Saturday, June 16, 2012

ကိုယ်တိုင်တွေးပြီး ကိုယ်တိုင်မေး(နောင်ကျော်)

0 comments
ကမ္ဘာ့သမိုင်းကို ဟိုတစ်စ ဒီတစ်စ လိုက်ဖတ်ချိန်တုန်းက ကရူးဆိတ်စစ်ပွဲအကြောင်းဖတ်ရတော့ ‘ဒီလိုဘာသာရေးစစ်ပွဲမျိုးလည်း ရှိခဲ့ဖူးတာကိုး’ဆိုတဲ့ အတွေးလောက်ပဲဝင်ခဲ့ပြီး ဘာခံစားမှုမှ မဖြစ်ခဲ့ပါ။ ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကိုသတ်ခဲ့တယ်ဆိုတာကို ဖတ်ရတုန်းကလည်း ‘အတော်ရက်စက်တဲ့လူတွေပါလား’ ဆိုတဲ့ အတွေးလောက်ပဲဝင်ပြီး တုန်လှုပ်ချောက်ချားတာမျိုး မဖြစ်ခဲ့ဖူးပါ။ အိန္ဒိယက ဟိန္ဒူနဲ့မွတ်ဆလင်ဘာသာဝင်တွေရဲ့ပဋိပက္ခ၊ ဘော့စနီးယားက အပြန်အလှန်လူသတ်ပွဲ၊ ရဝမ်ဒါက မျိုးတုံးသတ်ဖြတ်ပွဲသတင်းတွေ ဖတ်ရတုန်းကလည်း စိတ်မကောင်းဖြစ်မိတာကလွဲပြီး ကြေကြေကွဲကွဲ မဖြစ်ခဲ့ဖူးပါ။ စာတွေကနေတစ်ဆင့်သိရတာမျိုးဖြစ်တဲ့အပြင် ကိုယ်နဲ့အဝေးကြီးနေရာမှာဖြစ်ခဲ့တာတွေ ကြောင့်လည်း ကြေကွဲဝမ်းနည်းပြီး တုန်လှုပ်ချောက်ချားတဲ့ခံစားမှုမျိုးမဖြစ်ခဲ့တာလို့ ထင်မိပါတယ်။ စာနာစိတ်ဝင်မိတာမှန်ပေမယ့် ခံစားမှုအရမပြင်းထန်ခဲ့တာကို နားလည်နိုင်ကြမယ်ထင်ပါရဲ့။
ကျောချတော့မှ
ကျွန်တော်တို့ ငယ်ငယ်တုန်းမှာသင်ခဲ့ရတဲ့ ကိုလိုနီခေတ်သမိုင်းတွေထဲက လူမျိုးရေးအဓိကရုဏ်းအကြောင်း ဖတ်ရချိန်မှာ ကလေးအရွယ်မို့ ဘာခံစားမှုမှမရှိခဲ့ပေမယ့် အဲဒီကလေးအရွယ်တုန်းကပဲ လူကြီးတွေပြောလို့ ကြားခဲ့ရတဲ့ တရုတ်-မြန်မာအရေးအခင်းထဲက အကွင်းအကွက်တချို့အကြောင်း နားထောင်ရချိန်မှာတော့ ထိတ်လန့်ခဲ့ဖူးပါတယ်။ ကိုယ်နဲ့နီးစပ်နေတဲ့အဖြစ်အပျက် ဖြစ်နေတာကြောင့်ရယ်၊ အတိတ်သမိုင်း မဟုတ်တာကြောင့်ရယ်၊ ကိုယ်နဲ့ နေရာအဝေးကြီးမှာ ဖြစ်နေတာမျိုးမဟုတ်တာကြောင့်ရယ်တွေကြောင့် တထိတ်တလန့် ခံစားခဲ့ရတာပါ။ အဲဒီ ၁၉၆၇ ခုနှစ်က အဓိကရုဏ်းဖြစ်စဉ်မှာ ကျွန်တော်က ကျူးလွန်ခံရတဲ့ဘက်ကမဟုတ်သလို ကျူးလွန်တဲ့ဘက်ကလည်းမဟုတ်ပေမယ့် ကလေးစိတ်နဲ့ ထိတ်လန့်ခဲ့တာပါ။ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက တိုက်ရိုက်ပြန်ပြောပြတာကို နားထောင်ရတာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘုမသိဘမသိဘဲ ခံရမယ့်နေရာမှာဆိုရင် ဘယ်လိုနေမလဲလို့တွေးကြည့်ပြီး ကျောချမ်းခဲ့ဖူးပါတယ်။
စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့အရွယ်ကိုရောက်လာချိန်မှာ လူမျိုးရေးအခြေခံကြောင့်၊ ဘာသာရေးအခြေခံကြောင့်ဖြစ်တဲ့ သွေးထွက်သံယိုအဓိကရုဏ်းအကြောင်းတွေကိုကြားရတဲ့အခါတိုင်း စိတ်မကောင်း ဖြစ်ရသလို ဒေါသလည်းဖြစ်မိတာကို သတိပြုမိခဲ့ပါတယ်။ ဒေါသဖြစ်ရတဲ့အကြောင်းရင်းကိုလည်း ရှာတွေ့မိတတ်ပါတယ်။ မြန်မာစကားပုံထဲက ‘ယာလည်းညက်စေ၊ ကြက်လည်းမောစေ’ဆိုတာကိုလည်း ပြေးသတိရတတ်မိသေးသလိုပဲ လယ်ထွန်နေတဲ့လူရဲ့ပုံကိုပါတွဲပြီး မြင်ယောင်လာတတ်ပါသေးတယ်။
မေးပါရစေ
လူဟာ အမိဝမ်းကထွက်လာတယ်ဆိုရင်ပဲ မိဘတွေရဲ့မျိုးနွယ်အမွေကို ရယူခံယူလိုက်ရတာပါ။ အဖေအမေက ဘာလူမျိုးဆိုရင် ကိုယ်လည်းအဲဒီလူမျိုးဖြစ်ရတာလေ။ မိဘတွေရဲ့လူမျိုး (တိုင်းရင်းသား) မဖြစ်ချင်ပါဘူးလို့ ငြင်းခွင့်ရှိခဲ့ပါသလား။ မိဘတွေက အာဖရိကမျိုးနွယ်ဖြစ်နေတာကို ကိုယ်ကမလိုချင်ဘူး၊ ပြင်သစ်လူမျိုး ဖြစ်ချင်တယ်ဆိုပြီး ငြင်းခွင့်ရှိခဲ့ဖူးပါသလား။ အလွန်ဆုံးဖြစ်နိုင်တာက ပြင်သစ်နိုင်ငံမှာ ကာလတစ်ခုသွားနေ (အခြေချ) ပြီးမှ သူ့ဥပဒေက ခွင့်ပြုတဲ့အတိုင်း ပြင်သစ်နိုင်ငံသားပဲ ဖြစ်နိုင်ခြေရှိတာပါ။ ပြင်သစ်လူမျိုး ဖြစ်ချင်လို့မရပါဘူး။ ဒါဟာ ကိုယ်တိုင်ရွေးချယ်ခွင့်မရှိဘဲ ကိုယ့်မိဘမျိုးရိုးအတိုင်း လူဖြစ်လာရတဲ့ဘဝတွေပါ။ အဲဒီဘဝကို ဖုံးကွယ်ထားလို့ရချင်ရမယ်၊ အစစ်အမှန်က ဖုံးကွယ်မှုအောက်မှာ ပျောက်သွားမှာမဟုတ်ဘူး။ ဒါဟာ ပြဿနာလား။
နောက်တစ်ခုကတော့ လူဟာ သူ့မိဘအသိုင်းအဝိုင်းက လက်ခံယုံကြည်ထားတဲ့ဘာသာတရားကို ဆက်ခံယုံကြည်ရတာပါ။ ကိုယ်မွေးလာပြီး သိတတ်လာတဲ့အရွယ်မှာ ‘ငါ့မိဘတွေဟာ ဟိန္ဒူဘာသာဝင် မဟုတ်ဘဲ ခရစ်ယာန်ဘာသာဝင်ဆိုရင်ကောင်းမှာပဲ’လို့ တွေးချင်ရင်တွေးလို့ရပေမယ့် ကိုယ်လက်ရှိ နေထိုင်နေရတဲ့ မိဘနဲ့ဆွေမျိုးအသိုင်းအဝိုင်းက ကောင်းတယ်ထင်လို့ လက်ခံယုံကြည်ကိုးကွယ်နေတဲ့ ဘာသာတရားကိုပဲ ဆက်ခံယုံကြည်ကိုးကွယ်ရတာပါ။ အသက်အရွယ်ရလာပြီး လေ့လာမှုနဲ့ယုံကြည်မှု ခိုင်မာလို့၊ သတ္တိလည်းကောင်းလို့ တခြားဘာသာတစ်ခုခုကိုပြောင်းတာ၊ ဒါမှမဟုတ်၊ ဘယ်ဘာသာကိုမှ မကိုးကွယ်တော့တာမျိုးဟာ သီးခြားကိစ္စပဲဖြစ်ပါတယ်။ ယေဘုယျအနေနဲ့ပြောရရင် လူအားလုံးနီးပါးဟာ မိရိုးဖလာယုံကြည်ကိုးကွယ်မှုကိုပဲ ဆက်ခံခဲ့ကြတာပါ။ ဒါဟာလည်း ပြဿနာပဲလား။
လူစိတ်ပျောက် ဖောက်ပြန်တဲ့အခါ
ယေဘုယျ လူ့သဘာဝမှာ အသက်ဘယ်လောက်ပဲကြီးကြီး၊ ပညာတွေဘယ်လောက်ပဲတတ်တတ်၊ ရာထူးတွေ ဘယ်လောက်ပဲ ရှိရှိ၊ သူတို့ ဆတ်ဆတ်ထိ မခံတတ်တဲ့၊ မခံနိုင်တဲ့ပြဿနာ နှစ်ခုရှိတယ်။ အဲဒါက လူမျိုးရေးနဲ့ဘာသာရေးပြဿနာပါ။ ဒီစကားကိုလက်မခံချင်ရင် ခဏလောက် စဉ်းစားကြည့်ဖို့အကြံပြုချင်ပါတယ်။ ကမ္ဘာတစ်လွှားမှာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကို လှမ်းကြည့်စေချင်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးကြည့်စေချင်ပါတယ်။ အဲဒီ အစွဲအလမ်းကနေ ကင်းလွတ်ခဲ့ပြီလားလို့။
လူအတော်များများမှာ သိသိသာသာနဲ့မသိမသာရှိနေတဲ့ အဲဒီအစွဲအလမ်း၊ ဒါမှမဟုတ်၊ အယူသီးမှု၊ ဒါမှမဟုတ်၊ မောက်မာတဲ့အစွန်းရောက်မှုတွေဟာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းကို ကောင်းကျိုးမဖြစ်စေခဲ့ဘူးဆိုတာ ငြင်းလို့မရတဲ့အမှန်တရားလို့ပြောရင် ဘယ်သူတွေက ငြင်းမယ်ထင်ပါသလဲ။ အဲဒီအစွဲအလမ်းတွေနဲ့ အာဃာတစိတ် ငယ်ထိပ်တက်နေသူပဲဖြစ်မယ်လို့ပြောလိုက်ရင် ကျွန်တော့်ကိုပါ အဲဒီလူတွေက ဆန့်ကျင်ကြပါဦးမယ်။ စဉ်းစားကြည့်လိုက်ပါ။ အဲဒီအစွဲအလမ်းတွေနောက်မှာ အငြိုးအတေးတွေ၊ အာဃာတတွေ၊ လက်စားချေမှုတွေက ဆက်တိုက်လိုက်ပါနေလေ့ရှိပြီး မဆုံးနိုင်တဲ့သွေးကြွေးသံသရာက လည်နေတတ်တယ်။ ပထမမျိုးဆက်ရဲ့အကြွေးကို ဘာကြောင့်မှန်းမသိခဲ့ရတဲ့ နောက်မျိုးဆက်တွေက ထပ်ပြီးကိုင်စွဲပြန်တော့ ခံရတဲ့သူကလည်း အမုန်းနဲ့။ လုပ်လိုက်တဲ့သူကလည်း အမုန်းနဲ့။ ဘာများ ကောင်းကျိုးရလဒ်ထွက်ခဲ့ဖူးပါသလဲ။ သွေးတွေ၊ မျက်ရည်တွေ၊ ဘဝမတည်ငြိမ်မှုတွေ၊ ရင်ထဲက အမုန်း အာဃာတတွေပဲ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် သယ်ဆောင်သွားခဲ့ကြတာပဲ မဟုတ်လား။
မျက်ကန်း …ငါ
လူမျိုးတိုင်းလိုလိုမှာ မျိုးချစ်စိတ်ဆိုတာရှိတယ်။ ဒါပေမဲ့ မျက်ကန်းမျိုးချစ်စိတ်ကတော့ မကောင်းဘူး။ ဘယ်ဘာသာဝင်တိုင်းမှာမဆို ယုံကြည်ကိုးကွယ်မှုဆိုတာ ရှိတယ်။ ဒါပေမဲ့ အဆင်ခြင်မဲ့မျက်ကန်းယုံကြည် ကိုးကွယ်မှုကတော့ မကောင်းဘူး။ လူမျိုးအခြေခံတဲ့ဒေသတိုင်းမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသဆိုတဲ့ အစွဲအလမ်းရှိတယ်။ လူမျိုးပေါင်းစုံရောထွေးနေထိုင်လာတဲ့ ဒီကနေ့ခေတ်ကမ္ဘာကြီးမှာ ကိုယ့်လူမျိုးပဲ ကိုယ့်ဒေသမှာရှိရမယ်ဆိုတဲ့အမြင်ဟာ အစဉ်အလာဆန်လွန်းပြီး ပြောင်းလဲနေတဲ့အခြေအနေနဲ့ အံဝင်ခွင်ကျ ဖြစ်ပါသေးရဲ့လား။ မြန်မာတွေ ထိုင်းမှာ၊ မလေးရှားမှာ၊ စင်ကာပူမှာ…စသဖြင့် အလုပ်အကိုင်တွေ သွားလုပ်ကြရတဲ့အခါမှာ အနှိမ်ခံရ၊ အနိုင်ကျင့်ခံရတာတွေရှိတယ်လို့ ဖတ်နေကြားနေရတယ်။ အဲဒီက နှိမ်တဲ့လူတွေ၊ အနိုင်ကျင့်တဲ့လူတွေရဲ့ အပြုအမူကို မှန်ကန်တဲ့အပြုအမူရယ်လို့ သဘောတူထောက်ခံမိဖူး ပါသလား။ ဒေါသ ဖြစ်ခဲ့ဖူးပါသလား။
အဲဒီ မမှန်ကန်မှုတွေဟာ မျက်ကန်းမျိုးချစ်စိတ်၊ မျက်ကန်းယုံကြည်စိတ်တွေနောက်က ဆိုးကျိုးတွေပါ။ အဲဒီမျက်ကန်းစိတ်ပြင်းထန်တဲ့လူတွေကို တိုင်းပြည်ချစ်စိတ်အကြောင်းပြောရင် နားလည်လက်ခံမယ်လို့ ထင်မိပါသလား။ တစ်တိုင်းပြည်လုံးဒုက္ခရောက်ပြီး သူတို့လူမျိုးနဲ့သူတို့ဒေသ၊ သူတို့ကိုးကွယ်တဲ့ဘာသာရေးကို မျက်နှာသာပေးထားခံရရင် အဲဒီလူမျိုးတွေက သူတို့နေထိုင်တဲ့တိုင်းပြည်အကျိုးကို ငဲ့ကြည့်ကြလိမ့်မယ်လို့ ထင်ပါသလား။ ‘ငါ’ ဆိုတာကို ရှေ့ တန်းတင်လွန်းရင် ‘သူ’ ဆိုတာနဲ့ ‘တခြားသူ’ ဆိုတာတွေမှာ ထိခိုက်နစ်နာမှုတွေနဲ့ဆိုးကျိုးတွေပဲ ဖြစ်လာတတ်တာကိုတော့ ငြင်းလို့မရဘူးထင်ပါတယ်။ စဉ်းစားကြည့်ကြဖို့ပါ။
ကျေနပ်နေရင်
ကိုယ်က ဒီလူမျိုး၊ ဒီဘာသာဆိုပြီး ဖြစ်နေချိန်မှာ သူကလည်း တခြားလူမျိုး၊ တခြားဘာသာတစ်ခုခု ဖြစ်နေနိုင်ပါတယ်။ ဖြစ်နေခွင့်လည်း ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ဒီလူမျိုး ဖြစ်လာတာလား၊ ဒီ ဘာသာဝင်ဖြစ်လာတာလားလို့ ပြန်မေးကြည့်ဖူးပါသလား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပြီး ကျေနပ်မှုရတယ်ဆိုရင် တခြားလူလည်း ကိုယ်ကျေနပ်မိသလို ကျေနပ်နေတာမျိုးရော မဖြစ်နိုင်ဘူးလား။ ကိုယ့်ရွေးချယ်မှုကြောင့်မဟုတ်ပေမယ့် လူဖြစ်လာရတဲ့ ကိုယ့်ဘဝကို ကျေနပ်ခွင့်ရှိရင် သူလည်း သူ့ဘဝကို ကျေနပ်ခွင့်ရှိရမယ်လေ။ တစ်ဦးချင်းစီ၊ လူမျိုး တစ်မျိုးချင်းစီက ကိုယ့်ဘဝနဲ့ 

ကိုယ့်ဘာသာတရားပေါ်မှာ ကျေနပ်နှစ်သက်မှုနဲ့ ပီတိဖြစ်ပြီးနေကြမယ်ဆိုရင် ဘယ်သူ့ဘယ်သူကိုမှ
ပြဿနာဖြစ်စရာမရှိပါဘူး။ ပြဿနာဖြစ်ရတာက ‘ငါမှကောင်းတယ်၊ ငါ့ ဘာသာတရားကမှကောင်းတယ်၊ ငါ့လူမျိုးကမှ ကြီးမြတ်တဲ့အစဉ်အလာကောင်းရှိတယ်၊ ငါ့ဘာသာနဲ့ငါ့ဧရိယာကိုချဲ့ထွင်ရမယ်ငါတို့ကို သူတို့က ဖျက်ဆီးကြမယ်ထင်တယ်၊ သူတို့အန္တရာယ်က ကာကွယ်ရမယ်….’ စတဲ့ စဉ်းစားပုံမျိုးကနေ ပြဿနာတွေ ဖြစ်လာကြတာပါ။ အဲဒီလို ပြဿနာတွေဖြစ်လာတိုင်း ကာယကံရှင်ဘက် နှစ်ဖက်စလုံးအတွက် 
စိတ်ကြည်နူးချမ်းမြေ့စရာကောင်းတဲ့ ကောင်းကျိုးရလဒ်တွေ ထွက်မလာတတ်ပါဘူး။
အပျင်းပြေ အင်တာဗျူး
ဒီမိုကရေစီလမ်းကြောင်းပေါ် ကို လျှောက်လှမ်းနေကြတဲ့ ဒီကနေ့ကာလကြီးမှာ အစွန်းရောက် စဉ်းစားပြုမူနေကြတဲ့သူတွေကို ‘ခင်ဗျားတို့ ဒီမိုကရေစီကို ကြိုက်သလား၊ လက်ခံသလား’ လို့ သွားမေးရင် သိသိ၊ မသိသိ ကြိုက်တယ်၊ လက်ခံတယ်လို့ ပြန်ပြောကြမှာ သေချာပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့ အမြင် (ယုံကြည်မှု) မတူသူတွေ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ခွင့်ဆိုတာ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့်ဆိုတာကို ဘယ်လိုမြင်ပါသလဲလို့မေးရင်လည်း အများစုက စိတ်ကျေနပ်စရာကောင်းတဲ့အဖြေမျိုးကို ပေးကြမှာပါ။ ဒီလိုဆိုရင် အဲဒီလူမျိုးနဲ့ အဲဒီဘာသာကိစ္စကိုရောလို့မေးရင် ကျွန်တော့်ကို ဘုကြည့်ကြည့်မယ့်သူ ဘယ်လောက်များလိမ့်မယ်ထင်ပါသလဲ။ စာဖတ်သူရော အဲဒီလိုမေးခွန်းမျိုးတွေနဲ့ အပျင်းပြေအင်တာဗျူး လိုက်မလုပ်ချင်ဘူးလား။ ဘုကြည့်ကြည့်တာ မခံချင်ဘူးလား။
ဒီရက်ပိုင်း ဖတ်ရ၊ ကြားရတဲ့သတင်းတွေကြောင့် တုန်လှုပ်ချောက်ချားပြီး ကြေကွဲဝမ်းနည်းခဲ့ရတယ်။ ဘာသတင်းလဲဆိုတာကိုတော့ ပြောစရာမလိုတော့ဘူး ထင်ပါတယ်။ ပြဿနာကြီးတွေဖြစ်လာတဲ့အခါတိုင်း လတ်တလောအကြောင်းရင်းတွေ ရှိတတ်ပါတယ်။ အဲဒီအကြောင်းရင်းတွေကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ဖို့၊ နောက်ဆက်တွဲပြဿနာတွေကို ညှိညှိနှိုင်းနှိုင်းဖြေရှင်းကြဖို့ဆိုတာ လူတိုင်းပြောတတ်ပါတယ်။ အဲဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ တာဝန်ယူထိုက်သူတွေက လက်တွေ့လုပ်ကိုင်နိုင်တဲ့အခြေအနေ၊ အခင်းအကျင်းတွေ ရှိနေရမှာပါ။ အဲဒီထဲမှာ ဒီကနေ့ ရေပန်းစားနေတဲ့စကားလုံးကတော့ ‘တရားဥပဒေစိုးမိုးမှု ရှိနေရေး’ ဆိုတာပါ။ အဲဒါကို ရေရှည်အမြင်ရှိမှု၊ ရင့်ကျက်မှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရပိုင်ခွင့်တွေနဲ့ပါ ဆက်စပ်ဖို့လိုအပ်ပါလိမ့်မယ်။
ကျွန်တော်ယုံကြည်တဲ့ ဒီမိုကရေစီဆိုတာ တစ်ဖက်သောင်ထွန်းပြီး တစ်ဖက်ကမ်းပြိုစေတဲ့ ရလဒ်မျိုးထွက်လာစေတဲ့ ဒီမိုကရေစီမဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ မမွေးခင်ကတည်းက ရွေးချယ်ခွင့်မရှိခဲ့တဲ့ လူမျိုးရေးနဲ့ဘာသာရေးအခြေခံပေါ်ကနေဖြစ်လာတဲ့ပဋိပက္ခတွေကို မီးမွှေးလှုံ့ဆော်ခွင့်၊ ထင်ရာစိုင်းခွင့်ရနေသူမျိုးတွေကိုလည်း ဒီမိုကရေစီလိုလားသူတွေလို့ မထင်မိပါဘူး။
ဒါကို စာဖတ်သူရော ဘယ်လိုစဉ်းစားမိလိုက်ပါသလဲ။
နောင်ကျော်

(ယူတာကဒီနေရာကပါ)http://popularmyanmar.com/mpaper/archives/44188

0 comments:

Post a Comment