Monday, June 4, 2012

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၂)(ဦးမျိုး-ဥပဒေ)

0 comments

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေမှုများ (အပိုင်း ၂)(ဦးမျိုး-ဥပဒေ)
ရေးတာက (ဦးမျိး) ဥပဒေ
(ယူတာကဒီနေရာ) http://www.dpnsburmese.org/?p=3091
အခန်း(၂) 
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
ဤအခန်း(၂) ပုဒ်မ -၅၃(က) တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တနယ်၏နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့်အကျုံးဝင်သည့်မြို့နယ်အတွင်းနေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်”ဟုဖော်ပြထားပြီး၊ 
ပုဒ်မ- ၅၂(ခ) (၃) တွင် ”နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော်အကြီးအမှုးသည် အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကိုရယူရမည် – (၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာနယ်နိမိတ်နှင့်အကျုံးဝင်သောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော်ထောက်ခံဆန္ဒမဲ”ဟုလည်းဖော်ပြထားပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်ကပင်တည်ရှိခဲ့သည့် မြေပုံအညွန်းများအတိုင်း ပြန်လည်စိစစ်သင့်ပါသည်။ မဆလ တပါတီအာဏာရှင်စနစ်လက်ထက်က ပြောင်းလဲသတ်မှတ်ခဲ့သည့်အတွက်ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့်သက်ဆိုင်ရာနယ်မြေနယ်နိမိတ်များကို ပြန်လည်သတ်မှတ်သင့်ကြောင်းတွေ့ရှိရပါသည်။

နိုင်ငံတော်ကို အောက်ပါ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ်(၇) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်- (က) မှ (ဏ)ထိ ဖော်ပြသည့် ဤဥပဒေပုဒ်မ -၄၉ တွင်ဖော်ပြချက်ကို ၂၁-ရာစု ပင်လုံညီလာခံအသစ်တရပ်ခေါ်ယူကျင်းပပြီး အကျေအလည်ညှိနှိုင်းကာ ဆုံးဖြတ်ချက်ရယူနိုင်မှသာလျှင် ထာဝစဉ်တည်တံ့ခိုင်မာသည့် ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်ပါမည်။

ပုဒ်မ -၅၆ တွင်”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုအောက်ပါအတိုင်းသတ်မှတ်သည်- (က)မှ (စ)အထိ ဒေသ ၅ ခုနှင့် တိုင်း ၁ တိုင်းကို ဖော်ပြထားသကဲ့သို့သတ်မှတ်ထားမည်ဆိုလျှင် ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း စသည့်တိုင်းနှင့်ပြည်နယ်များတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့်တိုင်းများ ပေါ်ပေါက်လာစရာတွေ့မြင်နေရပါသည်။ ပြည်တွင်းပြဿနာစစ်စစ်ဖြစ်၍ မိသားတစုစီမံမှုအဖြစ်  ကိုယ့်တိုင်းရင်းသားအရေးကို ကိုယ်ပိုင်ဖန်တီးသင့်ပါသည်။ နယ်မြေဆိုင်ရာအငြင်းပွားမှု မလိုအပ်သည့်ခွဲခြားဆက်ဆံမှုမျိုးကိုလည်း ကျော်လွှားအောင်မြင်နိုင်မှာ ဖြစ်ပါသည်။

အခန်း(၃) 
နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ
အုပ်ချုပ်ရေးစနစ်တွင် သမ္မတအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးထားသည်။ ပြည်ထောင်စုဝန်ကြီးချုပ်ကိုပင် ဖော်ပြသည့်ပြဋ္ဌာန်းချက်တစုံတရာ ပါမလာပါ။ ပုဒ်မ -၁၆ တွင်“နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်” ဟု ဖော်ပြသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ပုဒ်မ ၂၆၁ (ခ)အရ သမ္မတ က ခန့်အပ်တာဝန်ပေးရန်ဟု ဖော်ပြထားသည်။ ပြည်နယ်နှင့်တိုင်းတွင် အကြီးအကဲမထားပဲ ၀န်ကြီးချုပ်စနစ်ကိုကျင့်သုံးခြင်းမှာ အာဏာချုပ်ကိုင်မှုကို တကြိုးတည်းကိုင်ထားကြောင်းတွေ့ရသည်။ ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းခြင်းဆိုင်ရာသဘောထားနှင့်ကွာဟနေကြောင်း တွေ့ရပါသည်။ နိဒါန်းတွင်ဖော်ပြထားသည့် နိုင်ငံတော်အတွင်းလူမျိုးရေးတန်းတူမှုကို မဖော်ဆောင်နိုင်ကြောင်း ပေါ်လွင်နေပါသည်။

ပုဒ်မ ၅၇  မှ ပုဒ်မ ၇၃ အထိ ပုဒ်မပေါင်း ၁၇ ခုပါရှိသည်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ နိုင်ငံတော်သမ္မတကို အခန်း ၅ ပုဒ်မ ၄၅ မှ ပုဒ်မ ၆၄ အထိ ဖော်ပြပါရှိသည်။ ၁၉၇၄ အခြေခံဥပဒေကိုမူ ပါတီစုံခေတ်မဟုတ်၍ မဖော်ပြတော့ပါ။ ၂၀၀၈ အခြေခံဥပဒေတွင် သမ္မတစနစ်ဖြင့်အုပ်ချုပ်ခြင်းဖြစ်၍ 
၁၉၄၇ အခြေခံဥပဒေနှင့်ကွာခြားသည်မှာ ပြည်ထောင်စုဝန်ကြီးချုပ်ကိုလုံးဝ ရှာမတွေ့ရပါ။ သို့ရာတွင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းနှင့်ပြည်နယ်အရေအတွက်အတိုင်းပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်တွင် အကြီးအကဲဟူ၍ ယောင်လို့မှမဟ။ ဗမာလည်း လူမျိုးစု တစုဟုသာ လက်ရှိသမ္မတဦးသိန်းစိန်ကပြောရုံသာ ပြောဖူးသည်။ နိဒါန်းတွင်ပါရှိသည့် လူမျိုးရေးတန်းတူမှုကိုဖော်ထုတ်နိုင်သည့် ပုဒ်ထီး ပုဒ်မ တခုတလေမျှ ဤဖွဲ့စည်းပုံ ၂၀၀၈ ထဲတွင် ပါမလာသည်က လက်တွေ့ပြဿနာဖြစ်နေပါသည်။

ပုဒ်မ ၅၉ (စ) တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့်ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”ဟု လွန်လွန်ကဲကဲ ကန့်သတ်ထားသည်ကိုတွေ့ရပါသည်။ သားသမီးနှင့် သားသမီး၏ဇနီး သို့မဟုတ် ခင်ပွန်းအထိတိုင်အောင် နိုင်ငံခြားအစိုးရနှင့်ကင်းရှင်းအောင်ပြဋ္ဌာန်းထားချက်မှာ နိုင်ငံတကာအလယ်တွင် ရှက်ဖွယ်လိလိဖြစ်နေပါသည်။ လူ့အခွင့်အရေးကိုတားမြစ်ပိတ်ပင်သည်အထိပြဋ္ဌာန်းထားချက်မျိုး တခြားနိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်လည်း ရှာတွေ့နိုင်မည်မဟုတ်ပါ။ 
သမ္မတနှင့်ပတ်သက်၍ ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၄၉ တွင်”(က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စုနိုင်ငံတော်၏အာဏာပိုင်နက်အတွင်း၌မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံနိုင်သည့်အရည်အချင်းနှင့်ပြည့်စုံသည်လည်းဖြစ်သောပုဂ္ဂိုလ်မျိုးမဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော်သမ္မတရာထူးအတွက်ရွေးကောက်ခြင်းခံနိုင်ခွင့် မရှိစေရ”ဟူ၍သာ ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။ ဤမျှဆိုလျှင် ပြည့်စုံလုံလောက်ပြီဖြစ်ပါသည်။ သားသမီးသမက်ချွေးမများနှင့်ပတ်သက်၍ကား ပတ်သက်စရာအကြောင်းအချက်မရှိပါ။ ကျဉ်းမြောင်းလွန်းသည့်ပိတ်ပင်တားမြစ်မှုမျိုးဖြစ်နေပါသဖြင့်  လုံးဝရှောင်ရှားသင့်ပါသည်။ ပယ်ဖျက်သင့်ပါသည်။
အဓိကတင်ပြလိုသည်မှာ သမ္မတရွေးကောက်တင်မြှောက်သည့်စနစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် ပုဒ်မ ၅၈ အရ ”ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏အထွဋ်အထိပ်နေရာ ရရှိသည်” ဖြစ်၍ နိုင်ငံသားအားလုံး၏ ရွေးကောက်တင်မြှောက်မှုကို ခံယူရရှိသူသာဖြစ်ရပါမည်။ သို့တည်းမဟုတ် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်လွှတ်တော်အမတ်များ၏ နိုင်ငံသားအားလုံးကိုယ်စားရွေးကောက်တင်မြှောက်မှုကိုရရှိသူသာ ဖြစ်ရပါမည်။ တခြားနည်း မရှိပါ။ မြန်မာနိုင်ငံသမိုင်း၌လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၄၆ တွင်”နိုင်ငံတော်သမ္မတကို လျှို့ဝှက်သောမဲဆန္ဒပေးစံနစ်ဖြင့်၊ ပါလီမန်ဆိုင်ရာလွှတ်တော်နှစ်ရပ်၏တွဲဖက်ညီလာခံတွင် ရွေးကောက်တင်မြှောက်ရမည်။ ဤအခန်းရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမ္မတရာထူးအတွက်ရွေးကောက်တင်မြှောက်ခြင်းကို၊ ပါလီမန်အက်ဥပဒေဖြင့် သတ်မှတ်ရမည်”ဟု အတိအလင်းပြဋ္ဌာန်းထားခဲ့ဖူးသည်။ နိုင်ငံသားအားလုံး၏အထွဋ်အထိပ်နေရာကို 
ပုဒ်မ ၅၈ နှင့်ဆန့်ကျင်စွာ ဤဥပဒေပုဒ်မ ၆၀ (က)တွင် ”နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်” ဟုဖော်ပြလာပါသည်။

ပုဒ်မ ၆၀ (ခ) တွင်လည်း”သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်-
(၁) တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသောလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း၊ ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့်လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့၊ -ဟူ၍လည်းကောင်း။

ထို့ပြင် ပုဒ်မ ၆၀ (ဂ) တွင်
”ယင်းအစုအဖွဲ့တဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်”ဟု လည်းဖော်ပြထားသေးသည်။
 ပုဒ်မ ၆၀ (င) တွင်”ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်။” ဟုပါရှိပါသည်။
 ဤသည်ကိုဆန်းစစ်လျှင် သုံးဦးအနက်တဦးမှာ တပ်မတော်ကရွေးချယ်သူသာ မုချဖြစ်နေပါသည်။ ကျန်နှစ်ဦးမှာလည်း စစ်တစ်ပိုင်း ကြံ့ဖွံ့ပါတီဝင်များ ဖြစ်မြဲဖြစ်နေသည်ကို လောလောလတ်လတ် တွေ့ကြုံနေရပြီးဖြစ်ပါသည်။

ပုဒ်မ ၆၀ (ဂ) တွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်-ဟု စာသားပါရှိခြင်းမှာ အဆိုးရွားဆုံးဖြစ်သည်ကို တွေ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူလည်း ဒုသမ္မတများဖြစ်နိုင်သည်ဟုပြဋ္ဌာန်းထားချက်ကို၌က မူနှင့်ဆန့်ကျင်ကွဲလွဲနေပါသဖြင့် လုံးဝပယ်ဖျက်ပစ်သင့်ပါသည်။
ဒုသမ္မတသုံးဦးရွေးချယ်သည့်အစုအဖွဲ့ စုဖွဲ့ပုံကအစ ပုဒ်မ ၅၈ နှင့် လုံးဝဆန့်ကျင်နေပါသဖြင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖျက်သိမ်းသင့်ပါသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၆ အတိုင်းသာ ဖြစ်သင့်ပါသည်။ သို့မှသာ နိုင်ငံသားအားလုံး၏ အထဋ်အထိပ်နေရာကို ထိုက်ထိုက်တန်တန် ရရှိနိုင်ပါမည်။ စစ်အာဏာရှင်လက်စွဲ ၂၀၀၈အခြေခံဥပဒေအတိုင်း ဒုတိယသမ္မတသုံးဦးတွင် နှစ်ဦးက စစ်တပ်ကချည်းဖြစ်ရမည်ဟု တရားသေသတ်မှတ်လိုက်ခြင်းမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ပြီး တိုင်းပြည်စီးပွားရေးချွတ်ခြုံကျစေရန် ဦးတည်နေပါသည်။
စစ်ဗိုလ်မှ သမ္မတဖြစ်ရမည် ဟု ပြဋ္ဌာန်းထားသကဲ့သို့ သတ်မှတ်ချက်သာဖြစ်ပါသည်။
ဥပဒေအတိုင်း လိုက်နာ၏ မလိုက်နာ၏ကို သမ္မတများကိုယ်၌က ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်သုံးသပ်ရန် ဖော်ပြလိုပါသည်။

ပုဒ်မ ၆၈ တွင် ”နိုင်ငံတော် သမ္မတနှင့်ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွစာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံပေးပို့ရမည်”ဟု ဖော်ပြထားချက်ကို ယနေ့ထက်ထိ စာရင်းပြုစုပေးပို့ပြီးဖြစ်သည်ဟု လူသိရှင်ကြားထုတ်ပြန်ထားချက် မရှိသေးပါ။
ပွင့်လင်းမြင်သာသည့်အစိုးရတရပ်၏ဂုဏ်သိက္ခာနှင့် လက်တွေ့ညီညွတ်ရန်လိုအပ်ပါသည်။
တိုင်းပြည်စီးပွားရေးကို အခြေခံမူပုဒ်မ ၃၆ (ခ) ပါ “စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု  သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏အကျိုးစီးပွားကိုထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်”
ဆိုသည့်မူနှင့်ဆန့်ကျင်နေလျှင် အရေးယူခြင်းခံရမည်။ သမ္မတများ နှုတ်ထွက်ပေးရပါမည်။ တိုင်းပြည်က အယုံအကြည်မရှိအဆို တင်သွင်းခွင့်ရှိပါသည်။
ဥပမာ လက်တွေ့တခုတည်းကိုသာ ထောက်ပြလိုပါသည်။ Crony ခေါ် ဆွေမျိုးသားချင်းကောင်းစားရေးသမား ဗျူရိုကရက်အရင်းရှင်ကြီးများပါဝင်သည့်သတင်းတပုဒ်ကို ကြည့်မြင်လျှင်ရှင်းသွားပါလိမ့်မည်။ အောက်တွင်ဖော်ပြအပ်ပါသည်။
နိုင်ငံတော်သမ္မတ၏ ဂျပန်နိုင်ငံခရီးစဉ်သို့နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့ကြ
(Weekly Eleven News; No 30,Vo 17,May 2, 2012; page-3)
ဂျပန်နိုင်ငံသို့ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာသွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ခရီးစဉ်တွင် မြန်မာနိုင်ငံမှ စီးပွားလုပ်ငန်းရှင်ကြီးများဖြစ်သော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ IGE ကုမ္ပဏီမှ ဦးနေအောင်၊ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဒိုင်းမွန်းစတားကုမ္ပဏီမှ ဒေါက်တာကိုကိုကြီးတို့ လိုက်ပါခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်သမ္မတများ မည်သို့ဆက်စပ်နေကြသည်ကို တွေ့မြင်နေရပြီးဖြစ်သည်။ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို သမ္မတများကိုယ်၌ကမလိုက်နာပါမူ အဘယ်သူလိုက်နာပါအံ့နည်း။


အခြေခံမူများပါပုဒ်မ- ၂၁(က)အရ ” နိုင်ငံသားတိုင်းသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်”ဟု ပြဋ္ဌာန်းချက်နှင့် တိုင်းတာရန်လိုအပ်ပါသည်။ ပုဒ်မ ၆၅ တွင်ဖော်ပြထားသော ကတိသစ္စာပြုထားသည့်အတိုင်း ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ရန်လိုပါသည်။
ဦးမျိုး(ဥပဒေ)
၈ – ၅ – ၂၀၁၂

0 comments:

Post a Comment