ကြက်တူရွေးတွေရဲ့နှုတ်သီးဖြတ်ပြီးရင် လပ်ဇက်ကား စီးကြတာပေါ့.
ရေးသားသူ-မောင်သာချို
(တစ်)
ကျွန်တော်စိတ်ဝင်စားသည့် လူပုဂ္ဂိုလ်နာမည်များထဲ၌ ''၀င်းဖေများ''လည်း ပါဝင်ပါသည်။ မှန်ပါသည်။ ပရိသတ်စိတ်ဝင်စားစေရန် ''၀င်းဖေများ''ဟု လုပ်လိုက်ခြင်းမဟုတ်ဘဲ တကယ့်ကို ''၀င်းဖေ'' တွေက ''များ''နေသောကြောင့် ''၀င်းဖေများ'' လုပ်လိုက်ရခြင်းဖြစ်ပါသည်။
ပထမ၀င်းဖေက ကျွန်တော်နှင့်အရင်းနှီးဆုံးဝင်းဖေဟု ဆိုရပါမည်။ ထိုဝင်းဖေ၏ အနုပညာအမည်က ဆရာမောင်စွမ်းရည်။ ''အမေ့ခေါ်သံ''လိုကဗျာမျိုး ''ဗမာစာပေဘာလဲဘယ်လဲ''လို ဝေဖန်ရေးမျိုးနှင့်ကဗျာလောကစာလောကထဲမှာ ထင်ရှားလှသောဦးဝင်းဖေပဲဖြစ်ပါလေသည်။
ဒုတိယ၀င်းဖေကမူ ကျွန်တော်နှင့်မရင်းနှီးပါ။ သို့သော် စာပေနှင့်ပတ်သက်ဆက်နွှယ်ရာပွဲလမ်းသဘင်ကလေးများ၌ ဆရာ့ကိုမြင်ခွင့်တွေ့ခွင့်ရပါသည်။ ဆရာ့အနုပညာအမည်က မြဇင်။ ဆရာ့''ကဗျာ့နရီနှင့်နိမိတ်ပုံ''စာအုပ်ကလေးက ကျွန်တော်တို့လက်စွဲ။ ဆရာ့ ''မြကန်'' ကဗျာဘာသာပြန်ဆိုချက်များက ကျွန်တော်တို့အတုယူမှီငြမ်းစရာ။ ထို့နောက် ပညာရပ်ဆိုင်ရာ ဆရာ့စာတမ်းများ။
တတိယ၀င်းဖေကမူ ကျွန်တော်နှင့် လုံးဝမသိသော ၀င်းဖေ ပဲဖြစ်ပါလေသည်။ လူအမည်ရောအနုပညာအမည်ရော တစ်ထပ်တည်းဖြစ်နေသည့် ဆရာဦးဝင်းဖေ။ ရုပ်ရှင်ဒါရိုက်တာ ဆရာဝင်းဖေ၊ ပန်းချီအနုပညာရှင်ဆရာဝင်းဖေ၊ စာရေးဆရာ ဆရာဝင်းဖေ၊ မန္တလေးပန်းချီကျောင်းအုပ်ဆရာဝင်းဖေစသည်စသည် စသည်ဖြင့် သူ့နယ်ပယ်တွေကကျယ်ဝန်းလှပါဘိ။
ယခု ကျွန်တော်ပြောလိုသည်က ထိုတတိယ ဦးဝင်းဖေအကြောင်းပဲဖြစ်ပါသည်။ အထူးသဖြင့် သူ၏၀တ္ထုတိုကလေးတစ်ပုဒ်အကြောင်း။
(နှစ်)
ဆရာဝင်းဖေ၏၀တ္ထုတိုပေါင်းများစွာအနက် ''ပလတ်စတစ်အနီ''ဆိုသော ၀တ္ထုကလေးကိုကျွန်တော်တော်တော်စွဲပါသည်။
ဝတ္ထုထဲ၌ ကိုဘချယ်ဆိုသူ မီးရထားဖြင့်ခရီးသွားစဉ် မထင်မှတ်ဘဲ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်နှင့် ပြန်ဆုံပါသည်။ ထိုသူငယ်ချင်းမှာ လမ်းဘူတာတစ်ခု၌ဆင်းသွားသူဖြစ်ရာ ကိုဘချယ်ကမီးရထားရပ်ထားစဉ် ဘူတာရုံထဲသို့ လှမ်း၍ငေးနေသည့်အခိုက် ထိုသူငယ်ချင်းကိုပြန်တွေ့လိုက်ခြင်းဖြစ်ပါသည်။ အိပ်စင်တွဲကနေဆင်းချလာသော သူငယ်ချင်းကြည်ဝင်း၊ နောက်ပါတပည့်နှစ်ယောက်နှင့်အတူ ဆင်းချလာသော သူငယ်ချင်းကြည်ဝင်း၊ ဘူတာရုံထဲတွင်လာရောက်ကြိုဆိုသူများက အရိုအသေပေးကြ ဆူညံစွာဝိုင်းဝန်းနှုတ်ဆက်ကြနှင့် အရေးပါအရာရောက်နေသူ သူငယ်ချင်းကြည်ဝင်း၊ အကြီးအကျယ် ချမ်းသာကြီးပွားနေသူ သူငယ်ချင်းကြည်ဝင်း၊ ထိုကိုကြည်ဝင်းက ကိုဘချယ်အားတွေ့သွားပြီး လာရောက်နှုတ်ဆက်ကာ နောင်လာတွေ့ဖို့ လိုအပ်တာအကူအညီတောင်းဖို့မှာကြားနေသူ သူငယ်ချင်းကြည်ဝင်းပဲဖြစ်ပါသည်။
ကိုဘချယ်က သူငယ်ချင်းကြည်ဝင်း ခုလိုကြီးပွားတိုးတက်အရာရောက် အရာဝင်လာခြင်းနှင့်ပတ်သက်၍ ငယ်ငယ်ကပင်
ထိုသို့ဖြစ်တာမည့်အရိပ်နိမိတ်တို့ကို သူသတိထားမိခဲ့ကြောင်း ပြန်တွေးမိပါသည်။ ကျောင်းသားဘ၀ ကျောင်းပြေးပြီး မန္တလေးမှ မြစ်ငယ်ဘက်သို့ စက်ဘီးများဖြင့် သူငယ်ချင်းလေးယောက်လာကြစဉ် ကားလမ်းဘေး လက်ပံပင်ကြီးအောက်၌ ခဏနားကြရင်း စကားပြောကြရာကြည်ဝင်းက သန်းကြွယ်သူဋ္ဌေးဖြစ်ဖို့ သူ့အကြံကို တင်ပြလာပါသည်။ ကြီးလျှင် မြေဧက ၂၀၀လောက်ဝယ်မတဲ့။ လက်ပံပင်ကြီးတွေကိုလည်း စိုက်ထားရမတဲ့။ လက်ပံပွင့်ချိန်ရောက်လျှင် ကြက်တူရွေးငှက်တွေအုပ်လိုက် လာကြလေမတဲ့။ ကြက်တူရွေးငှက်တွေကိုဖမ်းကာ နှုတ်သီးနီနီများကိုဖြတ်ပြီး ပလတ်စတစ်အနီအဖြစ် အရည်ကျိုရောင်းရသော် မီလျံနာ ဖြစ်နိုင်ကြောင်း တင်ပြလာခဲ့ရာ သူငယ်ချင်းအားလုံးကြည်ဝင်း၏ စိတ်ကူးညာဏ်ကောင်းမွန်ပုံကိုကြည့်ပြီး တစ်နေ့ကြီးပွားမည့်သူဟု ကောက်ချက်ချခဲ့ကြရပါသည်။ ဟော...အခု သူတကယ် ကြီးပွားခဲ့တာကို ကိုဘချယ် မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း ဆရာဝင်းဖေက သူ့ဝတ္ထုကို အဆုံးသတ်ထားခဲ့ခြင်းဖြစ်ပါသည်။
(သုံး)
ဟိုးအရင်က Ethic ခေါ် ကိုယ်ကျင့်တရားနှင့်ပတ်သက်လာလျှင် လောကီသဘောထက်လောကုတ္တရာသဘောသို့ ပို၍တိမ်းသည် ယိမ်းသည်ဟု ကျွန်တော် နားလည်သဘောပေါက်မိ ပါသည်။ မခိုးဘူး၊ မသတ်ဘူး၊ မညာဘူး၊ မသောက်ဘူး၊ ကာမ မကျူးလွန်ဘူး စသည် စသည်။ သည်လို အခြေခံငါးပါးသီလကို စောင့်ထိန်းခြင်းကပင်လျှင် ကိုယ်ကျင့်တရားကိုတည်ဆောက်ခြင်းမည်ပါလေသည်။ သို့သော် ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တွင်ကျယ်လာခဲ့ပြီး ကမ္ဘာမြေကိုစောင့်ရှောက်ကာကွယ်ဖို့ ကမ္ဘာ့လူသားများ နိုးကြားလာကြသောအခါ စီးပွားရေးလုပ်ကိုင်ရှာဖွေကြရာမှာလည်း ကိုယ်ကျင့်တရားလိုသည်ဟု ခံယူသဘောပေါက် လာခဲ့ကြပါသည်။ Business Ethic ဟုဆိုလာကြပါသည်။ စီးပွားရေးဆိုင်ရာကိုယ်ကျင့်တရားဟု နားလည်ရပါ၏။
ပိုက်ဆံကို ဘယ်နည်းနဲ့ရရ ကိုယ်ချမ်းသာရင်ပြီးရောဆိုကာ မရှာဖွေရဘူးတဲ့။ တချို့က P သုံးလုံးဟုဆိုပါ၏။ People, Profit, Planet ဟုဆိုရာ လူကိုလည်း ကြည့်ရမတဲ့။ အမြတ်ကိုလည်းကြည့်ရမတဲ့။ ကမ္ဘာမြေကိုလည်းကြည့်ရမတဲ့။ တချို့ကမူ P တစ်လုံးထပ်တိုးကာ Probity ရိုးသားဖြောင့်မတ်မှုဟုဆိုပြီး P လေးလုံးဟု ပြောသူတို့ကလည်း ပြောကြပါ၏။ သုံးလုံးပဲဖြစ်ဖြစ်၊ လေးလုံးပဲဖြစ်ဖြစ် တစ်ခုသေချာသည်က Planet ကို ထည့်စဉ်းစားလာကြခြင်းပင် ဖြစ်ပါသည်။
ကမ္ဘာမြေလှပတည်တံ့ ခိုနားဖွယ်ရာဖြစ်ရေးကို ထည့်သွင်းမစဉ်းစားဘဲ မြတ်ရင်ချသာချဆိုသည့် စိတ်ထားမျိုးရှိသူကို Business Ethic မရှိသူ ကိုယ်ကျင့်တရားမကောင်းသူအဖြစ် ကမ္ဘာကမြင်လာနေကြပါပြီ။ ပိုက်ဆံရရင် တောင်လည်းဖြိုမယ်၊ တောလည်း ရှင်းမယ်၊ မြစ်လည်း ဆို့မယ်၊ ကမ္ဘာ့ မြေသားထုကိုပါခလောက်ဆန်အောင် မှောက်လှန်ပစ်မယ်၊ ငှက်ကလေးတွေတေးဆိုချင်ဆို မဆိုချင်နေ၊ စမ်းချောင်းကလေးတွေ တသွင်သွင်စီးချင်စီး မစီးချင်နေ၊ တောပန်းတောင်ပန်းတို့ပွင့်ချင်ပွင့် မပွင့်ချင်နေ၊ မိုးကောင်းကင်ကြီးပြာချင်ပြာ မပြာချင်နေ၊ ပိုက် ဆံ...ပိုက်ဆံ...ပိုက်ဆံ ဆိုလျှင်ဖြင့်။
(လေး)
ဆရာဝင်းဖေ၏၀တ္ထုထဲကဇာတ်ဆောင်က ကြက်တူရွေးငှက်တို့၏ နှုတ်သီးကိုဖြတ်၊ ပလတ်စတစ်အနီအဖြစ်အရည်ကျိုကာ ကမ္ဘာကိုဖြန့်ပြီး မီလျံနာဖြစ်ဖို့ ကြံလေသတဲ့။ အော်...ကြက်တူရွေးတွေရဲ့နှုတ်သီးကိုဖြတ်ပြီးရင် လပ်ဇက်(Lexus)ဆိုတဲ့ ဇိမ်ခံကာကြီးကို စီးကြသေးတာပေါ့။
(ယူတာကဒီနေရာကပါ) http://www.facebook.com/notes/7day-news-journal/ကြက်တူရွေးတွေရဲ့နှုတ်သီးကိုဖြတ်ပြီးရင်-လပ်ဇက်ကားစီးကြတာပေါ့/465505790145904
0 comments:
Post a Comment