘယ်လဲ''လို ဝေဖန်ရေးမျိုးနှင့်ကဗျာလောကစာလောကထဲမှာ ထင်ရှားလှသောဦးဝင်းဖေပဲဖြစ်ပါလေသည်။
ဒုတိယ၀င်းဖေကမူ ကျွန်တော်နှင့်မရင်းနှီးပါ။ သို့သော် စာပေနှင့်ပတ်သက်ဆက်နွှယ်ရာပွဲလမ်းသဘင်ကလေးများ၌ ဆရာ့ကိုမြင်ခွင့်တွေ့ခွင့်ရပါသည်။ ဆရာ့အနုပညာအမည်က မြဇင်။ ဆရာ့''ကဗျာ့နရီနှင့်နိမိတ်ပုံ''စာအုပ်ကလေးက ကျွန်တော်တို့လက်စွဲ။ ဆရာ့ ''မြကန်'' ကဗျာဘာသာပြန်ဆိုချက်များက ကျွန်တော်တို့အတုယူမှီငြမ်းစရာ။ ထို့နောက် ပညာရပ်ဆိုင်ရာ ဆရာ့စာတမ်းများ။
တတိယ၀င်းဖေကမူ ကျွန်တော်နှင့် လုံးဝမသိသော ၀င်းဖေ ပဲဖြစ်ပါလေသည်။ လူအမည်ရောအနုပညာအမည်ရော တစ်ထပ်တည်းဖြစ်နေသည့် ဆရာဦးဝင်းဖေ။ ရုပ်ရှင်ဒါရိုက်တာ ဆရာဝင်းဖေ၊ ပန်းချီအနုပညာရှင်ဆရာဝင်းဖေ၊ စာရေးဆရာ ဆရာဝင်းဖေ၊ မန္တလေးပန်းချီကျောင်းအုပ်ဆရာဝင်းဖေစသည်စသည် စသည်ဖြင့် သူ့နယ်ပယ်တွေကကျယ်ဝန်းလှပါဘိ။
ယခု ကျွန်တော်ပြောလိုသည်က ထိုတတိယ ဦးဝင်းဖေအကြောင်းပဲဖြစ်ပါသည်။ အထူးသဖြင့် သူ၏၀တ္ထုတိုကလေးတစ်ပုဒ်အကြောင်း။  

(နှစ်)
ဆရာဝင်းဖေ၏၀တ္ထုတိုပေါင်းများစွာအနက် ''ပလတ်စတစ်အနီ''ဆိုသော ၀တ္ထုကလေးကိုကျွန်တော်တော်တော်စွဲပါသည်။
ဝတ္ထုထဲ၌ ကိုဘချယ်ဆိုသူ မီးရထားဖြင့်ခရီးသွားစဉ် မထင်မှတ်ဘဲ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်နှင့် ပြန်ဆုံပါသည်။ ထိုသူငယ်ချင်းမှာ လမ်းဘူတာတစ်ခု၌ဆင်းသွားသူဖြစ်ရာ ကိုဘချယ်ကမီးရထားရပ်ထားစဉ် ဘူတာရုံထဲသို့ လှမ်း၍ငေးနေသည့်အခိုက် ထိုသူငယ်ချင်းကိုပြန်တွေ့လိုက်ခြင်းဖြစ်ပါသည်။ အိပ်စင်တွဲကနေဆင်းချလာသော သူငယ်ချင်းကြည်ဝင်း၊ နောက်ပါတပည့်နှစ်ယောက်နှင့်အတူ ဆင်းချလာသော သူငယ်ချင်းကြည်ဝင်း၊ ဘူတာရုံထဲတွင်လာရောက်ကြိုဆိုသူများက အရိုအသေပေးကြ ဆူညံစွာဝိုင်းဝန်းနှုတ်ဆက်ကြနှင့် အရေးပါအရာရောက်နေသူ သူငယ်ချင်းကြည်ဝင်း၊ အကြီးအကျယ် ချမ်းသာကြီးပွားနေသူ သူငယ်ချင်းကြည်ဝင်း၊ ထိုကိုကြည်ဝင်းက ကိုဘချယ်အားတွေ့သွားပြီး လာရောက်နှုတ်ဆက်ကာ နောင်လာတွေ့ဖို့ လိုအပ်တာအကူအညီတောင်းဖို့မှာကြားနေသူ သူငယ်ချင်းကြည်ဝင်းပဲဖြစ်ပါသည်။
ကိုဘချယ်က သူငယ်ချင်းကြည်ဝင်း ခုလိုကြီးပွားတိုးတက်အရာရောက် အရာဝင်လာခြင်းနှင့်ပတ်သက်၍ ငယ်ငယ်ကပင်
ထိုသို့ဖြစ်တာမည့်အရိပ်နိမိတ်တို့ကို သူသတိထားမိခဲ့ကြောင်း ပြန်တွေးမိပါသည်။ ကျောင်းသားဘ၀ ကျောင်းပြေးပြီး မန္တလေးမှ မြစ်ငယ်ဘက်သို့ စက်ဘီးများဖြင့် သူငယ်ချင်းလေးယောက်လာကြစဉ် ကားလမ်းဘေး လက်ပံပင်ကြီးအောက်၌ ခဏနားကြရင်း စကားပြောကြရာကြည်ဝင်းက သန်းကြွယ်သူဋ္ဌေးဖြစ်ဖို့ သူ့အကြံကို တင်ပြလာပါသည်။ ကြီးလျှင် မြေဧက ၂၀၀လောက်ဝယ်မတဲ့။ လက်ပံပင်ကြီးတွေကိုလည်း စိုက်ထားရမတဲ့။ လက်ပံပွင့်ချိန်ရောက်လျှင် ကြက်တူရွေးငှက်တွေအုပ်လိုက် လာကြလေမတဲ့။ ကြက်တူရွေးငှက်တွေကိုဖမ်းကာ နှုတ်သီးနီနီများကိုဖြတ်ပြီး ပလတ်စတစ်အနီအဖြစ် အရည်ကျိုရောင်းရသော် မီလျံနာ ဖြစ်နိုင်ကြောင်း တင်ပြလာခဲ့ရာ သူငယ်ချင်းအားလုံးကြည်ဝင်း၏ စိတ်ကူးညာဏ်ကောင်းမွန်ပုံကိုကြည့်ပြီး တစ်နေ့ကြီးပွားမည့်သူဟု ကောက်ချက်ချခဲ့ကြရပါသည်။ ဟော...အခု သူတကယ် ကြီးပွားခဲ့တာကို ကိုဘချယ် မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း ဆရာဝင်းဖေက သူ့ဝတ္ထုကို အဆုံးသတ်ထားခဲ့ခြင်းဖြစ်ပါသည်။    

(သုံး   
ဟိုးအရင်က Ethic ခေါ် ကိုယ်ကျင့်တရားနှင့်ပတ်သက်လာလျှင် လောကီသဘောထက်လောကုတ္တရာသဘောသို့ ပို၍တိမ်းသည် ယိမ်းသည်ဟု ကျွန်တော် နားလည်သဘောပေါက်မိ ပါသည်။ မခိုးဘူး၊ မသတ်ဘူး၊ မညာဘူး၊ မသောက်ဘူး၊ ကာမ မကျူးလွန်ဘူး စသည် စသည်။ သည်လို အခြေခံငါးပါးသီလကို စောင့်ထိန်းခြင်းကပင်လျှင် ကိုယ်ကျင့်တရားကိုတည်ဆောက်ခြင်းမည်ပါလေသည်။     သို့သော် ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တွင်ကျယ်လာခဲ့ပြီး ကမ္ဘာမြေကိုစောင့်ရှောက်ကာကွယ်ဖို့ ကမ္ဘာ့လူသားများ နိုးကြားလာကြသောအခါ စီးပွားရေးလုပ်ကိုင်ရှာဖွေကြရာမှာလည်း ကိုယ်ကျင့်တရားလိုသည်ဟု ခံယူသဘောပေါက် လာခဲ့ကြပါသည်။ Business Ethic ဟုဆိုလာကြပါသည်။ စီးပွားရေးဆိုင်ရာကိုယ်ကျင့်တရားဟု နားလည်ရပါ၏။
ပိုက်ဆံကို ဘယ်နည်းနဲ့ရရ ကိုယ်ချမ်းသာရင်ပြီးရောဆိုကာ မရှာဖွေရဘူးတဲ့။ တချို့က P သုံးလုံးဟုဆိုပါ၏။ People, Profit, Planet ဟုဆိုရာ လူကိုလည်း ကြည့်ရမတဲ့။ အမြတ်ကိုလည်းကြည့်ရမတဲ့။ ကမ္ဘာမြေကိုလည်းကြည့်ရမတဲ့။ တချို့ကမူ P တစ်လုံးထပ်တိုးကာ Probity ရိုးသားဖြောင့်မတ်မှုဟုဆိုပြီး P လေးလုံးဟု ပြောသူတို့ကလည်း ပြောကြပါ၏။ သုံးလုံးပဲဖြစ်ဖြစ်၊ လေးလုံးပဲဖြစ်ဖြစ် တစ်ခုသေချာသည်က Planet ကို ထည့်စဉ်းစားလာကြခြင်းပင် ဖြစ်ပါသည်။
ကမ္ဘာမြေလှပတည်တံ့ ခိုနားဖွယ်ရာဖြစ်ရေးကို ထည့်သွင်းမစဉ်းစားဘဲ မြတ်ရင်ချသာချဆိုသည့် စိတ်ထားမျိုးရှိသူကို Business Ethic မရှိသူ ကိုယ်ကျင့်တရားမကောင်းသူအဖြစ် ကမ္ဘာကမြင်လာနေကြပါပြီ။  ပိုက်ဆံရရင် တောင်လည်းဖြိုမယ်၊ တောလည်း ရှင်းမယ်၊ မြစ်လည်း ဆို့မယ်၊ ကမ္ဘာ့  မြေသားထုကိုပါခလောက်ဆန်အောင် မှောက်လှန်ပစ်မယ်၊ ငှက်ကလေးတွေတေးဆိုချင်ဆို မဆိုချင်နေ၊ စမ်းချောင်းကလေးတွေ တသွင်သွင်စီးချင်စီး မစီးချင်နေ၊ တောပန်းတောင်ပန်းတို့ပွင့်ချင်ပွင့် မပွင့်ချင်နေ၊  မိုးကောင်းကင်ကြီးပြာချင်ပြာ မပြာချင်နေ၊ ပိုက် ဆံ...ပိုက်ဆံ...ပိုက်ဆံ ဆိုလျှင်ဖြင့်။

(လေး   
ဆရာဝင်းဖေ၏၀တ္ထုထဲကဇာတ်ဆောင်က ကြက်တူရွေးငှက်တို့၏ နှုတ်သီးကိုဖြတ်၊ ပလတ်စတစ်အနီအဖြစ်အရည်ကျိုကာ ကမ္ဘာကိုဖြန့်ပြီး မီလျံနာဖြစ်ဖို့ ကြံလေသတဲ့။ အော်...ကြက်တူရွေးတွေရဲ့နှုတ်သီးကိုဖြတ်ပြီးရင် လပ်ဇက်(Lexus)ဆိုတဲ့ ဇိမ်ခံကာကြီးကို စီးကြသေးတာပေါ့။
(ယူတာကဒီနေရာကပါ) http://www.facebook.com/notes/7day-news-journal/ကြက်တူရွေးတွေရဲ့နှုတ်သီးကိုဖြတ်ပြီးရင်-လပ်ဇက်ကားစီးကြတာပေါ့/465505790145904

မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism) ငြိမ်းချမ်းအေး

0 comments
မျိုးမြင့်စိတ်နေဝါဒဆိုတာ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံတူ လူမျိုးအုပ်စုတစ်စုက အခြား မတူညီတဲ့လူမျိုးအုပ်စုတစ်စုကို ပြုမူဆက်ဆံရာမှာ မိမိရဲ့ယဉ်ကျေးမှုတန်ဖိုး၊ စံနှုန်းတွေကို အဓိကဗဟိုပြု လက်ကိုင်ထားပြီး စဉ်းစား၊ ဆုံးဖြတ် ပြုမူလုပ်ဆောင်ခြင်း သဘောဖြစ်တယ်။ မူရင်းအင်္ဂလိပ်စကားလုံးက ရှေး ခေါမစကားလုံး ‘Ethno’ (လူမျိုး၊ နိုင်ငံ၊ ယဉ်ကျေးမှုတူအုပ်စု) နဲ့ လာတင် စကားလုံး ‘Centric’ (ဗဟိုပြုခြင်း) တို့ပါင်းစပ်ထားခြင်းဖြစ်တယ်။ ဒီသဘောမှာ မိမိရဲ့ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာ စတဲ့ သဘာဝအရမတူညီနိုင်တဲ့ ဝိသေသလက္ခဏာတွေကိုအခြေခံကာ အုပ်စုသဘောအနေနဲ့စဉ်းစားလေ့ရှိပြီး မိမိအုပ်စုက သူများအုပ်စုတွေထက် အရာရာမှာသာလွန်တယ်၊ ယဉ်ကျေးတယ်၊ လူပီသတယ်၊ သဘာဝကျတယ်၊ မြင့်မြတ်တယ်၊ အခြား လူမျိုးအုပ်စုများက မယဉ်ကျေး၊ လူမပီသ၊ သဘာဝမကျ၊ ယုတ်ညံဟု လွဲမှားယူဆပြီး မိမိအုပ်စုတစ်ခုတည်းသာ အခွင့်ထူးခံယူခြင်း၊ အခြားမတူတဲ့အုပ်စုတွေကို ဖိနှိပ်ခွဲခြားဆက်ဆံခြင်း၊ ကျွန်ပြုခြင်း စတဲ့ ဘက်လိုက်ဆုံးဖြတ်၊ မတရားမှုတွေလုပ်ဆောင်လေ့ရှိတာကြောင့် အကျိုးဆက်အနေနဲ့ မတူညီတဲ့အုပ်စုတွေကြား ပဋိပက္ခတွေ၊ အမုန်းတွေ၊ ရန်ညှိုးတွေဟာ ရေရှည်ကြီးထွားအမြစ်တွယ် လာစေတယ်။

ဥပမာ - ရှေးယခင် လူဖြူလူမျိုးကြီးဝါဒအရ လူဖြူတွေကသာ မြင့်မြတ်တယ်ဆိုတယ်သဘောနဲ့ အသားအရောင်ရှိတဲ့ အာဖရိကအနွယ်ဝင်လူမျိုးတွေကို အဓမ္မကျွန်ပြုခိုင်းစေခဲ့တယ်။ နောက်ပိုင်း ကျွန်စနစ် ပပျောက်သွားသည့်တိုင် အာဖရိကအနွယ်ဝင်တွေအပေါ် ဆက်လက် ခွဲခြား နှိမ်ချဆက်ဆံခဲ့တယ်။ ဒီ မတရားမှုဆိုးကျိုးအရိပ်မည်းဟာ ဆယ်စုနှစ်တွေကြာသည့်တိုင်အောင် လက်ရှိမျက်မှောက်ခေတ် 
အမေရိကနဲ့ အခြား အနောက်ဥရောပလူ့အဖွဲ့အစည်းတွေမှာ လူမျိုးရေးပြဿနာတွေ၊ အသားအရောင် ကွဲပြားသူချင်းကြားပဋိပက္ခသဘောဆောင်တဲ့တင်းမာမှု ဒဏ်ရာ၊ အမာရွတ်တွေ ထင်ကျန်နေဆဲဖြစ်တယ်။

ယထဘူတကျကျစဉ်းစားရင် ကမ္ဘာမှာရှိတဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေမှာ မည်သည့်လူမျိုး၊ မည်သည့်ယဉ်ကျေးမှုကမှာ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ်၊ (သို့) ဆိုးတယ်၊ ယုတ်ညံ့တယ်ဆိုပြီး သတ်မှတ်လို့မရပါ။ ပူအိုက် စွတ်စိုတဲ့ဒေသမှာ ပုဆိုး၊ လုံချည်၊ သင်တိုင်း ဝတ်တယ်၊ ခေါင်းပေါင်း ပေါင်းတယ်၊ ပူပြင်းခြောက်သွေ့တဲ့ဒေသတွေမှာ ဝတ်ရုံခြုံ၊ ခေါင်းဆောင်း ဆောင်းတယ်၊ အေးတဲ့ဒေသတွေမှာ ဘောင်းဘီဝတ်တယ်၊ စတဲ့ သဘာဝအနေထားအပေါ်မူတည်ပြီး လိုက်လျောညီထွေ ကျင့်ကြံနေထိုင်ရင်းဖြစ်ပေါ်လာတဲ့ မတူညီတဲ့ယဉ်ကျေးမှုသဘောနဲ့ အလေ့အထတွေသာဖြစ်တယ်။
တနည်းအားဖြင့် လူအုပ်စုတစ်ခုနဲ့တစ်ခု အစားအသောက်၊ အဝတ်အထည်၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ အတွေးအခေါ်၊ တန်ဖိုးထားမှု စတာတွေ မတူညီနိုင်ခြင်းမှာ ရှင်သန်နေထိုင်ရာ ဒေသပထဝီ၊ ရာသီဥတု ဂေဟဗေဒ သဘောနဲ့ ပတ်ဝန်းကျင်လူမှုအသိုင်းအဝန်းမှ လူမှုနိုင်ငံရေးသဘောတွေကြောင့်လို့ဆိုနိုင်တယ်။ ဥပမာ - အာတိတ်ဒေသ နှင်းတောထဲကလူမျိုးစုတွေအတွက် အဖြူရောင်ကိုသတ်မှတ်ရာမှာ အနုအရင့် အသေးစိတ်ပုံဖော်နိုင်တဲ့စကားလုံးဝေါဟာရ အများအပြားရှိနိုင်ပြီး အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် လိုမျိုးမှာ အတိအကျပုံဖော်နိုင်တဲ့ဝေါဟာရ အားနည်းတဲ့သဘောမျိုး ဖြစ်တယ်။

သို့သော် လူတွေဟာ ဘယ်လောက်ပဲအတွေးအခေါ် မြင့်မား၊ အမြင် ကျယ်ပြန့်၊ လွတ်လပ်မျှတ လစ်ဘရယ်ကျ နေထိုင်၊ ပြုမူ၊ ပြောဆိုပါတယ်ဆိုစေဦးတော့ မျိုးမြင့်စိတ်နေဝါဒ တစိတ်တပိုင်းလို့ဆိုနိုင်တဲ့သဘောမျိုး အနည်းအများရှိနေတတ်တာဟာလည်း သဘာဝပါ။ အကြောင်းက လူတွေဟာ မတူညီတဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ ကိုယ်နဲ့ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင် အသားကျပြီးသားအရာတွေကိုပဲ ပိုမို မွေ့လျော်လက်ခံလိုစိတ်၊ အသားပေးလုပ်ဆောင်လိုစိတ်ဖြစ်ပေါ်လေ့ရှိပြီး မှန်တယ်၊ မှားတယ်၊ တရားတယ်၊ မတရားဘူးဆုံးဖြတ်ရာမှာလည်း ကိုယ်နေထိုင်ကြီးပြင်းလာရာအုပ်စုဘက်ကိုသာ မသိစိတ်အနေနဲ့ဖြစ်ဖြစ် ဘက်လိုက်ဆုံးဖြတ်လိုစိတ်တွေ ဖြစ်ပေါ်လာလေ့ရှိတယ်။ အမေရိကန် အမျိုးသားသိပံ္ပအဖွဲ့အစည်းကြီး 
(NAS) က ခုနောက်ဆုံးတွေ့ရှိဖော်ထုတ်ချက်အရ လူတွေမှာရှိတဲ့ အောက်စီတိုစင်းဟော်မုန်း (Oxytocin Hormone) က အုပ်စုတူလူချင်း ဓမ္မဓိဋ္ဌာန်ကျကျမဟုတ်ဘဲ ခံစားချက်အသားပေး ပုဂ္ဂလဓိဋ္ဌာန်သဘောဆောင်တဲ့ မိမိအုပ်စုကို ဂုဏ်မြှင့်ပြောဆိုမှု၊ သူတပါးအုပ်စုအပေါ် (အနည်းဆုံး စကားအရာမှာ ဖြစ်ဖြစ်) နှိမ့်ချလိုမှု၊ လူမျိုး၊ အုပ်စုတူ ထောက်ခံအားပေးမှု၊ ဘက်လိုက်ဆုံးဖြတ်
ပြုမူမှု (Favouritism) တွေကို ဖြစ်ပေါ်စေတယ်လို့ဆိုတယ်။

လူမျိုးတွေရဲ့ဘာသာဗေဒတွေမှာ ဒီလိုသဘောတွေကို တွေ့နိုင်တယ်။ ဥပမာ - အင်္ဂလိပ်ဝေါဟာရ ‘Barbarian’ (လူကြမ်း) ဆိုတဲ့စကားရဲ့မူရင်းဟာ ခေါမ စကားလုံးဖြစ်ပြီး ရှေးခေါမခေတ် ခေါမလူမှုအသိုင်းအဝန်း ဝန်းကျင်ရှိ ခေါမလူမျိုးများလောက် ယဉ်ကျေးမှုမဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ခေါမမဟုတ်တဲ့ လူမျိုးစုငယ်အားလုံးကိုညွှန်းဆိုတဲ့ စကားလုံးဖြစ်တယ်။ ခေါမ စကားလုံး ‘Barbars’ ရဲ့ အနက်အဓိပ္ပာယ်က ခွေးဟောင်သံဖြစ်ပြီး ဒီလူမျိုးစုငယ်တွေဟာ ခေါမတွေပြောတဲ့ဘာသာစကားကို နားမလည်တဲ့အတွက် ခေါမတွေက နှိမ်ချခေါ်ဝေါ်တဲ့သဘောနဲ့ သုံးနှုန်းခဲ့ခြင်းဖြစ်တယ်။ အလားတူ အာတိတ်စက်ဝန်းဒေသရှိ လူမျိုးတစ်စုကိုခေါ်တဲ့ အက်စ်ကမိုး (Eskimo) အသုံးရဲ့ မူလအနက်ကွဲတစ်ခုက “အသားစိမ်း စားသူများ” ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အက်စ်ကမိုးတွေကို အနီးမှာနေထိုင်တဲ့ အခြားမတူညီတဲ့လူမျိုးအုပ်စုတွေက သူတို့ရဲ့ကွဲပြားတဲ့အစားအသောက်၊ နေထိုင်မှုပုံစံကြောင့် နှိမ်ချခေါ်ဆိုရာမှာ ဖြစ်ပေါ်လာတယ်လို့ဆိုတယ်။ မိမိလူမျိုးကို “အမျိုး၊ ဘာသာသာသနာကို စောင့်ရှောက်သူများ” လို့ခေါ်ပြီး အခြားမတူတဲ့လူမျိုးကိုတော့ “လေ့လွင့်လာသူများ” ဟု ခေါ်ဆိုခြင်း သဘောမျိုးဖြစ်တယ်။

အခြား အစားအသောက်၊ အနေအထိုင်၊ အပြောအဆို၊ လူမှုနေထိုင်၊ ပြုမူ၊ ဆက်ဆံရေးပုံစံတွေမှာလည်း 
မိမိလူမျိုးရဲ့ရိုးရာ ထုံးတမ်းတွေကို ပိုမိုတိမ်းညွတ်လေ့ရှိပြီး မတူကွဲပြားတဲ့ဓလေ့တွေနဲ့ကြုံတွေ့ရရင် စိတ်ကသိကအောင့်ဖြစ်၊ အထင်အမြင်လွဲမှားမှုကြုံတွေ့ရတာဟာ နားလည်လက်ခံနိုင်တဲ့သဘာဝပါ။ ဥပမာ -လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံရာမှာ ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးတစ်ခု (Personal Space) သတ်မှတ်အရယူပြီး ပြောဆိုလေ့ရှိတယ်။ ဒီလိုသတ်မှတ်ရာမှာလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး အကွာအဝေး၊ အကျဉ်း၊ အကျယ်ယူပုံ ကွာလေ့ရှိတယ်။ မြေထဲပင်လယ်ဒေသမှ မွတ်ဆလင်တွေနဲ့ လက်တင်အမေရိကမှလူမျိုးတွေဟာ စကားပြောဆိုဆက်ဆံရာမှာ လက်ပွန်းတတီး၊ ကိုယ်ခန္ဓာချင်းထိစပ်မှုရှိသည်အထိ နီးကပ်၊ ထိစပ်၊ ခြေတို့၊ လက်တို့ရင်းရင်းနှီးနှီး ပြုမူပြောဆိုလေ့ရှိတယ်။ သူတို့တွေနဲ့ အခြား အသားချင်းထိ ပြောဆိုဆက်ဆံလေ့မရှိတဲ့ မြောက်အမေရိက (သို့) ဥရောပမှလူမျိုးတွေ ဆက်ဆံရတဲ့အခါမှာ ကွဲပြားတဲ့အလေ့အထတွေကြောင့် တစ်ဦးနဲ့တစ်ဦး မယဉ်ကျေးသူ (ဝါ) ရိုင်းစိုင်းသူ တွေလို့ စိတ်ထဲကအပြန်အလှန်သတ်မှတ်သွား နိုင်တယ်။ အာရပ်တစ်ယောက်က ရင်းနှီးဖော်ရွေကြောင်းပြသလိုမှုနဲ့ အမေရိကန်တစ်ယောက်အနားတိုးကပ်လာရင် အမေရိကန်ကလည်း သူ့ထုံးစံ၊ သူသတ်မှတ်ထားတဲ့အကွာအဝေး (Personal Space) အထိရောက်အောင် ခပ်ခွာခွာနောက်ဆုတ်သွားမှာဖြစ်တယ်။ ဒါဟာ မတူညီတဲ့ယဉ်ကျေးမှုနောက်ခံရှိတဲ့ လူမျိုးစုတွေကြား ကိုယ်အရိုးစွဲလာရာဓလေ့ထုံးစံ၊ သတ်မှတ်ချက်ကိုအခြေခံပြီး အလိုအလျောက်တုန့်ပြန်တတ်တဲ့သဘော သက်သက်သာဖြစ်ပြီး ရန်လိုမုန်းထားမှု၊ မခင်မင်လိုမှု၊ မယဉ်ကျေး၊ ရိုင်းစိုင်းတဲ့သဘောမျိုး မဆောင်ပါ။ နိုင်ငံတကာအစားအသောက်တွေယှဉ်ချထားရင် အလိုအလျောက် မိမိသက်ဆိုင်ရာ ရိုးရာအစာတစ်ခုခု (သို့)မိမိစားလေ့ရှိတဲ့ အကျင့်ရပြီးသား နီးစပ်တဲ့အစာတစ်ခုခုကို လက်လှမ်းမိတတ်တဲ့ သဘောမျိုးဖြစ်တယ်။
သို့သော် လူမှုဆက်ဆံရေး (သို့)စီးပွားရောင်းဝယ်ဆက်ဆံမှုတွေမှာ ဒီလို အသေးအဖွဲအပြုအမူများမှတဆင့် ဆက်ဆံရေးမချောမမွေ့၊ အဖုအထစ်မဖြစ်စေဖို့ရာ မတူကွဲပြားတဲ့ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်းတွေကို နားလည်၊ သဘောပေါက်လိုက်လျောညီထွေ ပြုမူဆက်ဆံတတ်ဖို့လိုတယ်။

မျိုးမြင့်စိတ်နေဝါဒ စစ်စစ်ဖြစ်လာပြီဆိုရင်တော့ ယဉ်ကျေးမှုများအချင်းဖြစ်တတ်ခြင်း (Culture Clashes)၊ လူမျိုးစု တစ်ခုနဲ့တစ်ခု မုန်းတီးခြင်း (Racial Hatred) စတဲ့ ပြင်းထန်တဲ့သဘောမျိုးတွေအထိ ဖြစ်ပေါ်လာလေ့ရှိတယ်။ ဒီသဘောမှာ အဆိုးဆုံးအချက်ကတော့ လူတွေဟာ မိမိရဲ့လူမျိုးကသာ မြတ်တယ်၊ မိမိယဉ်ကျေးမှုကသာ ကောင်းတယ်၊ မိမိဘာသာတရားကမှမှန်ကန်တယ် စတဲ့ တဘက်စွန်းရောက်တွေးခေါ်၊ ပြုမူ၊ ပြောဆိုခြင်းကို မျိုးချစ်စစ်၊ နိုင်ငံချစ်စစ်၊ တိုင်းပြည်ချစ်စစ်ဟု လွဲမှားယူဆလာနိုင်မူ၊ ယူဆလာစေအောင်သွေးထိုးမြှောက်ပင့် လှုံ့ဆော်ဖို့လွယ်ကူမှုဖြစ်တယ်။ အစွန်းမရောက်တဲ့မျိုးချစ်စိတ် (Patriotism) ဆိုတာ မိမိလူမျိုးကို ချစ်တယ်၊ အကျိုးကိုဆောင်ရွက်တယ်၊ အကျိုးကိုကာကွယ်တယ် စတဲ့၊ မျှတတဲ့သဘောမျိုးသာဖြစ်ပြီး အစွန်းရောက်ပြင်းထန်တဲ့မျိုးမြင့်စိတ်နေဝါဒလို တပါးမတူညီတဲ့လူမျိုး၊
အုပ်စုက ယုတ်ညံ့တယ်၊ မကောင်းဘူးဆိုတဲ့ဖိနှိပ်ခွဲခြားလိုမှု၊ မတရားပြုအသာစီးရလိုမှု သဘောမျိုးမပါပါ။ မျိုးချစ်စိတ်ရှိကြောင်းသက်သေပြုနိုင်ဖို့ အမျိုးသားရေး နိုးကြားစေဖို့ရာမှာ တပါးလူမျိုးအုပ်စု တစ်ခုခုကို မတရားဖိနှိပ်ဆက်ဆံ၊ မုန်းတီးပြစရာလည်း မလိုပါ။

ဒီလို တဘက်စွန်းရောက်တဲ့သဘောတရားတွေ၊ အတွေးအခေါ်တွေကြောင့် ဂျူးလူမျိုး (၆) သန်းနဲ့ အခြား အရှေ့ဥရောပမှ သန်းနဲ့ချီတဲ့လူမျိုးစုနွယ်တွေဟာ အာရီယန်မျိုးသန့်ရေးအတွက်ဆိုပြီး နာဇီတွေရဲ့အကျဉ်းစခန်း၊ အဆိပ်ငွေ့ခန်းတွေမှာ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတယ်။ လက်ရှိ မျက်မှောက်ခေတ်မှာလည်း ဗမာအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ လူမျိုးရေးကိုအခြေခံတဲ့မုန်းတီးမှုတွေ၊ ခွဲခြား၊ နှိမ်ချ ဆက်ဆံမှုတွေ၊ ရန်ပွဲတွေ၊ စစ်ပွဲတွေဟာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး (၂၁) ရာစုခေတ်သစ် လူ့အဖွဲ့အစည်းကို အချိန်ကာလအားဖြင့် ရောက်ရှိနေထိုင်ခွင့်ရနေပေမယ့် အတွေးအခေါ်၊ အနေအထိုင်၊ အပြူအမူ၊ အပြောအဆိုအားဖြင့် လက်တွေ့မရောက်နိုင်၊ အတွေးအခေါ် လွတ်လပ်ကျယ်ပြန့်၊ သမမျှတ၊ လူလူချင်း စာနာထောက်ထားမှုမထားနိုင်၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးဘဲ ကျောက်ခေတ်အတွေးအခေါ်၊ ဖက်စစ်နာဇီခေတ်ဓလေ့စရိုက်တွေဟာ ရှင်သန်နေဆဲပဲ ဖြစ်တယ်။

ဗမာပြည်ရဲ့အဓိကပြဿနာဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြားပဋိပက္ခ (Ethnic Conflicts) ရှေရှည်တည်တံ့မဖြေရှင်းနိုင်ဖြစ်နေတာရဲ့အကြောင်းရင်းဟာ စစ်အစိုးရအဆက်ဆက် အသားပေးဖော်ဆောင်ခဲ့တဲ့ မြန်မာ (ဗမာ) လူမျိုးကြီးဝါဒ၊ တနည်းအားဖြင့် အစွန်းရောက်မျိုးမြင့်စိတ်နေဝါဒကြောင့်လို့ ဆိုနိုင်တယ်။ လက်ရှိ မျက်မှောက်ခေတ်ဗမာပြည်မှာ မြန်မာ (ဗမာ) တွေ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအားဖြင့် အသာစီးရနေသလိုရှိနေပေမယ့် ရှေးသမိုင်းအစဉ်အဆက်အရ အခြား တိုင်းရင်းသားလူမျိုးစုတွေဟာလည်း တချို့က မြန်မာ (ဗမာ)တွေထက် အရင်၊ တချို့က မရှေးမနှောင်း ဒီဒေသ၊ ဒီမြေ၊ ဒီရေမှာ ဓားမဦးချ နေထိုင်၊ လုပ်ကိုင်၊ စားသောက်၊ မြို့တည်၊ နန်းတည်လာခဲ့ကြတာပါ။ ဒီနေရာကို ရှေ့က ရောက်ရောက်၊ နောက်ကျမှ ရောက်ရောက်၊ အခုအချိန်မှာ အရေအတွေက် ဘယ်သူ၊ ဘယ်လို၊ ဘယ်လောက်များများ လူမျိုးစုတစ်စုနဲ့တစ်စုကြား ငါသာတယ်၊ သူညံ့တယ်၊ ငါက အင်အားရှိတဲ့လူမျိုးကြီး၊ သူတို့က အင်အားနည်းတဲ့လူမျိုးငယ်တွေဆိုတဲ့သဘောနဲ့ ခွဲခြား၊ ဖိနှိပ်၊ ချယ်လှယ်လိုခြင်းမျိုးကို လက်ရှိအသာရနေတဲ့ မြန်မာ (ဗမာ) တွေဘက်က လုံးလုံးရှောင်ကျဉ်နိုင်ရင် တိုင်းပြည်မှာ နှစ်ရှည်လများစွဲကပ်နေတဲ့ တိုင်းရင်းသားပြဿနာဟာ ပြေလည်သွားမှာ ဖြစ်တယ်။

မြန်မာ (ဗမာ)တွေ အနေနဲ့ မကြာသေးတဲ့နှစ်ပိုင်းကအထိ တိုင်းပြည်မှာခိုင်မာရှင်သန်နေခဲ့တဲ့၊ လက်ရှိအချိန်ထိလည်း ပုံရိပ်ထင်ကြွင်းကျန်ရုံမက တစိတ်တပိုင်း အမြစ်တွယ်ရှင်သန်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်က နှစ်ပေါင်းများစွာအင်တိုက်တားတိုက်ဖော်ထုတ်ခဲ့တဲ့ လူမျိုးကြီးဝါဒ (Racial Supremacism) ရဲ့ အပြစ်သဘော၊ ချို့ယွင်းအားနည်းချက်ကို မမြင်မသိယောင်ပြုကာ ပြင်ဖို့မကြိုးစာဘဲ နှစ်ပေါင်း (၆၀) ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ကိုလိုနီအမွေဆိုးကိုသာလက်ညှိုးထိုး၊ အပြစ်ပုံချပြီး တိုင်းရင်းသားမကျေမလည်ဖြစ်နေမှုပြဿနာကို ကိုယ်လွတ်ရုန်းအဖြေရှာနေရင် တိုင်းပြည်ဟာလည်း တင်းမာမှု၊ ပဋိပက္ခ၊ စစ်ပွဲနွံထဲမှာ နစ်သထက်နစ်၊ ဆိုးကျိုးဒဏ်ကို ခံသထက်ခံနေရဦးမှာဖြစ်တယ်။ လူမျိုးကြီးသဘောအခြေခံ ပြင်းထန်တဲ့မျိုးမြင့်စိတ်နေဝါဒနဲ့ တိုင်းရင်းသားအားလုံးခွင့်တူညီမျှမှုကိုအားပေးတဲ့ ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ခွင့် (Peaceful Co-Existence)၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် (Self-Determination) တို့ရဲ့ဆန့်ကျင်ဖက်သဘောတွေကို ဗမာ့လူအဖွဲ့အစည်းမှ မြန်မာ (ဗမာ) အများစု အခြေခံကျကျ နားလည်သဘောပေါက်ထားမှသာ တစ်နိုင်ငံလုံးသာတူညီမျှ ရေရှည်တည်ငြိမ်အေးချမ်း သာယာဝပြောမှုကိုအာမခံတဲ့ ဖဒရယ်ပြည်ထောင်စုစစ်စစ်ကို မဝေးတဲ့အနာဂတ်မှာ တည်ထောင်နိုင်မှာ ဖြစ်တယ်။

လူမျိုးတိုင်းဟာ မိမိတို့ရဲ့အစဉ်အလာထုံးတမ်းမှ ကောင်းမြတ်တဲ့သဘော၊ စံနှုန်းနဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းချင်တာ သဘာဝကျပါတယ်။ ထိန်းသိမ်းဖို့လည်း လိုပါတယ်။ သို့သော် အတူယှဉ်တွဲနေထိုင်ရတဲ့ဌာနေတိုင်းရင်းသား လူမျိုးစုအချင်းချင်း၊ အရှိန်၊ အဟုန်နဲ့ပြောင်းလဲ၊ ထိစပ်၊ နီးကပ်လာတဲ ခေတ်သစ်ကမ္ဘာလုံးဆိုင်ရာသဘောထားကြောင့် ထိတွေ့ဆက်ဆံလာရတဲ့ အခြားလူမျိုးကွဲ၊ ဘာသာခြား လူမျိုးစုများကို ထိခိုက်နစ်နာစေတဲ့ အမြင်ကျဉ်းမြောင်း၊ ပြင်းထန်၊ တဘက်စွန်းရောက်မျိုးမြင့်စိတ်နေသဘောထားတွေ၊ အတွေးအခေါ်တွေကိုတော့ ရှောင်နိုင်ဖို့ လိုပါတယ်။ လူသားမျိုးနွယ်အားလုံးရဲ့၊ အထူးသဖြင့် မိမိလူ့အဖွဲ့အစည်းနဲ့ဒွေးရောယှက်တင်နေထိုင်နေရတဲ့ 
မတူညီတဲ့အုပ်စုငယ်တွေရဲ့ ကွဲပြားတဲ့ယဉ်ကျေးမှုသဘော၊ ဓလေ့၊ စံနှုန်းတွေကို လေ့လာဖို့လိုပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုနိုင်ဖို့လိုပါတယ်။ အင်အားကြီးသူ၊ အရေအတွက်များသူက ဖိနှိပ်ဗိုလ်ကျနေခြင်းမျိုး မဖြစ်ဖို့လိုပါတယ်။ သေသေချာချာ ဂဂဏဏ မလေ့လာ၊ မသိရှိဘဲနဲ့ ကြိုတင်ကောက်ချက်ချဆုံးဖြတ်ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခြင်းမျိုးမဖြစ်အောင် ကြိုးစားရပါမယ်။ ဒါမှသာ ယဉ်ကျေးမှုပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ စည်ပင်ရှင်သန်ဖွံ့ဖြိုးတဲ့ (၂၁) ရာစု ခေတ်သစ်ကမ္ဘာ လူ့အဖွဲ့အစည်းအနေနဲ့ လူသားတွေအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရင်း လူမှုဘဝတိုးတက်သာယာလာအောင် တွဲလျက်ကြံဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး 
(ယူတာကဒီနေရာကပါ)http://www.facebook.com/notes/nyein-chan-aye/မျိုးမြင့်စိတ်နေဝါဒ-ethnocentrism/10150987104283704
လစဉ်ထုတ် အွန်လိုင်း ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၂) မှ



(“ခေတ်မောင်း” ကို ပြည်တွင်း၊ ပြည်ပ ရှိ လူငယ်များ ပူးပေါင်း ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချီသည်။)

(ဘလော့များ၊ ဖိုရမ်များတွင် ပြန်လည်ဖော်ပြလိုပါက "ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၂) မှ" ဟု ဖော်ပြပေးပါရန်။)

Ref:
Collected Psychology articles (in Burmese) by Dr. Myint Lwin (Psyco), 2004.
De Dreu, Carsten K. W., "Oxytocin promotes human ethnocentrism," Proceedings of the National Academy of Sciences, Jan. 10, 2011.
Kaplan, Lawrence, "Inuit or Eskimo: Which names to use?". Alaska Native Language Center, University of Alaska Fairbanks, 2002.
Justin Marozzi, The Way of Herodotus: Travels with the Man who Invented History, 2010, pages 311–315.

Sunday, June 24, 2012

မောင်သာနိုး (သို့မဟုတ်) ညီညွတ်ရေးကိုဖြိုခွဲသူ (သစ်ထွန်းကျော်)

0 comments
လူထုဒေါ်အမာ ”မောင်သာနိုးရယ် လက်နက်ချစရာအချိန် ဒီလောက်တောင် ရှားရသလားကွယ်” 
အပတ်စဉ်ထုတ်ဂျာနယ်တွေ ပလူပျံအောင်ထွက်နေချိန်တွင် ဂျာနယ်တချို့ကိုစောင့်ဖတ်သောအကျင့်တခု ရှိနေတတ်၏။ ကြာတော့ အခုလိုစောင့်ဖတ်ခြင်းကိုက စာရေးသူကို အလုပ်တခုလိုဖြစ်နေစေ ခဲ့သည်။ ထိုစောင့်ဖတ်ဖြစ်ခဲ့သော ဂျာနယ်များထဲမှ (၅.၆.၂ဝ၁၂) နေ့ထုတ် New Watch (စောင့်ကြည့်) ဂျာနယ်ပါ ဆောင်းပါးတပုဒ်နှင့် ပတ်သက်၍ ပြောဖို့၊ ဆိုဖို့ရာအကြောင်းတခု ဖြစ်လာခဲ့သည်။ ဆောင်းပါးအမည်က စင်ပြိုင် မင်းသားရူးများ။ ရေးသူက အခြားသူတော့ မဟုတ်၊ မောင်သာနိုး။
ဆောင်းပါးအစက ညီညွတ်ရေးနှင့် စထားခဲ့ပြီး ဆောင်းပါးအလယ်နှင့်အဆုံးတို့တွင်တော့ အဖွဲ့အစည်းအချို့နှင့် ပုဂ္ဂိုလ်တချို့ကို ပုတ်ခတ်ထိခိုက်စော်ကားထားသည်။ အကြောင်းအရာ၊ အဖြစ်အပျက်၊အခြေအနေမှန်တို့ကို ထဲထဲဝင်ဝင်မသိဘဲ လေဖမ်းဒန်းစီးပြီး တာဝန်မဲ့စွာဖြင့် ကလောင်ရမ်းကားထားသည့် ဆောင်းပါးပင်ဖြစ်သည်။ ဖတ်ပြီးလျှင်ပြီးခြင်းပင် မောင်သာနိုးကို အတော်ပင် သနားမိသွားသည်။
ပထမဦးဆုံးက မောင်သာနိုး ပုတ်ခတ်ပြောဆိုချင်သည့်အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်တို့ကို နာမည်နှင့် ဗြောင်ထုတ်ပြီးပြောရဲသည့်သတ္တိ မရှိတာဖြစ်သည်။ ဒုတိယတခုက အမျိုးသားခေါင်းဆောင်နှင့် သူ့သမီး လူထုခေါင်းဆောင်ကို အောင်ဆန်းသမီးဟု ရိုင်းရိုင်းစိုင်းစိုင်း သုံးနှုန်းထားသည့်ကိစ္စဖြစ်သည်။ နောက်တချက် က အခုလိုရေးသားပြောဆိုမှုတွေဟာ ဘယ်သူ့ကိုအကျိုးရှိစေပြီး ဘယ်သူ့ကိုအကျိုးမဲ့စေသလဲ။ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဘယ်သူတွေအတွက် တကယ်လက်တွေ့မှာ ဘာတွေဆောင်ရွက် ပေးနေလဲဆိုတာကို မစဉ်းစားနိုင်လောက်အောင်နိမ့်ကျနေသည့် မောင်သာနိုး၏ဆင်ခြင်စဉ်းစားမှုပင် ဖြစ်သည်။ အမှန်တော့ မောင်သာနိုးကို ဝန်းကျင်ကြီးတခုလုံးက ဘေးမဲ့ပေးထားတာကြာပြီဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်တချို့ကိုသိရှိအောင် နောက်ကြောင်း အနည်းငယ် ပြန်လှန်ချင်သည်။
လွန်ခဲ့သော (၂၄) နှစ်ကျော် (၁၉၈၈) ခုနှစ်က တပြည်လုံးအုံကြွခဲ့သော ၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်။ ဗိုလ်နေဝင်းဦးဆောင်ခဲ့သည့် မ.ဆ.လ တပါတီအာဏာရှင်စနစ်ကိုဖြုတ်ချခဲ့ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးတို့ကိုတောင်းဆိုခဲ့ကြသည်။ ထို (၈၈) အရေးတော်ပုံကာလအစပိုင်းနှင့် ဇာတ်ရှိန်မြင့်သည့်ကာလတခုလုံးတွင် ကျောင်းသားလူငယ်များက ဦးဆောင်ခဲ့ပြီး အသက်စတေးစွန့်လွှတ်အနစ်နာခံ၍ ပါဝင်ခဲ့ကြသည်ကို ပြည်သူကသိရှိထားပြီးဖြစ်သည်။ ပြီးခဲ့သောကာလ နိုင်ငံရေးဖြစ်စဉ်များနှင့် ယနေ့ကြုံတွေ့နေရသောနိုင်ငံရေးဖြစ်စဉ် အဖြစ်အပျက်အားလုံး တို့သည် (၁၉၈၈) ခုနှစ်အရေးတော်ပုံ၏အဆက်ပင်ဖြစ်သည်။ တနည်းအားဖြင့် မပြီးဆုံးသော ဒီမိုကရေစီရေးတိုက်ပွဲ၏ လုပ်ငန်းအဆက်လည်းဖြစ်သည်။ ထို (၈၈) အရေးတော်ပုံကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားမှုကလည်း အမြင့်ဆုံးသို့ရောက်လာခဲ့သည်။ ထိုအရေးတော်ပုံက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း မွေးထုတ်ပေးခဲ့သည်။
၁၉၈၉-၉ဝ ကျော်ကာလ ဖိနှိပ်မှုများကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများအပြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။ တချို့လည်း တနယ်တကျေး ရောက်ကုန်ကြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကျပြန်တော့လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းခံခဲ့ရသည်။ ထိုအထဲတွင် ယခု (၈၈) မျိုးဆက်ကျောင်းသားများအုပ်စုလည်း အပါအဝင်ဖြစ်သည်။
ထို့ကြောင့် သူတို့အကြောင်းကိုလည်း တစေ့တစောင်းကြည့်ဖို့လိုမည်ထင်သည်။ သူတို့ထဲမှ ခေါင်းဆောင်အများစုသည် (၁၉၈၈) အရေးတော်ပုံ၏ အစပိုင်းကာလကတည်းက ပါဝင်ခဲ့သူတွေဖြစ်သည်။ နောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်အသီးသီးတို့တွင် နှစ်ရှည်လများ နေထိုင်လာခဲ့ကြရသူတွေဖြစ်သည်။ အနှစ် (၂ဝ) ကျော်ကြာ ဒုက္ခပေါင်းစုံကိုခါးစည်းခံရဖို့ဆိုလျှင် သာမန်ယုံကြည်မှုတွေ၊ သာမန်ခံယူမှုတွေနှင့်ကျော်ဖြတ်၍မရတော့တာသေချာလောက်သည်ဟု ထင်မိသည်။ ဘဝတွေ ဆုံးရှုံးသွားကြသည်။ အခန့်မသင့်လျှင် အသက်တွေဆုံးရှုံးသွားနိုင်သည်။ သဘောမထားတတ်လျှင် ရူးလည်းသွားနိုင်သည်။
ဒီနေရာတွင် ကိုယ့်ကိုယ်ကိုအထင်ကြီးတတ်သူ မောင်သာနိုးတစ်ယောက်သာ သူတို့လောက်နေရလျှင် ရူးသွားမှာသေချာသည်။ ယခု ပြန်လည်လွတ်မြောက်လာပြန်တော့လည်း မပြီးဆုံးသောသမိုင်းတာဝန်များကို ထမ်းဆောင်နေကြဆဲဖြစ်သည်။ သူတို့ လုပ်စရာရှိသည့်အလုပ်များကို ရဲရဲတင်းတင်း ရှေ့ထွက်လုပ်နေကြသည်။
အခြေအနေကြီးတခုလုံးက ပြောင်းဖို့တောင်းဆိုနေကြသည်ကို အားလုံးကသိနေကြသည်။ သူတို့ အတွင်းတွင် ပြဿနာတွေနှင့်ပတ်သက်၍ အမြင်တွေ၊ သဘောထားတွေ၊ တူချင်မှလည်း တူနိုင်သည်၊ တထပ်တည်း ကျချင်မှကျမည်။ သေချာတာတခုတော့ရှိသည်။ ဖိနှိပ်ချုပ်ချယ်မှုကင်းသည့် လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီလူ့ဘောင်ပေါ်ထွန်းရေးအတွက် ရည်မှန်းချက်က အားလုံးတူညီနေကြသည်။ ထို တူညီမှုအပေါ်တွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ဘယ်သူကမှ အားလို့ ထလုပ်နေကြခြင်းတော့ မဟုတ်။ ထပ်ပြောရလျှင် (၈၈) မျိုးဆက်သည် သမိုင်း၏တာဝန်ကို ဆက်ခံသော Politcal Mendate ရရှိထားသူတွေလည်းဖြစ်သည်။

(၈၈) မျိုး ဆက်ကျောင်းသားအဖွဲ့အစည်းကိုယ်၌ကိုက ယခု မြင်တွေ့နေသူတွေနှင့်သာဆိုင်သည်မဟုတ် (၈၈)
ခုနှစ် ကာလကြီးတခုလုံးတွင်ပါဝင်ခဲ့သူတွေနှင့်ပါဆိုင်သည့် ကိစ္စဖြစ်သည်။ ဒါတွေကို မောင်သာနိုးက 
မနာလိုစိတ်အခံဖြင့် မကျေမနပ်ဖြစ် နေခြင်းပင် ဖြစ်သည်။ 
သူတို့ ဒီကနေ့ လုပ်နေသည့်အလုပ်တွေက စင်ပြိုင်လုပ်နေတာလား၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာလားဆိုတာကို လက်တွေ့အလုပ်တွေကို ဆန်းစစ်ကြလျှင် မြင်နိုင်သိနိုင်သည့် ကိစ္စဖြစ်သည်။ ဒီနေရာတွင် မောင်သာနိုးသိအောင် ထပ်ပြောပြရအုံးမည်။ တူညီသည့် ဘုံအကျိုးစီးပွားပေါ်တွင် ဝန်းရံထောက်ခံဖို့အတွက်တော့ လိုအပ်သည်။ ပါတီတွေ ဖြစ်ချင်ဖြစ်မည်။ အဖွဲ့အစည်းတွေလည်း ဖြစ်ချင်ဖြစ်မည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးအသင်းတွေမှာပင် အရံလူထားပြီး ကစားကြရတာရှိသည်။ ဒီအချက်တွေကို မောင်သာနိုးမသိ၍ပြောနေခြင်းလား၊ သိသိနှင့် ပြောနေခြင်းလားတော့မသိ။

မြန်မာပြည်သူတို့၏ နိုင်ငံရေးအသိက မြင့်မားသည်။ သူတို့၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးမည်ဆိုလျှင် ထောက်ခံ၍ သူတို့လိုအပ်ချက်ကိုဆန့်ကျင်လျှင်၊ သူ့အလိုလို ဖယ်ရှားခြင်းခံသွားရမည်။ ယခုလည်း ပြည်သူလူထုက သူတို့၏ လိုအပ်ချက်ကို တစုံတရာဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းကြောင့်သာ သွားလေရာတွင် ကြိုဆိုထောက်ခံမှုတွေနှင့် ကြုံနေရခြင်းဖြစ်သည်။ တပြိုင်နက်တည်းတွင် သူတို့၏ပေးဆပ်မှုကို အသိအမှတ်ပြုတာကြောင့်လည်းဖြစ်သည်။ ၁၉၈၉-၉ဝ ကာလ အခြေအနေများကြောင့် အချို့နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်းခံလိုက်ရတာတွေရှိသည်။ ထိုထဲတွင် မန္တလေးတွင်အခြေစိုက်သည့် အမျိုးသားနိုင်ငံရေးတပ်စုပေါင်းပါတီလည်း ပါဝင်ခဲ့သည်။ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီသည် ၁၉၈၈ အရေးတော်ပုံကာလအပြီး တိုက်ပွဲကြားထဲကပေါ်လာသောပါတီ ဖြစ်သည်။ တော်ဘုရားလေး ဦးအောင်ဇေ၊ ဟံသာဝတီ ဦးဝင်းတင် ယခု NLD (နာယက) ရှေ့နေ ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်ဝင်း စသည့် မြို့လူထုက ယုံကြည်အားထားသော ကျောင်းသားရဲဘော်ဟောင်းတွေ၊ အလုပ်သမား ရဲဘော်ဟောင်းတွေ၊ မြို့မိ၊ မြို့ဖတွေနှင့် ပါဝင်ဖွဲ့စည်းထားသည့် ပါတီဖြစ်သည်။ နာယက (၆) ဦး၊ ဗဟိုအလုပ် အမှုဆောင် (၂၁)ဦး၊ ပေါင်း (၂၇) ဦးဖြင့် ဖွဲ့စည်းထားပြီး မန္တလေးတွင်သာမက ရန်ကုန်တွင်ပါရုံးဖွင့်ပြီး အလုပ်လုပ်ခဲ့ကြသည်။ သည့်နောက် (၁၉၈၉) နောက်ပိုင်းတွင် ပါတီရုံးအပိတ်ခံရပြီး မတရားသင်းကြေညာခြင်းခံခဲ့ရကာ နာယက၊ ဗဟိုအလုပ်အမှုဆောင်၊ အပါအဝင် (၁၆) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထိုအချိန်က ပါတီအလုပ်အမှုဆောင်အများစုနှင့် ပါတီအလုပ်အမှုဆောင်အားလုံးနီးပါး ထိန်းသိမ်းခံရသည်မှာ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီနှင့် ပြည်သူ့တိုးတက်ရေးပါတီနှစ်ခုသာ ရှိခဲ့သည်။


ထပ်ပြောရအုံးမည်။ ၁၉၈၉ မေလက ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်တွင် ”လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏” ဟု အသုံးအနှုန်းကို အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီကပင် ပထမဆုံး သုံးနှုန်းခဲ့သည်။ ထိုပါတီပျက်သွားသည့်အကြောင်းက မောင်သာနိုးပြောသလို ပျက်သွားခြင်းမဟုတ်။ သမိုင်းတကွေ့မှာ ဖုန် ထမထတော့ မသိ။ နိုင်ငံရေး မိုးကြိုးမုန်တိုင်း ဆင်ခဲ့သူတွေဖြစ်၍သာ ပါတီဖျက်သိမ်းခံလိုက်ရခြင်း ဖြစ်သည်။ ထိုထဲတွင် အချို့က ကွယ်လွန်သွားကြပြီဖြစ်သည်။ ဦးဝင်းတင်ဆိုလျှင်လည်း အခုအချိန်ထိ NLD ပါတီတွင် တာဝန်ထမ်းဆောင်နေဆဲပင် ဖြစ်သည်။ သမိုင်းအဆက်ဆက်တွင် အနစ်နာခံမှုတွေ၊ စွန့်လွှတ်မှုတွေက ထုနဲ့ထေး။ အဆိုပါ ပုဂ္ဂိုလ်တွေအနေဖြင့် အခုလို တိုင်းပြည်အတွက် ယုံကြည်မှုအတွက် စွန့်လွှတ်အနစ်နာခံ ဒုက္ခခံနိုင်သည့်အားထုတ်မှုမျိုးကို ကိုယ့်ကိုယ်ကိုအတွက် ကိုယ်ကျိုးစီးပွားကိစ္စသက်သက်အတွက်သာ ဇောက်ချဆောင်ရွက်ခဲ့မည်ဆိုလျှင် ပုဂ္ဂိုလ်တဦးချင်းအနေဖြင့် မောင်သာနိုးထက်မနည်း ချမ်းသာနိုင်သူတွေချည်းပင် ဖြစ်သည်။
နောက် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့သမီးလူထုခေါင်းဆောင်ကို အောင်ဆန်းသမီးဟု သုံးနှုန်းသည့် ကိစ္စပင်ဖြစ်သည်။ အခေါ်အဝေါ်၊ အသုံးအနှုန်းရှိပြီးသား၊ ကျပြီးသားဖြစ်သည်။ ဒါကို မောင်သာနိုးက သူနှင့်ခေတ်ပြိုင်လိုလို၊ သူ့သူငယ်ချင်းလိုလိုနှင့် ပုံဖမ်းထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေတ်ပြိုင် ဆရာဒဂုန်တာရာ တို့၊ ကွယ်လွန်သွားသည့် သခင်အုန်းမြင့်တို့တောင် သခင်အောင်ဆန်း၊ ကိုအောင်ဆန်း ဟုခေါ်ဝေါ်ခဲ့သည်။ ဒါကို မောင်သာနိုး မသိ၍မဟုတ် သိသိနှင့် သုံးထားခြင်းဖြစ်သည်။ မောင်သာနိုးတွင် ဘာဂါရဝတရားမှမရှိ၊ အဂါရဝတရားသာ ရှိသည်။ မောင်သာနိုး ဂါရဝတရားထားခဲ့သည့် ကိစ္စတွေတော့ရှိသည်။ တခြားတော့မဟုတ် မြန်မာပြည်အုပ်စိုးသူ အဆက်ဆက်ကိုတော့ ဘယ်တော့မှ အဂါရဝတရားနှင့် ခေါ်ဝေါ်ဝေဖန်ရေးသားခဲ့ခြင်း တလုံးတပါဒမှ မရှိခဲ့တာဖြစ်သည်။
သည်မှာတွင် မောင်သာနိုးကို ပြန်လည်ဆန်းစစ်ဖို့ လိုမည်ထင်သည်။ မောင်သာနိုး ဘာလဲဘယ်လဲ။ ရှင်းသည်။ ဘာမှလဲ မဟုတ်၊ ဘယ်မှလဲမဟုတ်။ (၁၉၈၈)ခုနှစ် ရှေ့ပိုင်းက မောင်သာနိုး ဘာတွေလုပ်ခဲ့သလဲနှင့် (၁၉၈၈)ခု နောက်ပိုင်းကော မောင်သာနိုး ဘာတွေလုပ်ခဲ့သလဲမေးလျှင် ဖြေစရာ ဘာတခုမှ မယ်မယ်ရရမရှိ။ စစ်ကိုင်းသား၊ (၁၉၅၁) ခုနှစ်မှာ မန္တလေးတက္ကသိုလ် ရောက်ခဲ့သူ၊ ၅၁-၅၃ ကာလအတွင်း မန္တလေး ကျောင်းသားလှုပ်ရှားမှုများတွင် လမ်းကြုံ၍ ခဏတဖြုတ်ပါဖူး ရုံသာ။ (၁၉၅၃) အာက်တိုဘာ ကျောင်းတစ်လ ပိတ်ရေးကိစ္စအပါအဝင် မတော်တဆနှင့် ခဏတဖြုတ်အထိန်းအသိမ်း ခံရခြင်းမျိုးပဲ ရှိခဲ့သည်။ အထိန်းအသိမ်းခံရသည့် ခေတ်ကလည်း ဖ.ဆ.ပ.လ အစိုးရခေတ်။ မောင်သာနိုး အုတ်ရိုးအတွင်း နေထိုင်ဖူးသည့်ရက်တွေကို တွက်လိုက်လျှင် ၈၈ မျိုးဆက်ကလူတွေ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီကပုဂ္ဂိုလ်တွေ အုတ်ရိုးဘေး ရှုးရှုးထိုင်ပေါက်သလောက်တောင် ရက်မရှည်ကြာခဲ့။ ဘာနိုင်ငံရေးယုံကြည်မှုမှ ခိုင်ခိုင်မာမာ မရှိခဲ့။ ထိုခေတ်အခြေအနေကြောင့် ဝဲသလိုလို၊ ရဲသလိုလို။ တကယ်တော့ ဘာမှမဟုတ်။ ဘယ်လူထုအဖွဲ့အစည်းတွင်မှလဲ အလုပ်မလုပ်ခဲ့ဘူး။ ဘယ်လှုပ်ရှားမှုမှလဲ မပါဝင်ခဲ့သူ။ လူထုသတင်းစာတိုက်၌ ခဏတဖြုတ်အရိပ်ဝင်ခိုပြီး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းတွင် လူလုံးဝင်ပြရုံသာ ရှိခဲ့သည်။
၁၉၇ဝ လောက်ကတည်းက မောင်သာနိုး လူထုဆန့်ကျင်ရေးစကားတွေကို တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး စတင်ပြောနေခဲ့တာဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် မောင်သာနိုး လူထုဆန့်ကျင်ရေး၊ နိုင်ငံရေးဆန့်ကျင်ရေးပြောတာတွေ ပိုများလာခဲ့သည်။ (၁၉၉၃-၉၄-၉၅) ကာလက သူ့သင်တန်းတွင် မကြာခဏ ကြုံတိုင်းပြောတာတခုရှိသည်။ ”ဒီကောင်မလေး ဒီနိုင်ငံရေးမှာ ပါဝင်လို့မရဘူးဆိုတာနှင့် ပွဲကပြီးသွားပြီ” ဆိုသော စကားဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးထိန်းသိမ်းခံနေရချိန် ဖြစ်သည်။
ကာလီနတ်သမီးဆောင်းပါးထွက်လာတော့ လူထုဒေါ်အမာကပင် ”မောင်သာနိုးရယ် လက်နက်ချစရာအချိန် ဒီလောက်တောင် ရှားရသလားကွယ်” ဟုတောင် ပြောယူရတဲ့ အဆင့်ဖြစ်လာခဲ့သည်။ ကြာလာတော့ မောင်သာနိုးကို စာပေအဝန်းအဝိုင်းနှင့် သူတပည့်တွေကပါ ဆန့်ကျင်လာကြသည်။ ဒါ့ကြောင့် သူ့အတွက် နေရာကျဉ်းလာခဲ့သည်။ သာရေး၊ နာရေးနှင့်ဧည့်ခံပွဲအချို့တွင် မလွှဲသာ၍ တွေ့ရလျှင်လည်း သူ့ကို ဆက်ဆံမည့်သူက နတ္ထိ၊ ဧည့်ခံမှုလည်းမရှိ။ အများစုကြီးက ဖယ်ကျဉ်ထားကြသည်။ ဒါကိုက မောင်သာနိုးကို သူ့အသိုင်းအဝိုင်းက ဒဏ်ခတ်ထားခြင်းပင် ဖြစ်သည်။
ချုပ်၍ပြောရလျှင် မောင်သာနိုးအနေဖြင့် မိမိကိုယ်တိုင်က ဘယ်နေရာမှာရှိနေသည်၊ ဘယ်နေရာမှာမှ မရှိတော့သည်ကို သိဖို့လိုမည်။ မောင်သာနိုးတလျှောက်လုံးထားခဲ့သည့် အရင်းခံစိတ်ထားကိုက ပြည်သူ့ဘက်မှာမရှိသည့်အတွက် အခုလို ရေးသားပြောဆိုမှုမျိုးတွေ ဆက်တိုက်လုပ်နေခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးအခင်းကျင်းကြီးထဲတွင် မောင်သာနိုးတစ်ယောက် ဘယ်ထောင့်၊ ဘယ်နေရာကမှ ပါဝင်ခဲ့ခြင်းမရှိဘဲ သုံးသပ်ဝေဖန်ခွင့်မရှိသည်ကို သိထားရန်လည်းလိုသည်။ လုပ်နိုင်သူတွေက သူ့အလုပ်ကိုသူ တာဝန်သိသိလုပ်နေကြသည်။ အလုပ်လုပ်နေကြသူအားလုံး ညီညီညွတ်ညွတ်ရှိကြဖို့ အရေးကြီးနေချိန်တွင် မောင်သာနိုး၏ဆောင်းပါးက ညီညွတ်ရေးကို ပျက်စီးလိုသည့်ဆန္ဒဖြင့် ရေးထားသည့်ဆောင်းပါး ဖြစ်သည်။ နောက်ဆုံးအနေဖြင့် မောင်သာနိုးကို သတိပေးပြောလိုသည်မှာ ကျီးဘုတ်ရိုသေမှ ဘုတ်ကျီးရိုသေနိုင်မည်။ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ရေးသားနေမှုကို ရပ်တန်းကရပ်ဖို့ ဖြစ်သည်။ သို့မဟုတ်ပါက စာပေတရားခွင်၊ လူမှုတရားခွင်နှင့် အမှန်တရား တရားခွင်တို့က မောင်သာနိုးကို ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ဟု ဆိုချင်သည်။
စာရှုသူ ရဲဘော်အပေါင်းတို့အား အသိပေးစေချင်သည်မှာ အသေဝနာစဗာလနံ ဟု …
သစ်ထွန်းကျော်
၆.၆.၂ဝ၁၂
(ယူတာကဒီကဖြစ်ပါတယ်)http://www.naytthit.net/?p=28419

Thursday, June 21, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၇ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၇ (မျိုးမြင့်ချို) ဇွန် ၂၁ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ သောတရှင်များခင်ဗျား..
တော်လှန်ရေးကောင်စီရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက် ကို ကြားရပြီးတဲ့နောက်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “အစိုးရက ဒီလောက်လိုက်လျောတာ သာဓုခေါ်ဖို့ကောင်းတဲ့အကြောင်း၊ ငြိမ်းချမ်းရေးရဖို့ရာ သူ့အနေနဲ့တစ်ဖက်တလမ်းကနေဆောင်ရွက်ပေးဖို့ ရှိတဲ့အကြောင်း၊ သူမသေခင်မှာ ငြိမ်းချမ်းရေးကိုမြင်သွားချင်လွန်းလို့ ခဏခဏဆုတောင်းနေရကြောင်း၊ ခုတော့လည်းသူ သေသွားရင်တောင်မှ မေ့ပျောက်ဖို့ခပ်ခက်ခက်ဖြစ်နေတဲ့အကြောင်း” စတာတွေပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒီ့မတိုင်တွေကလည်း ဒီသဘောထားအတိုင်းရပ်တည်ပြီး ဒီစကားကိုပဲပြောခဲ့တာတွေ အထင်အရှားရှိခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပြည်လုံးလက္ခဏာဆောင်တဲ့ပြည်တွင်းစစ်ကြီး မစတင်မီကတည်းကကို ဆော်သြတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။ အရှေ့ဂျာမဏီငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌရဲ့ဖိတ်ကြားချက်အရ ဆေးစစ်ဆေးကုသမှုခံယူဖို့ ဆရာဝန်ကြီးဒေါက်တာဆင်ဖိုးနဲ့အတူ ၁၉၆၀ ခုနှစ်မေလ ၂၅ ရက်နေ့မှာ တိုင်းပြည်ကနေမထွက်ခွာခင် သတင်းစာတွေကို "ဆရာမသေခင်မှာတိုင်းပြည်ငြိမ်းချမ်းရေးအစစ်အမှန်ကို တွေ့သွားလိုပါတယ်။ အသက်မသေမီတော့ ငြိမ်းချမ်းရေးအတွက် တတ်နိုင်သမျှလုပ်သွားဦးမယ်"လို့ မြွက်ကြားခဲ့တာကိုလည်း လူတိုင်းသိပြီးဖြစ်ကြပါတယ်။ အဲဒီအချိန်မှာ ဆရာကြီးဟာ အသက်အရွယ်အရ ကြီးရင့်နေပြီဖြစ်သလို ကျန်းမာရေးလည်းအတော့်ကို ချို့တဲ့နေရရှာပါပြီ။

တော်လှန်ရေးကောင်စီရဲ့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး ဇွန်လ ၁၂ ရက်နေ့မှာ(ပမညတ) လို့လူသိများတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစုက အချက် (၅) ချက်ပါ သဘောထားထုတ်ပြန်ချက်ကို ကြေညာခဲ့ပါတယ်။ 
(တစ်တချက်က) မျက်နှာစုံညီဆွေးနွေးနေကြစဉ် အတိုက်အခိုက်တွေရပ်စဲထားဖို့။ 
(နှစ်တချက်က) ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာလုပ်ဖို့။ 
(သုံးတချက်က) ဗဟိုနှင့်ဗဟိုချင်းဆွေးနွေးသွားကြဖို့။ 
(လေးတချက်က) တွေ့ဆုံဆွေးနွေးချက်တွေကို ပြည်သူလူထုကိုအသိပေးဖို့နဲ့  
(ငါးတချက်) ကိုယ်စားလှယ်တွေရဲ့ လွတ်လပ်မှု၊ လုံခြုံမှုကိုအာမခံပေးဖို့ဆိုပြီး တောင်းဆိုထားတာတွေ့ရပါတယ်။ ပမညတရဲ့ ဒီတောင်းဆိုချက်တွေဟာ အခြေအနေနဲ့ကိုက်ညီမှုရှိတယ်ဆိုပြီး အဖွဲ့အစည်းအသီးသီးကလည်း ကြိုဆိုထောက်ခံခဲ့တာတွေရှိပါတယ်။

ဒီ့နောက် ၆၃ ခုနှစ် ဇွန်လတစ်လတည်းမှာပဲ လူတန်းစားပေါင်းစုံက အဖွဲ့အစည်းပေါင်းစုံတွေရဲ့ လူထုထောက်ခံမှုတွေ၊ သဘောထားနဲ့ကြေညာချက်ထုတ်ပြန် ထောက်ခံတာတွေနဲ့အတူ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးကြွေးကြော်တောင်းဆိုလှုပ်ရှားမှုတွေဟာ အုံးအုံးကျက်ကျက်ဖြစ်လာပါတယ်။ အလုပ်သမား၊ လယ်သမား၊ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကအလုပ်သမား၊ အနုပညာသည်၊ ကုန်သည်ကြီးများ၊ လူမှုရေးနဲ့ဘာသာရေးအဖွဲ့အစည်းများစသည်ဖြင့် အတော့်ကိုစုံလင်သလို တပြည်လုံးလက္ခဏာဆောင်ပြီး အင်အားထုထည်အလွန့်ကိုကြီးမားလှပါတယ်။ ဒီနေရာမှာ လှုပ်ရှားမှုတွေနဲ့အဖွဲ့အစည်းတွေကို အမည်တပ်ပြီးပြောနေမယ်ဆိုရင် အတော့်ကိုရှည်လျားသွားမှာစိုးရပါတယ်။ ဒါ့ကြောင့်မို့ ချုပ်ပြီးပြောရမယ်ဆိုရင် ဒီ့လောက်များပြားကြီးမားပြီး အရှိန်အဟုန်ကောင်းတဲ့ ဒီအခင်းအကျင်းကြီးကို ကြည့်တယ်ဆိုရင်ပဲ  ပြည်သူတွေဟာ ငြိမ်းချမ်းရေးကိုဘယ်လောက်တောင်မှ အာသာငမ်းငမ်းတောင့်တာနေကြသလဲဆိုတာကို သိသာမြင်သာမှာဖြစ်ပါတယ်။ လူထုရဲ့ဆန္ဒကိုထင်ဟပ်တဲ့ဖော်ပြချက်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

၁၉၆၃ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့မှာ ကေအင်န်ယူပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ မန်းဘဇန်အမည်နဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် သဘောထားပြန်ကြားချက်တစ်စောင် ထွက်လာပါတယ်။ အဲဒီကြေညာချက်မှာ အဓိကအားဖြင့် အချက် (၄)ချက်ပါဝင်တာတွေ့ရပါတယ်။ အကျဉ်းပြောရမယ်ဆိုရင်-
တစ်.. ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းချက်ကို သေသေချာချာလေ့လာသုံးသပ်ပြီးပြီဖြစ်ကြောင်းနဲ့ သူတို့သဘောထားကိုပြန်ကြားဖို့ တာဝန်ရှိတယ်လို့ယူဆတဲ့အတိုင်း ပြန်ကြားတာဖြစ်တယ်လို့ဆိုထားပါတယ်။
နှစ် .. ကေအင်န်ယူပါတီဟာ ကရင်အမျိုးသားတွေနဲ့တကွ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားအတွက် ပြဿနာတိုင်းကို ဒီမိုကရေစီနည်းအရငြိမ်းချမ်းစွာဖြေရှင်းဖို့ တသမတ်တည်းခံယူကျင့်သုံးကြောင်း၊ ဒီအပေါ်အခြေခံပြီး ၁၉၄၈ ဖေဖော် ဝါရီ (၁၁) ရက်နေ့ ကရင်တစ်မျိုးသားလုံးဆန္ဒပြပွဲကြီးမှာ ကရင်ပြည်ချက်ခြင်းပေး၊ ကရင်တစ်ကျပ်ဗမာတစ်ကျပ်ချက်ခြင်းပြ၊ လူမျိုးရေးအဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ ရိုးသားစွာဆန္ဒပြခဲ့ကြကြောင်း၊ နောက်ဆုံးမှာ ပြဿနာတွေကို ဒီမိုကရေစီနည်းအရ ငြိမ်းချမ်းစွာဖြေရှင်းခွင့်မရတော့ပဲ အစိုးရက လက်နက်နဲ့အကြမ်းဖက်နှိမ်နင်းလာလို့ ပြည်တွင်းစစ်ဖြစ်လာခဲ့ရကြောင်း၊ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲတောင်းဆိုနေကြောင်း။ 
၁၉၄၉ ခုနှစ်နဲ့ ၁၉၆ဝ ခုနှစ်တွေမှာလည်း အစိုးရတွေနဲ့ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အကြောင်း
သုံးတချက်..အခု ဖိတ်ခေါ်ကမ်းလှမ်းချက်အတွက် ဝမ်းမြောက်မိကြောင်း၊ သူတို့အစဉ်တစိုက်တောင်းဆို ခဲ့တဲ့အတိုင်း တော်လှန်ရေးကောင်စီဘက်ကလည်း မျက်နှာစုံညီတွေ့ဆုံဆွေးနွေးဖို့ သဘောထားကိုဖော်ထုတ်ပြတာလို့မြင်ကြောင်း၊ သူတို့ဘက်က ကိုယ်စားလှယ်တွေစေလွှတ်ပြီး ဆွေးနွေးမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဟန့်တားနှောင့်နှေးစေမယ်လို့ယူဆရတဲ့ကိစ္စတွေ  အရင်ပြောဆိုကြရအောင် ပဏာမကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာဖြစ်တဲ့အကြောင်း
နံပတ်လေးတချက်...တိုင်းပြည်ရဲ့အထူးလိုအပ်ချက်ဖြစ်တဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးထိန်းသိမ်းတိုးချဲ့ခိုင်မာစေရေးနဲ့ပိုမိုပြည့်ဝရေး၊ ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူတွေဘဝ တိုးတက်ကောင်းမွန်ရေး၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူရေးနဲ့စည်းလုံးညီညွတ်ရေး၊ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေး စတာတွေအားလုံးကို တော်လှန်ရေးကောင်စီ၊ ကေအင်န်ယူနဲ့ အခြားလက်နက်ကိုင်တော်လှန်ရေးပါတီတွေအားလုံး မိသားစုစိတ်ဓါတ်နဲ့တွေ့ဆုံဆွေးနွေးသွားကြရင် အမှန်တကယ်ပြေလည်မယ်လို့ ယုံကြည်တဲ့အကြောင်း ဖော်ပြထားပါတယ်။ ကေအင်န်ယူပါတီနည်းတူ မွန်ပြည်သစ်ပါတီကလည်း ဥက္ကဋ္ဌနိုင်ဘလွင်အမည်နဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အတွင်းရေးမှူးမော်ရာယ်အမည်နဲ့ အလားတူသဘောထားထုတ်ပြန်ကြေညာချက်တွေလည်း ထွက်လာတာတွေ့ရပါတယ်။

အခြားအင်အားစုတွေ ပါတီတွေလည်း အားတက်သရော တုန့်ပြန်လာကြ၊ ပြင်ကြဆင်ကြ၊ ပြောကြဆိုကြနဲ့မို့ တော်လှန်ရေးကောင်စီက ဆောင်ရွက်မှုတွေအလားအလာကောင်းတယ်ဆိုပြီး၊ ဇူလိုင်လ (၁) ရက်နေ့အထိ တည်စေရမယ်လို့ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ရက်အကန့်အသတ်မရှိအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဒီ့နောက်တော့ အပြန်အလှန်ပေးစာတွေ၊ ပြန်ကြားချက်တွေ ထွက်လာကြပါတယ်။ ဒီလိုနဲ့ ကေအင်န်ယူ၊ မွန်ပြည်သစ်ပါတီနဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့က 
(၃) ဖွဲ့ပေါင်း ဆွေးနွေးပွဲပြင်ဆင်ရေး ညှိနှိုင်းဖို့ ပဏာမကိုယ်စားလှယ်တွေစေလွှတ်ပေးရေး သဘောတူညီချက်ရလာခဲ့ပါတယ်။ ဇူလိုင် (၉) ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ နိုင်ဘလွင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူးမော်ရာယ်တို့လက်မှတ်ထိုး ထုတ်ပြန်တဲ့ ပဏာမပြင်ဆင်ရေးကိုယ်စားလှယ်လွှဲစာတွေ ထွက်လာသလို ဇူလိုင် (၁၁) ရက်နေ့မှာ ကေအင်န်ယူပါတီ ဗဟိုကော်မတီအတွင်းရေးမှူး စကောလယ်တောအမည်နဲ့ ပဏာမကိုယ်စားလှယ်လွှဲစာ ထွက်လာပါတယ်။ (၃) ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့ (၃)ဖွဲ့ပေါင်းရဲ့ခေါင်းဆောင်က ကေအင်န်ယူပါတီ ဗဟိုကော်မတီပေါ်လစ်ဗျူရို၊ ကရင့်တော်လှန်ရေးကောင်စီဝင်နဲ့ ကော်သူးလေဗဟိုအုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်ကျင်ဖေ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၆၃ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့မှာ၊ အဲဒီ (၃) ပါတီ ငြိမ်းချမ်းရေးဆွေးနွေးပွဲပဏာမကိုယ်စားလှယ်တွေ ရန်ကုန်မြို့ကိုရောက်ရှိလာကြပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။

Tuesday, June 19, 2012

ငါတို့သည်ကျဆုံးလေပြီးသောတပ်မတော်သားတို့၏သစ္စာကို စောင့်သိရိုသေပါမည်(ရဲဘော်ဖိုးသံချောင်း)

0 comments
ငါတို့သည်ကျဆုံးလေပြီးသောတပ်မတော်သားတို့၏သစ္စာကို စောင့်သိရိုသေပါမည်(ရဲဘော်ဖိုးသံချောင်း) ဗမာပြည်မှာ စစ်တပ်ကအာဏာယူထားတာ အနှစ်ငါးဆယ်တင်းတင်း ပြည့်ပါတော့မယ်။ ဒါ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရ အာဏာသိမ်းထားတဲ့ ၂နှစ် ကျော်ကာလ မပါသေးပါဘူး။ ဗမာပြည်သားတွေအဖို့တော့ ၅၈ ခုနှစ်တုန်းက စည်းကမ်းရှိရေးနဲ့ငြိမ်ဝပ်ပိပြားရေး အလေးထားတဲ့အစိုးရ၊ ၁၉၆၂ ခုနှစ်တုန်းက ဆိုရှယ်လစ်လောကတည်ဆောက်မယ့်အစိုးရ၊ ၁၉၈၈ ခုနှစ်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုအလေးထားတဲ့ အစိုးရ၊ အခုအခါမှာ လွှတ်တော်ဒီမိုကရေစီတည်ထောင်မယ့်အစိုးရ စသဖြင့် ဗိုလ်နေဝင်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ကစလို့ ဒီကနေ့ ဗိုလ်သိန်းစိန်-ဗိုလ်မင်းအောင်လှိုင် စသူတို့အထိ စစ်အုပ်စုအသီးသီးရဲ့ စစ်အစိုးရမျိုးစုံကိုတွေ့ခဲ့ရပါတယ်။ ကြွေးကြော်သံအမျိုးစုံကိုလည်း ကြားခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရနဲ့ ၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီ စတာတွေတုန်းက သတင်းစာအဖုံးတွေမှာ မျက်နှာထားတင်းတင်းနဲ့ စစ်ယူနီဖောင်းဝတ်ထားသူတွေကိုတွေ့ခဲ့ရပြီး မဆလခေတ်နဲ့ ဒီနေ့ကာလမှာတော့ ဟန်ဆောင်အပြုံးတွေနဲ့ တိုက်ပုံဝတ်၊ ခေါင်းပေါင်းဆောင်းထားတဲ့ ဗိုလ်ချုပ်တွေကိုတွေ့ရပါတယ်။
ဗမာပြည်မှာ စစ်အစိုးရတွေတခုကနေ နောက်တခုကိုပြောင်းတာဟာ သူတို့ချင်းကွဲပြဲပြီးဖယ်ရှားပစ်တာ၊ ဖြုတ်ပစ်တာ မဟုတ်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ ကိုယ်ဆက်အုပ်ချုပ်လို့မဖြစ်တော့လို့ ကိုယ်ယုံကြည်ရာတဦးကို လွှဲပြောင်းပေးခဲ့တာချည်း ဖြစ်ပါတယ်။ ဒီတော့ဒီလို စစ်အုပ်စုမင်းဆက်တခုနဲ့တခု အစားထိုးရာမှာ နောက်တက်လာသူဟာ ကိုယ့်ရှေ့ကလူ လုပ်ခဲ့တာတွေထဲက ကိုယ့်အာဏာတည်မြဲရေးအတွက် အသုံးမတည့်တော့တဲ့၊ ဒါမှမဟုတ် အတားအဆီးအနှောက်အယှက် ဖြစ်မယ့်အရာတွေကိုဖယ်ရှားပြီး အသုံးကျမယ့်အရာတွေကိုထိန်းသိမ်းခဲ့ပါတယ်။ ဥပမာဆိုရင် နဝတ နဝတ နဝတ -နအဖ နအဖ နအဖ စစ်အုပ်စုဟာ ဗိုလ်နေဝင်းရဲ့မဆလဆိုင်းဘုတ်ကို အမှိုက်ပုံးထဲလွှင့်ပစ်ပြီး ဗိုလ်နေဝင်းရဲ့ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုတာကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။
အခုဗိုလ်သိန်းစိန်တို့ရဲ့ကြံ့ဖွတ်စစ်အုပ်စုကတော့ ဗိုလ်သန်းရွှေလုပ်ခဲ့တဲ့ စနစ်တွေကိုစွန့်ပစ်လိုက်ပြီလို့ပြောပြီး ဗိုလ်သန်းရွှေတို့ ချမှတ်ခဲ့တဲ့ “တပ်မတော်ရဲ့ဦးဆောင်မှုအခန်း”၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတာတွေကိုတော့ ဆက်ခံထိန်းသိမ်းခဲ့ပါတယ်။ တပါတည်းမှာ စကားလုံးအသုံးအနှုန်း အပြောင်းအလဲလေးတွေတချို့ကိုလည်း သကာလူးသလို လုပ်ပေးခဲ့ပါတယ်။
အလားတူပဲ နောက်တက်တဲ့စစ်အုပ်စုဟာ ရှေ့ကဆင်းသွားတဲ့စစ်အုပ်စုတည်ထောင်ခဲ့တဲ့၊ ဒါမှမဟုတ်ပိုင်ဆိုင်ခဲ့တဲ့ ဥစ္စာဓနတွေကို လက်ဖျားနဲ့မတို့ဘဲ တည်ရှိခွင့်ပေးရပါတယ်။ စစ်ဗိုလ်ချင်းအားဏာလွှဲတာမပြောနဲ့ ၁၉၅၈ ခုနှစ် ကြားဖြတ်အစိုးရကနေ ဦးနုရဲ့ပထစအစိုးရကို အာဏာလွှဲပေးတဲ့အခါမှာ ကြားဖြတ်အစိုးရကာလမှာတည်ထောင်ခဲ့တဲ့ ဒီအက်စ်အိုင် (D.S.I.) ဘီအီးဒီစီ (B.E.D.C) စတဲ့ စီးပွားရေးအဆောက်အအုံကြီးတွေနဲ့ အဲဒါတွေရဲ့အစွယ်အပွားတွေကို နောက်အစိုးရက လက်ဖျားနဲ့တောင် မတို့ဝံ့ပါဘူး။ ဦးနုရဲ့အစိုးရဟာ ကတိပေးအာမခံထားသလား အောက်မေ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းက ဆိုရှယ်လစ်စကားလုံးနဲ့ ရိုက်စားလုပ်တဲ့အခါကျတော့ D.S.I., B.E.D.C ပိသုကာတွေဖြစ်တဲ့ ဗိုလ်အောင်ကြီးတို့နဲ့ ကွဲပါတော့တယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းတို့ မဆလခေတ်ထိပ်သီးတွေက တခြား သူတို့နည်းသူတို့ဟန်တွေနဲ့ သူတို့ဓနကို တဖြည်းဖြည်း ပြန်တည်ထောင်ပါတယ်။ နဝတ နအဖ လက်ထက်ကျတော့ ဦးပိုင်ကုမ္ပဏီကအစချီပြီး တည်ထောင်လိုက်၊ ပွားများလိုက်တာ တတိုင်းပြည်လုံး ရေပြင်၊ မြေပြင်၊ ဝေဟင်၊ သူတို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ လက်ညှိုးထိုးမလွဲဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ဗမာပြည်မှာ စစ်အာဏာရှင်စနစ်သက်တမ်းရှည်လာတာနဲ့အမျှ ဒီစနစ်အပေါ်မှီပြီးပေါ်ပေါက်လာတဲ့ စစ်တပ်နဲ့စစ်တပ်အသိုင်းအဝိုင်းတွေပိုင်ဆိုင်တဲ့ ဓနအဆောက်အအုံကြီးဟာလည်း ကြီးမားသထက်ကြီးမားလာတယ်လို့ ပြောရပါမယ်။ အခုဆိုရင် ဗမာနိုင်ငံစီးပွားရေးရဲ့ဓနဥစ္စာရာခိုင်နှုန်း ရှစ်ဆယ်လောက်ကိုစစ်တပ်နဲ့ပတ်သက်သူ၊ ပတ်သက်ဖူးသူ၊ နီးစပ်သူတွေကပိုင်ဆိုင်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။
ဦးပိုင်ကုမ္ပဏီတခုတည်းရဲ့ဓနဟာ အရင် D.S.I., B.E.D.C တို့ထက် အဆပေါင်းများစွာကြီးနေပါပြီ။ ဒီလိုဖြစ်လာတာရဲ့ အဓိကအကြောင်းရင်းကတော့ စစ်အာဏာရှင်တွေရဲ့သက်တမ်းရှည်လာလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အရင်းအနှီးဆိုတာ အမြဲတိုးချဲ့နေမှရေရှည်တည်တံ့နိုင်တာပါ။ ဒီတော့စစ်အုပ်စုရဲ့အရင်းအနှီးတွေတိုးချဲ့ဖို့ စဉ်းစားရပါတယ်။ ပြည်တွင်းမှာထပ်မြှုပ်နှံဖို့ မလွယ်တော့ပါဘူး။ ပြည်ပကိုသွားမြှုပ်နှံမှ၊ ပြည်တွင်းမှာလည်း ပြည်ပနဲ့ပူးပေါင်းမြှုပ်နှံမှဆိုတဲ့ အခြေအနေရောက်လာပါတယ်။ ဒီအခါမှာ အနောက်နိုင်ငံတွေကပိတ်ဆို့မှုတွေဖွင့်ပေးဖို့ဟာ သူတို့အတွက် သေရေးရှင်ရေးလို အရေးကြီးလာပါတော့တယ်။
တကယ်တော့ တိုင်းပြည်တပြည်ကို ရာစုနှစ်တဝက်ဆက်တိုက်အုပ်စိုးတဲ့မင်းဆက်ဆိုတာ သမိုင်းမှာနှယ်နှယ်ရရ မဟုတ်ပါဘူး။ ပြောရရင် ဒုတိယကုန်းဘောင်မင်းဆက်ထက် နှစ်ဆကြာပါတယ်။ ဒီလောက်အကြာကြီးအုပ်စိုးလာတော့ စစ်တပ်က အထက်မှာနေတယ်ဆိုတာဟာ အစဉ်အလာတခုလို ဖြစ်လာယုံမက ခေါင်းထဲမှာအရိုးစွဲသွားတဲ့ စဉ်းစားနည်းတခုလည်း ဖြစ်လာပါတယ်။ တပါတည်းမှာ ဒီစစ်အာဏာရှင်တွေအဖို့ ကိုယ့်ရဲ့အထက်အဆက်ဆက်က စစ်အာဏာရှင်များကို လေးစားကိုးကွယ်ရတာ၊ သူတို့ရဲ့ဂုဏ်နဲ့သစ္စာကို စောင့်ထိန်းရတာတွေပေါ်လာပါတယ်။ စစ်အာဏာရှင်တွေ တယောက်ပြီးတယောက် ပြောင်းခဲ့ပေမဲ့ သူတို့အနေနဲ့ သူတို့အရင်က စစ်အာဏာရှင်တွေကို ဘယ်တော့မှမကောင်း မပြောကြောင်း သတိထားမိကြမယ်ထင်ပါတယ်။ “ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏သစ္စာကို စောင့်သိ
ရိုသေပါမည်” ဆိုတာဟာ တပ်မတော်ကိုအာဏာကိုင်ထားသူများဖြစ်အောင် ဖန်တီးခဲ့သူများအပေါ် သစ္စာစောင့်သိရိုသေပါမယ်ဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။
တဖက်ကပြန်ပြောရင်တော့ သူတို့ဟာ အထက်အဆက်ဆက်က စစ်အုပ်စုများရဲ့ အစဉ်အလာတွေကို ထိန်းသိမ်းတာ၊ ကာကွယ်တာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ယူဆလာကြပါတယ်။ ဒီလိုနဲ့အယူသည်း ဘာသာရေးဂိုဏ်းတွေရဲ့အစွဲအလမ်းမျိုးလို ဖြစ်လာကြပါတယ်။ သူတို့ရဲ့စဉ်စားမှုအားလုံးအခြေပြုတဲ့ အစပြုတဲ့အခြေခံတခု (mindset)တခုဖြစ်လာပါတယ်။ စစ်တပ်ဟာ နတ်ဘုရားလို ဖြစ်လာပါတယ်။ဒီနေ့အခါမှာ ဗိုလ်ချုပ်ဦးသိန်းစိန်ကို အမိန့်ပေးနေတာဟာ ဗိုလ်သန်းရွှေဖြစ်တယ်လို့ အတိအကျမပြောနိုင်ပေမဲ့ အခုပြောခဲ့တဲ့ စစ်တပ်နတ်ဘုရားရဲ့သစ္စာကိုတော့ သူတို့မလွန်ဆန်နိုင်၊ မလွန်ဆန်ဝံ့ပါဘူး။ ဒါဟာသူတို့အသွေးအသားထဲထိ စိမ့်ဝင်နေတဲ့ယုံကြည်မှုတရပ်ဖြစ်နေပြီး တချို့ဆိုရင် ဒီဟာကို ရိုးရိုးသားသား ယုံကြည်နေတာလို့တောင် ပြောလို့ရမယ်ထင်ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ အောက်ခြေတပ်သားတွေ၊ အရာရှိငယ်တွေမှာ ဒီလိုအတွေးအခေါ်၊ အယူအစွဲမျိုး မရှိဘူးဆိုတာ ထောက်ပြဖို့ လိုပါတယ်။ သူတို့ဟာ ဘာမသိညာမသိနဲ့ပဲ အထက်က စစ်အုပ်စုအစဉ်အလာ ဆက်ခံသူတွေကို ကုန်းပိုးထားကြရတာပါ။ ဒီလို စစ်အုပ်စုအဆက်ဆက် ပြောင်းလဲအုပ်စိုးနေလို့ သူတို့ဘဝဟာ ဘာမှထူးမလာပါဘူး။ သေစရာရှိရင် သေပေးရတဲ့နေရာမှာသာ ရှိမြဲရှိနေပါတယ်။
ရဲဘော်ဖိုးသံချောင်း
http://www.naytthit.net/?p=28000
(ယူတာကဒီနေရာကပါ) 
Zaw Win ဖေ့စ်ဘွခ်မှ … 

ပဟေဠိပန်း (ခင်အောင်အေး)

0 comments
သရုပ်ဖော်ဒီဂျစ်တယ်အနုပညာ Winthan
ပဟေဠိပန်း (ခင်အောင်အေး)


ကြာဆိုလို့

ကြာလိုက်တယ်
အနှစ်၂၀ အနှစ်၄၀ စသဖြင့်
ကြာသွားတယ်
ဒါပေါ့
ကြာနီတွေရော ကြာဖြူတွေရော
ဆိုရှယ်လစ်ပန်းတိုင် ဆိုတာတွေရောပေါ့
ခုတော့ ဒီမိုကရေစီဆိုပဲ
တစ်ပြားမှ မလျှော့နိုင်ဘူးတဲ့..

စပါယ်တွေ
စပါယ်တွေ
မသေသေးချင်အောင် တဖျင်းဖျင်း အဆိပ်တက်
မကြားဝံ့ ငါမခေါ်
အော် သူရဲကောင်းကြီး ဘုန်းဘုန်းလဲကျခဲ့ပြီ*
ဆိုတဲ့ တပေါင်နဲ့အတူ
သူရဲကောင်းတွေ
တစ်ယောက်ပြီး တစ်ယောက်
ဘုန်းဘုန်းလဲကျခဲ့ကြ
တချို့ မနည်းကို ကြံ့ကြံ့ခံခဲ့ကြ
တချို့ ယဲ့ယဲ့ပဲ ကျန်ကြ

ပိတောက်လို
တစ်ယောက်ပျိုလဲ
အနှစ် ၂၀ ကျော်ကျော် တော်လှန်ရေးခရီးမှာ
အသက်အရွယ် အိုမင်းခဲ့
အကြမ်းမဖက်နည်းကို ဖက်တွယ်ရင်း
စခန်းတစ်ဖက်ကို နီးသထက်နီးအောင်ကြံဆောင်ရင်း
အော် အသက် ၆၇ နှစ်ထဲ ချဉ်းခဲ့ပြီ

တောပန်းကလေးတွေ
ဖွေးဖွေးလှုပ်လှုပ်
ဘယ်လို ဈေးကွက်တန်ဖိုးအရနဲ့မှဖြစ်စေ
ချိန်စက် သတ်မှတ်ခြင်းငှာ မစွမ်းသာခဲ့ဘူး
သန်းခြောက်ဆယ် လူထုမှာ ဘာအဆောင်အယောင်မှ
မှန်းစရာ..လွမ်းစရာ..ရယ်လို့ မရှိခဲ့စဖူးဘူး

(တစ်ခုပဲ..
 လူလိုနေပြီး
 လူလို သေချင်ကြတယ်)

ဒါဟာ
အခြေခံ လူ့အခွင့်ရေးပဲပေါ့
ဒါမှမဟုတ် ဒီမိုကရေစီ လူ့ဘောင်ပေါ့ လို့
ပါးစပ်ကြီးတစ်လုံးနဲ့ တစ်ယောက်ယောက်က
ဒါမှမဟုတ်
အဖွဲအစည်း တခုခုက
ပြောချင်ပြောပလေ့စေ
ပြောခွင့်ပေးလိုက်ပါ။

အလေ့ကျ
တောပန်းကလေးတွေကတော့
ရေငုံနှုတ်ပိတ်
အဆိပ်မရှိ
အတိတ်မသိ၊ ပစ္စုပ္ပန်၊ အနာဂါတ်ဆိုတာလဲ
ဂ ဃ န ဏ မသိပဲ
ဒီလိုပဲ လိုလို နဲ့သာ
စခန်းသွားနေရအုန်းမှာပါပဲ

အဲ့ဒါ
ဘယ်လောက်အထိ ကြာအုန်းမလဲ
ဟုတ်စ..။      ။

ခင်အောင်အေး
၁၇၊ ဇွန်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၂း၃၂ နာရီ

* (၃၅ ကြိမ်မြောက်မှော်ဆရာ - အောင်ချိမ့်) မှ စာသား
(ယူတာကဒီနေရာကပါ)http://www.kaungkin.com/index.php?option=com_content&view=article&id=790:2012-06-19-02-10-18&catid=34:2009-04-17-00-31-18&Itemid=77